← Chapters

လက်ဆောင်ထပ်ပေးခြင်း

Vol. 23 Ch. 321

လက်ဆောင်ထပ်ပေးခြင်း

Vol. 23 Ch. 321

အခန်း (၃၂၁) လက်ဆောင်ထပ်ပေးခြင်း

ဝါဒတောင်တွင် ပြင်းထန်သောတိုက်ပွဲကြီး ဖြစ်ပွားပြီးနောက် ပြုလုပ်ရမည့် အရေးကြီးကိစ္စများစွာ ကျန်ရစ်ခဲ့သည်။ ဂိုဏ်းကို ပြန်လည်တည်ဆောက်ခြင်းအပါအဝင် ရာထူးနေရာအပြောင်းအလဲများစွာကိုလည်း ပြုလုပ်ရမည် ဖြစ်သည်။

အခြားအရာများကို မပြောဘဲ ၊ ထင်သာမြင်သာရှိသည့်ကိစ္စအချို့ကိုပြောရလျှင် ရှင်းတုန်းဖင်း ရှင်းလင်းခံရပြီး ရှီတိကလည်း တိုက်ပွဲတွင် ကျဆုံးသွားသည်ဖြစ်ရာ အရေးပါသော သိုင်းကျမ်းစာကြည့်တိုက်၏ အရေးပါသော ပထမအဆင့်ထိပ်တန်းအကြီးအကဲနေရာနှင့် စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမအဆင့် အကြီးအကဲ နေရာတို့ လစ်လပ်နေပြီဖြစ်သည်။

ထိုရာထူးနေရာများအတွက် လူစားထိုးရန် လိုအပ်သည်။

ဝါဒတောင်တွင် ရန်ကျောက်ကဲ ရရှိထားသည့်ရာထူးက ထူးခြားပြီးသာမန်ဟုတ်လေရာ သူက ဂိုဏ်း၏အတွင်းပိုင်းလျှို့ဝှက်အစည်းအဝေးများအားလုံးကို တက်ရောက်ခွင့်ရသည်။ သို့ပေသိ ရာထူးနေရာအပြောင်းအလဲကိစ္စများတွင် သူက ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။

နောက်ဆုံးတော့ ဝါဒတောင်က အရှေ့ပင်လယ်နှင့် မြေကမ္ဘာနယ်မြေတွင် ရုံးစိုက်ကြသည့် ထိပ်တန်းအကြီးအကဲ (၂)ယောက်ကို ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်လိုက်ကြသည်။

အရှေ့ပင်လယ်ရှိ မီးတောက်မိစ္ဆာပြဿနာကို ဖြေရှင်းရန် ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းက သဘောတူညီမှုတစ်ခုကို ရှေးယခင်ကတည်းကပြုလုပ်ထားကြသည်။ ထိုသဘောတူညီချက်မှာ ထိပ်သီးသိုင်းဂိုဏ်းတိုင်းက အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်တစ်ယောက်စီ အရှေ့ပင်လယ်သို့စေလွှတ်ပြီး  မီးတောက်မိစ္ဆာကမ္ဘာနှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာချိတ်ဆက်ထားသော အက်ကွဲကြောင်းကို စောင့်ကြပ်ရမည် ဖြစ်သည်။

အရှေ့ပင်လယ်သို့စေလွှတ်ခံရသော အကြီးအကဲများသည် ထိပ်တန်းအဆင့် သိုင်းဆရာသခင်များဖြစ်ကြပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်သောအခွင့်အာဏာရှိကြသည်။ သူတို့က ရှေ့တန်းတွင် အတူတကွပူးပေါင်းကာ မီးတောက်မိစ္ဆာများ၏ သေးငယ်သောလှုပ်ရှားမှု ပဋိပက္ခများကို ဖြေရှင်းရမည် ဖြစ်သည်။

အကယ်၍ မီးတော်ကမိစ္ဆာများက ကြီးမားပြင်းထန်သော လှုပ်ရှားမှုများပြုလုပ်လာပါက ပင်လယ်နှင့်ထိစပ်နေသော ထိပ်သီးသိုင်းဂိုဏ်းများဖြစ်သည့် ကောင်းကင်မိုးကြိုးခန်းမှ ၊ ကျောက်စိမ်းပင်လယ်မြို့တော်နှင့် လှိုင်းနက်ဂေဟာတို့က အလျှင်အမြန် စစ်ကူများစေလွှတ်မည် ဖြစ်သည်။

