အခန်း (၃၀၂)
Vol. 22 Ch. 302
ယဲ့ကျွင်းလင် အံ့အားသင့်နေစဥ်မှာပင် တိုက်ပွဲအရှိန်သည် အထွတ်အထိပ်သို့ ရောက်ရှိလာပြီး စကြဝဠာကို တုန်လှုပ်စေကာ နေနှင့်လကို ထာဝရမှောင်မိုက်စေခဲ့သည်။ ပတ်ဝန်းကျင်ရှိ လက်အောက်ခံ ကြယ်များမှာ သက်ရောက်လာသောဖိအားကြောင့် လမ်းကြောင်းများပင် အတင်းအကျပ် ပြောင်းလဲခံခဲ့ရပြီး အချို့မှာ တိုက်ပွဲ၏ ကြောက်မက်ဖွယ် နောက်ဆက်တွဲလှိုင်းများကြောင့် ကြေမွသွားခဲ့သည်အထိ။
ဂြိုလ်သားမဟာမိတ်စစ်တပ်မှ အမည်မသိ ရှေးဟောင်းမျိုးနွယ်ဝင်တစ်ဦးက လှောင်ပြောင်လိုက်သည်။ "အနိုင်အရှုံးက သေချာနေပြီးသားပဲကို၊ လက်လျှော့လိုက်ကြပါတော့လားကွာ!"
သတ်ပွဲကြားမှ မသေမျိုးကျင့်ကြံသူတစ်ဦးက ပြန်လည်ကြိမ်းမောင်းလိုက်သည်။ "ဘာကို ကြောက်ရမှာလဲ? ငါတို့က ခွင်းလွင်နယ်မြေနဲ့အတူ သေအတူရှင်မကွာရှိဖို့ ကတိသစ္စာပြုထားကြတဲ့ ကျင့်ကြံသူတွေပဲ!!!"
ထိုအသံတွင် အားပြင်းသည့် မသေမျိုးစွမ်းအင်များ ပါဝင်ဖြည့်ဆည်းထားလေရာ ပတ်ဝန်းကျင်ရှိ တိုက်ခိုက်လက်စစွမ်းအားရှင်များစွာကိုပင် ကြက်သီးဖြန်းဖြန်းထစေလောက်အောင် သက်ရောက်သွားခဲ့၏။
"ဟုတ်တယ်!!" ခွင်းလွင်နယ်ခံများက စိတ်လှုပ်ရှားစွာဖြင့် အားရပါးရ ထောက်ခံလာကြသည်။
"ဟမ့်၊ ခေါင်းမာလိုက်တဲ့ ငတုံးကောင်တွေ" ထိုရှေးဟောင်းဂြိုဟ်သားက ရှုတ်ချလာသည်။
"မင်းတို့က ဒီတိုင်း ထိုးကျွေးခံလိုက်ရတဲ့ စစ်တုရင်ရုပ်တွေပဲ၊ မင်းတို့ ကောင်းကင်ဘုံစည်းအရုံးကလူတွေ လာကယ်မှာကို အခုထိမျှော်လင့်နေတုန်းလား?" အခြားဂြိုဟ်သားသတ္တဝါတစ်ကောင်က အဓိကအချက်ကို တည့်တည့်လှောင်ပြောင်လိုက်သည်။
"ဘယ်ကောင်းကင်ဘုံအစည်းအရုံးမှ မလိုဘူး ခွင်းလွင်နယ်သားတွေက ကိုယ့်မြေကိုယ် ကယ်တင်နိုင်တယ်!!" နဂါးခေါင်းနှင့် လူကိုယ်ရှိသော မသေမျိုးတစ်ပါးက ဒေါသတကြီး ပြန်ပြောလိုက်သည်။
"ကောင်းပါလေ့ကွာ။ ဒါမင်းတို့ကိုယ်တိုင်တူးတဲ့ သေတွင်းပဲ။ ဒီအရှင်က ဒီကြယ်တံခွန်ကို သေခြင်းမြစ်ဆီ အပြီးတိုင်မြှုပ်နှံပစ်ဖို့ သစ္စာဆိုတယ်။ ဘာတွေပဲ ပေးဆပ်ရပါစေ၊ ခွင်းလွင်နယ်မြေကို ငါတို့ မရရအောင်သိမ်းပိုက်ကြမယ်"
"သဘောတူတယ်!"
"သဘောတူတယ်!"
...
