ပြန်ရောက်လာသော မင်းသား အာသာ
Vol. 58 Ch. 939
ရွှေရောင် ဆံပင်၊ မျက်လုံး အပြာ၊ ငယ်ရွယ်ပြီးတော့ ရင်းနှီးတဲ့... အဲဒီ မျက်နှာ...
ပတ်ဝန်းကျင်က အသံ အားလုံး ချက်ချင်း တိတ်ဆိတ် သွားခဲ့သည်။ ဒုတိယမင်းသား ဂါဖီးလ်နှင့် စတုတ္ထ မင်းသား လုခ်တို့ပင် အံ့အားသင့် နေကြသည်။
ဧကရာဇ် လက်ဇ်၏ မျက်လုံး သူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်း သွား၏။ စိတ်ထဲမှ ပိုမိုပြင်းထန်လာသည့် သွေးမျိုးဆက် အာရုံခံ ခံစားချက်ကြောင့် သူက ရှေ့သို့ တဖြည်းဖြည်းချင်း လမ်းလျှောက် လာခဲ့လေသည်။
“အာသာ...”
ဧကရာဇ် လက်ဇ် ခေါ်လိုက်သော နာမည်ကို ကြားသည့်အခါ ချန်လွေ့၏ နှလုံးခုန်နှုန်း မြန်လာပြီး ရင်းနှီးမှုတစ်ခု သူ၏ နှလုံးသားထဲ ပျံ့နှံ့လာခဲ့သည်။ သူ့စိတ်ထဲရှိ အနက်ရှိုင်း ဆုံးနေရာတွင် ပုန်းကွယ်နေသော မပြည့်စုံသည့် မှတ်ဉာဏ် အပိုင်းအစ များစွာက တဖြည်းဖြည်း ပိုပြီး ပြည့်စုံလာကာ ဆက်စပ်မှု ရှိလာခဲ့သည်။
သူ့ မျက်လုံးများ အနည်းငယ် နီရဲနေခဲ့သည်။ ထိုအရာက မွေးရာပါ သွေးမျိုးဆက် အမှတ်အသား တစ်ခု ဖြစ်ပေသည်။ ပြန်လည်မွေးဖွားပြီးနောက် မှတ်ဉာဏ်များ ပေါင်းစည်း သွားလျှင်ပင် ဖျောက်ဖျက်လို့ မရနိုင်ပေ။
“သားတော်...” ဧကရာဇ်လက်ဇ်၏ အသံက အနည်းငယ် တုန်ယင် နေ၏။ သူသည် ယခင်က အာဏာနဲ့ လူများ၏ စိတ်ကို ထိန်းချုပ်သော အုပ်စိုးသူ ဖြစ်ခဲ့သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ထိုအချိန်တွင် သူက ဖခင်တစ်ယောက် သက်သက်သာ ဖြစ်လေသည်။
ဒီစကားကက လူတိုင်း၏ စိတ်ထဲ ရှိနေတဲ့ မှန်းဆချက်ကို အတည်ပြု လိုက်သည်။ အားလုံး စိတ်လှုပ်ရှား သွားကြ၏။ ထိုအရာက အံ့အားသင့်စရာ သတင်းတစ်ခု ဖြစ်ပေသည်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပျောက်ဆုံးသွားခဲ့တဲ့ ရွှေနယ်မြေ အုပ်ချုပ်သူ တတိယမင်းသား အာသာ ရိုလန်ပဲ။
ချန်လွေ့က သက်ပြင်း အရှည်ကြီး ချလိုက်သည်။ ဆူပွက်နေသော စိတ် ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး သူက ဧကရာဇ် လက်ဇ်ကို ဦးညွှတ်ရင်း ပြောလိုက်သည်။ “အရှင်မင်းကြီး၊ ကျုပ် ပြန်ရောက်လာပါပြီ။”