အခြေအနေပေါ်မူတည်ပြီး အဆုံးမဲ့တောင်တန်း ၊ ဝါဒတောင်နှင့် နေသူတောစ်င်ဂိုဏ်းတို့ကလည်း အဆင့်မြင့်သိုင်းသမားများကို စစ်ကူအဖြစ် စေလွှတ်မည် ဖြစ်၏။ သို့သော် အရင်တစ်ချိန်က မီးတောက်မိစ္ဆာကမ္ဘာနှင့် ပြင်းထန်သောတိုက်ပွဲကြီး ဖြစ်ပွားသကဲ့သို့ အလွန်ပြင်းထန်သောအချိန်တွင်သာ စစ်ကူစေလွှတ်လေ့ရှိမည်သာပင်။

ထိုသို့သော တိုက်ပွဲမပြင်းထန်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲနှင့် ယခု ဝါဒတောင်တိုက်ပွဲကြီး ဖြစ်ပွားချိန်တွင် မီးတောက်မိစ္ဆာများ ရုတ်တရက် လှုပ်ရှားလာသဖြင့်  နယ်ခြားအက်ကွဲကြောင်းနေရာတွင်  ပြဿနာဖြေရှင်းနေခဲ့ရသည်။

မီးတောက်မိစ္ဆာနတ်ဆိုးများ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ စိမ့်ဝင်လာသည်ကို သုတ်သင်ရှင်းလင်းရန်မှာ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းမှ အရှေ့ပင်လယ်သို့ စေလွှတ်ထားသော သိုင်းဆရာသခင် (၆)ဦး၏ တာဝန်ဖြစ်သည်။

ထို သိုင်းဆရာသခင် (၆)ဦး၏လက်အောက်တွင် သက်ဆိုင်ရာသိုင်းဂိုဏ်းများမှ သိုင်းသမားများစွာ ရှိကြသည်။

ယခင်က နေသူတော်စင်ဂိုဏ်းမှ ဖန်းယွင်ရှန်း၏ ဆရာဟောင်းသည် အရှေ့ပင်လယ်တွင် ရုံးစိုက်စဉ် မီးတောက်မိစ္ဆာများနှင့် တိုက်ခိုက်ရင်း အသက်ဆုံးခဲ့ခြင်း ဖြစ်၏။

ဝါဒတောင်မှ အရှေ့ပင်လယ်တွင် ရုံးစိုက်သော အကြီးအကဲကို အရှေ့ပင်လယ် ပထမအဆင့်ထိပ်တန်းအကြီးအကဲဟု ခေါ်ဆိုကြသည်။

အရှေ့ပင်လယ်တွင် တာဝန်ထမ်းဆောင်ရသည်မှာ အလွန်ခက်ခဲပြီး စိတ်ဆင်းရဲရသည်။ အကျိုးအမြတ်လည်းမရရှိဘဲ မီးတောက်မိစ္ဆာများနှင့်သာ တစ်ချိန်လုံးတိုက်ခိုက်နေရလေသည်။

ထို့ကြောင့် ဝါဒတောင်က အရှေ့ပင်လယ်အကြီးအကဲ နေရာကို အလှည့်ကျစနစ်ဖြင့် လူလဲလှယ်ပေးလေ့ရှိသည်။

ရန်ကျောက်ကဲ၏ဖခင်သည်လည်း သိုင်းပညာဆက်ခံသူခန်းမ၏ ပထမအဆင့်အကြီးအကဲအဖြစ် တာဝန်မထမ်းဆောင်မီ အရှေ့ပင်လယ် ပထမအဆင့်ထိပ်တန်းအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ သူက အရှေ့ပင်လယ်တွင် မီးတောက်မိစ္ဆာများစွာကို သတ်ဖြတ်ပစ်ခဲ့ပြီး ကောင်းကင်တစ်ခွင်လုံး မီးတော်ကများလွင့်ပျံနေစေခဲ့သည်။ တစ်ချိန်တည်းပင် သူ၏ကျော်ကြားမှုသည်လည်း ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့၏။

လက်ရှိ ဝါဒတောင်မှ အ‌ရှေ့ပင်လယ်အကြီးအကဲက အမတလက်ဖွဲ့နှောင်းပိုင်းအဆင့်ရှိသော သိုင်းဆရာသခင် ‘ချန်ကျန်း’ ဖြစ်သည်။

ဝါဒတောင်တွင် တိုက်ပွဲကြီးဖြစ်ပွားသည့်အခါ ချန်ကျန်းက ကူညီပေးရန် တောင်ပေါ်သို့ ပြန်လာချင်သော်လည်း မီးတောက်မိစ္ဆာများက သောင်းကြမ်းနေခဲ့သည်။

