← Chapters

လီဝူကျယ်၏ လက်စားချေခန်း

Vol. 22 Ch. 295

လီဝူကျယ်၏ လက်စားချေခန်း

Vol. 22 Ch. 295

ဟုန်ချန်ယဲ့ သည် သူ၏နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး တစ်ခုခုကို မသက်မသာ အောင့်အီးသည်းခံနေပုံရသည်။ မဟုတ်သေးဘူး၊ သူ မြန်မြန်တိုက်ခိုက်ရမယ်၊ မဟုတ်ရင် တကယ်ရယ်ချမိသွားလိမ့်မယ်၊ ရယ်ရင်းတိုက်ခိုက်ရင် တိုက်ခိုက်ရေးစွမ်းအားက ကျဆင်းသွားလိမ့်မယ်၊ မရယ်နဲ့!

ဖန်တျန်ဟွာကျီကို ကိုင်မြှောက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်မှာပဲ အဝေးမှ မြည်ဟိန်းသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ထူထပ်သော တိမ်တိုက်ထုကြီးများ ကွဲကြေသွားသည်။

ဝှစ်ခနဲဆိုသလို လူလား တိရစ္ဆာန်လား ခွဲခြားရခက်သော ရွှေရောင်ပုံရိပ်တစ်ခုသည် လေဟာနယ်ကို ထိုးဖောက်ကာ ချီမေ့တောင်ထက်သို့ စွမ်းအားပြည့်ဝသော ကိုယ်ဟန်ဖြင့် ရောက်လာသည်။

(ဖန်တျန်ဟွာကျီဆိုတာ လှံရှည်လိုလက်နက်တစ်မျိုးပါပဲ။fangtian huajiလို့ ရှာကြည့်လို့ရပါတယ်။ အများအားဖြင့် ပုံစံနှစ်မျိုးတွေ့ရတတ်ပြီး တစ်မျိုးက လှံတံလည်စွပ်နားမှာ ပုဆိန်သွား ဟိုဘက်ဒီဘက်တပ်ထားတဲ့ပုံဖြစ်ပါတယ်၊ နောက်တစ်မျိုးက လှံထိပ်မှာကို အချွန်သုံးခွခွဲထွက်တဲ့ပုံမျိုးပါ)

သူ၏နဖူးတွင် နဂါးချိုနှစ်ချောင်း ပေါက်နေပြီး ဆံပင်များက ပုခုံးပေါ်သို့ ဝဲကျနေသည်။ ခန့်ညားသော မျက်နှာတွင် ယုံကြည်မှုနှင့် တည်ငြိမ်မှု အပြည့်ရှိပြီး လက်များကို နောက်ပစ်ထားကာ အမြီးက ဖြည်းဖြည်းချင်း ယိမ်းနွဲ့လျက်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထိတ်လန့်ဖွယ်ရာ အရှိန်များဖြင့် ပြည့်နှက်လွှမ်းခြုံနေပြီး ပတ်ဝန်းကျင် လေဟာနယ်ကိုပင် လှိုင်းဂယက်ဖျော့ဖျော့ထသည်အထိ သက်ရောက်နိုင်စွမ်းရှိ၏။

သူ၏ခေါင်းပေါ်တွင် စာလုံးကြီးခြောက်လုံး ပေါ်လွင်နေပြီး ကမ္ဘာကြီးကို ကြေညာနေသကဲ့သို့ မော်ကြွားလျက်ပင်– "မသေမျိုးဖြစ်ရန် အလားအလာရှိသူ!" ဟူ၏။ ရောက်လာသူမှာ အသိသာကြီးကို ချန်ရှောင်းပင်။

ချန်ရှောင်း၏ နှုတ်ခမ်းများတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး စကားဆိုလာပုံမှာ အရှေ့မှသုံးယောက်သားကို သူစိတ်တိုင်းကျ အမဲဖြတ်ရတော့မည့် သမင်ငယ်လေးများအလား။

"ကျွတ် ကျွတ်၊ အခု မင်းတို့လေးငါးယောက်ပဲ ကျန်တော့တာပဲ။ လူသတ်ပွဲကျင်းပရတဲ့အရသာ မရနိုင်ဘူးဆိုရင်တောင် နောက်ဆုံးကျန်ခဲ့တဲ့ အစွမ်းထက်ဆုံးသူတွေကို ရှင်းလင်းရတာက တစ်မျိုးအရသာရှိတဲ့ အတွေ့အကြုံတစ်ခုဖြစ်မှာပဲ၊ ဟုတ်တယ်မလား?"

လီဝူကျယ် အံ့အားသင့်သွားသည်။ "ဘုရားရေ၊ မင်း ဘယ်လိုပုံစံကြီးဖြစ်နေတာလဲ?"