‘အရှင်မင်းကြီး’ ဟူသော နာမည်က ချန်လွေ့ တမင် ခွဲခြားခြင်း မဟုတ်ဘဲ အာသာရဲ့ မှတ်ဉာဏ်ထဲမှ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။
လက်ဇ်၏ မျက်လုံးများ အနည်းငယ် တုန်ယင် သွားသော်လည်း သံသယ လုံးဝ မဖြစ်ခဲ့ပေ။ သူက သက်ပြင်းချလိုက်၏။ “သိပ်ကောင်းတယ်။ အနည်းဆုံးတော့ မင်း ပြန်ရောက်လာခဲ့ပြီ။”
အခြား တစ်ဖက်တွင် ရေဖျန်း ဘုန်းတော်ကြီး ဂရာလင်က မျက်နှာပေါ်ရှိ အံ့အားသင့်မှုများကို ဖုံးကွယ် မထားနိုင် တော့ပေ။ သိဒ္ဓိ ကျောင်းတော်ရဲ့ ‘သိဒ္ဓိသားတော်’လောင်း အာသာက နဂါးလင်းလက် အင်ပါယာရဲ့ မင်းသား ဖြစ်နေတယ်။
ဂျိုအန်နာနှင့် အီနာတို့လည်း ရုတ်တရက် သဘောပေါက် သွားကြ၏။ သူတို့ ပို၍ နားလည်သွားသော အရာတစ်ခု ရှိသည်။ တတိယမင်းသား အာသာက ဆမ်မြူရယ် အမြဲသစ္စာခံ ခဲ့သည့် ‘ရစ်ချက်’ ပင်။ အမျိုးသမီး နှစ်ယောက်လုံးက ရစ်ချတ်သည် တိုင်တန် များနှင့် အော့ခ်ဘုရင်(၃)ပါး ကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်များကို အနိုင်ယူခဲ့ပုံကို မြင်ခဲ့ဖူးသည်။ ထို့ကြောင့် တတိယမင်းသား အာသာက ပြိုင်စံရှား အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေ၏။
သို့သော် ဆမ်မြူရယ်က သူတို့ကို မပြောခဲ့လျှင်ပင် ထိုအမျိုးသမီး နှစ်ဦးလုံး အများကြီး ပြောဆိုမည် မဟုတ်ပေ။ ဆမ်မြူရယ်က မိသားစုမှ အပယ်ခံရပြီး ဂျိုအန်နာလည်း မိသားစုမှ ထွက်ခွာခဲ့ ရသည့် အခြေအနေတွင် တတိယ မင်းသား ရှေ့သို့ ထွက်လာခဲ့ပြီး “ဆမ်မြူရယ်က မရဏနက်နောက်လိုက် မဟုတ်ဘူး” ဟူ၍ ပြောခဲ့ခြင်းက ဂါဖီးလ်၏ ရက်စက်သော နည်းလမ်း များကို လုံးဝ ဖျက်ဆီးခဲ့လေသည်။
လက်ဇ် ဘေးနားရှိ အစိုးရအုပ်ချုပ်ရေး ကောင်စီ အကြီးအကဲ (ဝန်ကြီးချုပ်နှင့် ညီမျှသော) ကိုဗက်ဇ်က ဦးညွှတ်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “အရှင်မင်းကြီး။ ကျုပ်ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်တော်မူပါ။ အရှင်မင်းသား အာသာရဲ့ သရုပ်က သာမန်ကိစ္စ မဟုတ်ပါဘူး။ ပြီးတော့ သူက နှစ်ပေါင်း များစွာ ပျောက်ဆုံးနေခဲ့တာ။ သူ့ရဲ့ သရုပ်ကို စစ်ဆေးသင့်...”