တစ်ချိန်တည်းမှာပင် နေသူတော်စင်ဂိုဏ်းမှ အရှေ့ပင်လယ်တွင် ရုံးစိုက်သော ဝါရင့်အကြီးအကဲက သူ့ထံရောက်လာပြီး မီးတောက်မိစ္ဆာများကို ပူးပေါင်းတိုက်ခိုက်ရန် ပြောဆိုလေရာ ချန်ကျန်းမှာ အရှေ့ပင်လယ်တွင် ခြေချုပ်မိနေခဲ့ရသည်။

ယခု ဝါဒတောင်တိုက်ပွဲကြီးလည်း ပြီးဆုံးသွားပြီဖြစ်သလို မီးတောက်မိစ္ဆာများလည်း ငြိမ်သက်သွားပြီဖြစ်သည်။ ဝါဒတောင်က ချန်ကျန်းနေရာတွင် အစားထိုးရန် အကြီးအကဲတစ်ယောက်ကိုစေလွှတ်ပြီး သူ့ကို တောင်ပေါ်သို့ ပြန်လည်ခေါ်ယူခဲ့သည်။

အရှေ့ပင်လယ်အကြီးအကဲအသစ်မှာ ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းတို့၏ဆရာ ၊ ရန်ကျောက်ကဲနှင့်လည်း ခင်မင်ရင်းနှီးသော ‘ဖူအန်းစု’ ဖြစ်၏။

မြေကမ္ဘာနယ်မြေမှ အကြီးအကဲကိုလည်း အလားတူပင် တောင်ပေါ်သို့ ပြန်လည်ခေါ်ယူခဲ့သည်။

ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း ပျက်ဆီးသွားပြီဖြစ်သော်လည်း မြေကမ္ဘာနယ်မြေကို သတိထားစောင့်ကြည့်ရန် လိုအပ်သေးသည်။ သို့သော်လည်း ဝါဒတောင်ကတော့ အကြီးအကဲ အပြောင်းအရွှေ့များကို မဖြစ်မနေ ပြုလုပ်ရသည်ပင်။

စုန့်ချောင်က ဝါဒတောင်၏သဘောထားကို ကျောက်စိမ်းပင်လယ်မြို့တော်သို့ ချက်ချင်းအကြောင်းကြားခဲ့သည်။ ကျောက်စိမ်းပင်လယ်မြို့တော်ကလည်း ဝါဒတောင်လိုအပ်သော ရင်းမြစ်ပစ္စည်းများ ပေးပို့ပါမည်ဟု စိတ်အားထက်သန်စွာဖြင့် လျှင်မြန်စွာ အကြောင်းပြန်ခဲ့သည်။ ဝါဒ‌တောင်မှ လိုအပ်သမျှပစ္စည်များ ဖြည့်ဆည်းပေးရန် တတ်နိုင်သမျှ ကြိုးစားမည်ဟု ကတိပေးခဲ့သည်။

ဝါဒတောင်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်က မဟာမိတ်များဖြစ်ကြလေရာ သူတို့ကြားတွင် ကောင်းမွန်သော အပြန်အလှန်ဆက်ဆံရေးရှိသည်။ သို့သော် ကုန်ပစ္စည်းဖလှယ်ရာတွင်တော့ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်တူညီရန် လိုအပ်သည်။

ရန်ကျောက်ကဲနှင့် ဝါဒ‌တောင်ဘက်မှ တောင်းဆိုသည်မှာ ဆီလျော်သည်ဟု စုန့်ချောင်က ခံစားမိသည်။

ဝါဒတောင်က နှစ်ဦးနှစ်ဖက် ကုန်သွယ်မှုတွင် စျေးနှုန်းများ အဆမတန်မြှင့်တင်ထားခြင်း မရှိသောကြောင့် ကျောက်စိမ်းပင်လယ်မြို့တော်အတွက် အခက်အခဲ မရှိခဲ့ပေ။

ဝါဒတောင်ဘက်မှတောင်းဆိုသောစျေးနှုန်းများက မြင့်မားနေသည်ဆိုလျှင်တောင်မှ တစ္ဆေကျောက်တုံးသား ရရှိမည်ဆိုလျှင် ကျောက်စိမ်းပင်လယ်မြို့တော်က တန်သည်ဟု သတ်မှတ်မည်ပင်။

