သူ ဘယ်သူလဲ
Vol. 018 Ch. 1751
ကောင်းကင်အာဏာစက်ပြည်ထောင်တွင် အနက်ရောင်ဝတ်လူတစ်ဦးသည် မိစ္ဆာဘုံ၊ မိစ္ဆာသားရဲမြို့သို့ ရောက်လာခဲ့သည်။
အနက်ရောင်ဝတ်စုံလူ၏အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်း၏။ အနီးအနားမှ မိစ္ဆာသားရဲများအားလုံး သူ့ကို စိတ်ဝင်တစား ကြည့်နေကြသည်။ ထို့နောက် သူတို့အားလုံး မသိမသာ ရှောင်လွှဲသွားကြ၏။ ဝတ်စုံနက်လူသည် အားကောင်းသော စွမ်းအားများကို ထုတ်ဖော်ခြင်းမရှိသော်လည်း သားရဲများဆိုသည်မှာ အန္တရာယ်၏အနံ့အသက်ကို ကောင်းကောင်းသိနားလည်သူများဖြစ်ကြ၏။
သူတို့ရှေ့မှ လူသားသည် အလွန်အမင်း စွမ်းအားကြီးသည်။
သို့သော်လည်း လက်ရှိတွင် ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးသည် အလုံးစုံစည်းလုံးနေပြီဖြစ်သည်။ လူသားကျင့်ကြံသူများနှင့် မစ္ဆာကျင့်ကြံသူများမှာလည်း ယခင်ကဲ့သို့ တင်းမာသော အခြေအနေများ မရှိတော့ပေ။ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဗဟိုပြုကာ လူသားများနှင့် သားရဲများ အားကောင်းသော မဟာမိတ်ကို ဖန်တီးထားသည်။
ထို့ကြောင့် သားရဲများသည် ထိုလူသားနှင့်ပတ်သက်၍ လွန်စွာ စိုးရိမ်ခြင်းတော့ မရှိပေ။ သူတို့က ထိုလူကို တိတ်ဆိတ်စွာ ရှောင်ဖွယ်ခြင်းသာ ရှိသည်။
အနက်ရောင်ဝတ်လူသည် တောင်တန်းကြီးတစ်ခုရှေ့သို့ ရောက်လာခဲ့သည်။
“ဒါက နဂါးတို့မြေပဲ... ခင်ဗျား ဝင်လို့ မရဘူး...” စွမ်းအားအပြည့်ပါသော အသံတစ်သံကို ကြားလိုက်ရ၏။ နဂါးတစ်ကောင်သည် ကောင်းကင်ယံသို့ ပျံတက်လာခဲ့ကာ အနက်ရောင်ဝတ်လူကို ကြည့်သည်။
“ကျုပ် တစ်စုံတစ်ယောက်ကို လာရှာတာ...” ဝတ်စုံနက်လူက ထူးမခြားနားစွာ ပြောသည်။ ထိုသို့ပြောလိုက်ပြီးနောက် သူ၏နတ်အာရုံသည် နဂါးနယ်မြေတစ်ခုလုံးကို ပျံ့လွင့်သွား၏။ ထိုအခိုက်တွင် များစွာသော နဂါးများ အထိတ်တလန့်ဖြစ်သွားကြ၏။ နဂါးအများအပြား၏အော်ဟစ်သံများကို ကြားကြရသည်။
ဝတ်စုံနက်လူသည် နဂါးတောင်တန်းပေါ်သို့ မြန်ဆန်စွာတက်လှမ်းသွားသည်။ နဂါးများက မာန်ဖီကာ သူ့ထံသို့ ပြေးဝင်သွားကြ၏။ သို့သော်လည်း ဝတ်စုံနက်လူကို မိစ္ဆာအရှိန်အဝါများ ရစ်ပတ်ထားသည်။ ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် တောင်တန်းတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ထိုဖိအားအောက်တွင် နဂါးများသည် အမှန်တကယ် အောက်ကို ဖိချခြင်း ခံရ၏။ သူတို့မှာ မိစ္ဆာအင်ပါယာအဆင့်များဖြစ်သည့်တိုင် သူတို့၏ဧရာမကိုယ်လုံးများမှာ တုန်ယင်နေပြီး ခုခံအားမဲ့စွာ မာန်ဖီနေကြရ၏။
