အခန်း (၂၉၈)
Vol. 22 Ch. 298
ဟုန်ချန်ယဲ့သည် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသည်ကို ခံစားလိုက်ရပြီး သေခြင်းတရား၏ အရိပ်မည်းကြီးက သူ၏နှလုံးသားကို ဖုံးလွှမ်းသွားသည်။ သို့သော် သူ မခုခံနိုင်ပေ၊ စွမ်းအားကွာခြားမှုမှာ အလွန်ကြီးမားလှသည်ပင်။ ကူကယ်ရာမဲ့စွာ အသတ်ခံရတော့မည့် အခြေအနေရှိ၏။
ထိုအချိန်တွင် ချီမေ့တောင် အနီးရှိ သေခြင်းတရားချီဓာတ်လွှမ်းမိုးမှုမှာ လွန်စွာ နီးနီးကပ်ကပ်လေးသို့ ရောက်ရှိနေပြီဖြစ်သည်။ ဤဧရိယာမှလွဲ၍ အခြားနေရာများမှာ သေခြင်းတရားစွမ်းအားဖြင့် ဝါးမြိုခံထားရပြီး မှောင်မိုက်ပြီး နေရောင်မရှိသော ငရဲဘုံအဖြစ်သို့ ပြောင်းလဲသွားလေပြီ။
တက်ကလောက် တက်ကလောက် တက်ကလောက်~
ရုတ်တရက် စည်းချက်ကျကျ မြည်းခွာသံလေးများအား ကြားလိုက်ရသည်။
အသံနောက်သို့ လိုက်ကြည့်လိုက်လျှင် မျက်လုံးကြီးကြီးဝိုင်းဝိုင်းလေးများကို ပိုင်ဆိုင်ထားသည့် မီးခိုးရောင်မြည်းတစ်ကောင်သည် ရှည်လျားပြီး ပြောင်လက်သော လျှာကို အစွမ်းကုန်ထုတ်ကာ ရှေ့မှ ဝဲလည်နေသော မုန်လာဥကို အရဖမ်းရန် ကြိုးစားနေသည်အား တွေ့ရပေမည်။ ၎င်း၏ကျောပေါ်တွင် ထိပ်ပြောင်ပြောင် မျက်နှာစပ်ဖြဲဖြဲနှင့် လူတစ်ဦး ခြေချိတ်ထိုင်နေပြီး မုန်လာဥကို ငါးမျှားတံတွင်ချိတ်လျက် မြည်းရှေ့တွဲလောင်းချထားသည်။ သူ၏ခေါင်းပေါ်တွင် စာသားတစ်ကြောင်းမှာ ထူးခြားစွာ ပေါ်လွင်နေ၏- "ပြိုင်ဘက်ကင်းအထီးကျန် လူပျိုကြီး!"
ဤထူးဆန်းသော ပေါင်းစပ်မှုကို မြင်သော် ချန်ရှောင်း မျက်ခုံးပင့်လိုက်သည်။
"ဘယ်လိုလုပ် စမ်းသပ်မှုမှာ တတိယလူတစ်ယောက်ပါ ကျန်နေသေးတာလဲ?" သူသည် ခုနက အလွန်စိတ်လွတ်သွားပြီး မြေပုံပေါ်တွင် ပြသထားသော ကျန်ရှိသူဦးရေကို သတိမထားမိခဲ့ပေ။
ဟုန်ချန်ယဲ့ မျက်လုံးကို မှေးကျဉ်းကာ ကြည့်လိုက်သည်။ "အစောပိုင်းက မသေမျိုးလှေပေါ်မှာ တွေ့ခဲ့တဲ့ ထူးဆန်းတဲ့ကောင်ပဲ။"
ဘာကြောင့်မှန်းမသိ ထိုထိပ်ပြောင်၏ ပေါတောတောနှင့် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အမူအရာက သူ့ကို ရင်းနှီးသော ခံစားမှုတစ်ခု ပေးနေခဲ့သည်။ သူများ ဖြစ်နိုင်မလား... ဟုန်ချန်ယဲ့ ခေါင်းခါလိုက်သည်။ အကယ်၍ ထိုသူဖြစ်နေခဲ့ရင်တောင် ဒီအချိန်ပေါ်ထွက်လာခြင်းက ကိုယ့်သေတွင်းကိုယ်တူးသည်နှင့် မခြားပေ။
တစ်ချက် အားကုန်တိုက်ကြည့်ပြီးသည့်နောက် ဟုန်ချန်ယဲ့သည် ချန်ရှောင်းသာ နောက်ဆုံးအနိုင်ရသူ ဖြစ်မည်ဖြစ်ကြောင်း ခန့်မှန်းသတ်မှတ်ထားပြီးသား ဖြစ်သည်။
ယဲ့ကျွင်းလင်မှာ သူ၏နောက်ဘက်ရှိ သေခြင်းတရားစွမ်းအား ဖုံးလွှမ်းနေသော နေရာကို ပြန်လှည့်ကြည့်ရင်း ကြောက်ကြောက်ဖြင့် ရေရွတ်လိုက်သည်။ "ကံကောင်းတာက၊ အချိန်တော့ ရှိပါသေးတယ်"
ယဲ့ကျွင်းလင်က ပတ်ပတ်လည်ကို စူးစမ်းစွာ ကြည့်လိုက်သည်။ "ဒါ ချီမေ့တောင်လား?"
