မကြာခင်တွင် ကသောင်းကနင်းဖြစ်လာတော့မည်
Vol. 018 Ch. 1750
လျှို့ဝှက်နယ်မြေဘုံ၌ ရွှယ်ယူမြို့တွင် ငရဲဂိတ်တံခါးပေါ်ထွက်လာသောကြောင့် အားကောင်းသောထိပ်သီးပုဂ္ဂိုလ်များစွာက ရွှယ်ယူမြို့သို့တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
ဖြည်းဖြည်းချင်း ပိုမိုအားကောင်းသော အင်အားစုများက ရောက်ရှိလာကြပြီး နောက်ဆုံး၌ ထိပ်သီးအင်အားစုတစ်ခုကရောက်ရှိလာလေသည်။ သူတို့က ဆင့်ခေါ်စာတစ်ခုထုတ်ပြန်ကာ လျှို့ဝှက်နယ်မြေဘုံမှ အင်အားစုအသီးသီးအား သူတို့၏သစ္စာခံအဖြစ် ကတိကဝတ်ပြုလုပ်ခဲ့သည်။ လျှို့ဝှက်နယ်မြေဘုံတစ်ခုလုံးသည် တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားမည်ဖြစ်သည်။
လျှို့ဝှက်နယ်မြေဘုံ၌ ထိုကိစ္စက ဂယက်ရိုက်မှုကြီးဖြစ်ပေါ်စေခဲ့သည်။ လူတိုင်းက ထိုကမ္ဘာပွင့်သွားမှန်း သိခဲ့ကြပြီး ပြင်ပကမ္ဘာမှကျင့်ကြံသူများရောက်ရှိလာကြသည်။ လူများတွေးထင်ထားသကဲ့သို့ လျှို့ဝှက်နယ်မြေဘုံမှ နယ်ခံအင်အားစုများက ဆန့်ကျင်ကြသော်လည်း ဘုံ၏ထိပ်သီးအင်အားစုများကမူ ထူးခြားစွာ ငြိမ်သက်နေလေသည်။
သူတို့က တဖက်လူများအား သိရှိနေကြပြီး ထိုလူများမည်သည့်နေရာမှလာရောက်ကြမှန်း အစကတည်းက သိရှိနေသကဲ့သို့ဖြစ်သည်။
လျှို့ဝှက်နယ်မြေဘုံမှ အင်အားစုများစွာက ထိုထိပ်သီးအင်အားစု၏ သစ္စာခံအဖြစ် ကတိကဝတ်ပြုခဲ့ကြသည်။ နတ်တစ္ဆေအဖွဲ့က ရွှယ်ယူမြို့တွင် ပြန်လည်ထွက်ပေါ်လာခဲ့ပြီး လျှို့ဝှက်နယ်မြေဘုံအား ပေါင်းစည်းလိုခဲ့သည်။
ရွှယ်ယူမြို့ရှိ လျှို့ဝှက်နယ်မြေဘုံမှ ထိပ်သီးအင်အားစုများက ထိုအင်အားကြီးအဖွဲ့အစည်းအား သစ္စာခံရန် သွားရောက်ခဲ့ကြသည်။
ထိုကိစ္စ၏လွှမ်းမိုးမှုက လျှို့ဝှက်နယ်မြေဘုံ၌ မမျှော်မှန်းနိုင်သော အပြောင်းအလဲများစွာ ဖြစ်ပေါ်စေခဲ့သည်။ ထိုအခါမှသာ လူများက မည်သည့်အရာများဖြစ်ပွားနေးည်အား နားလည်သဘောပေါက်သွားကြသည်။
ငရဲတံခါးပွင့်လာမှုသည် ခေတ်သစ်တစ်ခု၏ကန့်လန့်ကာအား ဆွဲဖယ်လိုက်သကဲ့သို့ဖြစ်လေသည်။
ယခင်မျိုးဆက်မှလူကြီးများက ထိုစဥ်က လျှို့ဝှက်နယ်မြေဘုံ၌ ထိပ်သီးအင်အားစုများစွာပေါ်ထွက်လာခဲ့ခြင်းမှာ နတ်တစ္တေအဖွဲ့ကျဆုံးသွားခဲ့၍ဖြစ်ကြောင်း နားလည်သွားခဲ့ကြသည်။ လူအချို့က ထိပ်သီးအင်အားစုများမှာ မူလအစကတည်းက နတ်တစ္ဆေအဖွဲ့၏အစိတ်အပိုင်းများပင်ဖြစ်ကြောင်း အခိုင်အမာပြောကြသည်။
ယခု လျှို့ဝှက်နယ်မြေဘုံ၏ အရှင်သခင်မှာ ပြန်လည်ရောက်ရှိလာလေပြီ။
