ရွှယ်ဝူဟန် အချစ်ကိုစိတ်နာသွားခဲ့ပြီ
Vol. 22 Ch. 307
“ကျွန်တော်လည်း အဲ့လိုပဲထင်ပါတယ်” ယဲ့ကျွင်းလင် ခေါင်းညိတ်လိုက်သည်။
သူ မသိသေးသည်မှာ အဆင့်တစ်ရာ စိတ်စွမ်းအင်သည် မသေမျိုးအရှင်ဘုရင်အဆင့်တွင် ရှိနေပြီး၊ မသေမျိုးတစ်ပါးပင် မဖြစ်သေးမီ ထိုအဆင့်ကို ပိုင်ဆိုင်ထားခြင်းသည်ကား တည်ရှိသမျှ ကမ္ဘာအားလုံးတွင် ထူးခြားသော ပါရမီစွမ်းရည်မျိုးပါပေ။
သို့သော် သူသိထားသည့်တစ်ခုကတော့ ဤမျှ ကြီးမားမြင့်သွန်းသော စိတ်စွမ်းအင်အဆင့် ရှိရခြင်းမှာ သူပိုင်ဆိုင်ထားသော စနစ်ကြောင့်ဖြစ်ကြောင်းပင်။
စနစ်ကဲ့သို့ ရှင်းပြထုတ်ဖော်ပြ၍မရသော အရာတစ်ခုက စိတ်ထဲတွင် တည်ရှိနေသောကြောင့် ပိုင်ရှင်ဖြစ်သည့် ယဲ့ကျွင်းလင်၏ စိတ်စွမ်းအင်သည် သူများတကာထက် အားကောင်းနေရခြင်းမှာ ပုံမှန်သာဖြစ်၏။
လျိုဟွမ်းရှုသည် ဤလူငယ်ကား သူ့ကိုတုယှဥ်နိုင်မည့် ရန်သူ ဖြစ်သည်ဟု ခံစားရ၏။ စမ်းသပ်မှုစတင်သည့် အချိန်မှစ၍ ယခုအချိန်အထိ ထိုသူ၏ ပြုမူပုံတိုင်းသည် သူ့ကို အထိတ်တလန့်နှင့် နားမလည်စေနိုင်လောက်အောင် ရှုပ်ထွေးကောက်ကွေးနေမြဲ။ ယခု သူ၏ အထူးပြုကျွမ်းကျင်နယ်ပယ်တွင် ဂုဏ်သိက္ခာကို ပြန်လည်ရယူရန် ကြိုးစားသောအခါ၌လည်း လုံးလုံးလျားလျား ကျရှုံးသွားရပြန်လေသည်။
သူ ပင်ပန်းလှပြီ။
လျိုဟွမ်းရှု ကောင်းကင်သို့ မော့ကြည့်ကာ သက်ပြင်းချလိုက်ရသည်။ ခံစားချက်များစွာ ရောထွေးလျက် နှလုံးသားမှာ လေးလံလှ၏။
ပင်လယ်မှာ အနောက်မှပေါ်လာတဲ့ လှိုင်းတံပိုးအသစ်တွေက အဟောင်းတွေကို အရှေ့ဆီတွန်းပို့တဲ့အခါ တွန်းပို့ခံလိုက်ရတဲ့လှိုင်းတွေက ကမ်းခြေမှာပျောက်ကွယ်သွားတယ်။ အချိန်ကြာလာတာနဲ့အမျှ လူဟောင်းတွေနေရာကို လူသစ်တွေနဲ့ အစားထိုးကြမှာ ပုံမှန်ပါပဲ။
ဤပါရမီရှင်သည် ခွင်းလွင်နယ်မြေ တည်ရှိလာသည့် သန်းပေါင်းများစွာသော နှစ်များအတွင်း ကောင်းကင်နှင့် မြေကြီးမှ အဆီအနှစ်စွမ်းအားကို စုပ်ယူစုဆောင်းကာ မွေးဖွားပျိုးထောင်ခံထားရသည့် ထူးခြားသူတစ်ဦးသာဖြစ်နိုင်သည်။ သို့ဆိုလျှင် ဤမျှအံ့သြဖွယ်ရာပါရမီ ပါရှိနေခြင်းမှာ ထူးဆန်းမနေတော့။