“နဂါးတို့မြေကို ဘယ်တန်ခိုးရှင်များ ရောက်လာတာလဲ...” ဝမ်းခေါင်းသံကြီးဖြင့် တစ်စုံတစ်ယောက်က ပြောသည်။ ခရမ်းရောင်ပုံရိပ်တစ်ခုသည် အဝေးတွင် ပေါ်လာခဲ့၏။ သူကား နဂါးဘုရင်ဖြစ်သည်။
နဂါးဘုရင်က ဝတ်စုံနက်လူကို သေသေချာချာကြည့်သည်။ သူသည် တစ်ဘက်လူထံမှ အန္တရာယ်၏အငွေ့အသက်များကို ခံစားနေရ၏။
ပုံမှန်အားဖြင့် တန်ခိုးရှင်လောကသည် မငြိမ်းချမ်းသည်ကို နဂါးဘုရင်သိပေသည်။ ပိုမိုစွမ်းအားမြင့်သော တန်ခိုးရှင်များ ဘုံသုံးထောင်သို့ ရောက်လာနေကြသည်။ သူ့ရှေ့မှ လူသည်လည်း ထိုပြင်ပကမ္ဘာမှ လူတစ်ဦးဖြစ်မည်လော။
“မိစ္ဆာနဂါး ဘယ်မှာလဲ...” ဝတ်စုံနက်လူက မေးသည်။ သူ၏နတ်အာရုံသည် နဂါးနယ်မြေတစ်ခုလုံးကို ဖြန့်ကျက်ရှာဖွေနေသည်။ သို့သော်လည်း သူသည် မိစ္ဆာနဂါးကို မတွေ့ပေ။
နဂါးဘုရင်၏မျက်အိမ်များ ကျဉ်းမြောင်းသွားသည်။ သူက ဝတ်စုံနက်လူကို ကြည့်ကာ တင်းမာစွာ မေးသည် “ခင်ဗျား ဘယ်သူလဲ...”
ဝတ်စုံနက်လူက သူ၏နတ်အာရုံကို ဆက်လက်၍ ဖြန့်ကျက်လျှင် နဂါးတို့၏တားမြစ်နယ်မြေ၊ နဂါးချောက်နက်ထံသို့ ရောက်လာ၏။ သူ၏စွမ်းအားကြီးအာရုံသည် အတားအဆီးကို ချိုးဖျက်ကာ ချောက်နက်ထဲသို့ ထိုးဆင်းသွားသည်။ ထို့နောက် အောက်မှ မြင်ကွင်းသည် သူ၏စိတ်တွင်း၌ ပေါ်လာ၏။ ထိုနေရာကား နဂါးတို့နယ်မြေ၏လျှို့ဝှက်နယ်မြေဖြစ်သည်။
ဝတ်စုံနက်လူက နောက်လှည့်ကာ ချက်ချင်း ထွက်သွားသည်။ သူက ခြေတစ်လှမ်းလှမ်းလိုက်လျှင် မူလနေရာမှ ပျောက်ကွယ်သွား၏။
နဂါးဘုရင်က တစ်ဘက်လူကို မတားပေ။ ပို၍ တိတိကျကျပြောရမည်ဆိုလျှင် သူက တစ်ဘက်လူကို တားဆီးရန် ယုံကြည်ချက် မရှိခြင်းဖြစ်သည်။
နဂါးဘုရင်က နဂါးချောက်နက်ရှိရာဘက်သို့ လှမ်းကြည့်သည်။ သူ၏မျက်နှာက အလွန်အမင်း လေးနက်သွား၏။ သူက ဖြစ်နိုင်ဖွယ်တစ်ခုကို တွေးမိသည်။
“အရှင်မင်းကြီး...” နဂါးများက နဂါးဘုရင်၏အမိန့်ကို စောင့်ဆိုင်းနေကြသည်။
နဂါးဘုရင်က လက်ဝှေ့ယမ်းကာ ပြောသည် “နေကြဦး...”