တစ်ဖက်လူ၏ ခန့်ညားသော လူတစ်ပိုင်း နဂါးတစ်ပိုင်း ပုံသဏ္ဍာန်နှင့် ယှဥ်လိုက်သော် သူ၏ သိမ်းငှက်စီးတော်ယာဥ်ကြီးမှာ ချက်ချင်းဆိုသလို အဆင့်အတန်း ကျဆင်းသွားရ၏။ အရွယ်အစား ဒီ့ထက်ပိုကြီးနေရင်တောင် ဟိုနဂါးကိုတော့ ယှဥ်နိုင်မှာမဟုတ်တော့ဘူးလေ!

ရွှယ်ဝူဟန်လည်း အံ့အားသင့်စွာ မေးလိုက်သည်။ "ဒါက ထူးခြားကျင့်စဥ် တစ်ခုခုကြောင့်လား?"

သူ့အနေနှင့် တစ်ဖက်လူမှာ စစ်မြေပြင်အခြေအနေတစ်ခုလုံးကို ပြောင်းလဲနိုင်သော ကြောက်ခမန်းလိလိ စွမ်းအားတစ်ခုရှိနေသည်ဟု ခံစားရသည်။ သို့သော် မေးခွန်းတစ်ခုရှိသည်မှာ ထိုစွမ်းအားကို ထိုသူ မည်သို့ ပိုင်ဆိုင်နိုင်ခဲ့သနည်း?

ဟုန်ချန်ယဲ့က သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဖန်တျန်ဟွာကျီကို ကိုင်ကာ ထိုပုံရိပ်ကို ချိန်လိုက်သည်။ ထက်ရှသော အာရုံခံစားမှုဖြင့် သူ၏နှလုံးသားတွင် အန္တရာယ်ခံစားမှုတစ်ခုက လှိုက်တက်လာတော့၏။ "မင်း ဘယ်သူလဲ?!"

ချန်ရှောင်း၏ အမူအရာမှာ မာန်မာနကြီးလွန်းပြီး စကားတစ်ခွန်းဆိုသည်နှင့် ကောင်းကင်တစ်ခုလုံး လေပြင်းများ၊ လျှပ်စီးများ၊ မိုးခြိမ်းသံများဖြင့် ပြည့်နှက်သွားလောက်အောင် အရှိန်အဝါပြင်းသည်။

"ငါ ဘယ်သူလဲလို့ မေးတာလား? စာနာထောက်ထားစွာနဲ့ပဲ ပြောပြရသေးတာပေါ့၊ ငါက မသေမျိုးကျွန်းရဲ့ အမွေအနှစ်ကို ဆက်ခံတော့မယ့် ကံကြမ္မာရဲ့သားတော်ပဲ!"

ဟုန်ချန်ယဲ့ မျက်နှာမဲ့သွားပြီး လှောင်ပြောင်လိုက်သည်။ "အတော်မာန်တက်နေတဲ့ပုံပါလား? ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းနေပြီ ထင်နေပုံပဲ"

ချန်ရှောင်း၏ အကြည့်ကလည်း မထီမဲ့မြင်ရှိလှ၏။ နတ်နဂါးစွမ်းအားကို ရရှိထားသောကြောင့် သူ၏ယုံကြည်မှုမှာ သဘာဝအလျောက်ပင် တားမနိုင်ဆီးမရ ပြည့်လျှံကျနေပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ "ဟုတ်တယ်၊ ဒီအရှင်က ပြိုင်ဘက်ကင်းပဲလေ!" "မင်းဘာပြောချင်သေးသလဲ?"

ဟုန်ချန်ယဲ့ မျက်နှာကြီးမည်းသွားသည်။ "ဒါဆိုရင်လည်း ဒီအရှင်က မင်းကို နေရာမှန်သိအောင် ပညာပေးရသေးတာပေါ့!" ထိုသို့ပြောပြီး သူခေါင်းလှည့်ကာ ရွှယ်ဝူဟန် အလေးအနက်ကြည့်၍ ညှိနှိုင်းသည်။ "ငါတို့ အဖွဲ့ဖွဲ့ပြီး ဒီလူကို အရင်ဖြေရှင်းရအောင်!"