ထိုအဖြစ်အပျက်၏သတင်းများမှာ အခြားဘုံများသို့ လျှင်မြန်စွာပြန့်နှံ့သွားသည်။ သို့သော် ထိပ်သီးအင်အားစုများစွာက ဤကိစ္စ၌ ထူးခြားစွာ တိတ်ဆိတ်နေကြလေသည်။ တကယ်တမ်းတွင် သူတို့က ထိုအဖြစ်အပျက်အား သတိပြုမိခဲ့ပြီးဖြစ်သည်။ ဘုံသုံးထောင်သို့ အားကောင်းလှသောကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာခဲ့ခြင်းအား သာမန်လူများက သိနိုင်မည်မဟုတ်သော်လည်း ထိပ်သီးအင်အားစုများကမူ ထိုကိစ္စအား မည်သို့သတိမပြုမိဘဲ နေမည်နည်း။
သူတို့အားလုံးက နှစ်ရာပေါင်းများစွာအကြာက ထိုကသောင်းကနင်းဖြစ်ရပ်ကြီးအား ကြုံတွေ့ခဲ့ဖူးပေသည်။
ယခုတွင်လည်း တည်ငြိမ်အေးချမ်းမှုက ပျက်စီးသွားပြီဖြစ်ဟန်တူသည်။ ထိုကသောင်းကနင်းခေတ်က တဖန်ပြန်လည်ရောက်ရှိလာလေသည်။
ရှန်ကလန်မှကျင့်ကြံသူများနှင့် တွေ့ဆုံခဲ့ပြီးနောက် ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထို့နောက် မကြာခင်တွင် လျှို့ဝှက်နယ်မြေဘုံမှ သတင်းများအားကြားသိခဲ့ရသည်။ သူက ထိုကိစ္စအား စိတ်ပူပန်နေမိသည်။ သူကထိုကိစ္စနှင့်ပတ်သတ်၍ ထူးဆန်းသောမကောင်းသည့်ခံစားချက်များရနေပြီး သေချာအာရုံစိုက်နေဟန်ပေါ်သည်။
ရီဖူရှင်းက သူ့အတွက်သူစိတ်ပူပန်ခြင်းမဟုတ်ပေ။ သူက ချင်းယောင်အတွက် ပူပန်မိနေခြင်းဖြစ်သည်။
ထိုစဥ်က လျှို့ဝှက်နယ်မြေဘုံတွင် ရီဖူရှင်းက ချင်းယောင်ကြုံတွေ့ခဲ့ရသော ကိစ္စအား မြင်တွေ့ခဲ့ရသည်။ ယခု ဘုံသုံးထောင်၏ပြင်ပမှ အင်အားစုကြီးတစ်ခုက လျှို့ဝှက်နယ်မြေဘုံအား တစ်စုတစ်စည်းထဲဖြစ်စေရန်လုပ်ဆောင်ခဲ့သည်။ထိုအင်အားစုသည် ရွှယ်ယူခေါင်းဆောင်နှင့် ထိုမိစ္ဆာလူငယ်တို့နှင့် ဆက်စပ်နေဟန်ပေါ်သည်။ ထိုသို့ဖြစ်ခဲ့လျှင် ထိုအင်အားစုမှာ ချင်းယောင်အတွက် ရောက်ရှိလာခဲ့ခြင်းဖြစ်ပေမည်။
ကိစ္စများက တဖြည်းဖြည်း သူမကိုင်တွယ်နိုင်တော့သော အနေအထားသို့ ရောက်ရှိလာခဲ့သည်။ ထိုအင်အားစုက အမှန်တကယ်ပင် လျှို့ဝှက်နယ်မြေဘုံအား စုစည်းနိုင်သည့် စွမ်းရည်မျိုးရှိနေခဲ့လျှင် ကောင်းကင်အာဏာစက်ကျောင်းတော်က ထိုအင်အားစုအား ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုအင်အားစုက ရှန်ကလန်နှင့် ရွှေရောင်နတ်ပြည်ထောင်တို့ကဲ့သို့ မဟုတ်ပေ။ ရှန်ကလန်နှင့် ရွှေရောင်နတ်ပြည်ထောင်တို့က သူတို့အားပစ်မှတ်ထားနေသော်လည်း သေသည်အထိတိုက်ခိုက်ကြရန် စွန့်စားဝံ့ခြင်းမရှိကြပေ။ သို့သော် ထိုအင်အားစုမှာမူ ခြားနားပေသည်။ ထိုသည်က ပြင်ပဘုံများမှလာသော အင်အားစုကြီးဖြစ်ပြီး သူတို့က လျှို့ဝှက်နယ်မြေဘုံမှလူများ သေဆုံးမည်ကို စိုးရိမ်ပူပန်ခြင်းမရှိပေ။
ရီဖူရှင်းက ထိုကိစ္စများအား သုံးသပ်စဥ်းစားနေချိန်တွင် လူအချို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ အလည်အပတ်ရောက်ရှိလာကြသည်။