သူက ထိုသို့ပြောရင်းဖြင့် နဂါးချောက်နက်ရှိရာသို့ ဦးတည်လိုက်သည်။
လက်ရှိတွင် ဆက်ကြောင်းသည် ပြန်လည်၍ အသက်ဝင်လာခဲ့ပြီဖြစ်သည်။ ပြင်ပလောကမှ လူများ သည်နေရာသို့ ရောက်လာကြသည်လား။
နဂါးချောက်နက်တွင် များစွာသော သံဆူးကြိုးများသည် ဧရာမမိစ္ဆာနဂါးကြီးကို ချုပ်နှောင်ထား၏။ နဂါးကြီးသည် မြေပြင်တွင် လဲလျောင်းနေသည်။ သူသည် နောက်ပိုင်းနှစ်များတွင် သူ၏အသက်ဓာတ်များ ပြန်လည်ပြည့်ဖြိုးလာခဲ့ဟန်ရသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က သူသည် ကိုယ်တွင်းမှ နဂါးဝိညာဉ်ကို ထုတ်ယူခဲ့ရာ သူ၏အသက်ဓာတ်ကို ကြီးစွာ ထိခိုက်စေခဲ့သည်။
ရုတ်တရက် အနက်ရောင်ဝတ်စုံဖြင့်လူတစ်ဦး သူ့ရှေ့ကို ရောက်လာသည်။ သူ၏အနက်ရောင်မျက်လုံးများက မိစ္ဆာနဂါးကို စူးရဲစွာ ကြည့်၏။
မိစ္ဆာနဂါးသည် အသံတိုးတိုးဖြင့် မာန်ဖီသည်။ သူက ထရပ်ကာ ခေါင်းမော့ကြည့်၏။ မောက်မာဝင့်ကြွားစွာဖြင့် သူသည် အနက်ရောင်ဝတ်စုံဖြင့်လူကို ကြည့်သည်။ မိစ္ဆာနဂါး၏ရှေ့တွင် အနက်ရောင်ဝတ်စုံလူကား အလွန်သေးငယ်လွန်းလှသည်။ သို့တိုင်အောင် တစ်ဘက်လူ၏အရှိန်အဝါသည် မိစ္ဆာနဂါးထက် ပြင်းထန်အားကောင်းသည်မှာ သံသယဖြစ်စရာမလို။
“မင်းဆရာ ဘယ်မှာလဲ...” အနက်ရောင်ဝတ်စုံဖြင့်လူက မေးသည်။
မိစ္ဆာနဂါး၏မျက်လုံးများမှ ရုတ်တရက် ကြောက်မက်ဖွယ် အလင်းများ ထွက်လာသည်။ သို့သော်လည်း အနက်ရောင်ဝတ်စုံဖြင့်လူက သူ့အား အေးစက်စက်တစ်ချက်သာ ကြည့်သည်။ ချက်ချင်းပင် မိစ္ဆာနဂါးသည် တစ်ဘက်လူကို သာမန်ပုံရိပ်တစ်ခုသာမဟုတ်ဘဲ ရင့်သီးခက်ထန်သော မိစ္ဆာသားရိုင်းအသွင်တစ်ခုကိုပါ မြင်ရ၏။ မိစ္ဆာနဂါး၏ဧရာမမျက်လုံးများက တစ်ဘက်လူကို စူးစိုက်ကြည့်နေသည်။
“ခင်ဗျား ဘယ်သူလဲ...” မိစ္ဆာနဂါးက တစ်ဘက်လူကို ကြည့်ကာ မေးသည်။
“ငါ ဘယ်ကလဲ မင်းခန့်မှန်းမိမှာပဲ...” အနက်ရောင်ဝတ်စုံလူက ပြောသည်။
“အရင်တုန်းက မတော်တဆအဖြစ်အပျက်ပြီးနောက်မှာ သူနဲ့ပတ်သက်ပြီး သတင်းမကြားရတော့ဘူး။ သူ ထွက်သွားတာ ကြာလောက်ပြီ...” မိစ္ဆာနဂါးက တစ်ဘက်လူကို သတိကြီးစွာထားလျှက် ပြန်ဖြေသည်။
အနက်ရောင်ဝတ်စုံလူက သူ့အား မျက်လုံးချင်းဆုံအောင်ကြည့်သည်။
ထွက်သွားသည်မှာ ကြာလောက်ပြီလား...။