“မလိုဘူး။ ငါ့ရဲ့ သွေးမျိုးဆက် အာရုံခံနိုင်စွမ်းက မမှားနိုင်ဘူး။ ဒီလို အကွာအဝေးမှာ ဘယ်လိုမျိုး အသွင်ပြောင်း ပညာဖြစ်ဖြစ်၊ ဘယ် ပုံရိပ်ယောင်ပဲဖြစ်ဖြစ် ငါ့ကို လှည့်စားလို့ မရဘူး။ ဒီနှစ်တွေ အားလုံး သူ မသေဘူးလို့ ငါ အမြဲတမ်း အခိုင်အမာ ပြောခဲ့သလိုပဲ။” လက်ဇ်က ချန်လွေ့ကို ကြည့်လိုက်သည်။ “ငါ့ရဲ့ အလိုလို သိစိတ်က သူဟာ ငါ့ရဲ့သားတော် အာသာလို့ ပြောနေတယ်။ ဒါပေမယ့်... တော်တော်လေး ပြောင်းလဲသွားတာပဲ။”
“၇နှစ်ကြာအောင် မရင်းနှီး၊ အန္တရာယ် များတဲ့ နေရာမှာ နေခဲ့ရတဲ့ သူတိုင်းက မလွဲမသွေ ပြောင်းလဲမှာပဲ။ မဟုတ်ရင် သူ ပျောက်ကွယ်သွားလောက်ပြီ။” ထိုစကား ပြောသူက ‘အာသာ’သာ မဟုတ်ဘဲ ‘ချန်လွေ့’ လည်း ဖြစ်သည်။
လက်ဇ်က ထိုစကား၏ စိတ်ထဲက ခံစားချက်များကို ကြားသောအခါ သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။ “ငါ နားလည်ပါတယ်။”
“အရှင်မင်းကြီး...” ချန်လွေ့က အာသာ၏ ပြီးပြည့်စုံသော မှတ်ဉာဏ် များကို လျင်မြန်စွာ ပေါင်းစပ်ပြီး ခေါင်းကို ဖြည်းညှင်းစွာ လက်ညှိုးထိုးပြလိုက်၏။ “တကယ်တော့ ကျုပ်က မှတ်ဉာဏ် တစ်စိတ် တစ်ပိုင်း ဆုံးရှုံးခဲ့ရတယ်။ ကံကောင်းစွာနဲ့... အရှင်မင်းကြီး လိုမျိုး အရေးကြီးဆုံး အရာတွေကို မမေ့သေး ပါဘူး။”
လက်ဇ်က စကားပြောရန် တွန့်ဆုတ် နေသော ကိုဗက်ဇ်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ “တခြား မေးစရာ ဘာရှိသေးလဲ။”
ကိုဗက်ဇ်က ထိုစကားတွင် ပါဝင်သော အအေးဓာတ်ကို ခံစားလိုက်မိသည့် အခါ ခေါင်းငုံ့ပြီး ပြော၏။ “မရှိတော့ပါဘူး။”
ချန်လွေ့ရဲ့ လက်ရှိ အတွေ့အကြုံ အရဆိုရင် ကိုဗက်ဇ်က တမင်တကာ လုပ်ခဲ့ခြင်း ဖြစ်ကြောင်း မြင်နိုင်သည်။ သူက နှစ်ပေါင်းများစွာ ပျောက်ဆုံး နေသော တတိယ မင်းသားကို တမင်တကာ ဆန့်ကျင်နေခြင်း မဟုတ်။ ထိုအရာက လက်ဇ်နှင့် တိတ်တဆိတ် ပူးပေါင်းထားသော ပြဇာတ်တစ်ခုလိုပင်။ ‘အာသာ’၏ သရုပ်ကို ထပ်မံ အတည်ပြုပြီး လူတိုင်း၏ သံသယများကို ချုပ်ငြိမ်းစေခဲ့ခြင်း ဖြစ်သည်။
ကိုဗက်ဇ်က ဆယ်စုနှစ်များစွာ အစိုးရ အုပ်ချုပ်ရေးကောင်စီ၌ ထိပ်တန်းဝန်ကြီး အဖြစ် ရပ်တည်နိုင်ခဲ့ခြင်းမှာ ကံကောင်း၍ မဟုတ်ပေ။
စတုတ္ထမင်းသား လုခ်က အမြန်ဆုံး တုံ့ပြန်ခဲ့တယ်။ “တတိယညီတော်။ ၇နှစ်တောင် ရှိပြီ။ မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။”
“အာသာ။ ငါ့ညီလေး။” ဂါဖီးလ်လည်း အံ့အားသင့်ပြီး ပျော်ရွှင်နေပုံရသည်။ “တကယ် မင်းပဲကိုး။ ဆမ်မြူရယ်က မင်းရဲ့ လက်အောက်ငယ်သား ဖြစ်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။ ဒါပေမယ့် သူ့ရဲ့ စွမ်းအားနဲ့ လက်နက်က ငါ့ကို အံ့သြစေတယ်...”
