← Chapters

အခန်း (၃၀၈)

Vol. 22 Ch. 308

အခန်း (၃၀၈)

Vol. 22 Ch. 308

“ဟူး... မင်းရဲ့ ကံကြမ္မာက ကောင်းကင်ကို ဆန့်ကျင်စိန်ခေါ်နေတယ်။ မင်းမှာ မမြင်နိုင်တဲ့ ကံကြမ္မာအထောက်အံ့ တစ်ခု ရှိနေတယ်”

လျိုဟွမ်းရှု ပင်ပန်းစွာ လက်ကိုဝှေ့ယမ်းလိုက်သည်။ “အခု မင်းကို ငါ အပြင်ပြန်ပို့ပြီး စမ်းသပ်မှုရဲ့ နောက်ဆုံး အနိုင်ရသူအဖြစ် ကြေညာမယ်။ အခုကစပြီး ယွင်ရှန်းကျွန်းက မင်းအတွက်ပဲ။ ကျွန်းပေါ်က အရာအားလုံးကို ကောင်းကောင်း ဆက်ဆံပါ”

“ကျေးဇူးတင်ပါတယ်!” ယဲ့ကျွင်းလင်သည် လက်နှစ်ဖက်ကို ယှက်ပြီး ဦးညွတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤအကြီးအကဲသည် လူကောင်းတစ်ဦးဖြစ်ပေ၏။ သူ့လို ပါရမီနိမ့်ပါးသော လူတစ်ယောက်ကိုပင် တပည့်အဖြစ် လက်ခံသင်ကြားပေးလိုစိတ်ရှိသည့် ဆရာသမားကောင်းတစ်ဦးပေ။

***

အပြင်ဘက်တွင် လူအများ စုဝေးနေကြသည်။ ကျင့်ကြံသူအုပ်စုကြီးမှာ မျက်စိတစ်ဆုံးကျယ်ပြန့်လှကာ ကောင်းကင်တွင် ရပ်နေသော ကျွန်းကို လက်ညှိုးထိုးလျက် ပြောဆိုဆွေးနွေးနေကြ၏။

ယွင်ရှန်းကျွန်း၏ အမွေအနှစ်ဆက်ခံသူကို ကမ္ဘာတစ်ဝန်းလုံးက စောင့်ကြည့်နေကြသည်ပင်။

မည်သည့် နောက်ခံမျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်စေကာမူ ဤစမ်းသပ်မှုတွင် မည်သူ အနိုင်ရမည်ကို သိလိုကြသည်။

တတိယအဆင့် ပြီးဆုံးသောအခါ စမ်းသပ်မှုမှ ပယ်ထုတ်ခံရသည့် ကိုးဆယ့်ကိုးဦးသော ပါဝင်သူများသည် တစ်ပြိုင်နက်တည်း အပြင်သို့ ပို့ဆောင်ခံခဲ့ရလေ၏။

အချို့သည် ခေါင်းခါပြီး သက်ပြင်းချကြသည်။ အချို့က အခုမှ စိတ်သက်သာရာရသွားကြလေဟန်။ အချို့က ကြိတ်မနိုင်ခဲမရ ရင်ဘတ်ကို ထုကြသည်။ အချို့သည် ကောင်းကင်သို့မော့ငေးလျက် သက်ပြင်းချမိကြသည်…

တိုတိုပြောရလျှင် သူတို့အားလုံးတွင် မတူညီသော တုံ့ပြန်မှုများ ရှိခဲ့ကြသည်ပင်။

“ဟူး၊ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ငါ့အလှည့်တော့ မဟုတ်သေးပါဘူး။ ငါက အစအဆုံး အဖော်လိုက်ပြေးပေးနေတဲ့ ဇာတ်ပို့သက်သက်ပါပဲ”

“တာအိုမိတ်ဆွေ၊ ဘာလို့ ကိုယ့်ကိုယ်ကို အထင်သေးရတာလဲ? ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ တတိယအဆင့်အထိ ရောက်ခဲ့တယ်လေ။ အပြန်လမ်းအတွက် ဂုဏ်ယူစရာပါပဲ”

“ဟားဟား၊ မှန်ပါ့ဗျာ။ အဓိကက အစွမ်းကုန်ယှဥ်ပြိုင်ခဲ့ဖို့ပဲပေါ့!”