ချီမေ့တောင်သည် ကြီးမားသော တိုက်ပွဲကြောင့် မွမွကြေအောင် ဖျက်ဆီးခံထားရပြီး ယခုအခါ ပျက်စီးယိုယွင်းနေလေပြီ။
သူ၏အကြည့်သည် ဆက်လက်လှည့်ပတ်သွားရာ သေလုမြောပါးဖြစ်နေသော ခရမ်းရောင်သံချပ်ကာဝတ် လူငယ်နှင့် ကောင်းကင်ထက်မှ နတ်နဂါးတမျှသော ပုံရိပ်ကို တွေ့လိုက်ရသည်။ ယဲ့ကျွင်းလင် သည် ချန်ရှောင်း၏ နဂါးလူသားပုံစံကို ကြည့်ပြီး အာမေဋိတ်ပြုလိုက်သည်။ "ဝိုး၊ ဒီဂိမ်းမှာ နဂါးလူသားပေါက်စလေးတောင် ပါတယ်ဟ!"
ထိုစကားကို ကြားသည်နှင့် ချန်ရှောင်း ဒေါသတကြီး ဆဲဆိုလိုက်သည်။ "ဘာပြောတယ် ငတုံးကောင်!" "ဘာ နဂါးလူသားပေါက်စလေးလဲ? ငါ့ကို နဂါးအရှင်သခင်လို့ ခေါ်စမ်း!"
စိတ်တိုနေစဥ် ပြောင်စပ်စပ်ရုပ်အား မြင်လိုက်ရသော် ချန်ရှောင်း ပို၍ဒေါသထွက်လာသည်။ ထို့အပြင် ထိုထိပ်ပြောင်က သူ့ကို အလွန်ရင်းနှီးသော ခံစားမှုမျိုး ပေးစွမ်းနေပြီး အလွန်လည်းစိတ်အနှောင့်အယှက် ဖြစ်စေသည်။
ထိပ်ပြောင်က ကျယ်လောင်စွာ ပြန်အော်ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ မင်း နဂါးရေခြုံလိုက်တာနဲ့ မင်းကိုယ်မင်း နဂါးဘုရင်ဖြစ်သွားပြီလို့ ထင်နေတာလား?" ထိုမျက်နှာနှင့် သူ၏ခေါင်းပေါ်မှ အမည်ကို ပေါင်းစပ်လိုက်သော် လှောင်ပြောင်စကားမှာ တစ်ဖက်လူအား အဆုံးစွန်သောအားဖြင့် ထိမှန်စေခဲ့လေ၏။
ချန်ရှောင်း အသားတဆတ်ဆတ်တုန်သွားပြီး သူ၏မျက်နှာမှာ ဖြူရော်သွားသည်။ ထိုထိပ်ပြောင်သည် သူ ယခင်က တွေ့ဆုံခဲ့ဖူးသော ရန်သူများစွာထက် အဆတစ်သောင်း ပိုမုန်းတီးစရာကောင်း၏။ ဒေါသအလျောက် ချန်ရှောင်းသည် သူ၏နဂါးလက်သည်းကို အပြည့်အဝ ဆန့်ထုတ်ကာ ထိုသူ့အား ရိုက်ချလိုက်သည်။
"ခွေးသူခိုး၊ သေစမ်း!"
အုန်း!
နဂါးလက်သည်းသည် ကောင်းကင်ကို ထောက်ပံ့ထားသော ဧရာမလက်ဖဝါးကြီးကဲ့သို့ ကျယ်ပြန့်ကာ ရိုက်ချလိုက်စဥ်တွင် ရွှေရောင်နဂါးပုံရိပ်တစ်ခုပါ ဖြာထွက်လာကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားဖြင့် ထိပ်ပြောင်ထံသို့ တည့်တည့်ကျရောက်သွား၏။
ထိပ်ပြောင်သည် အကြောက်လွန်သွား၍လားမသိ ရှောင်တိမ်းခြင်းမရှိ မလှုပ်မယှက် ရပ်နေသည်။
ဟုန်ချန်ယဲ့ သက်ပြင်းတစ်ချက်ချလိုက်သည်။ တိုက်ပွဲကား ပြီးဆုံးလေပြီ။ "အင်း၊ ငါထင်ထားတဲ့အတိုင်းပါပဲ..."
