အခန်း (၃၀၄)
Vol. 22 Ch. 304
“မုန်တိုင်း?"
ယဲ့ကျွင်းလင် အံ့အားသင့်သွားသည်။ ထိုအမည်သည် အမှန်တကယ် ထူးဆန်းလှ၏။
“နေဦး၊ ခင်ဗျား ပြောတဲ့ ခွင်းလွင်နယ်မြေရဲ့ ထောက်တိုင်လေးခု ဆိုတာကရော ဘာလဲ?”
“ခွင်းလွင်နယ်မြေ ရဲ့ ထောက်တိုင်လေးခု ဆိုတာ နယ်မြေတစ်ခုလုံးရဲ့ ထိပ်ဆုံး မှာ ရပ်တည်နေပြီး သက်ရှိအားလုံးက အစွမ်းအထက်ဆုံးလို့ အသိအမှတ်ပြုထားတဲ့ လူလေးယောက်ကို ဆိုလိုတာပဲ!”
လျိုဟွမ်းရှုက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “သူတို့က တိထျန်း၊ ဧကရီ ဖူယောင်၊ ချန်ရှန်းဝမ်နဲ့ မုန်တိုင်းတို့ပဲ!”
“ခင်ဗျား ပြောတဲ့ မုန်တိုင်းက ခွင်းလွင်နယ်မြေမှာ ဒီလောက် အဆင့်မြင့်နေတာပဲ။ ဘာလို့ သူ့ဇာတိကမ္ဘာကို ရုတ်တရက် သစ္စာထဖောက်တာလဲ? ပြီးတော့ ဘာလို့ ကျန်တဲ့သုံးယောက်က မရဏမဟာမိတ်တပ်ကို ပြန်မတိုက်ကြတာလဲ"
ယဲ့ကျွင်းလင် မေးမြန်းလိုက်သည်။
တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသော မေးခွန်းများကို လျိုဟွမ်းရှုက စိတ်ရှည်စွာ ဖြေကြားပေးခဲ့သည်။ “မင်း ပြောတဲ့ မရဏမဟာမိတ်စစ်တပ်ဆိုတာ မရဏမျိုးနွယ်စု ကိုးခုကနေ ဆင်းသက်လာတာ။ သူတို့က ကောင်းကင်ဘုံအစည်းအရုံးနဲ့ ဆန့်ကျင်ဘက်ပဲ။ မုန်တိုင်းက အဲ့မရဏမျိုးနွယ်တွေနဲ့ပေါင်းပြီး အတွင်းလူအဖြစ် ခွင်းလွင်နယ်မြေကို ထိခိုက်စေခဲ့တာ။ ဘာကြောင့် ဒီလိုလုပ်တာလဲ၊ ဘာသဘောတူညီချက် ရခဲ့သလဲဆိုတာ ငါတို့လည်း အခုထိမသိသေးဘူး”
“တခြား သုံးယောက်ကတော့ မုန်တိုင်းက ကြယ်အမြုတေကို ညစ်ညမ်းစေခဲ့မှန်း သိလိုက်ရတော့ ထိတ်လန့်ဒေါသထွက်ပြီး မုန်တိုင်းကို ဖမ်းဖို့ လုပ်ခဲ့ကြသေးတယ်။ မုန်တိုင်းက ဒဏ်ရာရပြီးနောက်မှာ ခွင်းလွင်နယ်မြေကို ပေါ်ပေါ်တင်တင် သစ္စာဖောက်တော့တာပါပဲ။ အဲဒီ သုံးယောက်က သူ့ကို ဖမ်းဆီးပြီး အမှန်တရားကို ကမ္ဘာသိအောင်ချပြဖို့ ဆုံးဖြတ်ခဲ့ကြတာပေါ့"
“ဒါပေမယ့် လိုက်ဖမ်းနေတဲ့အချိန်မှာပဲ မရဏစစ်တပ် စွမ်းအားရှင်အမြောက်အများ သေချာပြင်ဆင်ထားတဲ့ထောင်ချောက်မှာ သူတို့မိသွားခဲ့တယ်။ တိထျန်းက အရှင်ဖမ်းခံခဲ့ရတယ်၊ ဧကရီ ဖူယောင်က သေဆုံးသွားတယ်၊ ပြီးတော့ ချန်ရှန်းဝမ်ကတော့ ကြက်ပျောက်ငှက်ပျောက်ကို ပျောက်ကွယ်သွားခဲ့တော့တာပဲ!”
