← Chapters

အခန်း (၃၀၆)

Vol. 22 Ch. 306

အခန်း (၃၀၆)

Vol. 22 Ch. 306

လျိုဟွမ်းရှုသည် ယဲ့ကျွင်းလင်၏ အမူအရာကို နားမလည်နိုင်ဘဲ ရှိ၏။ သူ့ဘဝတစ်လျှောက်တွင် ဤမျှ ထူးဆန်းသော လူမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

“ငါ့မှာအခု အဆင့်နှစ်ရာ စိတ်စွမ်းအင် မရှိပေမယ့်၊ တခြားလူတွေရဲ့ စိတ်စွမ်းအင် ဘယ်လောက်ရှိလဲဆိုတာ သိနိုင်မယ့် နည်းလမ်းလေးတစ်ခု ရှိတယ်။”

“မင်း စမ်းကြည့်ချင်လား?”

လျိုဟွမ်းရှုသည် မာနကြီးသော ဤလူငယ်ကို လက်တွေ့အမှန်တရားနှင့် ရင်ဆိုင်ခိုင်းစေဖို့ ဆုံးဖြတ်လိုက်သည်။

စိတ်စွမ်းအင်ကို ကျင့်ကြံတိုးတက်စေဖို့ရာ အလွန်ခက်ခဲလှသည်ပင်။

အဆင့်တစ်ခုချင်းစီ၏ ကွာခြားချက်သည် ချောက်ကမ်းပါးကြီးတစ်ခုအလား နက်ရှိုင်းမက်စောက်လှ၏။

ဝိညာဉ် အစီအရင် ဆရာသခင်၏ စိတ်စွမ်းအင် အပိုင်းအခြားမှာ အဆင့်၁၀မှာ ၁၂ကြားပင်။

သို့သော် လျိုဟွမ်းရှုသည် ယဲ့ကျွင်းလင်၏ စိတ်စွမ်းအင်သည် အဆင့်၁၀လောက်ဖြစ်ကာ ဝိညာဥ်အစီအရင် ဆရာသခင်အဆင့် အထွဋ်အထိပ်လောက်သာဖြစ်မည်ဟု အပိုင်တွက်ထားသည်။ ကမ္ဘာမြေအစီအရင် ဆရာသခင်အဆင့်ရောက်ဖို့ ဝေးကွာနေသေးသည်ပင်။

သူ ဤသို့ ယူဆရခြင်းမှာ ယဲ့ကျွင်းလင်သည် စိတ်စွမ်းအင်ကျင့်ကြံမှု အကြောင်း ရှင်းရှင်းလင်းလင်း မသိထားသေးဟု ထင်သောကြောင့်ဖြစ်သည်။ အစီအရင်နယ်ပယ်ဆိုင်ရာ အသိပညာမရှိသေးချိန်တွင် စိတ်စွမ်းအင်ကျင့်ကြံဆင့် နိမ့်ကျနေရသေးခြင်းမှာ သဘာဝသာ။

“တာအိုလမ်းစဥ်ကို အောင်အောင်မြင်မြင် တက်လှမ်းထားနိုင်တဲ့ စစ်မှန်သော မသေမျိုးအရှင်တစ်ဦးတောင် စိတ်စွမ်းအင် အဆင့် နှစ်ဆယ်ဝန်းကျင်‌လောက်ပဲ ရှိမှာ၊ မင်းက အခု မသေမျိုးအရှင် တောင် မဟုတ်သေးဘူးဆိုတော့ ပိုနိမ့်နေဦးမှာပဲ” လျိုဟွမ်းရှု အတွေးဖြင့် မှတ်ချက်ချလိုက်သည်။

“ကောင်းပြီ၊ ကျွန်တော့်ကို စမ်းသပ်ပေးပါ”

ယဲ့ကျွင်းလင် ခေါင်းညိတ်လိုက်သည်။ စိတ်စွမ်းအင် အဆင့်ခွဲခြားမှုအကြောင်း သူ ပထမဆုံး ကြားဖူးခြင်းဖြစ်ပြီး အလွန် ဆန်းသစ်သည်ဟု ခံစားရ၏။

ထို့အပြင် သူ၏ အသိစိတ်အတွင်းရှိ စိတ်စွမ်းအင် အဆင့်ကိုလည်း သူ မသိထားသောကြောင့် အကြမ်းဖျင်းအားဖြင့် ခွဲခြားသိမြင်လိုသည်။

