← Chapters

နောက်ကြောင်းပြန် ရှင်းလင်းချက်

Vol. 22 Ch. 303

နောက်ကြောင်းပြန် ရှင်းလင်းချက်

Vol. 22 Ch. 303

လျိုဟွမ်းရှု၏ ခမ်းနားထည်ဝါသော အသံသည် စကြဝဠာတစ်ခုလုံး၌ ပဲ့တင်ထပ်နေခဲ့၏။ သူ၏ ပုံသဏ္ဍာန်နှင့် စကားပြောဟန်ဆိုဟန်တွင် မြင့်မားသော ဂုဏ်သိမ်ရှိန်ဝါရောင်က ထင်ဟပ်နေသည်။

စကားပြောဆိုနေစဉ် လျိုဟွမ်းရှုသည် ယဲ့ကျွင်းလင်အား အထင်သေးသော ပုံစံဖြင့် မျက်လုံးစင်းကြည့်တတ်ကာ မိမိ၏ အဆင့်အတန်းဂုဏ်သိက္ခာကို သိသိသာသာဖော်ပြထား၏။

အရေးအကြီးဆုံးအချက်မှာ!

ယခင်က ယဲ့ကျွင်းလင်သည် စမ်းသပ်မှု သုံးခုကို ကျော်ဖြတ်ခဲ့သောကြောင့် လျိုဟွမ်းရှု၏ စိတ်နှလုံး ရှုပ်ထွေးခဲ့ရသည်။ သူကိုယ်တိုင် ဂရုတစိုက် ဒီဇိုင်းထုတ်ထားသော အတုအယောင်လောကတစ်ခု၏ စည်းမျဥ်းများကို အလွယ်တကူ ချိုးဖဲ့ဆန့်ကျင်နိုင်ခဲ့သည့်အတွက် သူ သိပ်တော့ကျေနပ်မနေ။ လျိုဟွမ်းရှုသည် ထိုယဲ့ကျွင်းလင် အသားလွတ်ဂုဏ်မောက်နေမည်စိုးသဖြင့် တတ်နိုင်သလောက် ကိုယ်ကအရင် မောက်မာကြွားဝါပြထားရမည်ဟု တွေးမိ၏။

ဂုဏ်ပုဒ်ကြေညာချက်အပြီးတွင် နှစ်ဖက်စလုံးနှုတ်ဆိတ်ကာ တိတ်ဆိတ်မှုသာ ကြီးစိုးသွားသည်။

“ဟမ့်၊ လူငယ်လေး၊ ငါဘယ်သူမှန်းသိလိုက်ရလို့ ထိတ်လန့်သွားတာလား?” လျိုဟွမ်းရှုသည် ဝင့်ကြွားမဆုံးနိုင်တော့။ လွှမ်းမိုးမှုကို ပြသခြင်း အလွန်အောင်မြင်ခဲ့ဟန်တူ၏။

သို့သော် ထိုအချိန်တွင် တစ်ဖက်မှ လေးနက်သောမေးခွန်းတစ်ခု ထွက်ပေါ်လာသည်။ “အင်း၊ ဒါဆိုရင် ခင်ဗျားရဲ့ ကျားစစ်သူကြီး ငါးယောက်ရော ဘယ်မှာလဲ?”

“ဟင်?!”

လျိုဟွမ်းရှု အံ့အားသင့်သွားသည်။ ကျားစစ်သူကြီး ငါးယောက်ဆိုတာ ဘာကြီးလဲ?

မိမိကိုယ်ကို လျိုဟွမ်းရှုဟု ဂုဏ်မောက်စွာ ပြောဆိုမိတ်ဆက်နေသောကြောင့် ယဲ့ကျွင်းလင် ထိုသူ အူလည်လည်ဖြစ်သွားစေမည့် မေးခွန်းတစ်ခု ကောက်မေးလိုက်ခြင်းသာပင်။

“လူငယ်လေး၊ မင်း ဘာပြောတာလဲ ငါ နားမလည်ဘူး!” လျိုဟွမ်းရှု မျက်နှာရှုံ့သွားပြီး ပြန်မေးလိုက်သည်။