“တော်လောက်ပြီ။” လက်ဇ်က ဂါဖီးလ်ကို ကြည့်လိုက်၏။ “ဆမ်မြူရယ်ရဲ့ ကိစ္စ ဒီမှာပဲ အဆုံးသတ်သွားပြီ။ အာသာ ပြန်လာတာက တော်ဝင်မိသားစုအတွက် အကြီးမားဆုံး ပျော်ရွှင်စရာ ပွဲတော်ပဲ။ ကျန်တာတွေ နောက်မှ လုပ်မယ်။”
“ဟုတ်ကဲ့ပါ။” ဂါဖီးလ် ခေါင်းငုံ့လိုက်ပြီး မျက်လုံးများက သုန်မှုန်နေခဲ့သည်။
စီရင်ချက် ချခြင်းသည် မထင်မှတ်ဘဲ အံ့ဖွယ်လှည့်ကွက်ဖြင့် ပြီးဆုံးခဲ့သည်။ ဆမ်မြူရယ် အပြစ်ကင်းစင်သည်ဆိုသော ရလဒ်နှင့် နှိုင်းယှဉ်လျှင် ၇နှစ်ကြာ ပျောက်ဆုံးနေခဲ့သော တတိယ မင်းသား အာသာရိုလန် ပြန်လာခြင်းက အရေးအကြီးဆုံး သတင်းပင် ဖြစ်သည်။
တတိယ မင်းသားသည် တစ်ချိန်က အချမ်းသာဆုံး ရွှေနယ်မြေ၏ ထိန်းချုပ်သူနှင့် ဧကရာဇ် လက်ဇ်၏ အချစ်ဆုံးမင်းသား ဖြစ်ခဲ့သည်။ သို့သော် သူသည် လွန်ခဲ့သော ၇နှစ်အကြာက လျို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ် သွားခဲ့ပြီး ယနေ့မှသာ ပြန်လည်ပေါ်ထွက် လာခဲ့သည်။
၇နှစ်လုံးလုံး မင်းသား ဘယ်သွားခဲ့လဲ၊ ဘာတွေကြုံတွေ့ခဲ့လဲဆိုတာ ဘယ်သူမှ မသိကြဘူး။ သေချာတာ တစ်ခုပဲ ရှိတယ်။ ‘အာသာ’ရဲ့ သရုပ်က တကယ့် အစစ်အမှန် ဖြစ်တယ်ဆိုတာကို ဧကရာဇ် လက်ဇ်က အင်ပါယာ တစ်ခုလုံးကို ကြေညာခဲ့တာပဲ။
နဂါးလင်းလက် အင်ပါယာ တော်ဝင် နန်းတော်ဝယ် -
“အာသာ။ ဒီလဂွန်း ဥယျာဉ်ပြာကို မှတ်မိသေးလား။ မင်းရဲ့ အမေ...” ဧကရာဇ် လက်ဇ်က လွမ်းဆွတ်သော အမူအရာဖြင့် ပြောလိုက်သည်။ “မင်းကို အီကရီနာက ဒီခေါ်လာရတာ သဘော အကျဆုံးပဲ။”
ချန်လွေ့ရဲ့ စိတ်ထဲမှာ ဆံပင်ရွှေရောင် အမျိုးသမီးတစ်ဦးရဲ့ ပုံရိပ် မှိန်ဖျော့စွာ ပေါ်လာခဲ့သည်။ သူ၏ မျက်နှာက အနည်းငယ် မသဲကွဲ သော်လည်း ကြင်နာသော ခံစားချက်က အလွန်ပင် ရှင်းလင်းပေသည်။ သူ့မှတ်ဉာဏ်ထဲ၌ ထိုကဲ့သို့ ကြင်နာမှုမျိုးက ငယ်ရွယ်တဲ့ ‘အာသာ’ကို စောစောစီးစီး စွန့်ခွာသွားခဲ့ သလိုမျိုးပင်။ ကမ္ဘာပေါ်က သူ့မိဘများ ကဲ့သို့ပင်။ ဝမ်းနည်းမှုက သူ့နှလုံးသားကို ခဏတာ လွှမ်းခြုံသွားသော်လည်း သူ စကားမပြောခဲ့ပေ။