ရီဖူရှင်း၏အသိကဖြန့်ကျက်သွားပြီး ထိုလူများထဲမှတစ်ယောက်မှာ အလွန်အားကောင်းလှကြောင်း သတိပြုမိလိုက်သည်။ ထိုလူသည် ပြင်ပဘုံများမှလာသော အင်အားစုတစ်ခုမှလူဖြစ်ဟန်တူသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ ဧည့်သည်များအား ဧည့်ခံကြိုဆိုသည့်နေရာ၌ ရီဖူရှင်းနှင့်အခြားကျင့်ကြံသူများက ထိုဧည့်သည်များအားကြိုဆိုရန် စုရုံးရောက်ရှိလာကြသည်။
ထိုအုပ်စုရောက်ရှိလာချိန်တွင် ရီဖူရှင်းက ထရပ်လိုက်ပြီး အပြုံးဖြင့်ပြောလိုက်သည်။ "စီနီယာတို့က ဒီကိုရောက်အောင် အဝေးကြီးကနေလာခဲ့ရတာပဲ။ ကျွန်တော် ရီဖူရှင်းက စီနီယာတို့အတွက် အထူးဧည့်ခံပွဲပြင်ဆင်ထားပါတယ်။ သုံးဆောင်ကြပါ"
"မိတ်ဆွေလေးရီ အရမ်းယဥ်ကျေးနေဖို့မလိုပါဘူး။ ကျုပ်တို့နဲ့အတူလာထိုင်ပါ..." ခေါင်းဆောင်လူကြီးက အပြုံးဖြင့်ပြောလိုက်သည်။ သူတို့၏ပုံစံအားကြည့်၍ ထိုလူများမှာ ပြင်ပဘုံမှလာကြောင်းအား ရီဖူရှင်းက သိရှိပြီးဖြစ်သည်။
သူတို့အားလုံးက ထိုင်လိုက်ကြပြီး ရီဖူရှင်းက အဓိကခုံတွင်ထိုင်ကာ ဟွာဂျီယူက သူ၏ဘေးတွင်ထိုင်လေသည်။ သူတို့နှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသောလူကြီးက ဟွာဂျီယူအားကြည့်လိုက်သည်။ ရီဖူရှင်းက သူတို့အား သူမနှင့်မိတ်ဆက်ပေးလိုက်သည်။ "ဒါက ကျွန်တော့်ရဲ့ဇနီး ဂျီယူပါ"
ဟွာဂျီယူက ထိုနေရာ၌ တိတ်ဆိတ်စွာထိုင်နေသည်။ သူမက ရီဖူရှင်းကသူမအား ဇနီးအဖြစ်မိတ်ဆက်ပေးသည်အား လက်ခံဟန်ပေါ်သည်။ သူမက အသာအယာပင်ခေါင်းငြိမ့်၍ နှုတ်ဆက်လိုက်သည်။
"တကယ့်ကို ပြီးပြည့်စုံတဲ့ နတ်ဖတ်တဲ့စုံတွဲပဲ...မင်းတို့က တခြားလူတွေကို မနာလိုဖြစ်စေတယ်" လူကြီးက အပြုံးဖြင့်ပြောလိုက်သည်။ "မိတ်ဆွေလေးရီက လေဟာနယ်ဘုံမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ကြားပြီးသားဖြစ်မယ်ထင်ပါတယ်"
"ဟုတ်ကဲ့" ရီဖူရှင်းက ခေါင်းညိမ့်လိုက်သည်။ "ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အဲ့ဒါက လေဟာနယ်ဘုံမဟုတ်ဘဲ တကယ့်ကမ္ဘာလောကတစ်ခုပါ"
"တကယ်တော့ လေဟာနယ်ဘုံဆိုတာ ငါတို့ အဲ့ဒီနေရာကိုပေးထားတဲ့ နာမည်တစ်ခုပါပဲ။ အဲ့ဒါက အရေးမကြီးပါဘူး" လူကြီးက ပြုံး၍ပြောလိုက်သည်။ "တကယ်တော့ မဟာအင်ပါယာက ကောင်းကင်ဒေသတစ်ခုလုံး ပေါင်းစည်းပြီးကတည်းက သူက လေဟာနယ်ဘုံကိုလည်း ထိန်းချုပ်နိုင်ခဲ့တယ်။ အဲ့ဒါကြောင့် လေဟာနယ်ဘုံကို ကောင်းကင်ဒေသရဲ့တစ်စိတ်တပိုင်းလို့ သတ်မှတ်လို့ရတယ်။ ငါတို့အဖွဲ့က ကောင်းကင်ဒေသက လာခဲ့ကြတာပဲ "