ဖော်ရွေပွင်းလင်းသောစုန့်ချောင်က ရန်ကျောက်ကဲနှင့် နောက်တစ်ကြိမ်ဆုံသောအခါ ကျေးဇူးတင်စကားပြောရင်း လက်ဆောင်ပေးနေပြန်သည်။

“အစ်ကို’စုန့်’ က အားနာနေပြန်ပါပြီ”

ရန်ကျောက်ကဲက စုန့်ချောင်ပေးသော ကျောက်စိမ်းပြားလေးကို နောက်သို့အသာတွန်းရင်း ဆိုသည်။

“ငါတို့ သိုင်းဂိုဏ်းနှစ်ခုက အမြဲတမ်းဆက်ဆံရေးကောင်းခဲ့တာပဲ ၊ တစ်ယောက်နဲ့တစ်ယောက်ကူညီတာ သဘာဝကျပါတယ်”

စုန့်ချောင်က...

“ညီလေး’ရန်’ ၊ မင်း ဒီလက်ဆောင်ကိုတော့ မငြင်းနဲ့ကွာ ၊ ဒီကျောက်စိမ်းပြားလေးက တန်ဖိုးမရှိပါဘူး ၊ မင်းအတွက် အသုံးဝင်နိုင်သလို အသုံးမဝင်တာမျိုးလည်း ဖြစ်နိုင်ပါတယ် ၊ ငါက မင်းကို ဒီထက်အဖိုးတန်တာ မပေးနိုင်လို့ စိတ်ထဲအပြစ်ရှိသလို ခံစားနေရတာ ၊ ဘာပဲဖြစ်ဖြစ် လက်ဆောင်တစ်ခုလို့ သဘောထားလိုက်စမ်းပါကွာ”

ရန်ကျောက်ကဲက ကျောက်စိမ်းပြားလေးကို လှမ်းယူရင်း လက်ဖြင့်အသာပွတ်သပ်လိုက်သည်။ စုန့်ချောင် အဘယ့်ကြောင့် လက်ဆောင်ပေးရကြောင်း သိရှိသည့်အတွက် မသာပြုံးလိုက်မိသည်။

ထပ်မံငြင်းဆန်လျှင် ရိုင်းရာကျပေမည့်မို့ လက်ဆောင်ကိုလက်ခံလိုက်ရင်း...

“အစ်ကို’စုန့်’ကို ကျေးဇူးတင်ပါတယ်ဗျာ”

စုန့်ချောင်က ခေါင်းခါယမ်းရင်း...

“မင်းက သူစိမ်းဆန်နေပြန်ပါပြီ ညီလေး’ရန်’”

ရန်ကျောက်ကဲက ခဏမျှ စဉ်းစားရင်း...

“ဒါနဲ့... အစ်ကို’စုန့်’ တို့ ရေနယ်မြေကို ဘယ်တော့လောက် ပြန်မှာလဲ”

စုန့်ချောင်က...

“နောက်နှစ်ရက်လောက်ဆိုရင် ပြန်ဖို့စဉ်းစားထားတယ်”

ရန်ကျောက်ကဲက မတ်တတ်ရပ်လိုက်ရင်း...

“ဒါဆို နောက်မှထပ်ဆုံကြတာပေါ့”

နှစ်ယောက်သား အတူတူလမ်းလျှောက်လာကြစဉ် ရန်ကျောက်ကဲက အားဟူကို အသံပို့လွှတ်စနစ်ဖြင့် ကိစ္စတစ်ခု သတင်းပို့လိုက်သည်။ အားဟူက ခေါင်းတစ်ချက်ညိတ်ကာ ချက်ချင်းထွက်ခွာသွားသည်။

ရန်ကျောက်ကဲက စုန့်ချောင်တို့တည်းခိုရာ ခန်းမဆောင်ဆီသို့ လိုက်ပို့သည်။ ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နေကြသော မိန်းကလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုမိန်းမပျို (၂)ယောက်မှာ စစ်ခုန်ချင်းနှင့် လီကျင်းဝမ်တို့ ဖြစ်ကြသည်။ လီကျင်းဝမ်က စစ်ခုန်ချင်းကို ခင်မင်ဟန်ရှိသော်လည်း ပြင်ပလောကအကြောင်းစိတ်မဝင်စားသည့် စစ်ခုန်ချင်းကတော့ အေးတိအေးစက်သာပင်။

