← Chapters

နဂါးနိုင်ဓား

Vol. 22 Ch. 297

နဂါးနိုင်ဓား

Vol. 22 Ch. 297

ချန်ရှောင်း၏ စွမ်းအားအခြေအနေမှာ သိသိသာသာကို ကျဆင်းနေပြီး ပြင်းအားကြီးမားသော စွမ်းအားနှစ်ခု၏ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ခြင်းကိုလည်း တောင့်ခံနေရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ ဖိညှစ်ခံရသည်ကို ခံစားရပြီး ကိုယ်တွင်းအင်္ဂါများ ပူလောင်နာကျင်နေသည်။ သူ၏ပါးစပ်မှ သွေးနီနီများ စီးကျလာကာ ရွှေရောင်လွှမ်းနေသော မျက်စိသူငယ်အိမ်များတွင် ထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်လျက်ရှိ၏။

"မင်းတို့ ငါ့ဒေါသကို အဆုံးထိလာဆွလိုက်ပြီပဲ!!!"

ဝေါင်း!!

နဂါး၏ခမ်းနားသော ဟိန်းသံနှင့် အချိုးညီစွာ ရောယှက်နေသော လူတစ်ယောက်၏ ကြွေးကြော်သံသည် ကောင်းကင်ကိုပင် ဆွဲခါတော့မတတ်။

ချန်ရှောင်းသည် အံသွားများကို တင်းတင်းကြိတ်ကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်နဂါးစွမ်းအားကို အားကုန်ထုတ်ဖော်လိုက်သည်။ ချက်ချင်းဆိုသလို ခန္ဓာကိုယ်တစ်ခုလုံးမှ တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး အရေပြားပေါ်တွင် မာကျောတောက်ပြောင်သော နဂါးအကြေးခွံများ လျင်မြန်စွာ ထွက်ပေါ်လာ၏။ ၎င်းတို့သည် နီညိုရောင်နှောသော ရွှေရောင်အလင်းဖြင့် လင်းလဲ့လျက်ရှိ၏။

ခေါင်းတွင် နဂါးချိုများ၊ ကိုယ်တွင် နဂါးအကြေးခွံများ ဖုံးအုပ်ထားပြီး လက်ခြေများကအစ နဂါးလက်သည်းများအဖြစ် ပြောင်းလဲကာ နဂါးအမြီးက နောက်ဘက်တွင် ယိမ်းနွဲ့နေသည်။ စစ်မှန်သော နဂါးလူသားတစ်ဦးပင်!

နတ်နဂါးစွမ်းအားကို ချန်လှပ်ထားခြင်းမရှိ အစွမ်းကုန်ထုတ်လွှတ်ပြီးနောက် ချန်ရှောင်း၏ အရှိန်အဝါက နဂိုတုန်းကထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။

ဗုံး—!!!

လေဟာနယ် ပြဲဆုတ်မတတ် ပေါက်ကွဲသွားပြီး ချီစွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ တဟုန်ထိုးပြေးဝင်လာသော စွမ်းအားနှစ်ခုကို တိုက်ရိုက်ချေဖျက်ပစ်လိုက်၏။

ဟုန်ချန်ယဲ့မှာ ကွက်ခနဲ မျက်နှာပျက်သွားရပြီး နဂါးလူသားပုံရိပ်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ "ဘယ်လိုတောင်?!"

ရွှယ်ဝူဟန်၏ မျက်ခွံများ တဆတ်ဆတ်တုန်ယင်သွားပြီး နှလုံးသားမှာ မုန်တိုင်းထန်သော လှိုင်းလုံးများကဲ့သို့ တလိမ့်လိမ့် လှုပ်ရှားလာသည်။ "ဒါက..."

လက်နက် သို့မဟုတ် ကျင့်စဉ် တစ်ခုတလေကိုမျှ အားမကိုးဘဲ ဤလူသည် ထိုစွမ်းအင်အရင်းအမြစ်ကို ဘယ်ကရလာခဲ့သနည်း?

ကောင်းကင်တစ်ပြင်လုံး မှိုင်းမှိုင်းမှောင်မှောင်ဖြစ်လာပြီး လေစီးကြောင်းများ ရှုပ်ထွေးကုန်သည်။

လေဟာနယ်ထက်တွင် ချန်ရှောင်း၏ မျက်လုံးများမှာ လျှပ်စီးကြောင်းများထွက်တော့မလို တောက်ပနေပြီး လက်များကို နောက်ပစ်ကာ မတ်တပ်ရပ်နေသည်။ အရှိန်အဝါမှာ ရှေးဆန်ကာ မကြုံစဖူး အစွမ်းထက်လှ၏။ ရှေးခေတ် ဒဏ္ဍာရီလာနဂါးတစ်ကောင် ကိုယ်ထင်ပြ ဆင်းသက်လာသကဲ့သို့ပင်။

ဤနဂါးလူသားမှ ဖိနှိပ်ထုတ်လွှတ်သော စွမ်းအားကို ရင်ဆိုင်ရလျှင် ကမ္ဘာပေါ်ရှိ မျိုးရင်းစစ်မှန် နဂါးအားလုံးသည် ထိုသူ၏ရှေ့မှောက်တွင် ဒူးထောက်ချကာ "နဂါးဘုရင်ကြီး၊ ဂါရဝပြုပါ၏!" ဟု တရိုတသေ ကိုးကွယ်လေးစားကြကုန်လိမ့်မည်။

"စစ်မှန်တဲ့ စွမ်းအားရှင်ရှေ့မှ ခုခံမှုနဲ့ ကြံစည်မှုတွေဆိုတာဟာ အချည်းနှီးသာပဲ!"