ပြောရင်းဆိုရင်း လျိုဟွမ်းရှု၏ မျက်လုံးများ နီရဲလာပြီး ဝမ်းနည်းမှုကို ထိန်းမရတော့ဟန်။ စိတ်ဝိညာဥ်တစ်ပိုင်းတစ်စမျှသာ ဖြစ်သော်ငြား မူလခန္ဓာ၏ စိတ်ခံစားချက်များကို သူဖော်ပြနိုင်စွမ်း ရှိသေးသည်ပင်။
“အဲဒီ သုံးယောက် မရှိတော့တဲ့နောက် ကြယ်အမြုတေကလည်း ညစ်ညမ်းနေတာကြောင့် ခွင်းလွင်နယ်မြေဟာ မလွဲမရှောင်သာ အင်အားကျဆင်းသွားခဲ့တယ်။ အဲ့ဒီလို အဘက်ဘက်က နိမ့်ကျနေချိန်မှာပဲ မရဏမဟာမိတ်တပ်ရဲ့ တိုက်ခိုက်မှုစတင်ခဲ့တယ်လေ"
“အဲဒီ စစ်ပွဲက အင်မတန် ကြေကွဲဖွယ်ကောင်းခဲ့တယ်။ ခွင်းလွင်နယ်မြေရဲ့ မသေမျိုးအရှင်များက ရဲရဲဝံ့ဝံ့ ရှေ့တန်းထွက်ပြီး တိုက်ခိုက်ခဲ့ကြတယ်။ ကျူးကျော်မှုကို တားဆီးဖို့အတွက် ငါတို့လူတွေ အလွန့်အကျွံကို ဆုံးရှုံးခဲ့ရတာပါပဲ"
“ရန်သူတွေသာ ဆက်ပြီးတိုက်ခိုက်နေရင် ခွင်းလွင်နယ်မြေ အပြီးတိုင်ပြိုလဲသွားနိုင်လောက်တဲ့ အခြေအနေပေါ့။ သူတို့က စစ်တပ်ရဲ့ အကျအဆုံးတွေကို လျှော့ချဖို့ သေခြင်းမြစ်ကို ခေါ်ယူပြီး ခွင်းလွင်နယ်မြေကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတယ်”
လျိုဟွမ်းရှု လှောင်ရယ်တစ်ချက်ရယ်လိုက်သည်။ “ငါ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအရင်ကြောင့် သေခြင်းမြစ်ရဲ့ ဦးတည်ရာကို အတင်းအကျပ် ပြောင်းလဲပစ်လိုက်ပြီး အဲ့ဒီ မရဏတပ်ကိုလည်း တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တယ်။ ဒင်းတို့ တော်တော်လေးအထိနာသွားပြီးတော့ အဲ့ဒီနောက်ပိုင်း ငါတို့ ခွင်းလွင်နယ်မြေ ကို ဆက်ပြီး ကျူးကျော်ဖို့ မရဲတော့ဘူး”
“ဒါပေမဲ့ ခွင်းလွင်နယ်မြေဟာ ကြယ်အမြုတေကိုယ်တိုင်က ညစ်ညမ်းနေတာကြောင့် တာအိုကျင့်ကြံရေး အရင်းအမြစ်တွေက ပိုဆိုးရွားလာတယ်။ ဒါ့အပြင် သေခြင်းမြစ်ရဲ့ ကျန်ရှိခဲ့တဲ့အငွေ့အသက်ကြောင့် ဆုတ်ယုတ်မှုက ပိုပြင်းထန်လာချိန်မှာ မသေမျိုးအရှင်တွေ ရှင်သန်နေထိုင်ဖို့ ပိုခက်ခဲလာတယ်။ ဒီအခြေအနေကို မြှင့်တင်ဖို့ ငါနဲ့ တခြား စွမ်းအားရှင် အများအပြား ပူးပေါင်းပြီး အစီအရင်တစ်ခု တည်ဆောက်ကြတယ်။ ကမ္ဘာအသစ်တစ်ခု တည်ထောင်လိုက်တဲ့သဘောပါပဲ၊ ငါတို့က အဲဒါကို မသေမျိုးဘုံလို့ ခေါ်လိုက်ကြတယ်!”