“ဒါနဲ့ နောက်ဆုံးမှာ ဘာဖြစ်သွားလဲ? ငါ မသေခင် ကြွက်သားမမလေးနဲ့ အကြီးအကဲရွှယ်တို့ တစ်ယောက်ချင်းစီချနေကြတာ မြင်ခဲ့တယ်"

“ဟုတ်ပါ့ကွာ! အဲဒီအကြောင်းရင်း ကြွက်သားမမလေးက အပြင်မှာ ဘယ်လိုအမျိုးသမီးမျိုးဖြစ်မလဲ သိချင်လာတယ်။ ငါ့ဘဝမှာ အဲ့လောက်ထူးဆန်းတဲ့ အမျိုးသမီးမျိုး တစ်ခါမှ မမြင်ဖူးဘူး!”

“တကယ်တော့ သူက အဆင်ပြေသေးတယ်။ အဆိုးဆုံးက ဟိုထိပ်ပြောင်ကောင်ပဲ။ အဲဒီ စုတ်ပြတ်နေတဲ့ မျက်ခွက်ကို စဉ်းစားမိရင်တောင် ဒေါသထွက်တယ်!”

“ဟေ့၊ မင်း ဒီလို မပြောသင့်ဘူးလေ။ ဒါပေမဲ့ အဲ့ကောင်ရဲ့ပုံစံအမှန်ကိုသိရရင်တော့ ငါလည်း သင်ခန်းစာဝင်ပေးဦးမယ်!”

…

လူတိုင်း၏ ဆွေးနွေးမှုခေါင်းစဥ်မှာ အထူးသဖြင့် ကြွက်သားမမလေးနှင့် ထိပ်ပြောင်ဖြစ်သည်။ လတ်တလော သူတို့ကြည့်မရဆုံး လူနှစ်ယောက်ဟု ဆိုကြပါတော့။

“ဟေ့၊ ကြည့်စမ်း အဲဒါ အကြီးအကဲရွှယ်မလား! ဘာလို့ သူက အပြင်ရောက်နေတာလဲ?” လူငယ်တစ်ဦးမှ အဖြူရောင်ဝတ်ရုံဝတ်လူကို မြင်လိုက်သော် တအံ့တသြ မျက်လုံးပြူးလျက် အော်လိုက်သည်။

“ဘုရားရေ၊ ဒါဆို ဒီတစ်ခေါက် သူနိုင်တာမဟုတ်ဘူးပေါ့?!”

“အကြီးအကဲရွှယ်ကို ဖယ်ထုတ်နိုင်လောက်တဲ့ နတ်ဘုရား စွမ်းရည် ဘယ်သူ့မှာ ရှိနိုင်လဲ?”

“ကြွက်သားမမလေး များလား?!”

ပွဲကြည့်သူအားလုံး တစ်ယောက်တစ်ပေါက် ခန့်မှန်းလာကြ၏။

ထိုစဥ် ငြိမ်သက်နေသော နှင်းဖြူရောင်ဝတ်ရုံဖြင့် လူတစ်ဦးကား မသေမျိုးအလင်းဖြင့် လွှမ်းခြုံထားသော ယွင်ရှန်းကျွန်းကို ငေးကြည့်နေသည်။ သူ၏ မျက်လုံးများတွင် မချန်ထားခဲ့ချင်သော ဝန်လေးမှုဖြင့် လွှမ်းမိုးလျက်။

"ဟူး.. နှုတ်ဆက်လိုက်ပါတယ်။ ဒီဘဝမှာ ပြန်တွေ့ဖို့တော့ ခက်လိမ့်မယ် ထင်တာပဲ” ရွှယ်ဝူဟန် သက်ပြင်းချလိုက်သည်။

အစမှ အဆုံးအထိ သူသည် တစ်ဖက်လူ၏ ပုံစံအစစ်အမှန်ကို မသိနိုင်ခဲ့ပါ။ သူမမှာ သူ ယခုအချိန်အထိ တွေ့ဖူးသမျှထဲတွင် အထူးခြားဆုံး မိန်းကလေးဖြစ်၏။

ကံကြမ္မာတစ်ကွေ့တွင် တွေ့ဆုံဖို့ဖြစ်တည်လာသော်ငြား ဆက်ရန်မရှိခဲ့ချေ။

ရွှယ်ဝူဟန်၏နှလုံးသားမှာ ခါးသီးလျက်ရှိ၏။ ဤတတိယ စမ်းသပ်မှုတွင် သူ၏ပုံစံအစစ်ကို သိသိသာသာ ဖော်ပြထားခဲ့ခြင်းကြောင့် သူမှန်းမသိသူ မရှိသလောက်ရှားသည်။ ထိုအမျိုးသမီးသာ သူနှင့် မိတ်ဆွေဖြစ်ရန် စိတ်ရှိခဲ့ပါက ရဲရင့်သောပင်ကိုစရိုက်အရ သူမဘက်ကစ၍ လာရောက်မိတ်ဆက်မည်မှာ အသေအချာပင်။

