သနားပါဦး ကိုကြီးထိပ်ပြောင်ရာ
Vol. 22 Ch. 301
ဟုန်ချန်ယဲ့ သေဆုံးပြီး သေတ္တာအဖြစ် ပြောင်းလဲသွားသောအခါ မြေပုံပေါ်တွင် ကျန်ရှိသူဦးရေမှာ နှစ်ဦးသို့ ပြောင်းလဲသွားတော့၏။ အောင်နိုင်သူသည် ထိုနှစ်ဦးထဲမှ ပေါ်ထွက်လာတော့မည်ဖြစ်သည်။
ချန်ရှောင်းသည် သူ၏စွမ်းရည်အားလုံးကို ထုတ်ဖော်အသုံးပြုနေသော်လည်း တိုက်ခိုက်ရင်း ပို၍ ပို၍သာ အံ့အားသင့်လာရသည်။ စစ်မှန်သော မျှော်လင့်ချက်မဲ့ခြင်းနှင့် အင်အားမဲ့မှုကို ခံစားနေရလေပြီ။ ယခင်က သူသည် ပြိုင်ဘက်၏ ကာကွယ်ရေးကို ဖောက်ထွင်းရန် အခွင့်အရေးရှာဖွေပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟု တွေးခဲ့သော်လည်း ယခုမူ သူပြောချင်သည့်စကား တစ်ခွန်းသာရှိတော့၏...
အခွင့်အရေး မရှိတော့!
လုံးဝ အခွင့်အရေး မရှိတော့!
အပြစ်အနာအဆာကင်းသော ရွှေဥကို ယင်မနားနိုင်ဟူသော စကားပုံအတိုင်းပါပင်။ သူ့ကို ယင်ကောင်နှင့် နှိုင်းယှဥ်ပါက၊ သူ၏ရှေ့မှ ထိပ်ပြောင်လူသည် သံကွန်ခြာဖြင့် ဖုံးအုပ်ထားသော ပြစ်မျိုးမှဲ့မထင် ရွှေဥကြီးတစ်လုံးသာပင်!
နဂါးလူသား၏ ရူးသွပ်သော တိုက်ကွက်များ အပေါ်ဘက်၊ အောက်ဘက်၊ ဘေးဘက် စသည်ဖြင့် နေရာစုံမှပစ်ဝင်လာနေခဲ့သော်ငြား ယဲ့ကျွင်းလင်ကတော့ ပေါ့ပေါ့လေးသာ ရှောင်တိမ်းနေခဲ့သည်။ တိုက်ပွဲတစ်လျှောက်လုံးတွင် အားနည်းချက်များစွာ လစ်ဟခဲ့သော်ငြား ထိုအားနည်းချက်များကို ရွှေရောင်ဒိုင်းက အစားထိုးဖြည့်ဆည်းပေးကာ ပြင်းထန်သော တိုက်ခိုက်မှုများကို ကာကွယ်ပေးခဲ့သည်။
ချန်ရှောင်းမှာ ချွေးစေးများပင် ပြန်လာခဲ့သည်။ အရသာရှိသော အစားအသောက်တစ်ပွဲ လက်တစ်ကမ်းတွင် ရောက်ရှိလာပြီးမှ လှမ်းမမီနိုင်လောက်အောင် ပြန်လည်ဝေးကွာသွားသကဲ့သို့ပင်။
"ဘာလို့လဲ! မင်းမှာ အားနည်းချက် မရှိတော့ဘူးလား?!" ချန်ရှောင်း ဒေါသတကြီး အော်ဟစ်ကာ ဒူးထောက်ကျသွားသည်။
"တိတ်စမ်း!" ယဲ့ကျွင်းလင် သမ်းဝေလိုက်သည်။ သူ၏ မှော်စွမ်းအားများ ပြန်လည်အားကောင်းလာသည်ကို ခံစားမိသောအခါ သူသည် နဂါးနိုင်ဓားဖြင့် ဖြစ်သလိုရှောင်တိမ်းခုခံနေရာမှ ရပ်ဆိုင်းလိုက်ပြီး တိုက်ပွဲကို အဆုံးသတ်ရန် အလေးအနက်ထား စတင်ခဲ့လိုက်၏။
ဝှစ်—!!!
ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်သော ဓားအလင်းတစ်ပြက် ချက်ချင်း ပေါက်ကွဲထွက်လာပြီး နိုင်ထက်စီးနင်း စွမ်းအားဖြင့် ပျံ့နှံ့သွားသည်။ တိုက်ပွဲမြေပြင်တစ်ခုလုံးတွင် ရွှေရောင်အလင်းများသာ ပြည့်နှက်နေပြီး သူမြင်မြင်သမျှ အရာအားလုံး ရွှေရောင်အလင်းဖြင့် ပိန်းပိတ်ဖုံးအုပ်သွားတော့၏။ ချက်ချင်းဆိုသလို ချန်ရှောင်းသည် ကြီးမားသော ကြောက်ရွံ့မှုတစ်ခု သူ့နှလုံးသားသို့ ဖုံးအုပ်လာသည်အား ခံစားမိလိုက်ရသည်။ သူ၏ကိုယ်ခန္ဓာသည် ငရဲတွင်းထဲ ထိုးကျသွားသကဲ့သို့ အေးစက်နေလေပြီ။ ကောင်းကင်နှင့် မြေကြီးကို ခုတ်ပိုင်းပစ်နိုင်သော ဓားအလင်းကို ရင်ဆိုင်ရင်း သူသည် မိမိကိုယ်ကို အားပေးရန် ကြောက်လန့်တကြား မာန်ဖီဟိန်းဟောက်လိုက်သည်။
ဝေါင်း~!!
ပတ်ဝန်းကျင်ရှိ မြေစိုင်မြေသား လေဟာနယ်ပါမကျန် တုန်လှုပ်သွားပြီး ကောင်းကင်တစ်ပြင်လုံး မှိုင်းမှောင်သွားသည်။ မြည်းထီးနှင့် ကျားဖြူမတို့မှာ ကြောက်လန့်တကြား အချင်းချင်း ဖက်လိုက်ကြပြီး အကြည့်ချင်းဆုံမိရာတွင် ထူးထူးဆန်းဆန်းခံစားချက်တစ်ခု နှစ်ဦးသား၏ နှလုံးသားတွင်း ဝင်ရောက်လာလေတော့၏။
အလင်းရောင် ပျောက်ကွယ်သွားပြီးနောက်။
ပျက်စီးကြေမွနေသော မြေပြင်ပေါ်တွင် ထိပ်ပြောင်သည် သက်ရှိအားလုံးကို ကျောခိုင်းပြီး ခမ်းနားထည်ဝါသော နဂါးနိုင်ဓားကို ဝင့်ကိုင်ထားလျက် ရှိ၏။ သူ၏ခေါင်းပေါ်ရှိ "ပြိုင်ဘက်ကင်းအထီးကျန် လူပျိုကြီး!" ဟူသော စကားလုံးကြီးများမှာ လက်ရှိ သူ၏ဟန်ပန်အရှိန်အဝါကို ပိုမိုမြင့်မားထောင်လွှားစေလျက်။
သူ၏ရှေ့တွင် ကြေကွဲဖွယ် ပုံရိပ်တစ်ခု မြေပြင်ပေါ် ဒူးထောက်ကျနေသည်။ ထိုသူ၏နဖူးပေါ်ရှိ နဂါးချိုနှစ်ချောင်းလုံး ကျိုးပဲ့နေပြီး ကိုယ်ခန္ဓာကို ဖုံးအုပ်ထားသော နဂါးအကြေးခွံများ ကြေမွကာ သွေးအလူးလူး ပေကျံလျက်ရှိ၏။ အရှိန်အဝါမှာ သိသိသာသာအားလျော့နေကာ သူ၏မျက်လုံးများသည် မှုန်မှိုင်းနေလျက်။
ထို မရှုံးနိုင်သော ထိပ်ပြောင်၏ရှေ့တွင် ဒူးထောက်ချရင်း ချန်ရှောင်းသည် တဖြည်းဖြည်း သတိပြန်ဝင်လာခဲ့၏။ သူ၏နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားပြီး မျက်လုံးထောင့်များတွင် မျက်ရည်များ ဝိုင်းလည်လာသည်။ သူ၏အသံမှာ တိုးလျစွာ ဆို့နင့်လျက်သား။ "ပြိုင်ဘက်ကင်းအစ်ကိုကြီးရာ၊ ကျွန်တော့်ကို အခွင့်အရေးလေးတစ်ခုလောက် ပေးပါဦး..."
