← Chapters

အခန်း (၃၀၀)

Vol. 22 Ch. 300

အခန်း (၃၀၀)

Vol. 22 Ch. 300

ဒေါင်ခနဲ မြည်သံ။

ရွှေရောင်ခေါင်းလောင်းကို ဗလာလက်သီးဖြင့် ထိုးခွဲရန်ကြိုးစားမိသကဲ့သို့ အထိအခိုက်ကင်းသော ဒေါင်ခနဲမြည်သံတစ်ချက်။

"ဒါ၊ ဒါက..." ချန်ရှောင်း၏ လက်မောင်းတစ်ခုလုံး ကျဥ်တက်သွားပြီး နဂါးလက်သည်းမှ ပြန်ကန်တက်လာသော ဖိအားကို ခံစားရသောအခါ သူ၏အမူအရာမှာ မယုံကြည်နိုင်ဖြစ်သွားရသည်။

ထိပ်ပြောင်၏ နောက်ဘက်တွင် ရွှေရောင်ဒိုင်းတစ်ခု တည်ရှိနေပြီး ၎င်း၏စွမ်းအင်ရင်းမြစ်မှာ သူ၏လက်ထဲရှိ နဂါးနိုင်ဓား ပင်! ဤသည်မှာ နဂါးနိုင်ဓား၏ အားသာချက်ဖြစ်သည်- လမ်းကြောင်းအားလုံးကို ၁၀၀ရာခိုင်နှုန်း ပိတ်ဆို့ကာကွယ်ပေးပြီး နဂါးများကို သတ်ဖြတ်ရန်အတွက် ကိုင်ဆောင်သူအား လုံခြုံဘေးကင်းအောင် မျက်စိလျှင်လျှင်‌ စောင့်ရှောက်ပေးထားနိုင်သော ဘက်စုံသုံးလက်‌ထောက်လေးပင်။

ထိပ်ပြောင်က အေးအေးဆေးဆေးဟန်ပန်ဖြင့် လှည့်ကြည့်လိုက်ရာ ရုပ်ဆိုးဆိုးမျက်နှာသည် လူကို အလိုလိုလှောင်ပြောင်နေသကဲ့သို့။ "တော်တော်မြန်သားပဲနော်"

"မင်း!" ချန်ရှောင်းသည် ထိတ်လန့်မှုနှင့်အတူ ဒေါသလည်းထွက်နေပြီး သူ၏ဂုဏ်သိက္ခာကို စော်ကားခံရသည်ဟု ခံစားရသောကြောင့် လက်မလျှော့စွာ နဂါးလက်သည်းများကို လက်သီးအဖြစ် တင်းတင်းဆုပ်လျက် စွမ်းအားအပြည့်ဖြင့် မောင်းတင်ပြီး အရှေ့မှထိပ်ပြောင်ကို အဆက်မပြတ် ထိုးနှက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရွှေရောင်ဒိုင်းကာသည် ထိပ်ပြောင်၏ရှေ့တွင် အလိုအလျောက် ကျယ်ပြန့်လာပြီး မိုးရွာသကဲ့သို့ လျင်မြန်သော ထိုးနှက်မှုများကို ခုခံကာကွယ်ပေးလာ၏။

ဘန်း ဘန်း ဘန်း ဘန်း~!

ကွဲအက်ပျက်စီးခြင်းကင်းသော အသံများက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး ကြားရသူအပေါင်း၏ နှလုံးသားကို ကြောက်ရွံ့မှုဖြင့် တုန်လှုပ်စေသည်။

ယဲ့ကျွင်းလင်မှာတော့ အနည်းငယ် စိတ်ဓာတ်ကျနေသည်။ 'ငါ ဘာမှ မပြောရသေးဘူးထင်တာပဲ၊ ဒီကောင်က ဘာလို့ ဒီလောက်ဒေါသကြီးနေရတာလဲ?'

