တိုက်ပွဲကြား မြေစာပင်
Vol. 22 Ch. 299
တိတ်ဆိတ်ခြင်း။
သေလောက်အောင်တိတ်ဆိတ်ခြင်း။
ချန်ရှောင်း အံ့အားသင့်သွားပြီး သူ၏စိတ်ထဲတွင် မေးခွန်းများစွာ အစီအရီပေါ်ထွက်လာသည်။ ဂိမ်းဆိုတာ ဘာကြီးလဲ? နဂါးနိုင်မင်း ဆိုတာ ဘယ်သူလဲ? ဘာလို့ ငါက သွားပြီး အခုတ်ခံရမှာလဲ? ဤမေးခွန်းများက သူ၏စိတ်ထဲတွင် ဝဲပျံနေသည်။
"နေစမ်းပါဦး၊ နဂါးနိုင်ဓားလား?!"
ချန်ရှောင်းသည် သော့ချက်စကားလုံးကို ဖမ်းမိလိုက်ရာ မျက်လုံးအကြည့်များ မရေမရာ ဟိုရောက်သည်ရောက်ဖြစ်လာပြီး ကျောဘက်မှ အအေးဓာတ်တစ်ခုက စိမ့်တက်လာသည်။
ဤလက်နက်၏အမည်မှာ နဂါးနိုင်ဓား၊ နဂါးများကို သတ်ဖြတ်ရန် အထူးပြုလုပ်ထားသည့် ဓားတစ်လက်။ ဒါဆို ဒါက... ချန်ရှောင်း နက်နက်ရှိုင်းရှိုင်း စဥ်းစားမိပြီး ထိတ်လန့်သွားသည်။ သူ၏နှလုံးသားတွင် မကောင်းသော နိမိတ်တစ်ခု ဖုံးလွှမ်းလာ၏။
"ရွှေရောင် ဒဏ္ဍာရီအဆင့်! ဒါက အဆင့်မြင့်ဆုံး လက်နက်ပဲ!" ဟုန်ချန်ယဲ့က အခြားတစ်ဖက်မှ နဂါးနိုင်ဓားကို စိုက်ကြည့်နေပြီး သူ၏အသက်ရှူသံပင် ရပ်တန့်လုနီးပါး ဖြစ်နေသည်။
ယခင်က ဤအဆင့်လက်နက်မျိုး တကယ်ရှိမရှိကိုပင် သူ သံသယဝင်ခဲ့ဖူး၏။ အဘယ်ကြောင့်ဆိုသော် သူသည် အလင်းလုံးများစွာကို ကောက်ယူခဲ့ပြီး နဂါးများစွာကို သတ်ခဲ့သော်လည်း အများဆုံးမှ သမိုင်းဝင်အဆင့် အပိုင်းအစများသာ ရနိုင်ခဲ့သည်ပင်။ ဒဏ္ဍာရီအဆင့် အပိုင်းအစများ အလုံအလောက်စုဆောင်းပြီး ပြည့်စုံသော ဒဏ္ဍာရီအဆင့် အစုံတစ်ခု စုဆောင်းရန်ဆိုသည်မှာ ဝေးကွာလှသည်။ သို့သော် အခုတော့ ထိပ်ပြောင်က ချက်ချင်း ထုတ်ပြလိုက်လေပြီ။
"သူပဲ၊ သူပဲ၊ အဲ့လူ သေချာပေါက် သူပဲ! သောက်ပျင်းကောင်ကြီး"
ထိပ်ပြောင်၏ လူနားမလည်နိုင်သော ပေါက်ကရစကားများမှတစ်ဆင့် ဟုန်ချန်ယဲ့သည် ဤလူ၏ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို ချက်ချင်း ဆုံးဖြတ်လိုက်နိုင်သည်။ ၁၀၀ရာခိုင်နှုန်းကို သူ၏ ရှက်စရာကောင်းသော ဆရာသခင် ပင်!
အုန်း~!
ရုတ်တရက် မီးတောင်ပေါက်ကွဲသကဲ့သို့ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ကောင်းကင်ထက် ပျံတက်သွားပြီး နဂါးဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာကာ ကောင်းကင်ယံတစ်လွှား မိုင်ထောင်ပေါင်းများစွာအထိ တုန်လှုပ်သွားစေသည်။
"ငါ မယုံဘူး၊ ငါက ကံကြမ္မာရဲ့ ကောင်းချီးပေးခံသားတော်ပဲ၊ ဒီအမွေအနှစ်က ငါ့အပိုင်၊ ငါက အဆုံးထိ အသက်ရှင်မယ့် အောင်နိုင်သူ!!!"
