အခန်း (၂၉၆)
Vol. 22 Ch. 296
လူတိုင်း မြင်နေရသည်မှာတော့ သိမ်းငှက်ကြီးကို အားရပါးရခွစီးထားသော ကြွက်သားတောင့်တောင့် မိန်းမပျိုလေးတစ်ဦးက စိတ်လှုပ်ရှားစွာ ဟစ်အော်နေခြင်းပင်။ "ငါ့ဓားသွား ထက်ပိုင်းကျိုးသွားပါစေ၊ ကြောက်သွေးပါရင် ဇာဂနာနဲ့ဖောက်ထုတ်ပစ်မယ်၊ ဒီမလောက်လေးမလောက်စားကောင် ငါ့လက်ထဲမှာ သေစေရမယ်ကွ!!!"
ချန်ရှောင်းသည် ကြွက်သားမမလေး မနှစ်မြို့စွာဖြင့် မကျေမနပ်တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မုန်းတီးစက်ဆုပ်မှုအပြည့်ဖြင့် သူ၏နဂါးလက်သည်းကို ဆန့်ထုတ်ကာ တစ်ဖက်လူပစ်လွှတ်လိုက်သော ဓားအလင်းကို ဆွဲဆုပ်လိုက်သည်။
"ဟမ့်၊ ရုပ်ဆိုးမကများ၊ ဒီအရှင်ရှေ့မှာ ရိုင်းစိုင်းရဲတယ်လား?"
ဗုံး
နောက်တစ်စက္ကန့်အကြာတွင် တောက်ပသော ဓားအလင်းမှာ တစစီကွဲကြေသွားခဲ့၏။ လီဝူကျယ် သည် အားပြင်းပြင်း စွမ်းအားတစ်ခု သူ့ဆီသို့တည့်တည့် ပေါက်ကွဲလာသည်ကိုသာ ခံစားလိုက်ရပြီး ခန္ဓာကိုယ်သည် နောက်ပြန်လွင့်စင်သွားကာ သွေးများ အန်ထွက်လာသည်။
သခင်ဖြစ်သူ ကျောထက်မှလွင့်စင်သွားသည်ကို မြင်သော် သိမ်းငှက်ကြီးက ဒေါသတကြီးဖြင့် တောင်ပံများကို တဖျတ်ဖျတ်ခတ်လျက် ချွန်ထက်သော အမွေးအတောင်များအား ချန်ရှောင်းဆီသို့ လေထဲမှတစ်ဆင့် ပစ်လွှတ်လိုက်တော့၏။
ချန်ရှောင်း ဟက်ခနဲတစ်ချက်ရယ်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ထိုးဝင်လာသော အမွေးအတောင်ထောင်ပေါင်းများစွာအား ဖျက်ဆီးပစ်လိုက်သည်။ "အမွေးပါးငှက်ကများ၊ ဘယ်လိုသတ္တိနဲ့ ငါ့ရှေ့မှာ ရိုင်းစိုင်းရဲတာလဲ?"
ထို့နောက် သူ၏လက်ကို တစ်ဖန်မြှောက်လိုက်သည်နှင့် သုံးကျန်းခန့်ကျယ်ပြန့်သော ရွှေရောင်နဂါးလက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော နဂါး၏ခွန်အားဖြင့် သိမ်းငှက်ကြီးအား စာပေါက်လေးကဲ့သို့ ဖျတ်ခနဲဖမ်းဆုပ်လိုက်သည်။
သိမ်းငှက်ကြီးသည် နဂါးခွန်အားနှင့် ဖုံးလွှမ်းခံလိုက်ရပြီး ချက်ချင်းဆိုသလို တိုက်ခိုက်ရေးစွမ်းအားတို့ ဆုံးရှုံးသွားကာ နဂါးလက်ဝါးကြီးထဲ အလိုက်သင့်ပါသွားရတော့၏။ ၎င်း၏မျက်လုံးများတွင် သိမ်းငှက်တစ်ကောင်နှင့် မလိုက်ဖက်သော စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုများ အပြည့်ရှိနေသည်။
နဂါးလက်ဝါးကြီးကို ဘန်းခနဲအသံဖြင့် ခပ်ပြင်းပြင်းတစ်ချက်ဆုပ်လိုက်တော့ ခမ်းနားသော သိမ်းငှက်ကြီးမှာ လေထဲတွင် ကြေမွသွားရှာသည်။
လီဝူကျယ်မှာ မျက်စိရှေ့မှအဖြစ်ကြောင့် မျက်လုံးတို့ သွေးထွက်မတတ်နီရဲကာ ကြေကွဲစွာအော်ဟစ်လိုက်၏။ "အား အား အား အား၊ ငါ့ သိမ်းငှက်ကြီး ပေါက်ကွဲသွားပြီ!!!"
