ပဉ္စမအကြိမ်ထူးကဲယင်ပြိုင်ပွဲ
Vol. 23 Ch. 322
အခန်း (၃၂၂) ပဉ္စမအကြိမ်ထူးကဲယင်ပြိုင်ပွဲ
ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှာကတည်းက စစ်ခုန်ချင်းက ပင်မတိုက်ရိုက်တပည့်ဖြစ်လာရန် အလားအလာရှိသော ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံရသူဖြစ်သည်။
ထိုအချိန်ကတည်းက သူမက ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံရသော်လည်း ယခုလောက် တုန်လှုပ်စရာ မကောင်းသေးပေ။
ချီစွမ်းအားကို ကြယ်တာရာချီစွမ်းအားအဖြစ် ပြောင်းလဲနိုင်သော သိုင်းပညာရှင်အဆင့်သို့ တက်ရောက်ပြီးနောက်ပိုင်း သူမ၏တိုးတက်မှုအရှိန်အဟုန်က အလွန်တရား ကြောက်စရာကောင်းလာသည်။
ရန်ကျောက်ကဲအမြင်အရ စစ်ခုန်ချင်းသည် ကျောက်ဟို ၊ ရီကျင်းတို့ထက် အရည်အချင်း မလျော့နည်းပေ။
စစ်ခုန်ချင်းက အခြားသူများထက် အရည်အချင်းသာလွန်သည်ကို ရန်ကျောက်ကဲက ထူးဆန်းသည်ဟု မခံစားရသည့်တိုင် စုန့်ချောင်နှင့်အခြားသူများကတော့ စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ကြပေ။
ဝါဒတောင်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်က မဟာမိတ်များဖြစ်သည့်တိုင် ဝါဒတောင်တွင် စစ်ခုန်ချင်းကဲ့သို့ လူတော်တစ်ယောက်ရှိနေခြင်းက သူတို့ကို ဖိအားများစွာ ခံစားရစေသည်။
ရန်ကျောက်ကဲကဲ့သို့ ကြီးကျယ်ခမ်းနားသော ပါရမီရှင်တစ်ယောက်ကို မဆိုထားနှင့် ယခု သက်တူရွယ်တူများကြားတွင် လွှမ်းမိုးနိုင်စွမ်းရှိသော နောက်ထပ်တပည့်တစ်ယောက် ရှိနေပြန်လေပြီ။
ပါရမီရှင်များက တွင်းထဲမှထွက်လာသည့်အလား ဝါဒတောင်မှ မကြာခဏထွက်ပေါ်လာသည်ပင်။
အလားအလာကို အစစ်အမှန်စွမ်းအားအဖြစ် ပြောင်းလဲရန် ၊ ငယ်ရွယ်သည့်ပါရမီရှင်များကို စွမ်းအားကြီးမားသူများ ဖြစ်လာစေရန် အချိန်တစ်ခုတော့ လိုအပ်သည်။ သို့သော် ရန်ကျောက်ကဲနှင့် စစ်ခုန်ချင်းတို့အတွက် အချိန်တစ်ခုဆိုသည်က အလွန်တိုတောင်းလှသည်။ အတိတ်တစ်ချိန်က ဟန်ထျန်းပုဂ္ဂိုလ်မြတ်ကျန်းဒေါင်ဂီနှင့် ကောင်းကင်ခန့်မှန်းသူကျန်းရှိလော့တို့အကြောင်း စဉ်းစားမိသည့်အခါ စုန့်ချောင်စိတ်ထဲ လှိုင်းတစ်ချက်ထသွားသည်။
ယခု လီကျင်းဝမ်နှင့် စစ်ခုန်ချင်းတို့ သိုင်းပညာယှဉ်ပြိုင်ခြင်းက အဆုံးမအဖြတ်ပေးမည့်လက္ခဏာများကို စတင်ပြသနေပြီ ဖြစ်သည်။
လက်ရှိတွင် မိန်းမပျို (၂)ယောက်က လက်ရည်တူသည်ထင်ရသော်လည်း စစ်ခုန်ချင်းက အသာစီးရနေသည်မှာ ထင်ရှားသည်။
လီကျင်းဝမ်က ကျောက်စိမ်းပင်လယ်မြို့တော်၏ အမြင့်ဆုံးအဆင့် ခံစစ်သိုင်းပညာဖြစ်သော “မရွေ့လျားသောသန္တာကျောက်တန်း” သိုင်းပညာကိုအသုံးပြုထားသောကြောင့် စစ်ခုန်ချင်းမှာ အသာစီးရနေသည့်တိုင် အနိုင်ရရန်တော့ မလွယ်ကူသေးပေ။
ကြည်လင်လျှို့ဝှက်ရေကန်တွင် လီကျင်းဝမ်က တိုက်ခိုက်ခဲ့ခြင်းမရှိသဖြင့် သူမ၏သိုင်းစွမ်း မည်မျှရှိကြောင်း ရန်ကျောက်ကဲ မသိခဲ့ပေ။
ထို့နောက် လီကျင်းဝမ်အား လျိုရှန်ဖုန်းတို့အုပ်စုက ဖမ်းဆီးခဲ့ရာ ရန်ကျောက်ကဲက ကံကောင်းစွာဖြင့် ကယ်တင်နိုင်ခဲ့သည်။