သို့သော် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့သော်လည်း ရောက်မလာသဖြင့် သဘောထားကို နားလည်လိုက်ရပါသည်။

မိန်းမတစ်ဦး၏ နှလုံးသားသည် ပင်လယ်အောက်ခြေရှိ အပ်တစ်ချောင်းနှင့် တူသည်ဟု ပြောလေ့ရှိကြသည်မှာ အံ့သြစရာ မဟုတ်ပေ။ ပုံရိပ်ယောင်ကမ္ဘာမှာ အတူတိုက်ခိုက်ခဲ့တဲ့ အတွေ့အကြုံအားလုံးက အပြင်ရောက်တာနဲ့ အရေးမပါတော့ဘူးလား?

ရွှယ်ဝူဟန် စဥ်းစားလေလေ ပို၍ စိတ်မသက်မသာ ခံစားရလေလေပင်။

သူသည် အမြဲတမ်းဆိုသလို ဓားသိုင်းတာအိုကိုသာ အာရုံစိုက်ခဲ့သည်။ ဤဘဝတစ်သက်တာကို ဓားရေးအတတ်တွင်သာ မြှုပ်နှံထားခဲ့သည်။ အတိတ်ကာလက သူ လောကတစ်ခွင် လှည့်လည်သွားရောက်ခဲ့စဥ်က သူ့ကို သဘောကျပြီး ဆက်ဆံရေးတစ်ခု တည်ဆောက်လိုသော အမျိုးသမီးများစွာကို တွေ့ခဲ့ကြုံခဲ့ဖူး၏။ သို့သော် ရွှယ်ဝူဟန်အတွက် အရေခြုံသော အရိုးစုများထက် မပိုခဲ့ချေ။

အမျိုးသမီးများဘက် စိတ်ရောက်လျှင် ကျင့်ကြံရေးလမ်းစဥ်နှောင့်နှေးမည်ဟု သူယုံကြည်ခဲ့သောကြောင့်ပင်။

သို့သော် ယခုအခါ ဤမမျှော်လင့်သော တွေ့ဆုံမှုသည် ရွှယ်ဝူဟန်၏ ကျောက်တုံးလိုနှလုံးသားကို လှုပ်ခါလိုက်နိုင်သည်။

ထို ကြွက်သားမမလေး၏ ရဲရင့်ပြီး ရိုးသားသော စရိုက်သည် သူ တစ်ခါမျှ မခံစားဖူးသော ရင်ခုန်သံကို နှိုးဆွပေးနိုင်ခဲ့၏။

သူမသည် စွမ်းအားရှင်လူကြီးလူကောင်းတို့အတွက် ထိုက်တန်သင့်လျော်သော အဖိုးတန်မျိုးမှန် အမျိုးသမီးလေးသာပင်။

ရင်ခုန်သံကို သူပထမဆုံးအကြိမ် ခံစားခဲ့ရလေသည်။

သာမန်လူများအတွက် ကြွက်သားမမလေး၏ အလှအပသည် နှာခေါင်းရှုံ့ဖွယ်၊ ရိုးရာကသတ်မှတ်ထားသော အလှအပစံနှုန်းတို့ကို ဆန့်ကျင်နေသည့် ထူးထူးဆန်းဆန်း သွင်ပြင်တစ်ခုသာဖြစ်၏။ သို့သော် ရွှယ်ဝူဟန်အတွက်တော့ ထိုပုံစံလေးက သူမတူအောင် ချစ်စရာကောင်းသည်။

တော်တော်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးပါကွာ။

သူမကို ရင်ခွင်ထဲသိမ်းထည့်ထားကာ ဂရုတစိုက် မြတ်နိုးကြင်နာပေးချင်လှ၏။

“မင်းကမှ ငါ့ကို တွေ့ဖို့ ဆန္ဒမရှိမှတော့ ငါလည်း လိုက်ရှာမနေတော့ပါဘူး။ အနာဂတ်မှာ ငါ့ရဲ့ တိုးတက်လာတဲ့ ဓားသိုင်းတာအိုလမ်းစဥ်ကိုသာ မင်းမျက်စိရှေ့ သက်သေပြနိုင်ဖို့ မျှော်လင့်မိပါတယ်…” ရွှယ်ဝူဟန် ဝမ်းနည်းပမ်းနည်းမျက်နှာဖြင့် ခံစားချက်မကောင်းစွာ ရေရွတ်လိုက်သည်။