သို့သော် ထိုမျက်နှာဖြင့် ရိုးရိုးနှုတ်ဆက်စကားဆိုလျှင်ပင် တစ်မိသားစုလုံးကို သိမ်းကျုံးဆဲဆိုသကဲ့သို့ အထင်ခံရမည်မလွဲပေ။ ယဲ့ကျွင်းလင် ခေါင်းခါလိုက်သည်။ မှော်စွမ်းအားများ အမြန်ကုန်ဆုံးသွားမည့်အရေးကို ရှောင်ရှားရန် သူသည် နဂါးနိုင်ဓားကို ကိုင်ပြီး ပုံမှန်တိုက်ခိုက်မှုများ စတင်လိုက်တော့၏။

ဝှစ် ဝှစ် ဝှစ်၊

ချွန်ထက်သော ဓားစွမ်းအားများသည် မြေပြင်ကို လေအဟုန်ဖြင့် ရှင်းလင်းသွားစေပြီး သဲနှင့်ကျောက်စရစ်ခဲများက နေရာအနှံ့ လွင့်ပျံထွက်နေသည်။

"လာခဲ့စမ်းပါ!!!" ချန်ရှောင်းသည် စိတ်လွတ်သွားသကဲ့သို့ အော်ဟစ်လိုက်သည်။ ဒီလူကိုသာ အနိုင်ယူနိုင်လျှင် ပွဲပြီးပြီဟူသောအတွေးကြောင့် အပြုအမူများမှာ အလွန်အလောတကြီးနိုင်လျက်။

ဤမျှကြီးကျယ်သော တိုက်ပွဲကို မြင်သောအခါ မလှမ်းမကမ်းရှိ ဒဏ်ရာကြီးစွာရထားသော ခရမ်းရောင်ဝတ်လူငယ်မှာ အလွန်အံ့အားသင့်သွားသည်။ သို့သော် နောက်တစ်စက္ကန့်တွင် တစ်စုံတစ်ခုကို တွေးမိလိုက်သကဲ့သို့ ဆိုးသွမ်းစွာတစ်ချက်ပြုံးလိုက်၏။

"တိုက်ကြ၊ သေအောင်တိုက်ကြ၊ မင်းတို့နှစ်ကောင်လုံး အတူတူ သေဆုံးသွားရင် အကောင်းဆုံးပဲ!"

ဘေးမှ ပွဲကြည့်သူအဖြစ် ဟုန်ချန်ယဲ့က စိတ်ထဲမှ ထပ်ခါတလဲလဲ လှောင်ပြောင်နေလိုက်သည်။ ထို့နောက် သတိမထားမိစေရန် အတတ်နိုင်ဆုံး ပုန်းအောင်းငြိမ်သက်နေပြီး တောက်လောင်နေသော မျက်လုံးများဖြင့် ပုံရိပ်နှစ်ခု တစ်ဦးနှင့်တစ်ဦး အကြိတ်အနယ် သတ်ဖြတ်နေသည်ကို စောင့်ကြည့်နေလိုက်၏။ ဤပြိုင်ဘက်ကြီးနှစ်ဦးသာ ပြိုင်တူလဲကျသွားလျှင် သူသည် အဆုံးအထိ အသက်ရှင်ကျန်ရစ်သူ ဖြစ်လာပေမည်!

ဟုန်ချန်ယဲ့ စိတ်ကူးယဥ်နေစဥ်မှာပင် အံ့သြဖွယ်ကောင်းသော ချီစွမ်းအင်လှိုင်းများ တဟုန်ထိုးထွက်ပေါ်လာပြီး ပျံ့နှံ့သွားသည်။

"အွတ်!"