လျိုရှန်းဖုန်းတို့အုပ်စုက ရှန်ထျန်းအဆင့် သိုင်းပညာရှင်များဖြစ်ကြလေရာ ကျင့်ကြံခြင်းအဆင့်ကွာခြားမှုကြောင့် လီကျင်းဝမ် ၊ ရွမ်ပင်းနှင့် ရဲ့ကျုန်းကျိုးတို့မှာ ထိုသူများနှင့် မယှဉ်နိုင်ခဲ့ပေ။
ယခု သူမက အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ စစ်ခုန်ချင်းနှင့် တိုက်ခိုက်နေသည်ကိုကြည့်ရင်း သူမ၏သိုင်းစွမ်းကို ရန်ကျောက်ကဲ အကဲဖြတ်နိုင်ခဲ့သည်။
ဤမိန်းကလေးသည် စစ်ခုန်ချင်းထက်မသာသော်လည်း သိုင်းစွမ်းနိမ့်ကျခြင်း မရှိပေ။ ကျောက်စိမ်းပင်လယ်မြို့တော်၏ ပင်မတိုက်ရိုက်တပည့်တစ်ယောက် ဖြစ်ထိုက်သူတစ်ဦး ဖြစ်သည်။
သူမက မရွေ့လျားနိုင်သောသန္တာကျောက်တန်းသိုင်းပညာဖြင့် ခံစစ်ကိုတည်ငြိမ်စေပြီး ကျောက်စိမ်းပင်လယ်မြို့တော်၏ အထွတ်ထိပ်သိုင်းပညာတစ်ရပ်ဖြစ်သော “ပင်လယ်နက်စီးကြောင်း” သိုင်းပညာကို အဆက်မပြတ် ထုတ်ဖော်အသုံးပြုနေသည်။
“ပင်လယ်နက်စီးကြောင်း” သိုင်းပညာကျင့်ကြံသူများသည် ပင်လယ်အနက်ရှိုင်းဆုံးမှ ရေစီးကြောင်းများနှင့် ဆင်တူသည်။ ကြီးမားပြင်းထန်သောအမှောင်ထုနှင့် လျှို့ဝှက်စွမ်းအားများက ရန်သူ၏တိုက်ခိုက်မှုကို တွန်းလှန်ကာ တန်ပြန်တိုက်စစ်ဆင်နိုင်မည် ဖြစ်သည်။
“ပင်လယ်နက်စီးကြောင်း” ကဲ့သို့သော သိုင်းပညာများကြောင့် ပထမအဆင့်စွမ်းအားစုနှင့် ဒုတိယအဆင့်စွမ်းအားစုများက ကျောက်စိမ်းပင်လယ်မြို့တော်ကို “အဆိပ်ပြင်းတဲ့ ကျောက်စိမ်းပင်လယ်မြို့တော်” ဟု တင်စားခေါ်ဝေါ်ကြခြင်း ဖြစ်သည်။
မရွေ့လျားသောသန္တာကျောက်တန်းသိုင်းပညာနှင့် ပင်လယ်နက်စီးကြောင်းသိုင်းပညာကိုအသုံးပြုပြီး လီကျင်းဝမ်က ခံစစ်ဖြင့်သာ ကျေနပ်နေသည် မဟုတ်ပေ။ သူမအင်္ကျီထဲတွင်ကွယ်ဝှက်ထားသော အပ်များနှင့်တူညီသည့် ကြိုးရှည်များကို ထုတ်လွှတ်ကာ စစ်ခုန်ချင်းကို တိုက်ခိုက်လိုက်သည်။ စစ်ခုန်ချင်းမှာ ထိုကြိုးရှည်များကိုရှောင်တိမ်းနိုင်ရန် ချက်ချင်း သတိထားလိုက်ရ၏။
သို့သော်လည်း စစ်ခုန်ချင်းက တိုက်ပွဲတွင် အသာစီးရနေဆဲပင်။
စစ်ခုန်ချင်းမှာ ရှီတိ ၊ ရွှီဖေးတို့ကဲ့သို့ သိုင်းပညာ တစ်သမတ်တည်းသောလမ်းကို လျှောက်လှမ်းသူဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိသည်။
သူမက အားနည်းသည့်အခြေအနေသို့ ကျရောက်သည့်တိုင် စိတ်ရှည်သည်းခံစွာဖြင့် ခြေလှမ်းတိုင်းကို တည်ငြိမ်စွာလျှောက်လှမ်းပြီး ကစားပွဲကိုပြောင်းပြန်လှန်ပစ်ရန် အခွင့်အရေးကို ရှာဖွေနိုင်သူ ဖြစ်သည်။
အသာစီးရတိုင်း အနိုင်ရရန်မှာ မဖြစ်နိုင်ပေ။ အသာစီးရခြင်းကို ပိုပြီးတည်ငြိမ်သော အားသာချက်တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး ရန်သူကို တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးမပေးမှသာ အနိုင်ရယူနိုင်မည် ဖြစ်၏။
အချိန်အတန်ကြာ တိုက်ခိုက်ကြပြီးနောက် လီကျင်းဝမ် စစ်ခုန်ချင်းကို ရှုံးနိမ့်သွားခဲ့သည်။
သူမက သက်ပြင်းချရင်း...