ချန်ရှောင်းသည် လီဝူကျယ်၏ အလောင်းတစ်ဖြစ်လဲ မြေပြင်ပေါ်ငြိမ်သက်စွာ လှဲလျောင်းနေသော သစ်သားသေတ္တာလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်နှစ်ယောက်ကို ခပ်မြူးမြူး ထပ်ကြည့်လိုက်သည်။ ထို့နောက် သူ၏လက်ကို မြှောက်ကာ အဖြူအနက်ရော ဧရာမအလင်းလုံးကြီးတစ်လုံးအား ဖန်ဆင်းလိုက်ပြီး နှစ်ခုခွဲ ပျံထွက်သွားစေသည်မှာ သက်ရှိ နဂါးတမန်တော်များ စေလွှတ်လိုက်သကဲ့သို့။

ဝေါင်း!

ချိုသာသော နဂါးဟောက်သံတစ်ချက် ချောက်ကမ်းပါးတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

အနက်ရောင်အလင်းသည် အနက်ရောင်နဂါးအဖြစ် ပြောင်းလဲသွားပြီး အဖြူရောင်အလင်းသည် အဖြူရောင်နဂါးအဖြစ် ပြောင်းလဲသွားသည်။ ထို အဖြူအနက် နဂါးညီနောင်သည် ပေတစ်ထောင်ရှည်လျားသော ကိုယ်လုံးများကို ရစ်ပတ်တွယ်ယှက်နေရာမှ ခွဲထွက်သွားပြီး ယိမ်းနွဲ့နေသော နဂါးအမြီးများဖြင့် ဟုန်ချန်ယဲ့နှင့် ရွှယ်ဝူဟန်ထံသို့ ပြေးဝင်ခုန်အုပ်လိုက်ကြ၏။

"မကောင်းတော့ဘူး!"

သူတို့၏နှလုံးသားများ ပင်လယ်အောက်ခြေအထိ နစ်မြုပ်သွားသကဲ့သို့။ သူတို့မှာ အစွမ်းအထက်ဆုံး တိုက်ကွက်များကို ထုတ်လွှတ်ပြီးကာစဖြစ်သဖြင့် မှော်စွမ်းအားများစွာ ကုန်ဆုံးနေခဲ့ပြီး ပြန်လည်နာလန်ထူရန် အချိန်မရတော့ပေ။ ပြင်ဆင်ခြင်းမရှိ ကတိုက်ကရိုက် တိုက်ပွဲဝင်ရခြင်းသည် သူတို့အတွက် အမှန်တကယ် စိတ်ပျက်ဖွယ် အခြေအနေပင်။

အုန်း—!!

ခဏတာ တိုက်ခိုက်ပြီးနောက် ဟုန်ချန်ယဲ့နှင့် ရွှယ်ဝူဟန်တို့ လျင်မြန်စွာ ရှုံးနိမ့်သွားကြရသည်။ တစ်ဦးစီသည် နဂါးကြီးတစ်ကောင်စီဖြင့် ရင်ဆိုင်လိုက်ရပြီး တောင်ခြေရင်းသို့ ပြင်းစွာသောအရှိန်ဖြင့် ပစ်ချခံလိုက်ရ၏။ နားကွဲမတတ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ကြေမွသွားသော ကျောက်တုံး‌ကျောက်စများစွာ ပြန့်ကျဲလွင့်စင်ကာ ထူထပ်သော မီးခိုးများသည် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ရေလှိုင်းပမာ ပျံ့နှံ့သွားပြီး ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

သွေးများပေကျံကာ ဆံပင်များ ဖရိုဖရဲဖြစ်နေသော ဝတ်ရုံဖြူနှင့်လူက စိတ်မကောင်းစွာ ရေရွတ်လိုက်သည်။ "တာအိုမိတ်ဆွေလေးရေ၊ ကျွန်တော် အများကြီး တောင်းပန်ပါတယ်၊ ခင်ဗျားနဲ့ ခင်ဗျားသိမ်းငှက်အတွက် လက်စားမချေပေးနိုင်ခဲ့ဘူး..."