ခွင်းလွင်နယ်မြေ ကျင့်ကြံသူများ၏ ပြင်းထန်သော ခုခံမှုကို မြင်သောအခါ၊ ဂြိုလ်သားစစ်တပ်သည် သေခြင်းမြစ်ကို ခေါ်ယူပင့်ဆောင်ရန် ကျန်ရှိသမျှအားလုံးကို ပေးဆပ်အားထုတ်ကာ ကြိုးပမ်းခဲ့ကြ၏။ ထိုပင့်ဆောင်မှုမှာ စကြဝဠာရှိ သက်ရှိအားလုံးကို ကြောက်ရွံ့တုန်လှုပ်စေခဲ့ပြီး ခွင်းလွင်နယ်မြေကို တစ်ချက်တည်းဖြင့် ဝါးမြိုနိုင်လောက်မည့် အင်အားကြီးအား သယ်ဆောင်လာသည်ပင်။
“မကောင်းတော့ဘူး! ခွင်းလွင်နယ်မြေထဲကို အမြန် ဆုတ်ခွာကြ!” သွေးစွန်းနေသော မသေမျိုးအရှင်များက သံပြိုင် အော်ဟစ်သတိပေးလိုက်ကြသည်။
ဆက်တိုက်ဆိုသလိုပင် ကျန်ရှိသော ခွင်းလွင်နယ်မြေ ကျင့်ကြံသူများသည် ရောင်းရင်းတို့၏ ကျန်ရစ်သောအလောင်းများကို စွန့်ပစ်ကာ မိခင်ကမ္ဘာအတွက် စုဝေးလိုက်ကြပြီး ကာကွယ်ရေးအစီအရင်အား အလျင်အမြန် အသက်သွင်းကြတော့၏။
သေခြင်းမြစ်ထဲရှိ ရေတစ်စက်စီတိုင်းတွင် စစ်မှန်သော သေခြင်းတရားစွမ်းအင်များ ပါဝင်နေသည်။ သေခြင်းမြစ်တစ်စင်းလုံးကို ခွင်းလွင်နယ်မြေ အပေါ်သို့ စေလွှတ်ရန် ရည်ရွယ်ထားသည့် ရန်သူ၏အစီအစဥ်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းသည်ပင်။
ဤတိုက်ကွက်မှာ စိတ်ကူး၍မရနိုင်လောက်အောင် ကြီးကျယ်လှသော အပြုအမူတစ်ခုဖြစ်ပြီး ထိုအတွက် ရန်သူ့တပ်မှာ မည်မျှအထိ ပေးဆပ်လိုက်ရမည်မှန်း မမှန်းဆနိုင်လောက်အောင်ပင်။
အုန်း~!!!
အာကာသ နယ်မြေ လမ်းကြောင်းတစ်ခု ပွင့်ဟလာပြီး သေခြင်းတရားကို ကိုယ်စားပြုသော မီးခိုးရောင်မြစ်တစ်စင်း တဟုန်ထိုး ထွက်ပေါ်လာသည်။ သေခြင်းတရားစွမ်းအင်များကား လေထဲတွင် ပျံ့နှံ့လျက်။
မြစ်တစ်စင်းထက် ကြယ်တာရာအလင်းတန်းတစ်စင်းနှင့်ပင် ပိုတူသေးတော့၏။ အရွယ်အစားမှာလည်း အလွန်တရာ ကြီးမားလှသည်ပင်။
ခွင်းလွင်နယ်မြေကို သေခြင်းမြစ်က လွှမ်းခြုံဖြတ်သန်းနေသည်။ ခွင်းလွင်ကြယ်တံခွန်ကြီး၏ မျက်နှာပြင်ကို စနစ်တကျဖန်တီးထားသော သင်္ကေတအပြည့်ဖြင့် အလင်းလွှာကြီးတစ်ချပ်က ကာရံထားပေးသော်ငြား အနေအထားမှာ မတည်မငြိမ်ဖြင့် ပြိုလဲလုနီးနီး ဖြစ်နေလေပြီ။
“ဟေ့ ဟေ့၊ ခွင်းလွင်နယ်မြေက ပျက်စီးတော့မယ်”** ဂြိုလ်သား မဟာမိတ်စစ်တပ်တွင် ကြီးကြပ်နေသော စစ်သူကြီးများက အော်ဟစ်လှောင်ပြောင်နေကြသည်။
ထိုသို့ အရေးပေါ်အခြေအနေတွင် ဒေါသသံစွက်နေသော ခမ်းနားထည်ဝါသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ “ငါ ဒီမှာ ရှိနေသရွေ့ မင်းတို့ အောင်မြင်နိုင်မှာ မဟုတ်ဘူး!!”
“အစီအစဉ်၊ အသက်သွင်းလော့!!!”