အနက်ရောင်ဝတ်စုံဖြင့်လူသည် ထိုလူ၏သေဆုံးခြင်းသတင်း(သို့မဟုတ်) သူ၏အလောင်းကို ကြားဖူးခြင်း၊ မြင်ဖူးခြင်း မရှိခဲ့။
သူသည် အသက်ရှင်လျှက် ရှိနေနိုင်သေးသည်ဟု တချို့က ယူဆကြသော်လည်း တချို့ကလည်း သူသည် သေဆုံးသွားပြီဟု ကောက်ချက်ချကြ၏။ သေချာသည်ကား ထိုသူသည် မည်သည့်အခါကမှ ပြန်ရောက်မလာခဲ့။
“မင်း တစ်ခုခုသိပုံရတယ်...” ဝတ်စုံနက်ဖြင့်လူက မိစ္ဆာနဂါးကိုကြည့်ကာ ပြောသည်။
“ငါက ဒီမှာ အမြဲတမ်း အချုပ်ခံထားရတာပဲ။ ဒီလိုအခြေအနေနဲ့ ဘာကို သိရမှာလဲ...” မိစ္ဆာနဂါးက ပြန်ပြောသည်။
“ဒီလိုဆိုရင်လည်း...” ဝတ်စုံနက်ဖြင့်လူက ရှေ့ကို ဆက်တိုးလာသည်။ သူ၏မိစ္ဆာအရှိန်အဝါသည် နဂါးကြီး၏ခန္ဓာကိုယ်ကို လွှမ်းမိုးလာ၏။
နဂါးကြီး၏ဧရာမခန္ဓာကိုယ်ကြီးသည် သိမ့်သိမ့်တုန်သွား၏။ အနက်ရောင်ဝတ်စုံလူ၏မျက်လုံးများသည် သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်သွားဟန်ရသည်။ အနက်ရောင်ဝတ်လူက လက်ကိုမြှောက်လိုက်ကာ မိစ္ဆာနဂါး၏ခေါင်းကို ရိုက်ထုတ်လိုက်သည်။
ဂါး...
မိစ္ဆာနဂါးက မာန်ဖီသည်။ မိစ္ဆာအရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။
သို့သော်လည်း အနက်ရောင်ဝတ်လူ၏လက်ဝါးတွင် အဆုံးမဲ့သော စွမ်းအားများ ပါဝင်နေဟန်ရသည်။ သူ၏လက်ဝါးသည် ချက်ချင်းပင် ဖိအားပေးလာခဲ့ကာ မိစ္ဆာနဂါးကို ထိန်းချုပ်သွား၏။ သူက လက်ကို မိစ္ဆာနဂါး၏ခေါင်းပေါ်သို့ ဖိကပ်ထားသည်။
ဝုန်း...
သူက လက်ကိုဖိလိုက်လျှင် မိစ္ဆာနဂါး၏ခန္ဓာကိုယ်ကြီးသည် အောက်ကို နိမ့်ဆင်းသွားတော့သည်။ မိစ္ဆာနဂါးကား မူလကတည်းက ဒဏ်ရာကြီးကြီးမားမားရထားပြီးဖြစ်သည်။ သူ့တွင် တစ်ဘက်လူကို ခုခံရန် ခွန်အားမရှိပေ။ သူ၏အသန်မာဆုံးအချိန်အခါတွင်ပင် အနက်ရောင်ဝတ်လူကို ရင်ဆိုင်ရန် မဖြစ်နိုင်။
မိစ္ဆာနဂါးကြီးသည် မြေပြင်တွင် ကိုးယိုးကားယား ဝပ်တွားနေရ၏။ အနက်ရောင်ဝတ်လူ၏လက်ဝါးတံဆိပ်သည် သူ၏ခေါင်းတွင် ထင်ရှားစွာ ဖြစ်ပေါ်နေသည်။ အနက်ရောင်ဝတ်လူသည် မိစ္ဆာနဂါးကြီး၏ဦးခေါင်းရှေ့တွင် ရပ်သည်။ သူ၏မိစ္ဆာမျက်လုံးအစုံက နဂါးကြီးကို စူးစိုက်ကြည့်ကာ သူ၏စိတ်နယ်ပယ်သို့ ကျူးကျော်ဝင်ရောက်သွားသည်။