လျိုဟွမ်းရှု လှည့်ပတ်တွေးကာ မိမိကိုယ်ကို နှစ်သိမ့်လိုက်ပြီး စိတ်အခြေအနေကို တည်ငြိမ်စေပြီးနောက် သက်ပြင်းချကာ ပြုံးလိုက်သည်။ “လူငယ်လေး၊ မင်း အစီအရင်ကို ဆက်လက် လေ့လာချင်လား? ငါ မင်းကို လမ်းညွှန်ပေးနိုင်တယ်”
အဆင့်တစ်ရာ စိတ်စွမ်းအင်သည် ကောင်းကင်ဘုံအစီအရင် ဆရာသခင်တစ်ဦးအတွက် အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်၏။ အဆင့် တစ်ရာ့တစ်သို့ ရောက်ရှိပါလျှင် တာအိုအစီအရင် ဆရာသခင် ၏ အခြေခံအဆင့်ပင် ဖြစ်ပေတော့မည်။
လျိုဟွမ်းရှုသည် ယဲ့ကျွင်းလင်ကဲ့သို့ သမိုင်းတစ်လျှောက်တွင် မကြုံရစဖူး ထူးခြားသည့် ပါရမီရှင်တစ်ဦးကို မြှင့်တင်ပေးလိုသော ဆန္ဒဖြင့် အစီအရင် ဗဟုသုတများ အဆင်သင့်ပို့ချသင်ကြားပေးကာ စစ်မှန်သော ကောင်းကင်ဘုံအစီအရင် ဆရာသခင်တစ်ဦး ဖြစ်လာစေရန် ကူညီလိုခဲ့သည်။
သူတို့လို ရွှေခေတ်တစ်ခါတုန်းကပင် ကောင်းကင်ဘုံ အစီအရင် ဆရာသခင်များဆိုသည်မှာ နေရာတကာတွင် ဦးစားပေးခံရပြီး ပလ္လင်ထက် တင်ထားကိုးကွယ်ကြတော့မတတ် သည်းသည်းလှုပ်ခံရသည့် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များ ဖြစ်ပေသည်။
မသေမျိုးအရှင်ဘုရင်များကပင် ရိုသေလေးစားစွာ မိတ်ဆွေဖွဲ့ဖို့ ကြိုးစားလာကြမည်ဖြစ်ပြီး လျစ်လျူရှုဖို့မရဲစွာ ကြိုဆိုကမ်းလင့်ကြရမည့် အနေအထားဖြစ်၏။
အကယ်၍ ကောင်းကင်ဘုံအစီအရင် ဆရာသခင်တစ်ဦးက တစ်နေ့တွင် တာအိုအစီအရင် ဆရာသခင်အဆင့်သို့ ချိုးဖျက်တက်ရောက်လိုက်နိုင်ပါက ထိုသူ၏ အသုံးဝင်မှုနှင့် အလားအလာသည် မည်သည့်မသေမျိုးအရှင်ဘုရင်နှင့်မဆို ရင်ဘောင်တန်းနှိုင်းယှဥ်နိုင်မည့် အဆင့်အတန်း ဖြစ်သောကြောင့်ပင်။
ထိပ်ဆုံးအဆင့် တာအိုအစီအရင် ဆရာသခင်တစ်ဦးအတွက် သာမန်မသေမျိုးအရှင်သခင်များမှာ ရိုကျိုးစွာ အောက်ကျခံဆက်ဆံပေါင်းသင်းပေးရမည်မှာ ထုံးစံဖြစ်၏။
ကောင်းကင်ဘုံအစီအရင် ဆရာသခင်တစ်ဦးက ထိုမျှအထိ တန်ဖိုးရှိသည်။
လျိုဟွမ်းရှုသည် အစီအရင် ပါရမီရှင်တစ်ဦးကို ပျိုးထောင်ရန် စိတ်အားထက်သန်နေချိန်တွင် ယဲ့ကျွင်းလင်၏ တုံ့ဆိုင်းမှုမရှိသော စကားသံက ရုတ်တရက် ထွက်ပေါ်လာသည်။
“ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် မသင်ချင်ပါဘူးခင်ဗျာ!”
သူ၏ လေသံသည် ယဉ်ကျေးသော်လည်း အငြင်းစကားသည် အငြင်းစကားသာ။
လျိုဟွမ်းရှု : “???”
ဘာပြောလိုက်တယ်?