လျိုဟွမ်းရှုသည် လက်ချောင်းနှစ်ချောင်းကို ပူးလိုက်ပြီး ရင်ဘတ်ရှေ့တွင် ထားကာ တစ်ခုခုကို ရေရွတ်လိုက်သည်။ ထို့နောက် ယဲ့ကျွင်းလင်၏ နဖူးကို စိုက်ကြည့်ပြီး “ဖွင့်!” ဟု အော်လိုက်၏။

ချက်ချင်းပင် ယဲ့ကျွင်းလင်သည် သူ့ခေါင်းကြီး ထူပူသွားသည်အား ခံစားလိုက်ရ၏။ အသိစိတ်မှာ ပြင်းထန်စွာ တုန်ခါနေပြီး ကြီးမားသော တံခါးကြီး တစ်ချပ် ပွင့်သွားသလို လင်းခနဲခံစားလိုက်ရကာ အတွင်းရှိ အကြောင်းအရာအားလုံးကို ချောင်းကြည့်နိုင်လောက်သကဲ့သို့။

“ဟမ့် ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ တစ်ဆယ်....အမ်?!” လျိုဟွမ်းရှုသည် တစ်ချက်အကြည့်တွင် မြင်လိုက်ရသမျှမှာ အကုန်အစင်ဖြစ်သည်ဟု ထင်မိလိုက်သော်ငြား သေသေချာချာ ထပ်မံစစ်ဆေးလိုက်ချိန်တွင် နောက်ထပ် အများကြီး ကျန်ရှိသေးသည်ကို တွေ့ရှိလိုက်ရ၏။

ဤခံစားချက်သည် လမ်းအဆုံးသို့ ရောက်ပြီဟု ထင်မှတ်နေချိန်တွင် အနီးရောက်မှ အကွေ့တစ်ခုကို ဘွားခနဲတွေ့လိုက်ရကာ ကျယ်ပြန့်သော လမ်းကြောင်းတစ်ခုအပေါ် ထပ်မံတက်လှမ်းလိုက်ရသကဲ့သို့။

လျိုဟွမ်းရှုသည် ထိုသူ၏အသိစိတ်အတွင်း ဆက်လက်ရှာဖွေစူးစမ်းသည်။ ယဲ့ကျွင်းလင်၏ စိတ်စွမ်းအင် မည်မျှရှိသည်ကို သူလည်း သိလိုသောကြောင့် ပိုမို နက်ရှိုင်းစွာ စူးစမ်းလေလေ အဘိုးကြီးမှာ ရင်တုန်ပန်းတုန်ဖြစ်လာရလေလေ။

“အဆင့် တစ်ဆယ့်ငါး၊ အဆင့် တစ်ဆယ့်ရှစ်၊ အဆင့် နှစ်ဆယ်?! နေဦး၊ ထပ်ရှိသေးတယ်! အဆင့် နှစ်ဆယ့်တစ်၊ အဆင့် နှစ်ဆယ့်နှစ်၊ အဆင့် နှစ်ဆယ့်သုံး…”

လျိုဟွမ်းရှု၏ မျက်ခွံများ တလှုပ်လှုပ်တုန်ခါနေသည်။ ဤလူငယ်၏ စိတ်စွမ်းအင် အဆင့်သည် စစ်မှန်သော မသေမျိုးအရှင်တစ်ပါး၏ အခြေခံအဆင့်ကို ကျော်လွန်နေပြီး၊ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် မြင့်တက်နေသည်။

“တည်ငြိမ်၊ တည်ငြိမ်စမ်း။ အရင်က ငါ မသေမျိုးအရှင် မဖြစ်ခင် စိတ်စွမ်းအင်က အဆင့်သုံးဆယ်တောင် ရှိခဲ့တာပဲ၊ ငါကသူ့ထက် ပိုထူးချွန်တယ်…” လျိုဟွမ်းရှုသည် ယဲ့ကျွင်းလင်ကိုနှိမ်ရန် အကြောင်းပြချက်ရှာကာ မိမိကိုယ်ကို နှစ်သိမ့်လိုက်သည်။