“မင်း မနာချင်ရင် ငြိမ်ငြိမ်နေ...” အနက်ရောင်ဝတ်လူက ထူးမခြားနားစွာ ပြောသည်။ အပြင်ဘက်တွင် နဂါးဘုရင်နှင့် တခြားသော နဂါးများ ရှိနေကြ၏။ သို့သော်လည်း မိစ္ဆာစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်း၏။ ထိုအဖြစ်က နဂါးဘုရင်၏အမူအရာကို အလွန်အမင်း လေးနက်စေသည်။
မိစ္ဆာနဂါးသည် အနက်ရောင်ဝတ်စုံဝတ်လူ၏ကျင့်ကြံခြင်းမှာ သူ့ထက် များစွာ သာလွန်ကြောင်း သိနားလည်၏။
ချောက်နက်ထဲ၌ အတန်ကြာလျှင် အနက်ရောင်ဝတ်လူသည် သူသိလိုသော အချက်အလက်များကို ရရှိသွားခဲ့၏။ သူ့စိတ်ထဲတွင် လူတစ်ယောက်၏ပုံရိပ်များ ပေါ်လာသည်။
အနက်ရောင်ဝတ်လူသည် သူ၏လက်ကို မိစ္ဆာနဂါး၏ဦးခေါင်းထံမှ ပြန်ရုတ်သိမ်းလိုက်၏။ သူ၏အကြည့်သည်လည်း မူလကကဲ့သို့ များစွာ မအေးစက်တော့ပေ။
“မင်းက သူ့ကို သင်ပေးခဲ့တာ တခြားလူတွေ သိသေးလား...” အနက်ရောင်ဝတ်လူက မိစ္ဆာနဂါးကို မေးသည်။
“ကျုပ်ကလန်က လူတချို့ပဲသိတယ်...” မိစ္ဆာနဂါးက ပြန်ပြောသည် “သူ မသိဘူး။ ဒီကိစ္စက အပြင်လောကကို မရောက်ဘူး။ သူနဲ့ပတ်သက်ပြီး ခင်ဗျား ဘာလုပ်မလို့လဲ...”
အနက်ရောင်ဝတ်လူသည် တိတ်ဆိတ်နေ၏။ သူ့အနေဖြင့် ဆုံးဖြတ်မရနိုင်ဖြစ်နေသည်။
“ငါသာ ရောက်လာပြီး သူ့ကို မခေါ်သွားခဲ့ရင် မင်းဟာ မကြာခင် အန္တရာယ်နဲ့ကြုံတော့မယ်ဆိုတာ မင်းသိလား။ မင်းက သူ့ကို မသင်ပေးခဲ့သင့်ဘူး...” အနက်ရောင်ဝတ်လူက မိစ္ဆာနဂါးကို စိုက်ကြည့်သည်။ သူက ထိုစကားများကို ပါးစပ်မှ ထုတ်ဖော်ပြောခြင်းမရှိဘဲ စိတ်ဖြင့်သာ လှမ်းပို့သည်။
မိစ္ဆာနဂါးသည် မှင်တက်သွားကာ အနက်ရောင်ဝတ်လူကို ကြည့်သည်။
“ကျုပ်က ဒီမှာ ပိတ်မိနေတာ နှစ်ပေါင်းများစွာ ကြာပြီ။ ကျုပ်ကို အဆုံးသတ်ပေးပါတော့...” မိစ္ဆာနဂါးက အနက်ရောင်ဝတ်လူကို ပြောသည်။
အနက်ရောင်ဝတ်လူသည် သူ့မျက်လုံးများကို ကြည့်ကာ တိတ်ဆိတ်နေ၏။ အတန်ကြာမှ သူက စိတ်ဖြင့် လှမ်းပြောသည် “ဒါဆို မင်းရဲ့နဂါးဝိညာည်ကို ငါ့ကိုပေး...”
မိစ္ဆာနဂါးသည် အတန်ကြာ မှင်တက်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်က တုန်ခါနေ၏။ သူကား တွန့်ဆုတ်နေချေသည်။ အနက်ရောင်ဝတ်လူကို သူ၏နဂါးဝိညာဉ်ပေးအပ်ခြင်းက သေသည်ထက် ဆိုးဝါးသော ကိစ္စဖြစ်သည်။
“မင်းရဲ့နဂါးဝိညာဉ်ကို ငါ့မှာ အသုံးမရှိဘူး” အနက်ရောင်ဝတ်လူက ဆက်ပြောသည်။ မိစ္ဆာနဂါးက တစ်စုံတစ်ခုကို နားလည်သွားဟန်ရသည်။ သူက ခေါင်းငုံ့ကာ ပြောသည် “ယူပါ...”