သူ့လို ဂုဏ်သိက္ခာရှိ အစီအရင် မဟာအကြီးအကဲတစ်ဦးက တပည့်လက်ခံသင်ကြားပေးဖို့ ဖိတ်ခေါ်ခြင်းကို ဒီလို တိုက်ရိုက်ငြင်းပယ်ရဲတယ်တဲ့လား?
ဒါ ဘယ်လောက် အဖိုးတန်တဲ့ အခွင့်အရေးလဲ မင်းမသိဘူးလား?!
အတိတ်ကာလများတုန်းကဆိုလျှင် လျိုဟွမ်းရှုတစ်ယောက် တပည့်လက်ခံခေါ်ယူမည်ဟု ကြေညာလိုက်သည်နှင့် ခွင်းလွင်နယ်မြေရှိ အစီအရင် ဆရာသခင်အားလုံး ရူးသွပ်မတတ် စိတ်လှုပ်ရှားကုန်ကြပေမည်။ သူကိုယ်တိုင် သင်ခန်းစာများ ပို့ချပြီး နည်းလမ်းတစ်ခု တစ်ခုလောက် အမွေအနှစ်အဖြစ် ပေးအပ်လာပါလျှင် ထိုတပည့်လေးများမှာ ဝမ်းသာအားရငိုကြွေးလာကြမည်ဖြစ်ပြီး နေရာတွင်ပင် ခေါင်းကိုင်ဖခင်အဖြစ် အသိအမှတ်ပြုတိုင်တည်ကြကုန်ပေမည်။
သို့သော် ဒီကောင်က သူ့ကိုငြင်းသည်။
ငါ့ဂုဏ်သိက္ခာလေးကို တကယ်ပဲ ပြန်မရနိုင်တော့ဘူးလား?
အရမ်း လွန်လွန်းတယ်…
ယဲ့ကျွင်းလင်မှာတော့ တစ်ကိုယ်လုံးရှိ အမွေးအမျှင်အားလုံး ထောင်ထနေသည်အထိ လျိုဟွမ်းရှု၏ အစီအရင်သင်ကြားပို့ချခြင်းအား အပြင်းအထန် ငြင်းဆန်ချင်နေခဲ့၏။
အကြောင်းပြချက်က ရိုးရှင်းပါသည်။ သူ့တွင် အစီအရင် ပါရမီ လုံးဝမရှိ။ သူ၏ ပါရမီစွမ်းရည်နှင့် စိတ်စွမ်းအင်အဆင့်များ အားလုံးသည် စနစ်၏ ဆုလာဘ်များမှ ရရှိခဲ့ခြင်းသာဖြစ်၏။ ဆိုလိုသည်မှာ သူသာတစ်စုံတစ်ခုကို ဆန္ဒရှိလျှင် ချက်ချင်းတတ်မြောက်ကျွမ်းကျင်လိုက်လို့ရသည်။
ပင်ပင်ပန်းပန်း ဆက်လက် စူးစမ်းရှာဖွေပြီး စွမ်းရည်မြှင့်တင်ရန် စိတ်မပါလှပါ။
ဆုလာဘ်များ လက်ဝယ်အရောက် ရရှိနိုင်နေချိန်တွင် အဘယ်ကြောင့် ကြိုးစားလေ့လာရဦးမည်နည်း?
ဒါက သက်သက်ဒုက္ခရှာနေတာ မဟုတ်ဘူးလား?
ထို့ကြောင့် ယဲ့ကျွင်းလင်သည် လျိုဟွမ်းရှု၏ စိတ်အားထက်သန်မှုကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ရခြင်း ဖြစ်၏။
သင်ယူလေ့လာဖို့သည့် သူ့အတွက်တော့ မဖြစ်နိုင်၊ ဘယ်တော့မှ ဖြစ်လာနိုင်မည်မဟုတ်။ စနစ်၏စွမ်းဆောင်ရည်ဖြင့် စဦးလေ့လာသူမှ ထိပ်သီးဆရာသခင်ကြီးအဆင့်သို့ တန်းခနဲရောက်သွားနိုင်နေချိန်တွင် အဘယ့်ကြောင့် တကူးတက တပည့်ခံလေ့လာနေရဦးမည်နည်း?
လျိုဟွမ်းရှု မျက်နှာတင်းသွားသည်။ “လူငယ်လေး၊ မင်း ဘာပြောနေတာလဲ မင်းသိရဲ့လား? ဒါက မင်းအတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုပဲ၊ မင်း တန်ဖိုးထားသင့်တယ်!”