လီဝူကျယ်ကလည်း အကြံပြုသည်။ "ငါလည်း အဲ့ဒါကအကြံကောင်းလို့ထင်တယ်၊ ဒီကောင့်ရဲ့ စွမ်းအားက ထူးဆန်းတယ်လေ"

ချက်ချင်းသဘောတူလိုက်သော ကြွက်သားမမလေးကို တစ်ချက်လှည့်ကြည့်ပြီးမှ ရွှယ်ဝူဟန်က ပြန်လှည့်လာကာ အေးစက်စွာ ပြောလိုက်သည်။ "ငါလည်း အဲ့လိုပဲတွေးတယ်။"

သုံးယောက်သား ပူးပေါင်းရန် ပြင်ဆင်နေသည်ကို မြင်သော် ချန်ရှောင်း၏ အမူအရာက စိတ်လှုပ်ရှားမှုများ အပြည့်ဖြင့် အရှိန်အဝါကလည်း ထူးထူးခြားခြား သက်ဝင်တက်ကြွလာသည်။ "ဟားဟားဟား၊ ကောင်းပြီလေ၊ မင်းတို့ တစ်ပြိုင်တည်း လာတိုက်ကြ၊ ငါလည်း အလျင်လိုနေတယ်!"

ရာသီဥတုက လေပြင်းတိုက်သံတဝုန်းဝုန်းဖြင့် ခန့်မှန်းရခက်စွာ ပြောင်းလဲနေပြီး ကောင်းကင်၏ အနက်ရှိုင်းဆုံးတစ်နေရာမှ ဆင်းသက်လာသော မှိုင်းညို့ညို့ မိုးခြိမ်းသံများ ဆက်တိုက် ပဲ့တင်ထပ်နေသည်။

"သတ်!"

ဟုန်ချန်ယဲ့၏ ကျောဘက်က ခရမ်းရောင်မီးလျှံတောင်ပံများမှာ ရိုက်ခတ်လိုက်သည်နှင့် ပူပြင်းသော ချီစီးကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာစေပြီး ချန်ရှောင်းဆီသို့ လျှပ်တပြက် တဟုန်ထိုး ပြေးဝင်သွားသည်။ ထို့နောက် သူ၏လက်ထဲမှ ဖန်တျန်ဟွားကျီကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်ရာ ခရမ်းရင့်ရောင်တောက်ပသော ဓားသွားသည် ကောင်းကင်ကို ထက်ခြမ်းခွဲပစ်တော့မတတ် ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်လာ၏။

အုန်း!

တောက်ပသော အလင်းလုံးတစ်ခု ပွင့်ထွက်လာသည်။

ဟုန်ချန်ယဲ့၏ နှုတ်ခမ်းများက မာနကြီးကြီးအပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ဒဏ္ဍာရီအဆင့်လက်နက်ကို အဟုန်ပြည့်အရှိန်တင်ထားသော စွမ်းအားပင်။ ၎င်းကို အဆုံးမရှိစွမ်းအားဟုပင် ခေါ်ဆိုနိုင်ပြီး ထိုမာနထောင်လွှားနေသော နဂါးလူသားလည်း မလွဲမသွေ ထိခိုက်မိမည်သာဖြစ်၏။

ရွှယ်ဝူဟန် မျက်မှောင်ကြုတ်လိုက်သည်။ ဤတိုက်ခိုက်မှုကို သူသာ ရင်ဆိုင်ရလျှင် ဘေးကင်းစွာ ဆုတ်ခွာနိုင်မည်မဟုတ်ပေ။

တိုက်ခိုက်ရေးအလင်းတန်းများ မှေးမှိန်သွားချိန်တွင် ခပ်ဝါးဝါးပုံပေါ်လာသော လူတစ်ပိုင်းနဂါးတစ်ပိုင်းပုံရိပ်မှာ မတ်တပ်ရပ်နေတုန်းပင်။ သူ၏နှုတ်ခမ်းများတွင် ခပ်လှောင်လှောင်အပြုံးတစ်ခု ပေါ်လွင်နေသည်။

"ဒါပဲလား?"

ချန်ရှောင်း၏ ပုံရိပ် ဖျတ်ခနဲ လှုပ်ရှားသွားပြီး သူ၏လက်ဖဝါးဖြင့် မြေပြင်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ သေချာကြည့်မည်ဆိုလျှင် ထို လူသားလက်သည် နဂါးလက်သည်းများထွက်နေသော လက်ဖဝါးကြီးအဖြစ် ပြောင်းလဲသွားပြီး ပုံစံဖြင့်ပင် ကြောက်စရာကောင်းနေလေပြီ။

"ဘာ?!"

ဟုန်ချန်ယဲ့ အလွန်အံ့အားသင့်သွားသည်။ အနည်းဆုံး တစ်ဖက်လူ တစ်ခုခုတော့ ထိခိုက်သွားလိမ့်မည်ဟု သူမျှော်လင့်ထားခဲ့သည်ပင်။

နဂါးလက်သည်းက အရှိန်ဖြင့် ခုန်ထွက်လာပြီး ဖန်တျန်ဟွာကျီနှင့် ရိုက်ခတ်မိကာ ကြောက်မက်ဖွယ်သက်ရောက်မှုတို့က အာကာသကိုပင် တုန်ခါစေတော့မတတ်။

"အား!"