ပြောဆိုပြီးနောက် ရွှယ်ဝူဟန်၏ ခေါင်းသည် အားမရှိစွာ ငိုက်ကျသွားပြီး သူ၏ခန္ဓာကိုယ်သည် လေးထောင့်သစ်သားသေတ္တာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မသေဆုံးခင် တစ်ချိန်လုံး၌ ကြွက်သားမမလေး၏ ပြုံးရယ်ခြင်းနှင့် မျက်မှောင်ကြုတ်မဲ့ရွဲ့ခြင်း အမူအရာတစ်ခုချင်းစီတိုင်းက သူ့ခေါင်းထဲတွင် တရိပ်ရိပ်ဖြတ်ပြေးနေခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ ရွှယ်ဝူဟန်၏ အကာအကွယ်ပစ္စည်းမှာ ကောင်းမွန်အဆင့်သာရှိသည်ပင်။ ဤတိုက်ကွက်အကြီးစားတစ်ခုကို တိုက်ရိုက်ရင်ဆိုင်ရပြီးချိန်၌ သူဆက်လက်ရှင်သန်ရန် မဖြစ်နိုင်တော့ပေ။

ချောက်ကမ်းပါးပေါ်တွင် အဖြစ်အပျက်အားလုံးကို မြင်တွေ့လိုက်ရသော ကျားဖြူသည် သခင်ဖြစ်သူ၏ သေဆုံးခြင်းအတွက် ဝမ်းနည်းစွာ ကြွေးကြော်မြည်တမ်းလိုက်၏။

"အဟွတ်၊ အဟွတ်!"

မလှမ်းမကမ်းတွင် ကျိုးပဲ့နေသော လှံတစ်ချောင်းအား မြေကြီးထဲ စိုက်ထူထားပြီး သွေးများပေကျံနေသော လူငယ်တစ်ဦးက ထိုလှံကိုအမှီပြုလျက် ဒူးထောက်နေသည်။ သူ၏ ဒဏ္ဍာရီအဆင့်လက်နက် မှာ ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားသော်ငြား အသက်မဆုံးအောင်တော့ ကယ်တင်နိုင်ခဲ့သည်ပင်။ ကောင်းကင်ထက်မှ နဂါးဘုရင်နှင့် နှိုင်းယှဥ်နိုင်သော စွမ်းအားကြီးပုံရိပ်ကို ကြည့်ရင်း ဟုန်ချန်ယဲ့၏ မျက်နှာမှာ အလွန်မှောင်မိုက်နေပြီး သူ၏နှလုံးသားတွင် ပြင်းထန်သော မကျေနပ်မှုများဖြင့် ပြည့်နှက်ခါးသီးနေသည်။

"ချီးပဲ ဒီအတိုင်းဆို ဒီခွေးကောင်က ကျွန်းအမွေဆက်ခံသူ ဖြစ်လာတော့မှာလား?" ဟုန်ချန်ယဲ့ စိတ်ပျက်လက်ပျက်ဖြင့် အံတင်းတင်းကြိတ်လိုက်သည်။ ဤသည်မှာ အဆင့်မြင့် မသေမျိုးအရှင်တစ်ပါး၏ အမွေအနှစ်ပင်။ ယခုတော့ လက်တစ်ကမ်းမှ အဖိုးတန်ရတနာသိုက်က သူနှင့်ဝေးကွာခဲ့ရလေပြီ။

"ဟား ဟား ဟား..." ခပ်မြူးမြူး ရယ်သံများက ချီမေ့တောင် တစ်လျှောက် ပဲ့တင်ထပ်သွား၏။ ချန်ရှောင်းသည် ပြိုင်ဘက်မရှိသော အထီးကျန်စွမ်းအားရှင်တစ်ပါး၏ ပျော်ရွှင်မှုအား အပြည့်အဝ ခံစားနေရသည်။ မသေမျိုးကျွန်းမှာ သူနှင့် လက်တစ်ကမ်းအလိုတွင် စောင့်ကြိုနေလေပြီ။

"အခါးပြီးရင် အချိုလာတတ်တာ ကံကြမ္မာရဲ့ထုံးစံပဲလေ!" ချန်ရှောင်းသည် သူယခင်က ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို ပြန်ပြောင်းသတိရပြီး လက်ရှိ ဆန့်ကျင်ဘက် အလှည့်အပြောင်းနှင့် ဆက်စပ်တွေးမိသော် သူ၏မျက်နှာပေါ်မှ အပြုံးကား ပိုမိုပီပြင်လာသည်။ ရန်သူအားလုံးသည် သူလိုပါရမီရှင်တစ်ဦး ထိပ်ဆုံးကိုတက်ရောက်နိုင်ဖို့အတွက် ခြေနင်းခုံသက်သက်မျှသာပင်။ လက်ရှိအခြေအနေသည် အကောင်းဆုံးသက်သေဖြစ်၏။ မသေမျိုးကျွန်းကို အမွေရရှိသည်နှင့် မသေမျိုးဘုံသို့ တက်လှမ်းကာ ယခင်ကခံစားခဲ့ရသော အရှက်ရမှုအားလုံးအတွက် အဆထောင်ချီ သောင်းချီ ပြန်လည်ပေးဆပ်စေရပေမည်။

ချန်ရှောင်း၏ နှုတ်ခမ်းများတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်ထွက်လာပြီး လက်တစ်ချောင်းကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ "မင်းကိုသာ သတ်လိုက်နိုင်ပြီးရင် နောက်ဆုံးသောအောင်နိုင်သူက ငါပဲ"

All Chapters