အနက်ရောင်ဝတ်လူက မိစ္ဆာနဂါးအား ကြည့်သည်။ သူကား သစ္စာရှိသော နဂါးတစ်ကောင်ပါပေ။
“ဒါက မင်းဂုဏ်ယူရမယ့် ကိစ္စပဲ...” အနက်ရောင်ဝတ်လူက ပြောသည်။
“ကျုပ် ဂုဏ်ယူရမယ့်ကိစ္စ...” မိစ္ဆာနဂါးက ခေါင်းငုံ့လိုက်လျှင် အနက်ရောင်ဝတ်လူက သူ၏လက်ဖဝါးကို သူ၏ခေါင်းပေါ်၌ ထိကပ်သည်။
ချောက်နက်ထဲတွင် နဂါးတစ်ကောင်၏နာကျင်စူးရှစွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုနဂါးသည် ကြီးမားသော နာကျင်မှုကို မချိမဆန့် ခံစားနေရဟန်တူ၏။
အတန်ကြာလျှင် အနက်ရောင်ဝတ်လူသည် ချောက်နက်ကြီး၏ကောင်းကင်အပေါ်၌ ပေါ်လာ၏။ နဂါးဘုရင်နှင့် တခြားသော သားရဲနဂါးများက သူ့ကို စူးစိုက်ကြည့်နေကြသည်။
နဂါးဘုရင်နှင့် တခြားသားရဲများသည် အနက်ရောင်ဝတ်လူနှင့် မိစ္ဆာနဂါးတို့ပြောစကားများကို မကြားကြရပေ။ သူတို့က ဖြစ်ပျက်ခဲ့သည်များကို နားမလည်သော်လည်း မိစ္ဆာနဂါးသေဆုံးသွားပြီဖြစ်ကြောင်းတော့ ရိပ်မိကြ၏။
“ခင်ဗျား ဘာလို့ သူ့ကို သတ်လိုက်တာလဲ...” နဂါးဘုရင်က မေးသည်။
အနက်ရောင်ဝတ်လူက သူ့အား ထူးမခြားနားစွာ တစ်ချက်ကြည့်၏။ ထို့နောက် တစ်ဘက်သို့ လှည့်ကာ ထွက်ခွာသွားခဲ့သည်။
နဂါးဘုရင်သည် နဂါးချောက်နက်ကမ်းပါးတွင်ရပ်ကာ တစ်ဘက်လူထွက်သွားသည်ကို ဒေါသတကြီး ကြည့်နေ၏။
သူကား နဂါးတို့၏ဘုရင်ဖြစ်သည်။ သူ့အနေဖြင့် မည်သည့်အခါကမှ ကူရာမဲ့သော အခြေအနေမျိုး မကြုံဖူးခဲ့ပေ။
အနက်ရောင်ဝတ်လူ၏ကျင့်ကြံဆင့်မှာ နဂါးဘုရင်မဆိုထားနှင့်၊ ဘုံသုံးထောင်တွင်ပင် မည်သူမှ ယှဉ်ပြိုင်နိုင်သူ ရှိအံ့မထင်။
ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ယူချင်းသည် တိတ်ဆိတ်စွာ လေ့ကျင့်နေ၏။ ရုတ်တရက် သူ့ကိုယ်တွင်းမှ နဂါးဝိညာဉ်သည် လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်မှ မိစ္ဆာအငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့ကာ သူက ကျင့်ကြံခြင်းအား ရပ်တန့်လိုက်၏။
ယူချင်းက ရှေ့ကို တစ်လှမ်းလှမ်းလိုက်သည်။ လက်ရှိတွင် သူသည် မိစ္ဆာအင်ပါယာဖြစ်နေလေပြီ။ သူ့တည်ရှိမှုက အနီးအနားမှ လူများကို ဖိအားများ ဖြစ်စေနိုင်၏။ သူ၏အရှိန်အဝါသည် ပြင်းထန်ကာ အင်အားကြီးမားသည်။
သူက မျက်မှောင်ကြုတ်ကာ အဝေးကို လှမ်းကြည့်သည်။ သူကား မသက်မသာ ခံစားနေရသည်။
ဘာဖြစ်နေသနည်း...။
နဂါးတို့မြေတွင် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်များလား။