ရီဖူရှင်းက အနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။ သူတွေးထင်ထားသကဲ့သို့ပင် အရှင်ဒွန်ဟောင်က လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ခန့်က ကောင်းကင်ဒေသတစ်ခုလုံး ပေါင်းစည်းခဲ့ချိန်တွင် စစ်ပွဲက လေဟာနယ်ဘုံတွင်သာဖြစ်ပွားခဲ့သည်မဟုတ်ဘဲ ပြင်ပဘုံသည်လည်း ပါဝင်ပတ်သတ်နေခဲ့သည်။ အဆုံး၌ မဟာအင်ပါယာက လေဟာနယ်ဘုံအား အုပ်စိုးနိုင်ခဲ့သည်။
"လေဟာနယ်ဘုံနဲ့ ကောင်းကင်ဒေသက အတိအကျဘယ်နေရာမှာရှိနေတာလဲ" ရီဖူရှင်းက သိချင်စွာ မေးလိုက်သည်။ ဘွားဘွား၏ပြောစကားအရ ထိုနေရာနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ထပ်နေသောဟင်းလင်းပြင်နှစ်ခုဖြစ်သည်။ ပြင်ပဘုံမှလူများက ထိုအကြောင်းအား ပို၍ကောင်းစွာသိရှိပေမည်။
"ပြင်ပဘုံတွေမှာ ငါတို့က ဒီနေရာကိုလေဟာနယ်ဘုံလို့နာမည်ပေးခဲ့တာက ဒီနေရာက ပုံရိပ်ယောင်ကမ္ဘာတစ်ခုဖြစ်နေလို့ပဲ။ ဒါက တကယ့်ကမ္ဘာအစစ်မဟုတ်ဘူး။ အတိုချုံးပြောရရင် လေဟာနယ်ဘုံဆိုတာ တကယ်တည်ရှိနေတာမဟုတ်ဘူး ဘယ်တုန်းကမှတည်ရှိတာမျိုးမဟုတ်ပေမယ့် သူ့ရဲ့တည်ရှိမှုက နေရာတိုင်းမှာရှိနေတယ်" လူကြီးက အပြုံးဖြင့်ဆက်ပြောသည်။ "လေဟာနယ်ဘုံက ကျင့်ကြံသူတွေအတွက်တော့ ဒါက လူနည်းစုပဲသိကြတဲ့ လျှို့ဝှက်ချက်တစ်ခုပဲ။ ဒါပေမဲ့ မိတ်ဆွေလေးရီကိုပြောပြလို့ရပါတယ်။ လေဟာနယ်ဘုံနဲ့ ပြင်ပဘုံက တစ်ခုပေါ်မှာတစ်ခုတည်ရှိနေတာပဲ။ လေဟာနယ်ဘုံရဲ့တည်ရှိမှုက လစ်လျူရှုထားလို့ရတယ်။ ဥပမာအားဖြင့် ငါတို့အခုရှိနေတဲ့နေရာက ပြင်ပဘုံမှာဆိုရင် လုံးဝမတူညီတဲ့ တခြားနေရာတစ်ခုပဲ။ ဒီနေရာနှစ်ခုက တူညီတဲ့တည်နေရာမှာတည်ရှိနေတယ်။ ဒါပေမဲ့ အဲ့ဒါက ငါတို့ မြင်လည်းမမြင်နိုင်၊ ခံစားလို့လည်းမရတဲ့ မတူညီတဲ့အပြိုင်တည်ရှိမှုမျိုးပဲ..."
"အဲ့ဒါဆို ကျွန်တော်တို့က အပြိုင်ကမ္ဘာနှစ်ခုမှာရှိနေတာလို့ဆိုလိုတာလား။ ဒါပေမဲ့ အလွန်ထူးခြားတဲ့အခြေအနေမျိုးမှာ ကျွန်တော်တို့က တစ်ဖက်နဲ့တစ်ဖက်ဆက်သွယ်နိုင်တယ် အဲ့လိုမျိုးပေါ့..." ရီဖူရှင်းက လူကြီးအားကြည့်ကာ မေးလိုက်သည်။
"ဒါဆို မင်းလည်းနားလည်နိုင်တာပဲကိုး..." လူကြီးက အပြုံးဖြင့်ခေါင်းညိမ့်ကာထောက်ခံလိုက်သည်။
ရီဖူရှင်း၏အကြည့်က အလေးအနက်အဖြစ်ပြောင်းသွားသည်။ ဤကမ္ဘာအား လေဟာနယ်ဘုံဟုခေါ်ဆိုခြင်းမှာ အံ့သြစရာမရှိတော့ပေ။ ပြင်ပဘုံမှကျင့်ကြံသူများက လေဟာနယ်ဘုံအား လုံးဝမတည်ရှိသည့် ဟင်းလင်းပြင်အဖြစ်ဆက်ဆံကြသည်။ ဤနေရာသည် ချိတ်ပိတ်ထားသော ပုံရိပ်ယောင်ဟင်းလင်းပြင်တစ်ခုဖြစ်နေလေသည်။
"ဘာလို့ ဒီလိုအခြေအနေမျိုးဖြစ်ပေါ်လာရတာလဲ" ရီဖူရှင်းက မေးလိုက်သည်။