ယဲ့ကျွင်းလင် နှာခေါင်းကိုပွတ်လိုက်ပြီး သာမန်ကာလျှံကာပြန်ဖြေလိုက်သည်။ "ဪ"
“မင်းသာ ဒီနေရာမှာ ခဏနေဖို့စိတ်ရှိရင် ငါချက်ချင်း သိသမျှအားလုံး ပို့ချသင်ပြပေးမယ်။ ဒီနေရာမှာတင် ကမ္ဘာမြေ အစီအရင်ဆရာသခင် အဆင့်ကို ကျော်လွန်ပြီး ကောင်းကင်ဘုံအစီအရင် ဆရာသခင်အဆင့်ကို ရောက်အောင် လုပ်ပေးမယ်လို့ ငါ အာမခံတယ်!”
“ဪ”
“ကောင်းကင်ဘုံအစီအရင် ဆရာသခင်ဆိုတာ ဘာကို ဆိုလိုမှန်း မင်းသိလား? မသေမျိုးဘုံမှာတောင် လူတကာလိုချင်နေကြတဲ့ အဆင့်အတန်းမျိုးကွ!”
“ဪ”
“ဒီလို မလုပ်ပါနဲ့၊ ငါ့ကို အခွင့်အရေးလေး ပေးပါဦး၊ ဒါလေးတော့ သင်ပေးပါရစေကွာ၊ ကျေးဇူးပြုပြီး…”
“ဪ”
“မင်းမေကလွှားကို ဪ!!”
လျိုဟွမ်းရှု သည်းမခံနိုင်တော့ပေ။ သူသည် ပုံမှန်အားဖြင့် တာအိုလမ်းစဥ်ကို လိုက်နာကျင့်သုံးကာ အေးဆေးတည်ငြိမ်လေ့ရှိသည့် မသေမျိုးအရှင်တစ်ပါးဖြစ်သော်လည်း ယခုအခါ ဒေါသထွက်နေသော အဘိုးကြီးတစ်ဦးကဲ့သို့ ယဲ့ကျွင်းလင်ကို နေရာမှာပင် မအေကိုင်တုပ်လိုက်မိတော့၏။
ယဲ့ကျွင်းလင် : “…”
ဆဲဖို့ထိ လိုလို့လား?
မသင်ချင်လို့ မသင်ချင်တာပေါ့။ ဘာလို့အတင်းလိုက်ပြောနေတာလဲ?
“အစ်ကိုကြီးလျို၊ ခင်ဗျားရဲ့စေတနာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ခင်ဗျား ကျွန်တော့်အတွက် စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော့်ရဲ့ စိတ်စွမ်းအင် ပါရမီကတောင် ဒီလောက်ဆိုးရွားနေတာ။ အဆင့် တစ်ရာလေးပဲ ရှိတယ်လေ၊ ဒါက အတော်လေးကို...” ယဲ့ကျွင်းလင် ရှက်ရွံ့သွားသော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။
အုန်း!
လျိုဟွမ်းရှုမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခေါင်းမွှေးပြောင်မတတ် ထွက်လာသောဒေါသဖြင့် သူ့ရင်ဘတ်သူ ဖိကိုင်လိုက်ကာ အနောက်သို့ပင် ယိုင်လဲသွားရသည်။ ထို့နောက် တုန်ယင်နေသောလက်ညှိုးဖြင့် တစ်ဖက်လူကို ထိုးညွှန်ကာ နှုတ်ခမ်းများ တဆတ်ဆတ်တုန်လျက် စကားအနည်းငယ်ကို ဖျစ်ညှစ်ထုတ်ပြောလိုက်သည်။ “မင်း၊ မင်း စောက်ကလေး…”
နားထောင်ကြည့်ကြစမ်းပါဦး။ ဒါ လူတစ်ယောက် ပြောသင့်တဲ့ စကားလား?
မင်းရဲ့ ပါရမီက အရမ်းဆိုးရွားတယ်ဆိုရင် ငါက ဘာလဲ?
ငါက အမှိုက်အဆင့်တောင် ရှိသေးရဲ့လား?
လျိုဟွမ်းရှုသည် ဤလူကို ဤနေရာတွင် ဆက်ထားမိပါက သူဒေါသထွက်၍ သွေးအန်သေဆုံးမည်အား စိုးရိမ်မိလာသည်။