သူ့ပတ်ပတ်လည်တွင် နှင်းများပျံဝဲနေသော မြင်ကွင်းသည်ကား ပို၍ပင် ဝမ်းနည်းစရာကောင်းနေတော့၏။

“ဘာကြောင့်မှန်းမသိဘူး။ အကြီးအကဲရွှယ်ကို ဒီလိုလေးမြင်ရတော့ ငါ့ နှလုံးသား အရမ်း နာကျင်ရတယ်၊ ဝူးဝူး” အမျိုးသမီးကျင့်ကြံသူတစ်ဦး၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်နှစ်စက် စီးကျလာသည်။

“ဟုတ်တယ်၊ ငါလည်း ငိုချင်လာတယ်။ အရမ်း ထူးဆန်းတယ်” သူမဘေးမှ အမျိုးသမီးတစ်ဦးကလည်း လက်ကိုင်ပဝါထုတ်ကာ မျက်ရည်များကို သုတ်လိုက်သည်။

“ဝူးဝူး…” ရှစ်ဝူဟန်သည် မသေမျိုးအရှင်တစ်ပါးဖြစ်သောကြောင့် ဝမ်းနည်းမှု လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်မိလျှင်ပင် လူတိုင်းကို ကူးစက်စေသည်။ အထူးသဖြင့် အမျိုးသမီး ကျင့်ကြံသူများမှာ ကျဆင်းနေသော နှင်းများဖြင့် ဖုံးလွှမ်းနေသည့် အထီးကျန်ပုံရိပ်ကို ကြည့်ရင်း မထိန်းနိုင်စွာ ငိုကြွေးကုန်ကြ၏။

“ဘာတွေဖြစ်နေတာလဲ?” အမျိုးသား ကျင့်ကြံသူများစွာလည်း မျက်လုံးပြူးမျက်ဆံပြူး ဖြစ်ကုန်ကြသည်။

အဝေးတွင် ဟုန်ချန်ယဲ့သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီး သူ့ဘေးမှ ဦးထုပ်နှင့်လူကို တံတောင်ဆစ်ဖြင့်တွန်းကာ စနောက်လိုက်သည်။ “ဟေ့ လီ၊ မင်းကတော့ တစ်ခုခုပဲ။ ဓားမသေမျိုးအရှင် တောင် မင်းကို ကြွေသွားသေးတာ။ ဘာလို့သွားပြီး မပြောလိုက်တာလဲ? ကျွန်တော်က ခင်ဗျားစောင့်မျှော်နေတဲ့လူပါလို့"

လီဝူကျယ် မျက်တောင်များတုန်ခါသွားသည်။ ကြွက်သားမမလေးကာရိုက်တာကို ဖန်တီးခဲ့ခြင်းကာ သူလုပ်ဖူးသမျှထဲ အဆိုးဆုံးသောလုပ်ရပ်ပါပေ။

ထိုသို့ ကို့ရို့ကားရားပုံစံမျိုးကို အမျိုးသားများသဘောကျကြလိမ့်မည်ဟု သူလည်း ထင်မထားခဲ့ပါ။

ထိုအချိန်တွင် ဟုန်ချန်ယဲ့၏စကားကိုကြားလိုက်ရသော် ဒေါသထွက်ထွက်ဖြင့် ဓားရိုးကိုတင်းတင်းဆုပ်လျက် အံကြိတ်သတိပေးလိုက်သည်။ “ငါ သတိပေးထားတယ်နော်၊ လေကြော မရှည်နဲ့၊ မဟုတ်ရင် မင်းနဲ့ငါ အသက်ချင်းလဲပစ်လိုက်မယ်!”

အကယ်၍ တစ်ဖက်လူသာ ထပ်စနောက်လာပါက လီဝူကျယ် နေရာတွင်ပင် ဓားကိုဆွဲထုတ်ကာ မိမိ၏ နတ်ဆိုးစိတ်ကို အသက်သွင်း၍ အမှန်တကယ် အသက်ချင်းလဲမိမည်ဖြစ်၏။

ဤ အမည်းစက်ကို ထာဝရ ဖုံးကွယ်ထားရမည်!

ထာဝရ!

ဟူးးးး ယနေ့ကံမကောင်းပါလား

စာစဉ်ပြီး၏

All Chapters