"မိတ်ဆွေလေးရီ...မင်း ကောင်းကင်လမ်းစဥ်ပျက်စီးသွားတာကိုကြားဖူးလား " လူကြီးက အခြားမေးခွန်းတစ်ခုမေးလိုက်သည်။
"ဟုတ်ကဲ့" ရီဖူရှင်းက ခေါင်းညိမ့်လိုက်သည်။
"လေဟာနယ်ဘုံမှာ တခြားနာမည်တစ်ခုရှိနေသေးတယ်။ ဒီနေရာကို မူလရင်းမြစ်ဘုံလို့လည်းခေါ်တယ်။ ဒီနေရာက ကောင်းကင်လမ်းစဥ်မွေးဖွားခဲ့တဲ့နေရာပဲ။ ကောင်းကင်လမ်းစဥ်ပြိုကွဲသွားတာကနေ ဒီကမ္ဘာရဲ့မဟာလမ်းစဥ်က ကျယ်ပြန့်လာပြီး ကြေမွပျက်စီးပြီး ဖျက်စီးခံလိုက်ရတာကနေ ဒီလိုအလွန်ထူးခြားတဲ့ အာကာပြင်နှစ်ခု ထပ်ပြီးတည်ရှိတဲ့ဖြစ်ရပ်မျိုးပေါ်ပေါက်လာခဲ့တယ်။ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက လေဟာနယ်ဘုံက မူလအရင်းအမြစ်ကမ္ဘာဖြစ်ခဲ့လို့ ဒီနေရာကို မူလဘုံလို့ခေါ်ခဲ့ကြတယ်..." လူကြီးက ဆက်လက်ရှင်းပြသည်။ " အဲ့ဒါကြောင့် လွန်ခဲ့တဲ့ ရာစုနှစ်တွေမှာ လေဟာနယ်ဘုံက သူ့ရဲ့ကံကြမ္မာနဲ့ ကံကောင်းမှုတွေတဖြည်းဖြည်းယုတ်လျော့ကျဆင်းလာခဲ့ပေမယ့် ကမ္ဘာကြီးရဲ့ ထိပ်သီးအင်အားစုကြီးတွေက လေဟာနယ်ဘုံကိုထိန်းချုပ်နိုင်ဖို့ အချင်းချင်းယှဥ်ပြိုင်တိုက်ခိုက်နေခဲ့တာပဲ..."
"ကမ္ဘာကြီးရဲ့ထိပ်သီးတွေဟုတ်လား..." ရီဖူရှင်းက ရေရွတ်လိုက်သည်။ "အရှင်ဒွန်ဟောင်ကရော..."
လူကြီးက အသာခေါင်းညိမ့်လိုက်ပြီး အပြုံးဖြင့်ပြောလိုက်သည်။ "ငါက အဲ့ဒီကိစ္စတွေကိုပြောပြမှာမဟုတ်ဘူး။ မိတ်ဆွေလေးရီက အနာဂတ်မှာအဲ့ဒီအကြောင်းတွေကို သိလာရပါလိမ့်မယ်။ မင်းရဲ့ပါရမီနဲ့ဆိုရင် မင်းက မကြာခင်ပဲ ပြင်ပဘုံကိုရောက်လာနိုင်လိမ့်မယ်။ အခုက အဲ့ဒီလိုလုပ်ဖို့ အခွင့်အလမ်းကောင်းတစ်ခုရလာတာလို့ပြောလို့ရတယ်"
ရီဖူရှင်းက အသာခေါင်းညိမ့်လိုက်သည်။ သူက အမှန်တကယ်ပင် ပြင်ပဘုံသို့စွန့်စားသွားလာလိုပေသည်။ သို့သော် ဤအချိန်က သင့်တော်သောအချိန်ဖြစ်မည်ဟုတော့ သူကမယုံကြည်ပေ။
ကောင်းကင်အာဏာစက်ကျောင်းတော်၏အင်အားက မလုံလောက်သေးပေ။ သူသည်လည်း လုံလောက်အောင်အားမကောင်းသေးပေ။
"မိတ်ဆွေလေးရီ ဒီအခွင့်အရေးကိုအသုံးချပြီး ပြင်ပဘုံကိုသွားဖို့ စဥ်းစားပြီးပြီလား" လူကြီးက ရီဖူရှင်းအား အပြုံးဖြင့်မေးလိုက်သည်။
ရီဖူရှင်းက ထိုလူကြီး၏စကားကိုကြားပြီးနောက် ထိုအဖွဲ့သည် သူ့အားခေါ်ဆောင်ရန်လာခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားသည်။ သူက အပြုံးဖြင့်ပြန်ပြောလိုက်သည်။ "ဂျူနီယာက တကယ်ကို ပြင်ပဘုံကိုစွန့်စားသွားလာချင်ပါတယ်။ ဒါပေမဲ့ အခုက ကျွန်တော့အတွက် အချိန်မကျသေးဘူး။ ဒီဘက်ကမ္ဘာမှာ ဖြေရှင်းရမယ့်ကိစ္စတွေအများကြီး ရှိနေပါသေးတယ်..."