ဒီလူ့ကို သူ လုံးဝအနိုင်မတိုက်နိုင်!
နဂါးနိုင်ဓားသည် နဂါးများကို သတ်ရန်အတွက် အမှန်တကယ် ရည်စူးဖန်တီးထားသော မှော်ရတနာတစ်ပါးပင်။ သူ၏ ဂုဏ်ယူရသော နတ်နဂါးစွမ်းအားသည် အစမှ အဆုံးထိ တွန်းလှန်နိုင်စွမ်းမရှိအောင် ဖိနှိပ်ခံခဲ့ရ၏။
"အိမ်း"
ယဲ့ကျွင်းလင် ခေါင်းကိုခါယမ်းပြီး စိတ်ခံစားချက်အပြည့်ဖြင့် ရေရွတ်လိုက်သည်။ "ပြိုင်ဘက်ကင်းတာက တကယ်ကို အထီးကျန်ရတာပဲ!"
ပြောပြီးနောက် သူသည် လက်ထဲရှိ နဂါးနိုင်ဓားကို လွှဲယမ်းလိုက်ပြီး ချန်ရှောင်း၏ လည်ပင်းကို အလွယ်တကူ ခုတ်ပိုင်းလိုက်တော့၏။
"မင်း စောက်..."
ချန်ရှောင်း၏ မျက်လုံးများ ဒေါသတကြီး ပြူးကျယ်သွားသည်။ ထိုထိပ်ပြောင်၏ တစ်ဆွေတစ်မျိုးလုံးကို သိမ်းကြုံးမဆဲဆိုရသေးမီ ဦးခေါင်းကို တိခနဲဖြတ်တောက်ခံလိုက်ရလေသည်!
သူ၏ကိုယ်ခန္ဓာသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး လေးထောင့်သစ်သားသေတ္တာအဖြစ်သို့ ပြောင်းလဲသွားသောအခါ စမ်းသပ်ပွဲသည်လည်း ဆုံးခန်းတိုင်ခဲ့လေပြီ။
ဝှစ်!
ကောင်းကင်တွင် မသေမျိုးအလင်းတန်းများစွာ ပေါက်ကွဲထွက်လာပြီး ကျက်သရေအဖြာဖြာနှင့် ပြည့်စုံသည့် တိမ်တိုက်များ အရောင်အသွေးစုံလင်စွာ ပေါ်ထွက်လာသည်။ သာယာနာပျော်ဖွယ် နတ်ဘုံနတ်နန်း တေးဂီတသံများလည်း ထွက်ပေါ်လာပြီး နောက်ဆုံး အသက်ရှင်ကျန်ရစ်သူ၏ အောင်ပွဲကို ကျင်းပနေသကဲ့သို့ပင်။
ရုတ်တရက် စက်ရုပ်ဆန်ဆန် ကြေညာသံတစ်သံ ပဲ့တင်ထပ်လာသည်။ "စမ်းသပ်မှုပါဝင်သူအား ဂုဏ်ပြုပါသည်။ ကံကောင်းခြင်းနှင့် ကြီးကျယ်သော သာယာဝပြောမှုများ ရရှိပါစေ။ သင်သည် နောက်ဆုံးအဆင့်ကို အောင်မြင်စွာ ရှင်းလင်းလိုက်ပါပြီ!"