ဟုန်ချန်ယဲ့ တုန်လှုပ်သွားပြီး သွေးများအန်ထွက်လာသည်။ နာကျင်မှုကြောင့် မျက်နှာကြီးစွာပျက်ကာ ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် အရှိန်ဖြင့် ဆယ်ကြိမ်ခန့် လိမ့်လျက် တောင်နံရံကို ပြင်းထန်စွာ တိုက်မိသည်။ ကိုယ်တွင်းအင်္ဂါများ တုန်ယင်နေသည်ကိုပင် ခံစားရပြီး သူ၏ခန္ဓာကိုယ်ရှိ အရိုးများက တကျွတ်ကျွတ်မြည်လျက်ရှိ၏။ သံချပ်ကာပင်မကျန် ပျက်စီးသွားသောကြောင့် သူ၏ကာကွယ်မှုစနစ်မှာ အနိမ့်ဆုံးဖြစ်နေပြီး ထိုမျှကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်ရိုက်ခတ်မှုကို သူမခံနိုင်တော့ပေ။

"ဝေးဝေး၊ ငါ ပိုဝေးဝေးပြေးရမယ်၊ မဟုတ်ရင် ငါ..." ဟုန်ချန်ယဲ့ အံတင်းတင်းကြိတ်ကာ တိုက်ပွဲ၏ လေပွေထဲတွင် မပါဝင်မိစေရန် ထရပ်ဖို့ ရုန်းကန်နေသည်။ သို့သော် နောက်ကျသွားလေပြီ!

တိုက်ခိုက်နေသော ပုံရိပ်နှစ်ခုမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများမှာ သစ်ပင်များကို ချိုးဖျက်၍ ကျောက်တုံးများကို ကြေမွစေနိုင်စွမ်းရှိပြီး လျှပ်စီးတစ်ချက်ပမာ ဟုန်ချန်ယဲ့ကို ထိမှန်စေလိုက်ရာ သွေးတစ်ပွက် ထပ်မံအန်ထုတ်လိုက်ရပြီး အသက်စွမ်းအင်များလည်း ဟုတ်ခနဲလျော့ကျသွားရ၏။

ဖော်ပြရန်ခက်ခဲသော ခံစားမှုတစ်ခုဖြင့် ဟုန်ချန်ယဲ့၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားပြီး စကားလုံးအနည်းငယ်ကို အနိုင်နိုင်ရေရွတ်လိုက်သည်။ "လုံ...လောက်ပါပြီ..." ထိုအသံလေး တိတ်ကျသွားသည်နှင့် တိုက်ခိုက်နေသော ပုံရိပ်နှစ်ခုက ရုတ်တရက် ပိုမိုနီးကပ်လာပြီး သူတို့ ထုတ်လွှတ်လိုက်သော စွမ်းအင်စီးကြောင်းများက သူ့ထံသို့ တဟုန်ထိုးပြေးဝင်လာသည်။

သေခြင်းတရား၏ နှုတ်ဆက်စကားကို ကြားယောင်မိလိုက်ချိန်တွင် ဟုန်ချန်ယဲ့၏ မျက်လုံးများ ပြူးကျယ်လာပြီး ဒေါသတကြီး ထဆဲလိုက်သည်။ "မင်းတို့ သေချာပေါက် တမင်သက်သက် လုပ်နေကြတာ မဟုတ်လား?!"

နောက်တစ်စက္ကန့်တွင် ကြီးမားသော နာကျင်မှုသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အော်သံလေးတစ်ချက် မထုတ်နိုင်မီ သတိအစဥ်မှာ အမှောင်ကျသွားရတော့၏။

မုန်တိုင်းငြိမ်သက်သွားပြီးနောက် မြေပြင်ပေါ်တွင် သစ်သားသေတ္တာတစ်လုံး ပေါ်ပေါက်လာသည်။ မှန်သည်။ နတ်ဆိုးအရှင်ကြီးမှာ လူနှစ်ဦး၏တိုက်ပွဲမှ သက်ရောက်ရိုက်ခတ်မှုကြောင့် အားနည်းစွာသေဆုံးသွားရခြင်းပင်!

မှတ်သားစရာတစ်ခုရှိတယ်။ ဘော့စ်တွေတိုက်ခိုက်နေတဲ့အချိန် ဘေးကနေ တစ်ယောက်တည်း အားသွားမပေးနဲ့။ ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေစာပင်မခံနိုင် ဆိုတဲ့စကားပုံက အလကားမဟုတ်ဘူးကွ။

All Chapters