"အင်း..." လူကြီးက ခေါင်းညိမ့်လိုက်သည်။ "မကြာတော့မယ့်အနာဂတ်မှာ လေဟာနယ်ဘုံက ကသောင်းကနင်းဖြစ်လာတော့မယ်။ မိတ်ဆွေလေး အဲ့ဒီအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်"
"ကောင်းပါပြီ" ရီဖူရှင်းက ပြန်ပြောလိုက်သည်။ "သတိပေးလို့ ကျေးဇူးပါ စီနီယာ"
"မင်းအကူညီလိုအပ်ရင် ငါ့ကိုလာရှာလို့ရရပါတယ်။ ငါက ဒီအတောအတွင်းမှာ လေဟာနယ်ဘုံမှာပဲရှိနေမှာဆိုတော့ ငါ့ကိုရှာဖို့လွယ်မှာပါ..." လူကြီးက ထပ်ပြောလိုက်သည်။
"ဟုတ်ကဲ့" ရီဖူရှင်းက ခေါင်းညိမ့်လိုက်သည်။
သို့သော် ထိုနေ့သာ အမှန်တကယ်ရောက်ရှိလာခဲ့လျှင် ထိုအချိန်က ရီဖူရှင်းတစ်ယောက် ထိုခေါင်းဆောင်းလူကြီးထံမှ အကူအညီတောင်းခံရမည့်အချိန်ဖြစ်ပေမည်။ ရီဖူရှင်းက ထိုအရာအား ရှောင်လွှဲလိုပေသည်။
သူတို့၏အဆင့်အတန်းဖြင့် ထိုလူကြီးက သူအကူညီတောင်းလိုက်ရုံမျှဖြင့် သူအားကူညီလိမ့်မည်ဟု ရီဖူရှင်းက ယုံကြည်ရလောက်သည်အထိ တုံးအခြင်းမရှိပေ။ ထိုအကူအညီဆိုသည့်အရာမှာ ထိုက်တန်သောတန်ဖိုးပြန်လည်ပေးဆပ်မရမည်သာဖြစ်သည်။
သိသာစွာပင် ထိုလူကြီးက ရီဖူရှင်းအား အဖိုးတန်ပါရမီရှင်တစ်ယောက်အဖြစ် မှတ်ယူထားလေသည်။
"ငါတို့စကားပြောလို့ပြီးပြီဆိုတော့ ငါမင်းကို ထပ်မနှောက်ယှက်တော့ပါဘူး" လူကြီးက ပြုံး၍ မတ်တပ်ရပ်လိုက်သည်။ ရီဖူရှင်းကလည်း သူ့အားထပ်မံ၍ဆွဲထားခြင်းမရှိပေ။ သူက ထိုလူကြီးအား ကောင်းကင်အာဏာစက်ကျောင်းတော်အပြင်ဘက်သို့ ကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးခဲ့သည်။
လူကြီး ထွက်ခွာသွားပြီးနောက် ရီဖူရှင်းက ထိုနေရာ၌ ရပ်နေ၍ တခဏကြာစဥ်းစားနေခဲ့သည်။
ဤကမ္ဘာက မကြာခင်တွင် ကသောင်းကနင်းဖြစ်ရပ်များအတွင်းသို့ ကျဆင်းသွားတော့မည်လော။
ထိုလူကြီးတို့အုပ်စုက ခပ်လှမ်းလှမ်းသို့ရောက်သွားသောအခါ ထိုခေါင်းဆောင်လူကြီး၏ဘေးမှ လူငယ်တစ်ယောက်ကမေးလိုက်သည်။ "ဆရာ ကျွန်တော်တို့က ဒါလေးပဲလာပြောတာလား"
"သူက ဉာဏ်ကောင်းပါတယ်။ ငါတို့ အများကြီးပြောစရာမလိုဘူး" လူကြီးက သဘောကျသောအပြုံးဖြင့် ပြန်ဖြေလိုက်သည်။ "မင်း ထူးဆန်းတယ်လို့မထင်ဘူးလား။ ငါတို့က ငါတို့ဘယ်သူလဲဆိုတာလည်း မိတ်မဆက်သလို သူကလည်း အဲ့ဒီအကြောင်း မမေးခဲ့ဘူး"
လူငယ်က ခဏကြာတိတ်ဆိတ်သွားပြီး သူက မှန်းဆလိုက်သည်။ "ဆရာက သူမေးမှာကို စောင့်နေတာမဟုတ်လား"