ထိုဆံဖြူကောင်လေး၏ အတွေးအခေါ်မှာ အမြဲထူးဆန်းသည်ဟု သူထင်မြင်ခဲ့မိ၏။ သို့သော် တစ်ဖက်လူမှာ သူနှင့်ခေတ်အကွာကြီးကွာသော လူငယ်တစ်ဦးဖြစ်သောကြောင့် လိုက်မမီခြင်းဖြစ်မည်ဟု ယူဆကာ ထပ်မံ၍ စဉ်းစားမနေတော့ပေ။

“ဒါဆို ခင်ဗျားကို အစ်ကိုကြီးလျိုလို့ ခေါ်မယ်” ယဲ့ကျွင်းလင် ရိုးသားစွာ ပြောလိုက်သည်။

“အင်း” လျိုဟွမ်းရှု ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤကလေးသည် နောက်ဆုံးတွင်တော့ သူ့အဆင့်အတန်းသူ နားလည်သွားလေပြီ။

"အစ်ကိုကြီးလျို ဒါဆို ခင်ဗျားက မသေသေးဘူးပေါ့!” ယဲ့ကျွင်းလင် အံ့အားသင့်စွာ ထအော်လိုက်ပြီး မသေမျိုးအရှင်တစ်ဦးကဲ့သို့ အရှိန်အဝါရှိသော တာအိုဆရာကြီးအား ခြေဆုံးခေါင်းဆုံး စစ်ဆေးကြည့်လိုက်၏။

လျိုဟွမ်းရှု : “…”

စကားအပြောအဆို ယဥ်ကျေးလှချည်လားနော်။

လျိုဟွမ်းရှု ဒေါသတကြီး ပြန်ပြောလိုက်သည်။ “ဒါ ယွင်ရှန်းကျွန်းကို စောင့်ကြည့်ဖို့ထားခဲ့တဲ့ ငါ့ရဲ့ဝိဉာဉ်ဏ်အစိတ်အပိုင်းတစ်ခုပဲ။ ငါ့ရဲ့ မူလခန္ဓာ မဟုတ်ဘူး၊ ကျေးဇူး!”

“အိုး~”

ယဲ့ကျွင်းလင် နားလည်သွားဟန်ရှိသော်ငြား အူကြောင်ကြောင်နှင့်ပင် ဆက်မေးလာပြန်သည်။ “ဒါဆို ခင်ဗျားအခုထိ အသက်ရှင်နေသေးလားဟင်"

လျိုဟွမ်းရှု : “…”

အဲ့မေးခွန်းကရော ဘာကွာနေလို့လဲ?

လျိုဟွမ်းရှုသည် ရှင်းရှင်းလင်းလင်း ဖြေဆိုလိုက်ချင်သော်ငြား တစ်စုံတစ်ခုကို သတိရလိုက်မိပြီး ပြောထွက်မည့်စကား တွန့်ခနဲဖြစ်သွားသည်။ “အဲ၊ မင်းရဲ့ မေးခွန်းက အရမ်း နက်နဲတယ်၊ ငါ အခု ဘယ်လို ဖြေရမလဲ မသိသေးဘူး…”

သူသည် ဝိညာဥ်အစိတ်အပိုင်း တစ်ခုသာ ဖြစ်သောကြောင့် သူ၏ မူလခန္ဓာ သေဆုံးခြင်း ရှိ၊ မရှိ သူ အမှန်တကယ် မသိနိုင်ပေ။ သူ၏ တာဝန်မှာ ယွင်ရှန်းကျွန်းတွင် နေထိုင်ပြီး ကျွန်းသခင်သစ်အဖြစ် ကံပါသောသူကို စောင့်ဆိုင်းရန်၊ ထို့နောက် အတိတ်က အဖြစ်အပျက်များကို ဖော်ပြရှင်းလင်းရန်နှင့် အရာအားလုံး အခြေကျပြီးနောက် အလိုအလျောက် ပျောက်ကွယ်သွားရန်သာ ဖြစ်၏။