“အဲဒီကတည်းက မသေမျိုးအရှင်အဆင့်သို့ တက်ရောက်နိုင်တဲ့ ကျင့်ကြံသူတိုင်းဟာ အောက်ဘုံရဲ့ ရှင်သန်ဖို့ခက်ခဲတဲ့ ပတ်ဝန်းကျင်ကြောင့် မသေမျိုးဘုံဆီ ပျံသန်းတက်ရောက်ခဲ့ကြရတာပေါ့။ မူလ ခွင်းလွင်နယ်မြေ နဲ့ ယှဉ်ရင် မသာနိုင်ပေမယ့် ယေဘုယျအားဖြင့် အတော်အတန် နီးစပ်ရှာပါတယ်”
ယဲ့ကျွင်းလင် နားလည်သဘောပေါက်စွာ ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။ “အံ့သြချီကျူးစရာပါပဲ၊ ဒါဆို မသေမျိုးဘုံကို ခင်ဗျားတို့ ဖန်တီးခဲ့တာပေါ့!”
“ဟုတ်တယ်၊ အတော်လေးတာဝန်ကြီးတဲ့ အလုပ်ပါပဲ။ ငါ တည်ဆောက်ထားတဲ့ အစီအရင်ကို အခြေခံတည်ထောင်ထားတာလေ။ ဘယ်လိုလဲ၊ အထင်ကြီးစရာ ကောင်းတယ် မဟုတ်လား?” လျိုဟွမ်းရှု ခပ်ကြွားကြွားပြောလိုက်သည်။
ဤသည်မှာ မည်သူမဆို လုပ်နိုင်သောအရာ မဟုတ်ပေ။ ခွင်းလွင်နယ်မြေ၏ ထောက်တိုင်ကြီးလေးဦးပင် လုပ်နိုင်ခဲ့သည်မဟုတ်။ သို့သော် လမ်းကြောင်းအစီအရင် မဟာအကြီးအကဲဖြစ်သည့် သူက ထိုတာဝန်အား အောင်မြင်စွာ ထမ်းရွက်ပေးနိုင်ခဲ့လေသည်။
“တော်တယ်!”
ယဲ့ကျွင်းလင် လက်မထောင်ပြီး ချီးကျူးလိုက်သည်။
“ဪ၊ ဒါနဲ့၊ ခွင်းလွင်နယ်မြေက ကျင့်ကြံသူတွေ စကြဝဠာကို လှည့်ပတ်သွားနိုင်ဖို့ဆို မသေမျိုးဘုံကို တက်ရောက်မှရမယ်။ မဟုတ်ရင် ဒီကမ္ဘာမှာပဲ သေသည်အထိ ပိတ်မိနေရမယ် ဆိုတဲ့ စည်းမျဉ်းကိုလည်း ခင်ဗျားတို့ သတ်မှတ်ခဲ့တာလား?” ယဲ့ကျွင်းလင် သတိတရဖြင့် ထပ်မေးလိုက်သည်။
“ဟုတ်တယ်!”