လူကြီးက အပြုံးဖြင့်ပြန်ဖြေလိုက်သည်။ "လေဟာနယ်ဘုံရဲ့အဲ့ဒီပါရမီရှင်က သိမ်မွေ့ယဥ်ကျေးပြီး ဖော်ရွေတဲ့ပုံပေါ်ပေမယ့် သူက အရမ်းကိုမာနကြီးတဲ့လူပဲ။ သူက ငါ့ရဲ့အကြံပေးချက်ကို လုံးဝထည့်မစဥ်းစားတာမို့ ငါ့နာမည်ကိုတောင်မမေးတာပဲ။ သူက ငါတို့ကို အကူညီတောင်းမယ့်စိတ်ကူးမရှိမှတော့ ငါကလည်း တကူးတကကြီး ငါတို့အကြောင်းကိုပြောပြဖို့မလိုဘူးလေ"
"သူက ကျွန်တော်တို့ဘယ်လို အင်အားစုကလာသလဲဆိုတာ မသိတာလည်းဖြစ်နိုင်တာပဲ" လူငယ်ကပြောလိုက်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၌ ထိပ်သီးပုဂ္ဂိုလ်ကြီးများရှိသော်လည်း သူတို့က ကောင်းကင်ဒေသမှ ရှေးဟောင်းကလန်များနှင့်ယှဥ်လျှင်မူ သိပ်ထူးခြားထင်ရှားနေခြင်းမရှိပေ။ ကောင်းကင်ဒေသမှ ရှေးဟောင်းကလန်များ၏ ကျင့်ကြံခြင်းလမ်းစဥ်များမှာ လေဟာနယ်ဘုံမှ အင်အားစုများထက် အလွန်သာလွန်ကောင်းမွန်ပေသည်။
…
တစ်ရက်တွင် လျှို့ဝှက်နယ်မြေဘုံမှ ရွှယ်ယူမြို့သို့ အလွန်အားကောင်းသောအင်အားစုအနည်းငယ်ရောက်ရှိလာခဲ့သည်။ ထိပ်သီးပုဂ္ဂိုလ်တချို့က ရွှယ်ယူမြို့သို့ ကိုယ်တိုင်လာရောက်ခဲ့သည်။
ရွှယ်ယူမြို့တွင် ငရဲနန်းတော်တွင်းမှ လေထုက မှုန်မှိုင်းနေပြီး အလွန်လွှမ်းမိုးနိုင်သောအရှိန်အဝါများစွာက ရုတ်တရက်
ထွက်ပေါ်လာကြသည်။
ကျင့်ကြံသူများစွာက ငရဲနန်းတော်၌ စုရုံးရောက်ရှိနေလေသည်။
နန်းတော်တွင်းမှ ပုလ္လင်ပေါ်တွင် အရှင်သခင်တပါးအရှိန်အဝါရှိသော အနက်ရောင်ဝတ်စုံနှင့်ပုံရိပ်က ထိုင်နေလေသည်။ သူ့ထံမှထွက်ပေါ်နေသော အရှိန်အဝါက နန်းတော်တခုလုံးအား ကြီးကျယ်ခမ်းနားစွာဖိနှိပ်ထားသည်။
သို့သော် ထိုအခိုက်တွင် ရွှယ်ယူမြို့အထက်ကောင်းကင်ယံ၌ အလွန်အကောင်းလှသော မငြိမ်မသက်ဖြစ်နေသည့်အရှိန်အဝါက ရုတ်တရက်ထွက်ပေါ်လာသည်။ ထို့နောက် လူရိပ်တစ်ခုက လေထုထဲ၌ ထွက်ပေါ်လာကာ အာကာပြင်လှိုင်းက ပျောက်ကွယ်သွားလေသည်။
ငရဲနန်းတော်၌ အနက်ရောင်ဝတ်စုံနှင့်ပုံရိပ်က ခေါင်းမော့၍ ထိုဧည့်သည်လာနေသောနေရရာသို့ကြည့်လိုက်သည်။ သူ၏အကြည့်က မိုင်ပေါင်းများစွာအကွာက ထိုဧည့်သည်ထံသို့ရောက်ရှိသွားလေသည်။
ထိုဧည့်သည်က သာမန်ရိုးရှင်းသောအနက်ရောင်အဝတ်အစားကိုသာ ဝတ်ဆင်ထားပြီး သူ၏အနက်ရောင်ဆံပင်များက ပုခုံးအားဖုံးအုပ်ထားလေသည်။ သူက စိတ်ဓာတ်ခိုင်မာပုံပေါ်ကာ သူ၏မျက်လုံးများက ရွှေရောင်ဖြစ်လေသည်။ သူ့ထံမှ အရှင်သခင်တစ်ယောက်၏အရှိန်အဝါများအား ခံစားမိကြသည်။
"အခုလာနေတာဘယ်သူလဲ။ အမြန်လာပြီး အမိန့်တာဝန်လာယူမယ်..." ငရဲနန်းတော်ပုလ္လင်ဘေးမှ လွှမ်းမိုးနိုင်သော ပုံရိပ်က အဆုံးမဲ့ဟင်းလင်းပြင်ကိုဖြတ်၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ထိုပုံရိပ်၏အသံက အဝေးမှဧည့်သည်၏နားတွင်းသို့ ဝင်ရောက်သွားသည်။