ကြွက်သားမမလေး၏ ဝမ်းနည်းပူဆွေးမှုကို မြင်တော့ ရွှယ်ဝူဟန် မနေသာစွာ နှစ်သိမ့်ပေးရမိ၏။ "ဝမ်းနည်းပါတယ် မိန်းကလေး"
ချန်ရှောင်းကတော့ တစ်ဖက်လူ၏တုံ့ပြန်ပုံကိုကြည့်လျက် အလွန်ကျေနပ်ပျော်ရွှင်နေသည်။ "ဟုတ်တယ်၊ မင်းရဲ့ သိမ်းငှက်ကြီးကို ငါညှစ်သတ်ပစ်လိုက်တာလေ၊ ဟားဟားဟား..."
"ငါ့ သိမ်းငှက်ကြီး ပျောက်သွားပြီ၊ မင်း ငါ့သိမ်းငှက်ကြီးကို အစဖျောက်ပစ်လိုက်တာ!" "အား၊ ငါ မင်းကို သတ်ပစ်မယ်!!" လီဝူကျယ် ဟစ်အော်ကြိမ်းဝါးလိုက်သည်။
အတုအယောင်ကမ္ဘာတစ်ခုသာ ဖြစ်ကြောင်း သိသော်လည်း လီဝူကျယ်သည် သူ၏ခရီးစဉ်တစ်လျှောက်လုံး သိမ်းငှက်ကြီးနှင့် ရဲဘော်ရဲဘက်တစ်ယောက်လို ခင်မင်ရင်းနှီးခဲ့ရသည်ပင်။ မိမိ၏ သစ္စာရှိတွဲဖက် သိမ်းငှက်ကြီး ဤသို့ မရှုမလှ ပေါက်ကွဲသွားရသည်ကို မြင်သောအခါ နီရဲလာသော မျက်လုံများမှာ ကောင်းကင်ကိုတက်ဖြိုတော့မည့် မာရ်နတ်ကဲ့သို့။
ဒေါသမျက်ကန်းဖြစ်နေသော လီဝူကျယ်သည် ဓားကိုတင်းတင်းဆုပ်လျက် ရှေ့သို့ တိုးဝင်လာသည်။ သေရမည့်အရေးကို တစ်ချက်မမှုဘဲ သိမ်းငှက်ကြီးအတွက် လက်စားပြန်ချေရန် ဆုံးဖြတ်ထားပုံပင်။
"စိတ်မလောနဲ့!" ဟုန်ချန်ယဲ့ သူ့ကို အမြန်သတိပေးလိုက်သည်။ သို့သော် နောက်ကျသွားလေပြီ။
ချန်ရှောင်း လှောင်ရယ်ရယ်ကာ အောက်သို့ ခုန်ဆင်းလာသည်။ သူ၏ရှည်လျားသော နဂါးအမြီးသည် ကြယ်တံခွန်တစ်စင်းလို ကောင်းကင်ထက်ဦးမော့လျက် ဝှေ့ယမ်းသွား၏။
ဘန်းခနဲအသံတစ်ချက်ဖြင့် လီဝူကျယ်သည် လေဟာနယ်ထဲ လွင့်စင်သွားပြီး သွေးများ ဖြန်းခနဲထွက်ကျလာသည်။ စိတ်ခံစားချက်က မည်သို့ပြင်းထန်နေပါစေ ခန္ဓာကိုယ်၏ စွမ်းရည်များကတော့ အကန့်အသတ်ရှိနေသည်ပင်။