မိန်းကလေး (၂)ယောက်က မီးတောက်တောင်ခြေရှိ ဝါဒတောင်သိုင်းသမားများ သိုင်းလေ့ကျင့်ရာ လေ့ကျင့်ရေးကွင်းသို့လည်း မသွားကြသလို သိုင်းပညာဆက်ခံသူခန်းမသို့လည်း မသွားကြဘဲ စုန့်ချောင်တို့ ယာယီတည်းခိုသော ခန်းဆောင်အနောက်ဘက် မြေကွက်လပ်တွင် သိုင်းပညာယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။

သူတို့ (၂)ယောက်လုံး၏ ကျင့်ကြံခြင်းအဆင့်က မနိမ့်ပါးလှပေ။ သူတို့ (၂)ယောက်သာ ရန်သူများပမာ တကယ်တမ်း တိုက်ခိုက်ကြမည်ဆိုလျှင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အဖျက်စွမ်းအားများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှ အဆောက်အဦများစွာကိုပင် ဖျက်ဆီးပစ်နိုင်သည်အထိ ဖြစ်ရပေမည်။

သို့ပေသိ သူတို့က သူတို့လေ့ကျင့်ထားသော သိုင်းပညာနှင့် သိုင်းပညာအပေါ်နားလည်မှုကို အခြေခံပြီး သိုင်းကွက်အချင်းချင်းသာ ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။ သိုင်းကျမ်းစာကြည့်တိုက်တွင် လုဝမ်နှင့် ရန်ကျောက်ကဲ ခုနစ်စဉ်ကြယ်ဓားသိုင်းယှဉ်ပြိုင်ခဲ့ကြသလို သိုင်းပညာသဘောတရားမျှသာ ယှဉ်ပြိုင်ကြခြင်း ဖြစ်၏။

သို့ရာတွင် မိန်းကလေး (၂)ယောက်၏ ချောမောလှသော အသွင်အပြင်နှင့် ကောင်းကင်ထက် ပျံသန်းလှည့်ပတ်နေခြင်းတို့က မြင်ရသူတိုင်းကို ရင်သပ်ရှုမောစေသည်။

စုန့်ချောင်က စစ်ခုန်ချင်းကိုကြည့်ရင်း...

“ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲမှာကတည်းက ဒီညီမလေး’စစ်ခုန်ချင်း’ကို သတိထားမိတယ် ၊ သူ့ရဲ့အရည်အချင်းက တကယ့်ကိုတုန်လှုပ်စရာပါပဲ”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

စစ်ခုန်ချင်းနှင့် လီကျင်းဝမ် (၂)ယောက်လုံးက အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။

ရန်ကျောက်ကဲနှင့် သက်တူရွယ်တူဖြစ်သော လီကျင်းဝမ်အတွက် ဤအဆင့်သို့ရောက်နေသည်က သာမန်ပင်ဖြစ်သည်။ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းမှ တပည့်များအနေဖြင့် ကျင့်ကြံခြင်းနှင့်ပတ်သက်သည့်ပျမ်းမျှမြန်နှုန်းမှာ အသက် (၂၀) ဝန်းကျင်တွင် အပြင်ပိုင်းကြယ်တာရာချီအဆင့် ၊ အသက် (၂၅)ခန့်တွင် ရှန်ထျန်းအဆင့်နှင့် အသက် (၃၀) ဝန်းကျင်တွင် ကောင်းကင်ချိတ်ဆက်အဆင့်သို့ တက်ရောက်ကြသည်မှာ ပုံမှန်ပင် ဖြစ်၏။

သို့သော် အသက် (၂၀)ပင် မပြည့်သေးသော စစ်ခုန်ချင်းက အပြင်ပိုင်းကြယ်တာရာချီအဆင့်သို့ရောက်ရှိနေသည်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။

ရန်ကျောက်ကဲက...

“ဂိုဏ်းတူညီမလေး’စစ်ခုန်’ က တကယ်အရည်အချင်းရှိတယ် ၊ လူတိုင်းမျက်စိကျလောက်စရာပါပဲ”

ထိုစကားက တပည့်တစ်ယောက်အပေါ်တွင် မှတ်ချက်ပြုသည့် အကြီးပိုင်းမျိုးဆက်တစ်ယောက်နှင့် အလွန်ဆင်တူသော်လည်း စုန့်ချောင်ကတော့ ပြဿနာရှိသည် မထင်ပေ။

သူ့ဘေးမှ ‘ရန်’ မျိုးနွယ်သည် လီကျင်းဝမ်နှင့် သက်တူရွယ်တူဖြစ်သော်လည်း သိုင်းဆရာသခင်တစ်ယောက် ဖြစ်နေပြီ မဟုတ်ပါလား။

All Chapters