ဧကရာဇ် လက်ဇ်က ခဏတာ တိတ်ဆိတ်နေပြီး ပခုံးကို ပုတ်လိုက်၏။ လက်ဇ် က အရပ်ရှည်ပြီး အသက်၄၀ မပြည့်သေးပုံရသည်။ ချန်လွေ့က သူ့ဘေးနား ရပ်နေသောအခါ အများကြီး ပိုပုနေခဲ့သည်။ ထိုအချိန် ပခုံးကို ပုတ်လိုက်သောအမျိုးသားက ချန်လွေ့ကို ‘ဖခင်’ဟူသော ရင်းနှီးသည့် ခံစားချက်ကို ပေးနေခဲ့သည်။ အာသာ မှတ်မိနေ သလိုမျိုးပင်။
သို့သော် ချန်လွေ့က လက်ဇ်သည် ဖခင်တစ်ဦး သာမက အစွမ်းထက်သော အုပ်ချုပ်သူ တစ်ဦးလည်း ဖြစ်ကြောင်း ကောင်းစွာ သိရှိသည်။ ထိုအချိန်က သူသည် ရက်စက်သော နန်းတော် တိုက်ပွဲမှ ထွက်လာနိုင်ရန် ညီဖြစ်သူ၏ ရုပ်အလောင်းကို နင်းပြီး ဧကရာဇ် ရာထူးသို့ တက်ခဲ့ရလေသည်။
ဧကရာဇ်၏ နည်းလမ်းများနှင့် သတ္တိကို လူတိုင်း သိကြ၏။ ယနေ့ နဂါးလင်းလက် အင်ပါယာ၏ အကြွင်းမဲ့ လွှမ်းမိုးမှုကို ကြည့်ခြင်းဖြင့် မြင်နိုင်သည်။ အုပ်ချုပ်သူ ပိုမို ထူးချွန် လေလေ ပိုမို၍ ရက်စက် လေလေ ဖြစ်သည်။ အုပ်ချုပ်မှု အမှန်တကယ် ခြိမ်းခြောက် ခံရပါက မိသားစု ချစ်ခြင်းမေတ္တာမှာ မည်သည့် အချိန်တွင်မဆို ဖြတ်တောက်နိုင်သော ပိုလျှံသည့် နှောင်ကြိုးမျှသာ ဖြစ်သည်။ (ခြွင်းချက်များမှာ အလွန်နည်းပါးလှ၏)
စုန်းအတတ် ကပ်ဘေး၊ ရွှမ်ဝူဂိတ် အဖြစ်အပျက်၊ ဖယောင်းတိုင်အရိပ်နှင့် ပုဆိန်အသံ ကဲ့သို့သော ဇာတ်လမ်းများ ပြောစရာ မလိုဘဲ ချန်လွေ့က ရိုင်ဇန်နှင့် သူ့သား၃ဦးတို့ တွေ့ကြုံခဲ့ရသော အတွေ့ အကြုံကြောင့် သနားစရာဖြစ်ကြောင်း ခံစားမိနေလေသည်။
“ပြောစမ်း။ ငါ့သား၊ ဒီနှစ်တွေအားလုံး မင်း ဘာတွေ ကြုံတွေ့ခဲ့ရလဲ...”