ချန်ရှောင်းသည် လေပေါ်သို့ ဝှစ်ခနဲပျံတက်သွားပြီး ကြွက်သားမမလေး ကုန်းရုန်းထကာ ပြန်လည်ချဥ်းကပ်လာသည်ကို ပျော်ရွှင်စွာ ကြည့်နေသည်။ ထို့နောက် သူ၏နဂါးလက်သည်းကို မြှောက်ပြီး တစ်ခါတည်း အသေသတ်ပစ်လိုက်ဖို့ ကြံရွယ်လိုက်၏။
ရုတ်တရက် လီဝူကျယ်သည် အံတင်းတင်းကြိတ်လျက် လှုပ်ရှားလိုက်ရာ သူ၏လက်ထဲတွင် အဝါရောင် မှော်အဆောင်တစ်ခု ပေါ်လာသည်။ မှော်စွမ်းအားကို ထည့်သွင်းလိုက်သည်နှင့် လူတစ်ကိုယ်လုံးမှာ လေထဲတွင် ပျောက်ကွယ်သွားတော့၏။ တိုက်ပွဲ၏အရေးကြီးဆုံးအချိန်တွင် ဖြတ်ထိုးဉာဏ်ကို အသုံးပြုလိုက်ခြင်းပင်။
ထို့နောက် ချန်ရှောင်း၏အနောက်တွင် ပြန်ပေါ်လာခဲ့သည်။
"အယ်?" ချန်ရှောင်း တစ်ခုခု မှားနေသည်ကို ခံစားမိလိုက်၏။ ထို့နောက် မှော်အဆောင်ရှစ်ခု သူ့ထံတည့်တည့်ပြေးဝင်လာပြီး ဉာဏ်အလင်းအဆင့်စွမ်းအားအဟုန်ကို ထုတ်လွှတ်နေလေသည်။
အားနည်းစေသော မှော်အဆောင်ခြောက်ခု၊ မီးရှို့အဆောင် နှစ်ခု၊ အားလုံး သူ့ထံတည့်တည့် ထိမှန်သွားလေပြီ!
ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ခံစားမိတော့ ချန်ရှောင်း ချက်ချင်း ဒေါသထွက်သွားသည်။ ဤမိန်းမ သူ့ကိုလှည့်ကွက်သုံးလေပြီ။ အနောက်သို့ ချက်ချင်းလှည့်ကာ လက်သည်းများကို အားကုန်ဝှေ့ယမ်းပြီး ကြွက်သားမမလေး၏ ရင်ဘတ်ကို ထိုးဖောက်လိုက်ရာ သွေးများ အရှိန်ဖြင့် ပန်းထွက်လာ၏။
လီဝူကျယ် အားကုန်ဟစ်အော်လိုက်သည်။ "မင်းတို့နှစ်ယောက်၊ ငါ့ သိမ်းငှက်ကြီး အတွက် လက်စားချေပေး!!"
ချန်ရှောင်း ဒေါသထွက်ပြီး လက်ကို အားထပ်ထည့်လိုက်သည်။ "သေစမ်း!"
ကြွက်သားမမလေး သေဆုံးသွားခဲ့ပြီး လေးထောင့်သေတ္တာလေးတစ်ခုအဖြစ် မြေပြင်ပေါ်ကျဆင်းလှဲလျောင်းခဲ့ရတော့၏။
ရွှယ်ဝူဟန်က ကောင်းကင်သို့ဦးမော့လျက် အာခေါင်ခြစ်အော်ဟစ်လိုက်သည်။
"မဖြစ်ဘူး!!!"