သို့သော် ထိုပုံရိပ်က သူတို့အား တည်ငြိမ်စွာ တစ်ချက်မျှသာကြည့်လေသည်။ သူ၏အကြည့်သည်လည်း ဟင်းလင်းပြင်အား ထွင်းဖောက်သွားဟန်တူသည်။ သူက သူတို့အား ကြည့်ရုံသာကြည့်၍ ထွက်ခွာရန် လှည့်လိုက်သည်။
"မင်းလုပ်ရဲတယ်ပေါ့"
တစ်ဖက်လူက သူ့အားလျစ်လျူရှုလိုက်သောအခါ ပုလ္လင်ဘေးမှလူက သူ၏အရှိန်အဝါအား ထုတ်ဖော်လိုက်သည်။ မြင့်မြတ်သောအရှိန်အဝါက ရှေ့သို့တိုးထွက်သွားပြီး နေရာတခုလုံးအား လွှမ်းခြုံသွားသည်။ ကောင်းကင်ယံ၌ အနက်ရောင်သေဆုံးခြင်းမုဒြာက ထွက်ပေါ်လာပြီး ထိုဧည့်သည်ထံသို့ တိုက်ရိုက် ထိုးခွင်းသွားသည်။
ဧည့်သည်က နောက်သို့လှည့်လိုက်ပြီး ကြီးမားလှသောလက်ဖဝါးရာကြီးက သူ့ပေါ်သို့ကျဆင်းလာသည်။ သို့သော် ထိုလက်ဖဝါးရာက ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားသည်။ ဧည့်သည်က ထိုနေရာ၌ ငြိမ်သက်စွာရပ်နေပြီး တစ်ဖက်လူအား စိုက်ကြည့်နေလေသည်။ ထိုအခိုက်တွင် ရန်ဟောင်အဆင့်ထိပ်ဆုံး၌ရောက်ရှိနေပြီဖြစ်သော ပုလ္လင်ဘေးမှပုဂ္ဂိုလ်သည် မိစ္ဆာတစ်ကောင်က သူ၏ရှေ့တည့်တည့်၌ ပေါ်ပေါက်လာသကဲ့လို့ ခံစားလိုက်ရသည်။ ထိုသည်မှာ မိစ္ဆာတစ်ကောင်က သူ၏ရှေ့၌ရပ်နေ၍ သူ့အားငုံ့ကြည့်နေသကဲ့သို့ တုန်လှုပ်ဖွယ် ခံစားချက်မျိုးဖြစ်သည်။
"သွားစမ်း..." တဖက်လူက အမိန့်ပေးလိုက်သည်။
ရန်ဟောင်အဆင့်ထိပ်ဆုံးမှ ပုဂ္ဂိုလ်သည် အမှန်တကယ်ပင် ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရသည်။ သူက အားကောင်းလှသောအရှိန်ဖြင့် တွန်းထုတ်ခြင်းခံလိုက်ရသကဲ့သို့ ခံစားခဲ့ရသည်။ သူ၏မျက်နှာထက်တွင် အံ့သြမှုများ ထင်ဟပ်နေလေသည်။ ပတ်ဝန်းကျင်မှကျင့်ကြံသူများ၏ အမူအရာများသည်လည်း ပြောင်းလဲသွားကြပြီး အဝေးမှပုံရိပ်အား အံ့အားသင့်စွာကြည့်နေကြသည်။
ပုလ္လင်ထက်၌ထိုင်နေသော အနက်ရောင်ဝတ်စုံနှင့်လူသည်လည်း တဖက်လူအား စိုက်ကြည့်နေသည်။ သူတို့နှစ်ဦးက တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံမိသွားကြသည်။
"ဒီကိစ္စမှာ ဝင်မစွက်ဖက်ပါနဲ့" အနက်ရောင်ဝတ်စုံနှင့်ဧည့်သည်က ပုလ္လင်ပေါ်မှပုဂ္ဂိုလ်အား ထူးမခြားနားစွာကြည့်၍ ပြောလိုက်ပြီး နောက်လှည့်ထွက်ခွာသွားသည်။
ပုလ္လင်ထက်၌ထိုင်နေသောကျင့်ကြံသူ၏အကြည့်က အနည်းငယ်ပြောင်းလဲသွားသည်။ သူက ထူးဆန်းသောအမူအရာဖြင့် ရေရွတ်လိုက်လေသည်။ "မိစ္ဆာလောကက ကိုယ်စားလှယ်လည်း ဒီကိုရောက်လာတာပဲ..."
***