“အရှင်မင်းကြီး။ ကျုပ် ထပ်ပြောဖို့ လိုသေးလား။ လျို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုမှာ လမ်းပျောက် သွားပြီးတာ့ မှတ်ဉာဏ်တွေ အများကြီးလည်း ဆုံးရှုံးခဲ့ရတယ်။ ဘယ်သူ့အတွက်နဲ့ ဘာကြောင့်လဲ ဆိုတာ တိတိကျကျ မမှတ်မိပါဘူး။ သေလုမျောပါး အတွေ့ အကြုံ တစ်ခုကို ကြုံရပြီးတော့ ကံကောင်းစွာနဲ့ အသက်ရှင်ခဲ့ပြီး နောက်ဆုံး ရှေးဟောင်းအဖွဲ့အစည်းရဲ့ အမွေအနှစ် စွမ်းအားကို ရရှိခဲ့တယ်။”
“ဒါပဲလား။” လက်ဇ်က မျက်မှောင် ကြုတ်လိုက်၏။
“ဟုတ်ပါတယ်။ အရှင်မင်းကြီး။”
“မင်း ငါ့ကို မုန်းနေတုန်းပဲလား။” လက်ဇ်က ချန်လွေ့ ပခုံးပေါ်မှ လက်ကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်သည်။ “အဲဒီ မိန်းမကြောင့်လား။ အဲဒီအချိန် ကတည်းက မင်း ငါ့ကို ‘ခမည်းတော်’ လို့... ‘အဖေ’ လို့ မခေါ်တော့ဘူး။”
အဲဒီ မိန်းမလား။ ဖခင်နဲ့သားကြား အက်ကြောင်းတစ်ခု။ ချန်လွေ့ စိတ်ထဲ၌ လှုပ်ရှားသွားပြီး ခေါင်းခါလိုက်သည်။ “ကျုပ် အများကြီး မမှတ်မိပါဘူး။ တောင်းပန်ပါတယ်။ အရှင်မင်းကြီး။ ကျုပ် အချိန်ယူပြီး လိုက်လျော ညီထွေ ဖြစ်အောင် လုပ်ရဦးမယ်။ အချိန် အကြာကြီး ယူရဦးမယ် ထင်ပါတယ်။”
လက်ဇ်က သူ့ကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။ “အချို့အရာတွေက မမှတ်မိတာ ပိုကောင်းတယ်။ မင်းနဲ့ သိဒ္ဓိ ကျောင်းတော်နဲ့ ဘာတွေ ဖြစ်ခဲ့တာလဲ။”
နောက်ဆုံးတော့ အဓိကအချက်ကို ရောက်လာပြီလား။ ချန်လွေ့က ပုံမှန်ပင် ပြောလိုက်သည်။ “ကျုပ်ရဲ့ သင်္ဘောက ပင်လယ်မှာ မရဏနက်နောက်လိုက်တွေ ဝိုင်းခံထားရတဲ့ ရေဖျန်းဘုန်းတော်ကြီးနဲ့ ကြုံခဲ့တယ်။ အဲဒီနောက် ရှေးဟောင်း အဖွဲ့အစည်းကနေ ကျုပ် အမွေရခဲ့တဲ့ ကျုပ်အစောင့်အရှောက်က မရဏနက် နောက်လိုက်တွေကို အနိုင်ယူခဲ့တယ်။ အဲဒီနောက် ဆမ်မြူရယ် မတရား စွပ်စွဲခံရတယ်လို့ ကြားရတာနဲ့ ဂရာလင်ရဲ့ အကူအညီနဲ့ ဆမ်မြူရယ် အပြစ် ကင်းစင်မှုကို ရှင်းလင်းဖို့ ရယ်ရိုဒီရှာကို ရောက်လာခဲ့တာပါ။”
“မင်းရဲ့ အစောင့်အရှောက်က တကယ် အစွမ်းထက်တယ်။ သူက သူတော်စင် အဆင့်ကို ကျော်လွန်သွားပြီ။” လက်ဇ်က တည်ကြည်တဲ့ အမူအရာနှင့် ပြောလိုက်သည်။ “ဒါဆို... မင်းက နန်းတော်ကို အချိန်မရွေး ပြန်လာနိုင်ခဲ့ ပေမယ့် မင်း ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ ဆမ်မြူရယ်ကြောင့် မဟုတ်ရင် မင်း အခု ငါ့ရှေ့မှာ ပေါ်လာမှာ မဟုတ်ဘူးမလား။”