"နောက်ဆုံးတော့ ကြက်သားညစာကို ရလိုက်ပြီ" ယဲ့ကျွင်းလင် သက်ပြင်းချလိုက်သည်။ "သေချာစဉ်းစားကြည့်ရင် မလွယ်ကူခဲ့ဘူးပဲ"
ဤစကားများကို အခြားသူများ ကြားလျှင် နေရာတွင်ပင် ဒေါသထွက်ပြီး ဘိုးဘေးပါမကျန် တစ်ဆွေမျိုးလုံးကျွတ်အောင် ဆဲဆိုကြလိမ့်မည်။ မင်းအနေအထားက ဒီစကားကိုပြောဖို့ ထိုက်တန်ရဲ့လား? ရှက်စရာကောင်းလိုက်တာ!
ဝှစ်~
ကောင်းကင်၏ အနက်ရှိုင်းဆုံးတစ်နေရာမှ မျက်စိကျိန်းစရာ ခုနစ်ရောင်ခြည် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယဲ့ကျွင်းလင်၏ ကိုယ်ခန္ဓာပေါ်သို့ ထိုးကျလာ၏။ ယဲ့ကျွင်းလင်သည် ထိုအလင်းတန်းမှတစ်ဆင့် ပင့်ဆောင်ခံရသကဲ့သို့ ကောင်းကင်ထက်ပျံတက်သွားခဲ့သည်။
ထွက်ခွာမသွားမီတွင် ထင်ယောင်ထင်မှားပေလား မပြောတတ်။ ယဲ့ကျွင်းလင်သည် မြည်းထီးနှင့် ကျားဖြူမတို့ ပူးပူးကပ်ကပ် လက်ချင်းချိတ်ထားပြီး သူ့ကို လက်ပြနှုတ်ဆက်နေသည်အား မြင်လိုက်ရသလိုလို။
စစ်မြေပြင်မှ ထွက်ခွာသွားပြီးနောက် ယဲ့ကျွင်းလင် မျက်လုံးပြန်ဖွင့်သောအခါ စကြဝဠာလေဟာပြင်ထဲ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ခမ်းနားသော ကြယ်တံခွန်များ၊ မျက်စိကျိန်းစပ်ချင်စရာ ဂလက်ဆီများနှင့် အာကာသထဲတွင် လွင့်မျောနေသော အပိုင်းအစပေါင်းစုံက သူ့ကို ဝန်းရံလှည့်ပတ်လို့နေ၏။
"ဒါ ဘယ်နေရာလဲ?!"
ယဲ့ကျွင်းလင် အံ့အားသင့်သွားသည်။ သူ ဘာလို့ ဒီကို ရောက်နေရတာလဲ?
ရုတ်တရက် ကျယ်လောင်သော မြည်ဟိန်းသံများ ထွက်ပေါ်လာသည်။ ပေါက်ကွဲသံများနောက်သို့ လိုက်ကြည့်သောအခါ ယဲ့ကျွင်းလင်၏ မျက်စိသူငယ်အိမ်များ ကျုံ့ဝင်သွားရ၏။ အဝေးတွင် အတောက်ပဆုံးနှင့် အကြီးမားဆုံး ကြယ်တစ်လုံးကို မြင်လိုက်ရ၍ပင်။ ၎င်းကို ကြီးမားသော စစ်တပ်တစ်တပ်က ဝန်းရံတိုက်ခိုက်နေကြသည်။
ဧရာမ စစ်သင်္ဘောကြီးများနှင့် သံမဏိခံတပ်များသည် တိုက်ပွဲနယ်မြေများတွင် နေရာတကျ တိုက်ခိုက်ဖိနှိပ်လျက်ရှိကြ၏။ မရေမတွက်နိုင်သော လူမျိုးစုများစွာသည် မှော်ရတနာကို အသုံးပြု၍ ရူးသွပ်စွာ တိုက်ခိုက်နေကြသည့် မြင်ကွင်းမှာ မယုံကြည်နိုင်စရာ ခမ်းနားထည်ဝါပြီး အံ့အားသင့်စရာပင်။
ဝန်းရံတိုက်ခိုက်ခံနေရသော ကြီးမားသော ကြယ်တံခွန်ကြီးသည် ယဲ့ကျွင်းလင်အား သူ၏မိခင်ကမ္ဘာကဲ့သို့ ရင်းနှီးသော ခံစားချက်တစ်ခုကို မသိမသာ ပေးစွမ်းနေခဲ့သည်။
"ဒါ ခွင်းလွင်နယ်မြေလား?!"