ချန်ရှောင်း၏ အမူအရာသည် ကြမ်းကြုတ်ရက်စက်ကာ အလွန်ကျေနပ်အားရနေဟန်ရှိ၏။ နက်ရှိုင်းသော မကျေနပ်ချက်တစ်ခုကို ပေါက်ကွဲထုတ်လိုက်သကဲ့သို့ပင်။
"သေစမ်း!!!"
ဝှစ်~!
ထိုအချိန်မှာပင် တောက်ပပြီး အစွမ်းထက်သော ဓားအလင်းတစ်ခုသည် ကောင်းကင်တစ်ခုလုံးအား လင်းထိန်စေပြီး ကျယ်ပြောလှသော ကောင်းကင်ယံကို အလယ်မှ နှစ်ခြမ်းပိုင်းဖြတ်တော့မလို ထိုးတက်သွားကာ ရှုပ်ထွေးရောယှက်နေသော အက်ကွဲကြောင်းများကို ဖြစ်ပေါ်စေသည်။ ဤအတုအယောင်လောကတစ်ခုလုံးကို ဖြိုခွင်းဖျက်ဆီးမိ တော့မတတ်ပင်။
ချန်ရှောင်းသည် ဓာတ်လိုက်ခံရသကဲ့သို့ တွန့်ခနဲ နောက်ဆုတ်သွားပြီး သူ၏လက်ဖဝါးမှာ သွေးများပေကျံကာ ပြတ်လုနီးပါး ဒဏ်ရာနက်နက်ရထားကြောင်း သိလိုက်ရ၏။ ကြောက်ရွံ့မှုလှိုင်းတစ်ခု သူ့အား လွှမ်းခြုံသွားသည်။ ထိတ်လန့်မှုများပြည့်နှက်နေသော မျက်လုံးဖြင့် သူပြန်မော့ကြည့်လိုက်သည်။
"မင်းလက်ထဲကဟာ၊ အဲ့ဒါ ဘယ်လိုလက်နက်မျိုးလဲ?"
တိုက်ကွက်တစ်ကွက်တည်းဖြင့် သူ့အား သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားစေပြီး သွေးသား ထဲရှိ ပုန်းကွယ်နေသော ကြောက်ရွံ့မှုကို လှုံ့ဆော်နိုင်ခဲ့သည်။ ဤသည်မှာ အလွန်မယုံနိုင်စရာပင်။ သူသည် နတ်နဂါးစွမ်းအားကို ရရှိထားသူဖြစ်သောကြောင့် ဤကျွန်းပေါ်တွင် သူ့ကို ခြိမ်းခြောက်နိုင်သော အခြားအရာ ထပ်ရှိနေစရာ အကြောင်းမရှိ။
"ဟိုက်!!" ရုတ်တရက် တိုက်ပွဲအခြေအနေပြောင်းလဲသွားသည်ကို မြင်သောအခါ ဟုန်ချန်ယဲ့သည် လေအေးအေးကို တစ်ချက်ရှိုက်ရှူလိုက်ရင်း သေလောက်အောင်ထိတ်လန့်အံ့သြသွားရတော့သည်။
ထိုထိပ်ပြောင်သည် မြည်းပေါ်တွင် ဟန်မပျက်ထိုင်လျက် ခမ်းနားပြီး အာဏာရှိသော ဓားကြီးတစ်ချောင်းကို မြှောက်ကိုင်ထားသည်။ ဓားရိုးတွင် နဂါးပုံစံထွင်းထုထားသော ကနုတ်လက်ရာများ ပါရှိပြီး ဓားသွားသည် တောက်ပသော ရွှေရောင်အလင်းဖြင့် တဖျတ်ဖျတ်လက်နေကာ ကောင်းကင်ကို ဖြတ်တောက်ထိုးခွဲနိုင်မည့် အာဏာရှင်အငွေ့အသက်တစ်ခုအား ထုတ်လွှတ်နေ၏။
ယဲ့ကျွင်းလင်သည် နဂါးနိုင်ဓား ကို ကိုင်ထားပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ "မင်းတို့ ဂိမ်းကစားဖူးလား? နဂါးနိုင်ဓားအကြောင်း ကြားဖူးသလား?" "မင်းက နဂါးမင်းဆို ငါက နဂါးနိုင်မင်းပဲကွ။ သတ္တိရှိရင် လာအခုတ်ခံလှည့်စမ်း!!!"