“အတိအကျတော့ မဟုတ်ပါဘူး။ ကျုပ် မပေါ်လာရသေးတဲ့ တကယ့် အကြောင်းရင်းက ရှေးဟောင်း အဖွဲ့အစည်း အမွေအနှစ် စမ်းသပ်ချက် ကြောင့်ပါ။ အာရုံပျံ့လို့ မရဘူးလေ။” ချန်လွေ့က အရင်ကတည်းက ပြောရမည့် အရာများကို ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ “ဆမ်မြူရယ်နဲ့ ကျုပ်က စမ်းသပ်မှုတစ်ခု အတွင်းမှာ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ ကြတာပါ။ ကျုပ်က သူ့ရဲ့ အကူအညီနဲ့ သစ္စာစောင့်သိမှုကို ရရှိခဲ့တယ်။”
လက်ဇ်က မယုတ်မလွန် မေးလိုက်၏။ “ဆမ်မြူရယ်ရဲ့ စွမ်းအားလည်း ရှေးဟောင်း အဖွဲ့အစည်းကနေ ရလာတာလား။”
“ဟုတ်ပါတယ်။ သူက သေခါနီးအချိန် အစောင့်အရှောက် တစ်ယောက်ရဲ့ အမွေအနှစ်ကို ရခဲ့တာ။” ချန်လွေ့၏ အဖြေက အလွန် ထူးခြားပေသည်။ “သေခါနီး” အမွေအနှစ် ဆိုသည်မှာ ထူးခြားမှုကို ဆိုလို၏။
“စုစုပေါင်း အစောင့် အရှောက် ဘယ်နှယောက် ရှိတာလဲ။”
“၆ယောက်ပါ။ ဆမ်မြူရယ် အပြင် အဲဒီနေ့က ခန်းမထဲမှာရှိတဲ့ ပါ့ဂ်လီအိုနဲ့ ဒိုဒိုလည်း ပါတယ်။ နောက်ပြီး အမျိုးသမီး ၃ယောက်လည်း ရှိတယ်။ အဲဒီထဲက ၂ယောက်က... ကျုပ်ရဲ့ ဇနီးတွေပါ”
“ဇနီးတွေ ဟုတ်လား။” ဧကရာဇ် လက်ဇ်က မျက်မှောင် ကြုတ်လိုက်ပြီး ပြန်ဖြေလျော့လိုက်သည်။ “ဒါလည်း ကောင်းပါတယ်။ ဒါပေမယ့် သူတို့က ရှေးဟောင်းအဖွဲ့အစည်း အစောင့် အရှောက်တွေ ဖြစ်နေလို့ အလွန်ဆုံး ကိုယ်လုပ်တော်တွေပဲ ဖြစ်နိုင်တယ်။ မင်းရဲ့ တရားဝင်ဇနီးက ကျက်သရေပြာ အင်ပါယာရဲ့ ပုလဲ၊ မင်းသမီး လန်ဘိစ်ပဲ။”
“ကျုပ်က မင်းသမီးလန်ဘိစ်ကို လုံးဝ စိတ်မဝင်စားဘူး။ သူလည်း ကျုပ်လိုပဲ ခံစားရမယ်လို့ ယုံကြည်တယ်။” ချန်လွေ့ ပခုံးတွန့်လိုက်၏။
“စိတ်ဝင်စား မစားနဲ့ မဆိုင်ဘူး။ မင်းက နဂါးလင်းလက် အင်ပါယာရဲ့ မင်းသား၊ သူက ကျက်သရေပြာ အင်ပါယာရဲ့ မင်းသမီး။ ဒီထိမ်းမြားမှုကို ၇နှစ် ရွှေ့ဆိုင်းခဲ့တာ၊ ဒီအတွက် ငါ ကျက်သရေပြာ အင်ပါယာဆီကနေ ဖိအားတွေ အများကြီး ခံခဲ့ရတယ်။ အခု မင်း လူအများ ရှေ့ ပေါ်လာပြီဆိုတော့ လန်ဘိစ်ကို လက်ထပ်ရမယ်!” လက်ဇ် အသံက တဖြည်းဖြည်း တင်းမာလာ၏။
“အစွမ်းကုန် ခုခံရင်တောင်လား။” ချန်လွေ့က ပြန်လည် မေးခွန်းထုတ် လိုက်သည်။
“မင်းမှာ ရွေးချယ်စရာ မရှိဘူး။” လက်ဇ်၏ လေသံက ပြတ်သားလာ၏။ “ဒါက အင်ပါယာ ၂ခုရဲ့ နိုင်ငံရေး ကိစ္စပဲ! မင်းရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စ မဟုတ်ဘူး! ညှိနှိုင်းစရာ မရှိဘူး!”