ချန်ရှောင်းသည် ကောင်းကင်သို့ ဦးမော့ဟိန်းဟောက်လိုက်ရာ ဆံပင်ရှည်များ လေထဲတွင် တဝဲဝဲလွင့်ပျံနေပြီး သူ၏ကြွက်သားများ လျင်မြန်စွာ ဖောင်းကြွလာကာ အရပ်က ငါးမီတာခန့်အထိ အတင်းအကျပ် ရှည်ထွက်လာသည်။ ရွှေရောင်နဂါးအကြေးခွံများ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး နေမင်းပမာ တောက်ပသော အလင်းရောင်များ ထုတ်လွှတ်နေ၏။ သူ၏နောက်ဘက်တွင် ထူထဲကြီးမားသော နဂါးအမြီးတစ်ခုက အဆက်မပြတ် ယိမ်းနွဲ့နေပြီး ကျောက်တုံးကြီးများကိုပင် အလွယ်တကူ ရိုက်ချေနိုင်စွမ်းရှိသည်။
သူ၏နဂါးမျက်လုံးများ တဖြည်းဖြည်း နီရဲလာပြီး အာဏာရှင်ဆန်ဆန် ကြမ်းတမ်းမှုများ ပြည့်နှက်လာသည်။ ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမားသော သတ်ဖြတ်လိုစိတ်သည် ထိပ်ပြောင်အား ပြေးပေါက်မရှိအောင် ခိုင်မာစွာ ပိတ်ဆို့ထားလိုက်၏။
မြည်းသည် ကြောက်လန့်တကြား တုန်ယင်နေပြီး လှုပ်ပင်မလှုပ်ရဲတော့ပေ။ ယဲ့ကျွင်းလင် သူ့ခေါင်းကို ပုတ်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။ "ဘာတွေ တုန်နေတာလဲ? ဒီလောက်ကြောက်နေမှတော့ မြည်းမလေးနဲ့တွေ့ရင် ဘယ်လိုပိုးမလဲ"
ထိုစကားကို ကြားသောအခါ မြည်းသည် ဒေါသတကြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်ပြီး မျက်စောင်းဖြင့် တစ်ချက်စိုက်ကြည့်သည်။ 'မင်းအဲ့လောက်သတ္တိရှိနေရင် သွားချလေ!' ဟူသော သဘောပင်။
ချန်ရှောင်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်နဂါးစွမ်းအားကို အမြင့်ဆုံးအထိ တွန်းပို့လိုက်သည်။ ခန္ဓာကိုယ်ကို ဆွဲဆန့်လိုက်သလို နာကျင်မှု ဆိုးကျိုးများကို ခံစားခဲ့ရသော်လည်း လက်တစ်ကမ်းတွင်ရှိသော အောင်ပွဲနှင့် နှိုင်းယှဥ်လျှင် ပြောပလောက်စရာမဟုတ်ပေ။ ယခု သူ၏စိတ်ထဲတွင် အသံတစ်ခုသာ ရှိသည်- ဤအကြီးမားဆုံးသော ခြိမ်းခြောက်မှုကို သတ်ဖြတ်ပြီး မသေမျိုးကျွန်း၏ အရှင်သခင်အသစ်ဖြစ်လာရန်!
"ငါ မင်းကို သေအောင်သတ်မယ်!!!"
ချန်ရှောင်း၏ ရင်ဘတ်သည် အတက်အကျ ပြင်းပြလျင်မြန်စွာဖြင့် အားယူလိုက်ပြီး ပါးစပ်ကိုဖွင့်ကာ ဆယ်ကျန်းခန့်ကျယ်ပြန့်သော ရွှေရောင်လျှပ်စစ်လှိုင်းတစ်ခုကို မှုတ်ထုတ်လိုက်သည်။ ၎င်းတွင် သက်ရှိအားလုံးကို ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်မျိုး ပါဝင်နေသည်ပင်။
ယဲ့ကျွင်းလင်သည် နဂါးနိုင်ဓားကို ဆုပ်ကိုင်ထားပြီး လေထဲခုန်တက်ကာ ပြင်းပြင်းထန်ထန် ခုတ်ချလိုက်သည်။ "ငါ့မှာ နဂါးနိုင်ဓားရှိနေသရွေ့ ကမ္ဘာကြီးက ငါ့အပိုင်ပဲ! သိုင်းလောကတစ်ခုလုံး ငါ့လက်အောက်ပဲ။ ငါဟေ့ ကျန်းဝူကျိ"
ဝှစ်~
တောက်ပပြီး နှိုင်းတုမရသည့် ဓားစွမ်းအားသည် ကောင်းကင်ကို ဖျက်ဆီးပစ်လိုက်ပြီး ရွှေရောင်လျှပ်စစ်လှိုင်းကို အလယ်တည့်တည့်မှ အတင်းအကျပ် ခွဲခြမ်းဆုတ်ဖြဲပစ်လိုက်သည်။
"ဘာ?!"