သူ၏ပတ်ပတ်လည်တွင် နှင်းပွင့်များ လွင့်မျောနေပြီး မြောက်လေအေးအေးက တဝှီးဝှီး တိုက်ခတ်နေသည်။ ဒေါသတကြီးဖြင့် ရေခဲဝိညာဉ်နတ်ဓားကို ကိုင်ပြီး ကျင့်စဥ်တစ်ခုကိုထုတ်ကာ လူကိုယ်တိုင်က ရေခဲနှင့်နှင်းနဂါးအဖြစ် ပြောင်းလဲသွားသလို အရှိန်အဟုန်ဖြင့် ရှေ့သို့ ပျံတက်သွားခဲ့၏။
တိုက်ပွဲဧရိယာတစ်ခုလုံး နှင်းမုန်တိုင်းများ ကျရောက်လာပြီး ချီမေ့တောင်ကို မြှုပ်နှံပစ်တော့မလိုပင်။ ဤသည်မှာ ကောင်းကင်အဆင့် အဆင့်မြင့် ကျင့်စဥ်ဖြစ်ပြီဂ ရွှယ်ဝူဟန်၏ အကြီးမားဆုံး အားကိုးရာဆိုလည်း မှန်၏။
သူသဘောကျတဲ့ကောင်မလေးအတွက် လက်စားချေချင်တယ်။ သူမချစ်တဲ့ သိမ်းငှက်ကြီး အတွက် လက်စားချေပေးချင်တယ်။
ဟုန်ချန်ယဲ့၏ မျက်လုံးများက တောက်ပသော အလင်းဖြင့် စူးရှတောက်လောင်လာသည်။
"အခုပဲ!"
ဆရာတူညီလေးမှာ သေလုမြောပါး ဖန်တီးပေးထားရသည့် အားသာချက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရမည်။
ဝှစ်!
သူသည် ထုတ်ယူနိုင်သမျှ မှော်စွမ်းအားအားလုံးကို လက်ထဲရှိ ဖန်တျန်ဟွားကျီထဲသို့ စီးဆင်းစေပြီး ဆယ်ကျန်းခန့်ကျယ်သော သွေးရောင်အလင်းတန်းတစ်ခုအား ထုတ်လွှတ်လိုက်ရာ ချန်ရှောင်းမှာ ဖျက်ဆီးဆုတ်ဖြဲခံရတော့မတတ် အရှိန်အဝါတစ်ခုဖြင့် လွှမ်းမိုးခံလိုက်ရ၏။
ကောင်းကင်ဘေးသင့် အလယ်အလတ်အဆင့် ကျင့်စဥ်၊ ဖျက်ဆီးရေးရောင်ခြည်!
လက်ရှိအချိန်တွင် ချန်ရှောင်းသည် စွမ်းအားအဆင့်ကျဆင်းနေသောကြောင့် အန္တရာယ်ခံစားချက်က သိသိသာသာကြီး ဝင်ရောက်လာလေသည်။
"တောက်!"
သူ မာန်တက်နေဖို့ အချိန်မရှိတော့ဘဲ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုနှစ်ခုကို ဖြေရှင်းရန် သူ၏အာရုံအားလုံးကို စုစည်းလိုက်သည်။
ဝုန်း ~!!!
ကောင်းကင်တွင် တောက်ပလင်းလက်ပြီး ကြောက်စရာကောင်းသော အဟုန်ဖြင့် အလင်းလုံးတစ်ခု ပွင့်ထွက်လာကာ ကြီးမားသော စွမ်းအင်စီးကြောင်းများ ပတ်ပတ်လည်သို့ ဒေါသတကြီး လွင့်စင်သွားသည်။ ချီမေ့တောင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး မဟာပထဝီမြေပြင်နှင့် တောင်ကိုယ်ထည်များ ကွဲအက်ကုန်ကာ ဖုန်လုံးတလိမ့်လိမ့်က အတောမသတ်။ ကျောက်တုံးအများအပြား ကွဲကြေပြီး အောက်သို့ လျှောကျလာကြသည်။
ဤမြင်ကွင်းသည် ကမ္ဘာနှင့်ချီသော သဘာဝဘေးအန္တရာယ်တစ်ခု ကျဆင်းလာသကဲ့သို့ပင်!