“အခု ကျုပ် ဘာလို့ ‘အရှင်မင်းကြီး’ လို့ ခေါ်ရတာလဲ နားလည်သွားပါပြီ။” ချန်လွေ့က လက်ဇ် ထင်ထားသလို ဒေါသတကြီး မဖြစ်ဘဲ တည်ငြိမ်နေပုံရပြီး အနည်းငယ် ခေါင်းညိတ်ရင်း ပြောသည်။ “ဒါဆိုလည်း အရှင်မင်းကြီး။ ကျွန်တော် အရင်သွားလိုက်ပါဦးမယ်။”
“ငါ မင်းကို မသွားခိုင်း သေးဘူး!” လက်ဇ်က ချန်လွေ့ကို စိုက်ကြည့်နေ၏။ မျက်လုံးမှ အဟန့်အတား အလင်းများ တဖြည်းဖြည်းတောက်ပလာခဲ့သည်။ “မင်းရဲ့ နယ်မြေကို ဂါဖီးလ် စောင့်ရှောက် ထားပေးတယ်...”
“အရေးမကြီးပါဘူး။ အရှင်မင်းကြီးရဲ့ အစီအစဉ် အတိုင်းပါပဲ။” ချန်လွေ့က လက်ဇ်၏ ဖိနှိပ်သော အကြည့်ကို လျစ်လျူရှုပြီး လှည့်ထွက် သွားလိုက်၏။
ခြေလှမ်းအနည်းငယ် လျှောက်ပြီး နောက်တွင် သူက နောက်မလှည့်ဘဲ ရပ်လိုက်ပြန်သည်။ “ကျုပ် အမွေ ရခဲ့တာ ရှေးဟောင်း အဂ္ဂိရတ် အဖွဲ့အစည်းပါ။ ဆမ်မြူရယ်ရဲ့ လက်နက်က အဲဒီကနေ ရလာတာ။ အခု အရှင်မင်းကြီးရဲ့ စိတ်ထဲက သံသယတွေ လုံးဝ ပပျောက် လုနီးပါး ဖြစ်သင့်နေပါပြီ။ ဒါနဲ့ ရှီအွန် နန်းတော်က အမျိုးသမီးတစ်ယောက်ကို အရှင်မင်းကြီး အကျယ်ချုပ် ချထားဖို့ မလိုပါဘူး။ ကျုပ် ကိုယ့်ဘာသာ စီမံပါ့မယ်။”
လက်ဇ်က မျက်ခုံး အနည်းငယ် ပင့်လိုက်ပြီး မျက်လုံးထဲတွင် ကွဲပြားသော အမူအရာတစ်ခု လျှပ်ခနဲ ပေါ်လာ၏။ ချန်လွေ့၏ပုံရိပ် လုံးဝ ပျောက်ကွယ် သွားသည် အထိ စောင့်နေခဲ့သည်။
အချိန်အတော် ကြာပြီးနောက် အုပ်ချုပ်သူက ခေါင်းငုံ့ကာ ရေကန်ထဲရှိ တစ်ဦးတည်းသော ပုံရိပ်ကို ကြည့်ရင်း တစ်ခုခုကို တိုးတိုးလေး ပြောလိုက်၏။
“အီကရီနာ။ မြင်လား။ ငါ့ရဲ့သား အရွယ်ရောက်လာပြီ။”