ချန်ရှောင်း၏ မျက်စိသူငယ်အိမ်များ ထိတ်လန့်တကြား ကျုံ့ဝင်သွားပြီး အမြန်ရှောင်တိမ်းလိုက်ရ၏။ ပြင်းထန်သော ဓားစွမ်းအားက သူ့ကိုယ်ခန္ဓာကို လျှပ်တိုက်ပွတ်ဆွဲသွားပြီး နီးကပ်လာသော သေခြင်းတရား၏ ခြိမ်းခြောက်မှုက ချန်ရှောင်း၏ ဒေါသစိတ်များကို ချက်ချင်း ရှင်းလင်းသွားစေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည်! အလွန် ကြောက်မက်ဖွယ်ကောင်း၏! သူသာ မရှောင်တိမ်းလိုက်မိရင် သေရင်သေ မသေရင်ကျိုးပဲ့သွားမှာ အသေအချာပဲ! ချန်ရှောင်း နှလုံးသားထဲရှိ ထိတ်လန့်မှုကို အတင်းအကျပ် ဖိနှိပ်ကာ ကာကွယ်ရေးနည်းလမ်းများကို စတင်စဥ်းစားပြီး ထိပ်ပြောင်ကို ဗျူဟာကျကျဖြေရှင်းဖို့ အကဲဖြတ်သုံးသပ်လာရတော့၏။
"သူ့လက်ထဲက ရွှေရောင်ဒဏ္ဍာရီလက်နက်ကလွဲရင် ကျန်တဲ့ပစ္စည်းတွေက ခရမ်းရောင် ရှားပါးအဆင့်ပဲရှိတယ်။ ဆိုလိုတာက ခုခံစွမ်းအားက သူ့ရဲ့ အားနည်းချက်ပဲ။ အခွင့်အရေးရအောင်ရှာနိုင်ရင် ငါ မနိုင်စရာ အကြောင်းမရှိဘူး။"
"ဟုတ်တယ်၊ အခွင့်အရေး ရအောင်ရှာနိုင်ရင်!"
ချန်ရှောင်း၏ မျက်လုံးများ တောက်ပသော အလင်းများဖြင့် စူးရှလာသည်။ ထို့နောက် လက်ကိုတစ်ချက်ရိုက်ချလိုက်ရာ ကြီးမားသော နဂါးကြီးနှစ်ကောင်၊ တစ်ကောင်က အနက်ရောင်၊ တစ်ကောင်က အဖြူရောင်၊ ကိုယ်စီ အသက်ဝင်သကဲ့သို့ ထည်ဝါခန့်ညားစွာ ပေါ်လာသည်။ အားပြင်းပြင်းဖြင့် ပစ်ထုတ်လိုက်သည့်အခါ နဂါးနှစ်ကောင်သည် အမြီးများကို ယိမ်းနွဲ့လျက် ဟိန်းဟောက်ပျံသန်းသွားရာ မယုံနိုင်လောက်အောင် ခမ်းနားသော မြင်ကွင်းတစ်ခုကို ဖန်တီးခဲ့သည်။
"နဂါးနိုင်ဓားဆိုတာ နဂါးတွေကို နိုင်တာ!"
အနက်ရောင်နှင့် အဖြူရောင် နဂါးကြီးနှစ်ကောင် နှိုင်းတုမရသော ကျယ်ပြန့်သည့် စွမ်းအားဖြင့် ချဥ်းကပ်လာသည်ကို မြင်သောအခါ ယဲ့ကျွင်းလင်သည် သူ၏ဓားကို မဆိုင်းမတွ ကိုင်ကာ ခုတ်ချလိုက်၏။ တောက်ပသော ဓားစွမ်းအားသည် ကောင်းကင်တစ်ခုလုံးကို လင်းထိန်စေပြီး မြင့်မြတ်သန့်စင်လျက်။
"ဝေါင်း!"
နဂါးကြီးနှစ်ကောင်သည် သူတို့၏ အစွယ်များနှင့် လက်သည်းများကို ဖြဲထုတ်ပြကာ ဤသေးငယ်သော ပုံရိပ်ကို ရစ်ပတ်ရန် ကြိုးစားခဲ့ကြသော်လည်း ထိုလူသား၏ ဓားစွမ်းအားမှာ အလွန်အမင်း ပြင်းထန်လွန်းသောကြောင့် ခါးလယ်မှ တိုက်ရိုက်ပိုင်းဖြတ်ခံလိုက်ရကာ နှစ်ကောင်စလုံး အလင်းမှုန်များအဖြစ် မိုးရွာသကဲ့သို့ ပေါက်ကွဲကျဲပြန့်သွားရသည်။
"အခုပဲ!"
ဝှစ်၊
နဂါးလူသားပုံရိပ်တစ်ခု မြေပြင်သို့ လျင်မြန်စွာ ခုန်ဆင်းလာပြီး မယုံကြည်နိုင်လောက်သော အမြန်နှုန်းဖြင့် လှုပ်ရှားကာ မျက်တောင်တစ်ခတ်အတွင်း ထိပ်ပြောင်၏ နောက်ဘက်သို့ ရောက်လာသည်။ သူသည် သူ၏နဂါးလက်သည်းတွင် စွမ်းအားကို စုစည်းပြီးနောက် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။