လျိုဟွမ်းရှု ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “သက်ရှိတွေ အများအပြား ခွင်းလွင်နယ်မြေကို စွန့်ပစ်ထွက်ခွာသွားခဲ့တာကြောင့် ငါတို့လည်း ရိုးရိုးရှင်းရှင်းပဲ စည်းမျဉ်းတစ်ခု သတ်မှတ်ခဲ့တယ်: မသေမျိုးဘုံကို တက်ရောက်နိုင်မှသာ စကြဝဠာကို ခရီးသွားဖို့ အရည်အချင်းပြည့်မီမယ်၊ မဟုတ်ရင် ခွင်းလွင်နယ်မြေ မှာပဲ တစ်သက်လုံးနေရမယ်၊ အပြင်ထွက်ဖို့ ခွင့်မပြုဘူး!”
“ဒီစည်းကမ်းကြောင့် ငါတို့လွန်တယ်လို့တော့ မတွေးကြလေနဲ့။ ခွင်းလွင်နယ်မြေဟာ စကြဝဠာမှာ အထူးခြားဆုံး နေရာတစ်ခုဆိုတာ မင်းတို့ သိသင့်တယ်။ ဘယ်လောက်များတဲ့ မကောင်းဆိုးဝါးဂြိုလ်သားတွေက ငါတို့ နေရာကို လိုချင်တပ်မက်နေကြလဲ? ကျင့်ကြံသူတွေ အပြင်ထွက်လှည့်ပတ်တဲ့အခါ ရန်စအနိုင်ကျင့်ခံရတာ၊ ဒါမှမဟုတ် ပြန်ပေးဆွဲခံရမှာတွေကို ကာကွယ်ဖို့အတွက် ငါတို့ ဒီလိုလုပ်ခဲ့ရတာပဲ”
ခွင်းလွင်သည် တစ်ချိန်က အမြင့်ဆုံးနှင့် ထာဝရတည်မြဲသော မဟာကမ္ဘာတစ်ခုအနေဖြင့် စကြဝဠာ တစ်လွှားလုံးတွင် အလွန်မြင့်မားသော ဂုဏ်သိက္ခာကို ထိန်းသိမ်းထားခဲ့သည်။ လက်ရှိအချိန်တွင်လည်း မည်မျှပင် အဆင့်အတန်း ကျဆင်းသွားခဲ့သော်ငြား ၎င်းသည် ပြင်ပဂြိုဟ်သားများ၏ အာရုံကို ဆွဲဆောင်နိုင်ဆဲဖြစ်၏။ ကျင့်ကြံသူများ အပြင်ထွက်ပါက ရလဒ်နှစ်ခုသာ ရှိသည်- တစ်ခုမှာ သူလျှိုလုပ်ဖို့ စည်းရုံးခံရခြင်းနှင့် နောက်တစ်ခုမှာ အရှင်ဖမ်းခံရပြီး လေလံတင်ခံရခြင်း ဖြစ်သည်။
ရက်စက်ပြီး လက်တွေ့ကျသော ခြိမ်းခြောက်မှုများပါပင်။
“ကျွန်တော် နားလည်ပါတယ်” ယဲ့ကျွင်းလင် ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ခွင်းလွင်နယ်မြေ ၏ အတွင်းပိုင်းငြိမ်းချမ်းမှုကို သေချာစွာတည်မြဲစေရန် အလုံခြုံဆုံးနည်းလမ်း ဖြစ်၏။
“အစ်ကိုကြီးလျို၊ ခွင်းလွင်နယ်မြေကို မရဏတပ်တွေ ကျူးကျော်တုန်းက ခင်ဗျားပြောတဲ့ ကောင်းကင်ဘုံအစည်းအရုံးက ဂရုမစိုက်ခဲ့ဘူးလား? ခင်ဗျား ပြောပုံအရ ဒီကောင်းကင်ဘုံအစည်းအရုံးဟာ နောက်ခံ အင်အားကြီးပြီး ခွင်းလွင်နယ်မြေကိုတောင် ကာကွယ်ပေးနိုင်တဲ့ ဒိုင်းကာပဲဆို"
ယဲ့ကျွင်းလင် အနည်းငယ် ထူးဆန်းသည်ဟု ခံစားရ၏။ ကောင်းကင်ဘုံအစည်းအရုံးနှင့် ထိုမရဏတပ်သည် အဓိက ဆန့်ကျင်ဘက် အဖွဲ့အစည်းများ ဖြစ်ကြသည်ဆိုလျှင် အစည်းအရုံးဝင်တစ်ခုဖြစ်သည့် ခွင်းလွင်နယ်မြေ ဒုက္ခရောက်ခဲ့စဥ်က အဘယ့်ကြောင့် ဝင်ရောက်မကူညီခဲ့ရသနည်း?