“ညီမလေး’စစ်ခုန်’ က တကယ်တော်တာပဲ ၊ ငါ ရှုံးတယ်ဆိုတာ ဝန်ခံပါတယ်”
ပြောပြီးသည်နှင့် လီကျင်းဝမ်က အနောက်သို့ခုန်ထွက်သွားပြီး တိုက်ပွဲကို ရပ်တန့်လိုက်သည်။
စစ်ခုန်ချင်းက သူမ၏ဓားကို ပြန်လည်ရုပ်သိမ်းရင်း လီကျင်းဝမ်ကို လက်နှစ်ဆုပ် အရိုအသေပေးရင်း...
“အစ်မ’လီကျင်းဝမ်’ ညှာတာလို့ အနိုင်ရသွားတာပါ”
ရန်ကျောက်ကဲက စစ်ခုန်ချင်းကို လှမ်းကြည့်ကာ ပြုံးလိုက်ရင်း...
“မင်း သိုင်းစွမ်းရည်တိုးတက်ဖို့အတွက် ပြင်ပလောကကိုသွားပြီး အတွေ့အကြုံရှာမယ်လို့ ဂိုဏ်းကိုတရားဝင်သတင်းပို့ထားတယ်ဆို ၊ အဲဒီသတင်း ငါကြားတယ်”
စစ်ခုန်ချင်းက ခေါင်းညိတ်ရင်း...
“ဟုတ်... ဆရာကလည်း သဘောတူတယ်လေ”
ရန်ကျောက်ကဲက...
“ဆိုတော့... မင်းရဲ့ခရီးစဉ်က ဘယ်လိုလဲ ၊ ဘယ်ကိုအရင်ဆဆုံးသွားမှာလဲ”
စစ်ခုန်ချင်းက...
"အရှေ့ပင်လယ်"
အရှေ့ပင်လယ်က ငြိမ်းချမ်းသည့်နေရာတစ်ခု မဟုတ်ပေ။ ထူးဆန်းသည့်သားရဲများစွာကျက်စားပြီး တစ်ကိုယ်တော်ကျင့်ကြံသူများစွာလည်းရှိလေရာ အလွန်အသက်အန္တရယ်ရှိသည့်နေရာဟု ဆိုနိုင်သည်။
ထိုနေရာမှ တစ်ကိုယ်တော်ကျင့်ကြံသူများအားလုံးက ရက်စက်ကြမ်းတမ်းသောသဘာဝ ရှိကြသည်။ သူတို့က ဓားသွားထက်မှသွေးများကို သောက်ကြသူများဖြစ်ပြီး တရားဥပဒေမဲ့သူများလည်း ဖြစ်သည်။ သူတို့ထဲမှ အများစုက ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းကိုပင် မျက်လုံးထဲမထားကြပေ။ ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ တပည့်များကို ပြဿနာရှာပြီးလျှင် ပြေးနိုင်လျှင်ပြေး ၊ မပြေးနိုင်လျှင် ပုန်းအောင်းနေကြသည်။ ပြေးလည်းမပြေးနိုင် ပုန်းလည်းမပုန်းနိုင်ဆိုလျှင်တော့ ကံတရားအတိုင်း ရင်ဆိုင်ကြသည်ပင်။
သို့သော် ထိပ်သီးသိုင်းဂိုဏ်းကြီးများသည်ပင် ထိုသူများကို လိုက်လံရှာဖွေရန် ခက်ခဲလွန်းသည်။ ပင်လယ်ပြင်၏အခြေအနေက ရှုတ်ထွေးလွန်းလေရာ လူတစ်ယောက်ကိုရှဖွေခြင်းက ပင်လယ်ထဲမှအပ်တစ်ချောင်းကို ရှာဖွေသည်နှင့် အတူတူပင် ဖြစ်၏။
ပင်လယ်နှင့်ရင်းနှီးကျွမ်းဝင်သော ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းသမားများသည်ပင် ထိုသူများကို အတော်လေး သတိထားကြရသည်။