အဆင့်သုံးဆယ် စိတ်စွမ်းအင်ဆိုသည်မှာ သာမန် ကောင်းကင်ဘုံ မသေမျိုးအရှင်တစ်ပါး အတွက် အခြေခံအဆင့် ဖြစ်သည်။ သူ့တုန်းကဆိုလျှင် မသေမျိုးအရှင်ပင် မဖြစ်သေးသော်လည်း စိတ်စွမ်းအင် သည် ကောင်းကင်ဘုံ မသေမျိုးအရှင်အဆင့်သို့တိုင် ရောက်ရှိနေပြီဖြစ်ပြီး၊ ဤနယ်ပယ်တွင် ပါရမီပါသူဖြစ်ကြောင်း ထင်ရှားရှင်းလင်းနေခဲ့သည်ပင်။

လျိုဟွမ်းရှုသည် ခွင်းလွင်နယ်မြေတွင် တစ်ဦးတည်းသော အစီအရင် မဟာအကြီးအကဲ ဖြစ်ပြီး မသေမျိုးအရှင် အားလုံးထဲတွင် စိတ်စွမ်းအင် အဆင့်နှစ်ရာသို့ ရောက်ရှိခဲ့သော ပါရမီထူးသူ ရှားပါးဆရာသခင်တစ်ဦးဖြစ်၏။

ထို့ကြောင့် လျိုဟွမ်းရှုသည် ပါရမီပိုင်းဆိုင်ရာတွင် ယုံကြည်မှုအပြည့် ရှိနေခဲ့သည်။ ဤနယ်ပယ်တွင် သူ၏ အရည်အချင်းသည် သေချာပေါက် ထူးခြားကွဲထွက်နေပြီး ခွင်းလွင်၏ ထောက်တိုင်လေးခုပင် လိုက်မမီသည်အထိ ကျော်လွန်ခဲ့သည်မှာ အမှန်တရားပင်။

ခေတ်နှောင်းမှ မည်မျှထူးချွန်သော ပါရမီရှင် ဖြစ်စေကာမူ သူ့ကို ကျော်လွန်ရန် မဖြစ်နိုင်ပေ!

လုံးဝ မဖြစ်နိုင်!

သို့သော် ဤအတွေးမှာ သူ့ရှေ့မှ လက်တွေ့အခြေအနေကြောင့် ချက်ချင်း ပြောင်းပြန်လှန်ခံလိုက်ရသည်။ လျိုဟွမ်းရှု၏ ပါးပြင်များမှာ အားရပါးရဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ပူလောင်လာကာ မျက်လုံးများမှာလည်း ကြေးခေါင်းလောင်းကြီးများကဲ့သို့ ပြူးထွက်လာတော့၏။

နေစမ်းပါဦး၊ ဒီကလေးရဲ့ စိတ်စွမ်းအင်က ဘယ်လိုလုပ် အဆင့်သုံးဆယ်ကို ရောက်သွားတာလဲ?!

မဟုတ်ဘူး၊ အဲ့ထက်တောင်ကျော်သွားပြီ!!!

“အဆင့် သုံးဆယ့်တစ်၊ သုံးဆယ့်နှစ်၊ သုံးဆယ့်ငါး၊ လေးဆယ်၊ လေးဆယ့်သုံး၊ လေးဆယ့်ငါး!” လျိုဟွမ်းရှုသည် ‌ရေရင်းတွက်ရင်း အာခေါင်များပင်ခြောက်လာပြီး သူ၏ နှုတ်ခမ်းများ မထိန်းနိုင်စွာ တုန်ခါနေခဲ့သည်။ သူ့နှလုံးသားထဲမှ တုန်လှုပ်မှုကို ဖော်ပြရန် စကားလုံး ရှာမရတော့ပေ။

အကယ်၍ အဆင့်သုံးဆယ် စိတ်စွမ်းအင်သည် ကောင်းကင်ဘုံ မသေမျိုးအရှင်အတွက် အခြေခံအမြင့်ဆုံးအဆင့် ဖြစ်လျှင် အဆင့် လေးဆယ့်ငါးသို့ ရောက်ရှိခြင်းသည် နက်ရှိုင်းသော မသေမျိုးအရှင် အဆင့် ဖြစ်၏။

ဤလူငယ်သည် ကျင့်ကြံဆင့်တွင် မသေမျိုးအရှင်ပင် မဖြစ်သေးဘဲ စိတ်စွမ်းအင်တွင်မူ နက်ရှိုင်းသော မသေမျိုးအရှင် အဆင့်သို့ ရောက်ရှိနေလေပြီ!