ဟုန်ချန်ယဲ့၏ နှုတ်ခမ်းထောင့်ကနေ သွေးစီးကြောင်းများ စီးကျလာပြီး သူ၏မျက်လုံးများတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ထင်ပေါ်လာသည်။ ဒါက ဘယ်လိုစွမ်းအားမျိုးလဲ? ဒဏ္ဍာရီအဆင့်လက်နက်ကတောင် အရှုံးပေးရတာလား?!

ဝှစ်!

သူတို့ဘက်က အခြေအနေမကောင်းသည်ကို မြင်သော် ရွှယ်ဝူဟန်သည် သူ၏စွမ်းအားများကို ရေခဲဝိညာဉ်နတ်ဓားထဲသို့ အသင့်စုစည်းလိုက်သည်။ ရေခဲပြာရောင် ဓားအလင်းတစ်ခု ကောင်းကင်ကို ပျံတက်သွားပြီး လေပြင်းနှင့် ဆီးနှင်းများ၏ ဒေါသတကြီး မုန်တိုင်းဝင်တော့မလို အရှိန်အဟုန်ကို သယ်ဆောင်လာ၏။

"ဟင်?"

ချန်ရှောင်းသည် တစ်ဖက်ရန်သူကို ချက်ချင်းသတ်ရန် ရည်ရွယ်ခဲ့သော်လည်း ဤရုတ်တရက်ဖြတ်ဝင်လာသော တိုက်ခိုက်မှုက သူ့ကို အရှိန်ပျက်စေသောကြောင့် လှုပ်ရှားမှုများ အနည်းငယ် နှေးကွေးသွားသည်။

ဟုန်ချန်ယဲ့သည် အခွင့်အရေးကို ဆုပ်ကိုင်ပြီး ခပ်ဝေးဝေးသို့ တိမ်းရှောင်လိုက်၏။ သူ၏မျက်လုံးများတွင် ရှားရှားပါးပါး စိုးရိမ်ပူပန်မှုများ မြင့်တက်လာပြီး မေးလိုက်သည်။ "မင်း အဲ့ဒီစွမ်းအားကို ဘယ်ကနေရတာလဲ?"

"ဟုတ်တယ်၊ ဘာလို့ မင်းက ပုံစံကိုပါ ပြောင်းလဲနိုင်တာလဲ? ငါတို့ကျ မလုပ်နိုင်ဘူး!" လီဝူကျယ် မကျေမနပ်ဖြင့် မဲ့ရွဲ့ပြောလိုက်သည်။ သူ၏ သိမ်းငှက်ကြီးမှာလည်း မှေးမှိန်သွားရလေပြီ။

ချန်ရှောင်းက လက်ကို မြှောက်ပြီး ကျရောက်လာသော ရေခဲပြာရောင် ဓားအလင်းကို ဖျက်ဆီးပစ်လိုက်ရင်း ဂုဏ်ယူဝင့်ကြွားနေသော လေသံမြင့်မြင့်ဖြင့် ပြေလိုက်သည်။ "ငါ မင်းတို့ကို ပြောပြီးပြီလေ၊ ငါက ကံကြမ္မာရဲ့ ကောင်းချီးပေးခံ သားတော်ပဲ၊ နောင်လာမယ့် အထွဋ်အမြတ် ကျွန်းသခင်လောင်း။ မင်းတို့လို အမှိုက်တွေက ဘယ်လိုယှဉ်နိုင်မှာလဲ?"

လီဝူကျယ်သည် ဤ "မသေမျိုးဖြစ်ရန် အလားအလာရှိသူ"၏ မာန်တထောင်ထောင် အမူအရာကို သည်းမခံနိုင်တော့ပေ။ ဒေါသတကြီးဖြင့် သူ၏ စီးတော်ယာဥ်သိမ်းငှက်ကြီးကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်ပြီး ဓားသွားကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။ "ချီးတဲ့မှ၊ သူ့ကို သတ်ကြ!!"

ဓားအလင်းသည် နတ်ဘုရား၏ ပြစ်ဒဏ်သင့်သလို စူးရှစွာတောက်ပနေ၏။ ဤသည်မှာ ကောင်းကင်အနိမ့်စားအဆင့် တိုက်ခိုက်ရေးစွမ်းရည် ဖြစ်သည်ပင်။

လီဝူကျယ် စိတ်မနည်းထိန်းထားပြီး စောင့်ကြည့်နေခဲ့ရခြင်းဖြစ်၏။ သို့သော် အခုတော့ ချန်ရှောင်း၏ လှုံ့ဆော်ရန်စမှုကြောင့် စွမ်းအားကုန်ထုတ်ပြရမည့်အချိန် ရောက်လေပြီ။

All Chapters