ယဲ့ကျွင်းလင် ထိတ်လန့်သွားသည်။ ခွင်းလွင်နယ်မြေကို ဂြိုလ်သားစစ်တပ်က တိုက်ခိုက်နေခဲ့လေပြီ!
သူ ဝင်ရောက်တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ရွေ့လျားမရဘဲ အပြင်လူအဖြစ်သာ ကြည့်ရှုနိုင်ခဲ့လေသည်။
"ဒါ ရှေးခေတ်က မြင်ကွင်းလား? အခု ငါ့မျက်စိရှေ့မှာ နောက်ကြောင်းပြန်ပြနေတာလား?" ယဲ့ကျွင်းလင် စိတ်အေးအေးထားပြီး စဥ်းစားလိုက်သည်။
ထိုစဥ် ခွင်းလွင်နယ်မြေမှ မရေမတွက်နိုင်သော ဟိန်းဟောက်ကြွေးကြော်သံများ ထွက်ပေါ်လာသည်။ အမျိုးမျိုးသော ဂိုဏ်းဂဏများနှင့် ဘုရင့်မင်းဆက်များမှ ကျင့်ကြံသူများသည် ဤကြီးမားသော ဂြိုလ်သားမဟာမိတ်စစ်တပ်ကြီးအား တားဆီးရန် တစ်ဦးပြီးတစ်ဦး ရှေ့ထွက်လာခဲ့သည်။ သူတို့၏ကိုယ်ခန္ဓာများသည် မသေမျိုးအလင်းတန်းများ ဝန်းရံနေကြပြီး ချီစွမ်းအင်ပြင်းပြင်းကိုထုတ်လွှတ်ကာ မသေမျိုးအရှင်များအဖြစ် ရပ်တည်နေကြခြင်းပင်။
ခွင်းလွင်နယ်ခံ မသေမျိုးအရှင်များသည် စကြဝဠာ ကောင်းကင်တစ်လျှောက် ထွက်ပေါ်လာပြီး ကြီးမားသော ရန်သူစစ်တပ်နှင့် ရင်ဆိုင်ကာ ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုအား ဖန်တီးခဲ့ကြ၏။ သွေးထွက်သံယိုဒဏ်ရာများကို အမှုမထားစွာ အရူးတစ်ပိုင်း တိုက်ခိုက်နေခဲ့ကြခြင်းပင်။
"ဟ!"
ယဲ့ကျွင်းလင် အံ့အားသင့်စွာ အာမေဋိတ်ပြုလိုက်သည်။ "ခွင်းလွင်နယ်မြေက ဒီလောက်တောင် အစွမ်းထက်ခဲ့တာလား? မသေမျိုး အရေအတွက်က အရမ်းများလွန်းတယ်!"
လက်ရှိအချိန်ကဲ့သို့ မသေမျိုးအရှင်တစ်ပါးပေါ်ထွန်းရန် ခက်ခဲကျပ်တည်းလှပြီး ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူပင် ထိပ်တန်းအရှင်သခင်တစ်ပါးအဖြစ် ကိုးကွယ်ခံနေရသည့် အခြေအနေမဟုတ်။
ထိုမသေမျိုး စစ်ပွဲတွင် ဘေးဒုက္ခအဆင့်ကျင့်ကြံသူမှာ ခွေးတစ်ကောင်လောက်ပင် အဖြစ်မရှိခဲ့ပေ။
လူတိုင်းသည် မသေမျိုးအရှင်များသာ!
ရှေးဟောင်း ခွင်းလွင်ကား ကြောက်မက်ဖွယ်ကောင်းလှ၏။