ဒါ ဘယ်လိုတောင် ထူးခြားလိုက်တဲ့ သတ္တဝါကြီးလဲ?!!!

နောက်တစ်စက္ကန့်အကြာတွင် လျိုဟွမ်းရှု၏ မျက်စိသူငယ်အိမ်များ တုန်ခါသွားရတော့၏။ ဘဝတစ်လျှောက်လုံးတွင် ကြောက်မက်ဖွယ်ရာအကောင်းဆုံး မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့်အလား။

အဆင့် လေးဆယ့်ငါး စိတ်စွမ်းအင်သည် ဤလူငယ်၏ အမြင့်ဆုံးအဆင့် ဖြစ်ရမည်ဟု ထင်မှတ်နေစဉ်မှာပင် ဆက်လက် စူးစမ်းရှာဖွေလိုက်သောအခါ ပို၍ပင် များပြားနေသည်ကို တွေ့ရှိလိုက်ရပြန်၏။

အဆင့် လေးဆယ့်ခြောက်၊ လေးဆယ့်ခုနစ်၊ ငါးဆယ့်ငါး၊ အဆင့် ငါးဆယ့်ခြောက်၊ ခြောက်ဆယ်၊ ခြောက်ဆယ့်သုံး၊ ခြောက်ဆယ့်ခုနစ်၊ အဆင့် ခုနစ်ဆယ်…

လျိုဟွမ်းရှုမှာ သရဲသဘက်တွေ့သကဲ့သို့ အ‌တော်လေး မျက်နှာပျက်နေရှာလေပြီ။ သူ၏ မျက်လုံးများ ပြူးကျယ်နေပြီး ပါးစပ်ကြီးဟကာ တစ်ကိုယ်လုံး ဆန်ခါကဲ့သို့ တုန်ခါနေသည်။

ဒီ အဆင့်က ဘာကို ဆိုလိုတာလဲ?

၎င်းသည် ရေကန်ဘေးတွင် ငါးမျှားနေစဉ် ငါးမျှားတံ ရုတ်တရက် ပြင်းထန်စွာ လှုပ်ခါသွားသည်နှင့် တူသည်။ ငါးကြီးကြီးတစ်ကောင်တော့ မိလေပြီဟု စိတ်လှုပ်ရှားစွာ ငါးမျှားတံကို ဆွဲလိုက်သောအခါ သင်သည် ရေကန်ထဲသို့ အတင်းဆွဲချခံလိုက်ရပြီး၊ ကြောက်လန့်တကြားသိလိုက်ရသည်မှာ ငါးမျှားတံတွင် ချိတ်မိနေသည့်အရာကား ငါးမဟုတ်ဘဲ ဧရာမနဂါးကြီးတစ်ကောင် ဖြစ်နေခြင်းပင်။

လျိုဟွမ်းရှု၏ စိတ်တည်ငြိမ်မှုမှာ ထိန်းသိမ်းမရအောင် ပျက်စီးသွားလေပြီ။

သူသည် ယခင်က သူ့ကိုယ်သူ စိတ်စွမ်းအင် ပါရမီရှင်ဟု ဂုဏ်ယူမိခဲ့လျှင် သူ၏ရှေ့မှ လူငယ်သည် ပါရမီရှင်တို့၏ ဘိုးဘေးကြီးသာ။

မဟုတ်ဘူး၊ ဒီကောင် မကောင်းဆိုးဝါးကောင်!

ယဲ့ကျွင်းလင်၏ စိတ်စွမ်းအင်သည် အဆင့်ကိုးဆယ်ကို ကျော်လွန်ပြီး ရပ်တန့်ခြင်းမရှိသေးသည်ကို သူ မြင်သောအခါ…

လျိုဟွမ်းရှု၏ ဦးရေပြား ကျဉ်တက်လာပြီး အလွန်ကြောက်လန့်စွာဖြင့်ပင် “ကိုးဆယ့်တစ်၊ ကိုးဆယ့်နှစ်၊ ကိုးဆယ့်သုံး၊ ကိုးဆယ့်လေး…” ဟု ဆက်လက်ရေရွတ်နေလိုက်သည်။

နောက်ဆုံးတွင် ရေတွက်မှု ပြီးဆုံးသွားခဲ့ပြီး ယဲ့ကျွင်းလင်၏ နောက်ဆုံးရလဒ် စိတ်စွမ်းအင် အဆင့်မှာ…

အဆင့် တစ်ရာ ဖြစ်သည်!!!