ယဲ့ကျွင်းလင်၏ မျက်လုံးများ တဖျတ်ဖျတ်လက်သွားသည်။ ဆိုလိုသည်မှာ တစ်ဖက်လူသည်လည်း ကာရိုက်တာတစ်ခုထက်မပိုကာ ဒီဇိုင်းရေးဆွဲသူ၏ လက်ရှိအခြေအနေကို မသိနိုင်ပေ။

ကောင်းပြီ၊ အဓိက အကြောင်းအရာကို ဆက်ကြစို့။

“အစ်ကိုကြီးလျို၊ ခင်ဗျား ပြောတဲ့ မြင်ကွင်းက ရှေးခေတ် ခွင်းလွင်နယ်မြေရဲ့ အမှန်တရား တစ်စိတ်တစ်ပိုင်းလား?” ယဲ့ကျွင်းလင်သည် တဖြည်းဖြည်း မှိန်ဖျော့နေလာသော ကြယ်ကို ကြည့်ရင်း မေးလိုက်သည်။

“ဟုတ်တယ်”

ယဲ့ကျွင်းလင်တစ်ယောက် သေခြင်းရှင်းခြင်းမေးခွန်းကို ဆက်မမေးတော့သည်အား မြင်သောအခါ လျိုဟွမ်းရှု၏ ခက်ထန်သော အမူအရာ ပျော့ပျောင်းသွားပြီး သူက လေးနက်သော အသံဖြင့် ဆက်ပြောလိုက်သည်။

“အ‌စောက မင်းမြင်လိုက်ရတာတွေဟာ ရှေးခေတ်နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မသေမျိုးအရှင် စစ်ပွဲပဲ။ ဒါ့အပြင် ခွင်းလွင်နယ်မြေရဲ့ ကံကြမ္မာကို တစ်ဆစ်ချိုး ပြောင်းလဲစေတဲ့ အခိုက်အတန့်လည်း ဖြစ်တယ်”

“အဲဒီတုန်းက ခွင်းလွင်နယ်မြေအတွင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့တယ်။ သစ္စာဖောက်တွေက ဂြိုလ်သား အင်အားစုတွေနဲ့ ပူးပေါင်းပြီး ခွင်းလွင်နယ်မြေရဲ့ ကြယ်အမြုတေကို ညစ်ညမ်းစေခဲ့တာပေါ့။ အတွင်းအပြင်ပါ ပူးပေါင်းပြီး မရဏချောက်နက် စစ်တပ်က ငါတို့ ခွင်းလွင်နယ်မြေ ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတယ်။ ဒီလိုနဲ့ အဲ့ဒီစစ်ပွဲကြီး စတင်ခဲ့ရတာပါပဲ"

ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။ သူ့ကိုယ်ခန္ဓာ၏ မှတ်ဉာဏ်များတွင် "ကြယ်အမြုတေ" ဟူသော ဝေါဟာရကို သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။ သူ ဂရုတစိုက် မေးလိုက်သည်။ “အစ်ကိုကြီးလျို၊ ကြယ်အမြုတေဆိုတာ ဘာလဲ"

“မင်းတို့ ခွင်းလွင်နယ်ခံတွေဖြစ်ပြီး ကြယ်အမြုတေတောင် မသိဘူးလား?” လျိုဟွမ်းရှု အံ့အားသင့်သွားပြီး ထိုသူ့ကို အရူးတစ်ယောက်ကဲ့သို့ လှည့်ကြည့်လိုက်မိ၏။

သူတို့ခေတ်တွင်မူ ထိုဝေါဟာရအား မသိသောသက်ရှိဟူ၍ မရှိခဲ့။

ယဲ့ကျွင်းလင် ပုခုံးတွန့်ပြလျက် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

“အဲ၊ နောက်ပိုင်းခေတ်ရဲ့ ခွင်းလွင်နယ်မြေက ဒီလို သာမန် ဗဟုသုတလောက်ကိုတောင် မသိလောက်အောင် ပျက်စီးယိုယွင်းနေလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး”

“ထားလိုက်ပါတော့၊ မင်းရဲ့ အစ်ကိုကြီးတစ်ယောက်အနေနဲ့ ငါကပဲ ရှင်းပြပေးမယ်၊ လူငယ်လေး!”