တစ်စုံတစ်ခုသာ ဖြစ်ပျက်ခဲ့ပါက နဂါးဘုရင်သည် အာကာသခရီးသွားဝင်္ကပါကိုသုံးလျှက် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ချက်ချင်း ရောက်လာနိုင်ပေသည်။
…
တစ်ရက်ခန့်ကြာပြီးနောက် ကောင်းကင်အာဏာစက်မြို့တော်၏သေရည်ဆိုင်တစ်ခုတွင် အနက်ရောင်ဝတ်လူသည် သေရည်ထိုင်သောက်လျှက် အနီးအနားမှ လူများပြောစကားများကို နားထောင်နေသည်။
အများစုမှာ သည်နေရာသို့ ရောက်ခါက လူများဖြစ်ပြီး တချို့မှ အပြင်လောကမှ လူများဖြစ်၏။
ရံဖန်ရံဖန် လူအများက ရီဖူရှင်းဟုခေါ်သော လူငယ်တစ်ယောက်အကြောင်းကို ပြောဖြစ်ကြသည်။
မနေ့ကတည်းက အနက်ရောင်ဝတ်လူသည် သေရည်ဆိုင်သို့ ရောက်လာခဲ့ကာ ကောင်းကင်အာဏာစက်ဘုံမှ အကြောင်းအရာအတော်များများကို ကြားသိခဲ့ရ၏။ သူ့အနေဖြင့် အတော်များများကို ယေဘုယျအားဖြင့် နားလည်နေပြီဖြစ်သည်။
သူက သေရည်ခွက်ကို ချလိုက်ကာ အဝေးမှ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ လှမ်းကြည့်၏။
ကောင်းကင်အာဏာစက်ကျောင်းတော်၌ အကျော်ကြားဆုံးသောသူမှာ ယူချင်း မဟုတ်ပေ။ ယူချင်းကို သိသူမှာ အမှန်တကယ်အားဖြင့် သိပ်ပင် မများလှပေ။ သို့သော်လည်း ရီဖူရှင်းကား ကောင်းကင်မှ နေမင်းအလားသဏ္ဍာန်ရ၏။ သူသည် ဘုံကိုးခုတခွင် လျှမ်းလျှမ်းတောက် ကျော်ကြားသည်။ သူသည် ရန်ဟောင်အဆင့်ကို ရောက်ခါက ဖြစ်သော်လည်း ထိုမျှ ကြီးမားစွာ လှုပ်ခတ်စေပြီးဖြစ်သည်။
ယူချင်းသည် ရီဖူရှင်း၏နောက်ကို လိုက်ကာ အမြဲတမ်းအားဖြင့် သူနှင့်အတူတူလေ့ကျင့်နေခဲ့ဟန်တူသည်။ သူတို့သည် အချိန်ကြာမြင့်စွာ အတူရှိလာကြဟန်ရ၏။ သူတို့သည် အောက်ဘုံမှနေ၍ အထင်ဘုံများသို့အထိ အတူတူ သိကျွမ်းလာခဲ့ကြသည်။
ယူချင်းမည်သူဖြစ်သည်ကို အနက်ရောင်ဝတ်လူ သိကာ သူ၏သွေးကြောများထဲတွင် မည်သူ၏သွေးများ စီးဆင်းနေသည်ကိုလည်း သိ၏။ သို့သော်လည်း ယူချင်းကဲ့သို့သောသူက ထိုလူငယ်၏နောက်လိုက်ဖြစ်နေသည်။ ထိုလူငယ်သည် ပြိုင်စံရှားပါရမီကို ပိုင်ဆိုင်ကာ လက်ရှိမျိုးဆက်၏အတော်ဆုံးဟု ပြောနိုင်သည်။
ယူချင်းကိုသာ အနက်ရောင်ဝတ်လူက မသိခဲ့လျှင် ပြဿနာမဟုတ်ပေ။ သို့သော်လည်း ယူချင်း၏နောက်ကြောင်းကို သိနားလည်ခြင်းက အနက်ရောင်ဝတ်လူကို ပိုမိုလွယ်ကူစွာ ကောက်ချက်စေနိုင်ခဲ့သည်။
သူက ဤသို့ဖြစ်လာရန် တမင် စီစဉ်ခဲ့သည်လား။
သို့ဆိုလျှင် ရီဖူရှင်း၏တကယ့် နောက်ခံအစစ်အမှန်က မည်သို့ဖြစ်မည်နည်း။
သူ မည်သူနည်း။
***