ခွင်းလွင်နယ်မြေတွင် လူတိုင်းက အထင်ကြီးလေးစားသော အစီအရင် မဟာအကြီးအကဲသည် မသေမျိုးအရှင် မဖြစ်ခင်က စိတ်စွမ်းအင် အဆင့်သုံးဆယ် ရှိခဲ့ပြီး၊ ၎င်းကို မချိုးနိုင်သော စံချိန်အဖြစ် သတ်မှတ်ထားခဲ့ကြသည်။ သို့သော် ယခုအခါ ဤလူငယ်နှင့် နှိုင်းယှဉ်လိုက်ပါလျှင်…

သူ့စံချိန်သည် ချက်ချင်းပင် သဲမှုန်စလေးအဖြစ် လွင့်ထွက်သွားခဲ့ရလေပြီ။

အဆင့်တစ်ရာ စိတ်စွမ်းအင် ဆိုသည်မှာ အဓိပ္ပာယ်ရော ရှိပါသေးရဲ့လား?

စစ်မှန်သော မသေမျိုးအရှင်တစ်ပါးသည် အဆင့် နှစ်ဆယ်၊ ကောင်းကင်ဘုံ မသေမျိုးအရှင်သည် အဆင့် သုံးဆယ်၊ နက်ရှိုင်းသော မသေမျိုးအရှင်သည် အဆင့် လေးဆယ့်ငါး၊ မသေမျိုးအရှင်သခင် သည် အဆင့်ခုနစ်ဆယ် ဖြစ်လျှင် အဆင့်တစ်ရာသို့ ရောက်ရှိခြင်းသည် မသေမျိုးအရှင်ဘုရင် အဆင့်သာ ဖြစ်ပေ၏။

ဤလူငယ်၏ စိတ်စွမ်းအင်သည် မသေမျိုးအရှင်ဘုရင် တစ်ဦးနှင့် ညီမျှနေသည်။

လျိုဟွမ်းရှုသည် ဤအဖြစ်အပျက်ကြောင့် အလွန် နာကျင်ခံစားနေရပြီး မိမိကိုယ်ကို လူပြက်ကြီးတစ်ယောက်လို ခံစားနေရ၏။ သူ၏ အကြီးမားဆုံး ဂုဏ်ယူခဲ့သော ပါရမီစွမ်းရည်သည် လူငယ်တစ်ဦး၏ ခြေဖျားအောက်မှ မြေမှုန့်လေးသာသာ အဆင့်သို့‌ ရောက်ရှိသွားလေပြီ။

သို့သော် တစ်ချိန်တည်းမှာပင် လျိုဟွမ်းရှုသည် အလွန်ပျော်ရွှင်မိပြန်သည်။ သူသည် ထူးခြားသော ရတနာတစ်ပါးကို မတော်တဆ ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ ခံစားရ၏။ ထိုလူငယ်လေး၏၏ အစီအရင်ဆိုင်ရာ အောင်မြင်မှုများသည် သူ့ကိုယ်ပိုင် အောင်မြင်မှုများကိုပင် ကျော်လွန်သွားနိုင်သည်။ ဤမျှ ထူးချွန်သော ပါရမီရှင်၏ ဦးဆောင်မှုအောက်တွင် ခွင်းလွင်နယ်မြေသည် ပြန်လည် မနိုးထလာနိုင်စရာ အကြောင်းမရှိတော့ပေ။

ထိုတစ်ခဏတွင် လျိုဟွမ်းရှုသည် ငိုရမလား ရယ်ရမလား မသဲကွဲတော့စွာဖြင့် စိတ်အစဥ်မှာ ရှုပ်ထွေးလျက်သား။

နောက်ဆုံးတွင် လျိုဟွမ်းရှု ခေါင်းကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ ငိုသံပါဖြင့် အော်ရယ်လေတော့၏။ “အဆင့် တစ်ရာ… ဝူးဝူး… ဟားဟား… အဆင့် တစ်ရာ… ဝူး… ဟားဟား…”

“အစ်ကိုကြီးလျို၊ အဆင်ပြေရဲ့လား?!” ယဲ့ကျွင်းလင်သည် ထိုတုံ့ပြန်မှုကြောင့် တုန်လှုပ်သွားပြီး အံ့သြသွားရာမှ အကြည့်က တဖြည်းဖြည်း ထူးဆန်းလာသည်။

ခင်ဗျားက ကျွန်တော့်စိတ်စွမ်းအင်ကိုစမ်းသပ်ပြီး ဘာကိစ္စရူးသွပ်သွားရတာလဲ?