သူသည် အစောကမြင်ကွင်းတွင် ဂြိုဟ်သားတစ်ဦးမှ ခွင်းလွင်နယ်မြေကို ကောင်းကင်ဘုံအစည်းအရုံး ၏ ထိုးကျွေးခံ စစ်တုရင်ရုပ်တစ်ရုပ်ဟု လှောင်ပြောင်ခဲ့သည်အား ရုတ်တရက် သတိရမိသည်။
“ဟမ့်၊ ကောင်းကင်ဘုံအစည်းအရုံး!”
ကောင်းကင်ဘုံအစည်းအရုံးဟူသော အမည်ကို ကြားလိုက်သည်နှင့် လျိုဟွမ်းရှု၏မျက်နှာမှာ ကွက်ခနဲပျက်ယွင်းသွားခဲ့၏။
“လူငယ်လေး၊ မင်း ကောင်းကင်ဘုံအစည်းအရုံးရဲ့ မူလအစကို မသိသေးဘူးမလား။ ကောင်းကင်ဘုံအစည်းအရုံးကို စကြဝဠာတစ်ခုလုံးရဲ့ အစမှာ တည်ထောင်ခဲ့ပြီး မရေမတွက်နိုင်တဲ့ ကမ္ဘာအလီလီကို အုပ်ချုပ်တယ်။ မရဏမျိုးနွယ်ဟာလည်း အစည်းအရုံးတစ်ခုပဲ။ သူ့လက်အောက်က ကမ္ဘာတွေကတော့ အမှောင်လမ်းစဥ်ကို လိုက်နာကြတာပေါ့"
“အစပိုင်းမှာ ဒီအဖွဲ့အစည်းကြီး နှစ်ခုကြားက ဆက်ဆံရေးဟာ ကောင်းမွန်ခဲ့တယ်။ သူတို့ဟာ စကြဝဠာ မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြပေမဲ့ တစ်ချိန်မှာတော့ ဘာကြောင့်မှန်း မသိဘဲ နှစ်ဖက်လုံးရဲ့ ထိပ်တန်းအဆင့် အဖွဲ့ဝင်တွေကြားက ပဋိပက္ခတွေဟာ သေးသေးကစလို့ ပိုပြီး ပြင်းထန်လာခဲ့တယ်၊ နောက်ဆုံးမှာ ဒီအဖွဲ့အစည်းကြီး နှစ်ခုထိပ်တိုက်ရင်ဆိုင်ကြတဲ့ ခေတ်တစ်ခေတ်ကို ရောက်ရှိလာခဲ့တော့တာပေါ့"
“ခွင်းလွင်နယ်မြေဟာ ကောင်းကင်ဘုံအစည်းအရုံးရဲ့ နယ်မြေကြီးဆယ်ခုထဲက ဒုတိယ အဆင့်ရှိတဲ့ နယ်မြေ ဖြစ်ခဲ့ပြီး အလွန်မြင့်မားတဲ့ အဆင့်အတန်းလို့ ဆိုရမှာပေါ့။ အဲဒီ ကာလအတွင်း မရဏတပ်နဲ့ တာအိုကျင့်ကြံသူတွေ ရင်ဆိုင်ကြရာမှာ ခွင်းလွင်က မရှိမဖြစ် အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်!”