ခိုင်မာစွာ စိတ်ပိုင်းဖြတ်ထားဟန်ရှိသော ပြတ်သားခမ်းနားသည့် အသံသည် စကြဝဠာ လေးဘက်လေးလံတွင် ပဲ့တင်ထပ်လို့သွား၏။ စကားဆုံးသည်နှင့် အခိုင်အမာဖွဲ့စည်းရက်လုပ်ထားဟန်ရှိသော အစီအရင်တစ်ခုက အရှိန်အဝါ အားမာန်အပြည့်ဖြင့် ထွက်ပေါ်လာလေသည်။
အုန်း~
ချက်ချင်းဆိုသလို သေခြင်းမြစ်သည် ထူးဆန်းစွာ ဦးတည်ရာ ပြောင်းလဲသွားပြီး ဂြိုလ်သား မဟာမိတ်စစ်တပ်ဆီသို့ တဟုန်ထိုး စီးဆင်းသွားခဲ့သည်။
“မကောင်းတော့ဘူး! ဒါ ယွင်ရှန်းကျွန်းရဲ့ ကျွန်းသခင် လုပ်လိုက်တာပဲ!”
“လမ်းကြောင်းအစီအရင်ကို ဒီအဘိုးကြီးက ဘယ်လိုလုပ် လုပ်နိုင်ရတာလဲ? သေခြင်းမြစ်ရဲ့ ဦးတည်ရာကိုတောင် ပြောင်းလဲနိုင်တာလား?”
“ငါတို့ အမြန် ဆုတ်ခွာကြစို့! မဟုတ်ရင် တစ်တပ်လုံး ပျက်စီးသွားလိမ့်မယ်!!”
...
မကြာမီ ထိုကြီးမားသော သေခြင်းမြစ်သည် ဂြိုလ်သား မဟာမိတ်စစ်တပ်ကို ပြန့်ကျဲကွဲပြားစေပြီး မရေမတွက်နိုင်သော သေဆုံးမှုများ ဖြစ်ပေါ်စေခဲ့၏။
ခွင်းလွင်နယ်မြေ ကျင့်ကြံသူများသည် အောင်ပွဲအတွက် ဝမ်းသာမျက်ရည်ကျလို့ မဆုံးနိုင်တော့။
လက်ခုပ် တီးကြဟေ့ ~
ထိုမြင်ကွင်းကို မြင်သောအခါ ယဲ့ကျွင်းလင်သည်လည်း အံ့အားတသင့်ဖြင့် ချီးကျူးဂုဏ်ပြုရန် လက်ခုပ်ထတီးမိ၏။
“နေဦး၊ သူတို့ပြောလိုက်တာ ယွင်ရှန်းကျွန်းရဲ့ ကျွန်းသခင်တဲ့လား?” ယဲ့ကျွင်းလင် ရုတ်တရက် သတိရသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
တစ်ဦးတည်း၏ ကိုယ်ပိုင်စွမ်းအားဖြင့် တိုက်ပွဲအခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ကာ ခွင်းလွင်နယ်မြေ ရှိ သက်ရှိ သန်းရာပေါင်းများစွာကို ကာကွယ်ပေးသူမှာ ယွန်ရှန်းကျွန်း၏ ကျွန်းသခင် ဖြစ်လေသည်!
ဤအမွေအနှစ်၏ ပိုင်ရှင်သည် ရှေးခေတ်က တော်သင့်ရုံမျှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်မည်ဟု မူလက တွေးခဲ့သော်လည်း ထိုသူ၏ အဆင့်အတန်းကား ဤမျှ ကြီးမားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ!
ယဲ့ကျွင်းလင်သည် ယွန်ရှန်းကျွန်းသခင်၏ နည်းလမ်းများကြောင့် ထိတ်လန့်နေစဉ်မှာပင် နောက်ဘက်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
“လူငယ်လေး၊ အံ့အားသင့်သွားတယ် မဟုတ်လား? ဒါက ရှေးခေတ် ခွင်းလွင်နယ်မြေရဲ့ အမှန်တရား တစ်စိတ်တစ်ပိုင်းပဲ”
“ဘယ်သူလဲဟ?!”
ယဲ့ကျွင်းလင် လှည့်ကြည့်လိုက်ရာ မသေမျိုးအရှင် ဟန်ပန်ရှိသော အလယ်အလတ်အရွယ် တာအိုကျင့်ကြံသူတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည်။ ထိုသူသည် မုတ်ဆိတ်ကို ဖြည်းညှင်းစွာ သပ်နေပြီး ခမ်းနားသည့် အမူအရာအပြည့်ဖြင့်။
“ခင်ဗျား ဘယ်သူလဲ?”
"နားထောင်၊ ငါက လျိုဟွမ်းရှု၊ ယွန်ရှန်းကျွန်းရဲ့ ကျွန်းသခင်၊ ပြီးတော့ ကောင်းကင်မြေပြင် တစ်ကြောလုံး အသိအမှတ်ပြုထားတဲ့ လမ်းကြောင်းအစီအရင် မဟာအကြီးအကဲပဲ!”
(ယွင်ရှန်းကျွန်းဆိုတာ ယဲ့ကျွင်းလင်တို့ အလုအယက်လိုချင်နေကြတဲ့ မသေမျိုးကျွန်းပါ)