တစ်ချိန်တည်းမှာပင် ယဲ့ကျွင်းလင်သည် ထိုစကားများထဲမှ အဓိကအချက်ကို ဖမ်းဆုပ်မိလိုက်၏။ သူ၏ စိတ်စွမ်းအင်ကား အဆင့်တစ်ရာဖြစ်ပေမည်။

“အာ၊ ဒါဆို ကျွန်တော်က အဆင့်တစ်ရာပဲ။ အစ်ကိုကြီးလျိုရဲ့ အဆင့်နှစ်ရာနဲ့ ယှဉ်ရင် အရမ်း ဝေးနေသေးတယ်နော်?”

“အစ်ကိုကြီးလျို၊ ခင်ဗျားကတော့ တကယ်ကို အံ့သြစရာကောင်းတဲ့ ပါရမီရှင်ပါပဲ"

ယဲ့ကျွင်းလင် ရင်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်သည်။

တစ်ဖက်လူနှင့် ထက်ဝက်ကွာခြားနေသေးသော စိတ်စွမ်းအင်အဆင့်ကြောင့် သူ့ကိုယ်သူ အရမ်းအားနည်းနေသေးမှန်း နားလည်လိုက်ရ၏။

ငိုသံနှင့် ရယ်သံများ ချက်ချင်း ရပ်တန့်သွားသည်။

လျိုဟွမ်းရှုသည် သူ့အရှေ့သို့ ဝှစ်ခနဲ‌‌ရောက်လာကာ အခုချက်ချင်း လည်ပင်းညှစ်သတ်တော့မလို မျက်နှာကြီးဖြင့် သူ့အား ပြူးတူးပြဲတဲ စိုက်ကြည့်လာလေသည်။

“အမ်၊ ကျွန်တော် တစ်ခုခု မှားပြောမိလို့လား?” ယဲ့ကျွင်းလင် မအူမလည်ဖြင့် ပြန်မေးလိုက်သည်။

လျိုဟွမ်းရှုသည် ယဲ့ကျွင်းလင်တစ်ယောက် အမှန်တကယ် နားမလည်ခြင်းဖြစ်ပြီး တမင်တကာ ပြက်ရယ်ပြုနေခြင်း မဟုတ်ကြောင်း အတည်ပြုပြီးမှသာ အမူအရာကို နည်းနည်းလျှော့ချပေးလိုက်၏။

ထားလိုက်တော့၊ ဒီကလေးက သူ့ရဲ့ စိတ်စွမ်းအင်အဆင့် ဘာနဲ့ ညီမျှလဲဆိုတာ မသိသေးဘူး။ သူ့ကို အမှန်တရား ပြောမပြထားသေးတာ ပိုကောင်းမယ်။ မဟုတ်ရင် လေပေါ်ကဆင်းမှာမဟုတ်တော့ဘူး။

“တကယ်ပဲ၊ မင်းက မသေမျိုးအရှင်တောင် မဖြစ်သေးဘဲ မင်းရဲ့ စိတ်စွမ်းအင်က အဆင့်တစ်ရာ ရောက်နေတယ်၊ ဒါက တကယ်…”

လျိုဟွမ်းရှု မခံမရပ်နိုင်စွာ အံတင်းတင်းကြိတ်လိုက်ကာ မျက်စိသူငယ်အိမ်များလည်း ထိတ်လန့်စွာ တုန်ခါနေဆဲဖြစ်သည်။ ထို့နောက် တင်းတင်းစိပိတ်ထားသော သွားကြားမှ ထွက်လာသည့်လေသံဖြင့် စကားတစ်ခွန်းဆိုလိုက်၏။

“အေး မဆိုးပါဘူး!”

All Chapters