“နောက်ပိုင်းမှာ ခွင်းလွင်နယ်မြေက ဘေးဒုက္ခကျရောက်ခဲ့ပြီး ကောင်းကင်ဘုံအစည်းအရုံးရဲ့ ထိပ်တန်း ဆယ်ခု စာရင်းကနေ ထွက်သွားခဲ့ရတယ်။ ကောင်းကင်ဘုံအစည်းအရုံးဟာ အားနည်းဆုတ်ယုတ်သွားတဲ့ ခွင်းလွင်နယ်မြေအပေါ် သဘောထားအေးစက်လာခဲ့တယ်။ ဒါ့အပြင် ကောင်းကင်ဘုံအစည်းအရုံး အတွင်းမှာ ပြင်းထန်တဲ့ ဂိုဏ်းခွဲတိုက်ပွဲတွေကြောင့် ဆက်ဆံရေးတွေ ရှုပ်ထွေးနေတဲ့အတွက် အရေးမကြီးတော့တဲ့ ကမ္ဘာတစ်ခုရဲ့ ပျက်ဆီးခြင်းကပ်ဘေးကို ဝင်ရောက်ကူညီဖို့ရာ ခေါင်းထဲမထည့်ခဲ့ကြဘူးလေ!”
လျိုဟွမ်းရှု ဒေါသတကြီး ဖြစ်နေသည်။
ဤကိစ္စကို အပြီးသတ် စီရင်ဆုံးဖြတ်နိုင်ခြင်း မရှိခဲ့သော်လည်း မည်သို့ပင်ဆိုစေ ကောင်းကင်ဘုံအစည်းအရုံးက ခွင်းလွင်နယ်မြေကို စွန့်ပစ်ခဲ့သည်မှာ ငြင်းမရသော အမှန်တရား ဖြစ်သည်။
“ဒီ ကောင်းကင်ဘုံအစည်းအရုံးကလည်း သိပ်တော့ ဂုဏ်ယူစရာ မကောင်းဘူးပဲ!” ယဲ့ကျွင်းလင် သူ့မေးစေ့ကို ပွတ်ပြီး ကောက်ချက်ချလိုက်သည်။
“ဒါကြောင့် မင်းတစ်ခုမှတ်ထားရမယ်၊ ခွင်းလွင်နယ်မြေ ပြန်လည်အားကောင်းလာရင် ကောင်းကင်ဘုံအစည်းအရုံးက လူတွေ ဆက်သွယ်လာကြလိမ့်မယ်။ မင်း သတိကိုမြဲမြဲကပ်ထားပါ။ ခွင်းလွင်နယ်မြေ ကျင့်ကြံသူတွေဟာ သူတို့လမ်းသူတို့ သွေးစိမ်းရှင်ရှင်စီးအောင်ဖောက်ပြီး အရောက်လှမ်းနေကြရတာ။ ငါတို့ ဘယ်သူ့ကိုမှ ထပ်မယုံနိုင်တော့ဘူး၊ ကိုယ့်ကိုယ်ကိုပဲ ယုံရမယ်!”
လျိုဟွမ်းရှု၏ အမူအရာက တည်ကြည်နေသည်။ “ငါ့ရဲ့ တွက်ချက်မှုသာ မှန်ရင် ကြယ်အမြုတေဟာ အခု ပြန်လည် အသက်ဝင်နေပြီ။ ခွင်းလွင်နယ်မြေဟာ တရားဝင် ပြန်လည်တိုးပွားမယ့် အဆင့်ထဲကို ဝင်ရောက်နေပြီ။ သက်ရှိအားလုံးဟာ ကြီးမားတဲ့တိုက်ပွဲခေတ်ကြီးကို တွေ့ကြုံကြရတော့မယ်”
“မရဏစစ်တပ် ပြန်ရောက်လာတာထက် ပိုပြီးစိတ်ပူစရာကောင်းတာက ကောင်းကင်ဘုံအစည်းအရုံးဟာ အဆင့်မြင့်ကမ္ဘာတွေနဲ့ ပူးပေါင်းပြီး ကူညီပေးဖို့ဆိုတဲ့နာမည်ခံနဲ့ ခွင်းလွင်ရဲ့ အရင်းအမြစ်တွေကို လာရောက်ဝေစုခွဲ အမြတ်ထုတ်ကြမှာကိုပဲ…”