လျိုဟွမ်းရှု အနည်းငယ် မာန်တက်သွားဖြင့် လည်ချောင်းရှင်းလိုက်သည်။ “ကြယ်အမြုတေဆိုတာ ဂြိုလ်တစ်ခုကို ထိန်းသိမ်းပေးထားတဲ့ မူလအနှစ်သာရ အမြုတေတစ်ခုပဲ။ ဥပမာပြောရရင် ခွင်းလွင်နယ်မြေရဲ့ ကြယ်အမြုတေက မင်းနေထိုင်နေတဲ့ ရေမြေကောင်းကင် အလုံးစုံလည်ပတ်မှုကို ထိန်းသိမ်းထားတယ်။ ပြီးတော့ ကောင်းကင်နဲ့ မြေကြီးကြားက ကျင့်ကြံမှု အရင်းအမြစ်တွေနဲ့လည်း ဆက်စပ်နေသေးတယ်”

“ခွင်းလွင်နယ်မြေရဲ့ ကြယ်အမြုတေ ညစ်ညမ်းပြီးနောက်တော့ ကမ္ဘာကြီးတစ်ခုလုံးကို ထိန်းသိမ်းဖို့ ခက်ခဲလာခဲ့တယ်။ ကျင့်ကြံမှုအရင်းအမြစ်တွေလည်း ပျက်စီးသွားတော့တာပေါ့။ မူလက အထွဋ်အထိပ်ရောက်အောင် တောက်ပနေခဲ့တဲ့ ရွှေခေတ်က ရုတ်တရက် ရပ်တန့်သွားပြီး သက်ရှိအားလုံး ငိုယိုမြည်တမ်းနေရတဲ့ ကပ်‌ဘေးကာလတွေဆီ ရောက်ရှိခဲ့တော့တာပါပဲ"

ဤနေရာအရောက်တွင် လျိုဟွမ်းရှုသည် စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်၏။

ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်သည်။ “ကြယ်အမြုတေက ဒီလောက် အရေးကြီးနေရင် ဘယ်လိုလုပ်ပြီး သစ္စာဖောက်တစ်ဦးလောက်က အလွယ်တကူ ရယူနိုင်တာလဲ? အဲဒီတုန်းက ခွင်းလွင်နယ်မြေတစ်ခုလုံး မသေမျိုးအရှင်တွေနဲ့ ပြည့်နှက်နေတာ မဟုတ်ဘူးလား? ဘာလို့ အချိန်မီ ရှာဖွေပြီး မတားဆီးနိုင်ခဲ့တာလဲ!”

“အဲဒီ သစ္စာဖောက်ရဲ့ စွမ်းအားနဲ့ နောက်ခံက ခွင်းလွင်နယ်မြေရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့လို့ပဲ။ အဲဒီတုန်းက သူ့ကို လူသုံးဦးကပဲ ထိန်းချုပ်ယှဥ်ပြိုင်နိုင်ခဲ့တယ်!” လျိုဟွမ်းရှု ဒေါသတကြီး ပြောလိုက်သည်။

“အိုး?”

ယဲ့ကျွင်းလင် မျက်လုံးကို မှေးကျဉ်းလိုက်သည်။ “သူက ဘယ်သူလဲ?”

လူဆိုးလူမိုက်တစ်ဦးလောက်က ပြဿနာရှာခြင်းဖြစ်မည်ဟု သူ မူလက တွေးခဲ့သော်လည်း ယခုတော့ သစ္စာဖောက်မှာ ထိပ်သီးစွမ်းအားရှင်တစ်ဦး ဖြစ်နေခဲ့ခြင်းပင်။

လျိုဟွမ်းရှု၏ မျက်လုံးများတွင် နာကျည်းမုန်းတီးမှုများဖြင့် အရောင်လက်လာကာ ခါးသီးစွာ ပြောလိုက်သည်။ “သူက အဲဒီတုန်းက ခွင်းလွင်နယ်မြေရဲ့ ‌ထောက်တိုင်ကြီးလေးခုထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ မုန်တိုင်းပဲ"

All Chapters