နောက်ထပ်ပြဿနာတစ်ခုမှာ မီးတောက်မိစ္ဆာကမ္ဘာသို့ဝင်ပေါက်က အရှေ့ပင်လယ်တွင် တည်ရှိလေသည်။ ထိုအက်ကွဲကြောင်းကိုဖြတ်သန်းပြီး မီးတော်ကမိစ္ဆာအများအပြား ဝင်ရောက်လာလေ့ရှိသောကြောင့် အန္တရယ်နှင့်ပြည့်နက်နေသည်ဟု ဆိုနိုင်သည်။
အရှေ့ပင်လယ်သို့သွားသည်ဆိုရာ၌ စစ်ခုန်ချင်းက ဖူအန်းစုနောက်သို့ လိုက်သွားခြင်းမဟုတ်ပေ။ သူမတစ်ယောက်တည်း ခရီးဆန့်ရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် အလွန်အန္တရယ်များသည်ဟု ဆိုနိုင်သည်။
သို့သော် ထိုနေရာက နယ်ဆိုးတစ်ခုဖြစ်သောကြောင့် စစ်ခုန်ချင်းက တမင်သက်သက် သွားရောက်ရန် ရွေးချယ်ခဲ့ဟန်တူသည်။ အန္တရယ်များမှသာ အတွေ့အကြုံလည်းများမည် မဟုတ်လား။
ရန်ကျောက်ကဲက စုန့်ချောင်နှင့် လီကျင်းဝမ်ကို ကြည့်ရင်း...
“ဂိုဏ်းတူညီမလေး’စစ်ခုန်’ ၊ မင်း အစ်ကို’စုန့်’ တို့ပြန်ရင် လိုက်သွားလေ ၊ ဒါက ကျောက်စိမ်းပင်လယ်မြို့တော်ရဲ့ အကာအကွယ်ကိုရှာတာ မဟုတ်ပါဘူး ၊ အနည်းဆုံးတော့ သူတို့ဆီက ရေနယ်မြေနဲ့ အရှေ့ပင်လယ်အခြေအနေကို မင်း စုံစမ်းနိုင်တယ် ၊ ပင်လယ်ရဲ့ သဘောသဘာဝကိုက အန္တရယ်များတယ် ၊ လူသားတွေထက်ပိုတဲ့ အန္တရယ်တွေလည်း ရှိနိုင်တယ်”
အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ရေနယ်မြေတစ်ဝက်ကျော်က ပင်လယ်ပြင်ကြီး ဖြစ်သည်။
ရေနယ်မြေက အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အရှေ့ဘက်အကျဆုံး ဒေသဖြစ်သည်။ ပင်လယ်တည်ရှိရာ အစိတ်အပိုင်းဖြစ်သလို ကုန်းမြေနှင့်နီးကပ်သည့်အပိုင်းလည်း ပါရှိသည်။ ကုန်းမြေနှင့်နီးကပ်သော ပင်လယ်၏အစိတ်အပိုင်းဟု ဆိုနိုင်သည်။
“ကျောက်စိမ်းပင်လယ်မြို့တော်” သည် အရှေ့ပင်လယ်ရှိ ကြီးမားသော ကျွန်းကြီးတစ်ကျွန်းထက်တွင် တည်ရှိသည်။
ရေနယ်မြေတွင် ကျွန်းပေါင်းများစွာတည်ရှိပြီး ပင်လယ်ထက်တွင် ကြယ်စင်များလွင့်မျောနေသကဲ့သို့ ထင်မှတ်ရသည်။
ပင်လယ်ပြင်ကို မြောက်ပင်လယ် ၊ အရှေ့ပင်လယ်နှင့် တောင်ပင်လယ်ဟု ခွဲခြားထားသည်။ ပြည်မနှင့် အနီးဆုံးနေရာကို မြောက်ပင်လယ်အတွင်းပိုင်း ၊ ရှေ့ပင်လယ်အတွင်းပိုင်း ၊ တောင်ပင်လယ်အတွင်းပိုင်းဟု အသီးသီး ခေါ်ဆိုကြသည်။
အရှေ့ပင်လယ်အတွင်းပိုင်းက ရေနယ်မြေ၏ အစိတ်အပိုင်းဖြစ်သော်လည်း မြောက်ပင်လယ်အတွင်းပိုင်းနှင့် တောင်ပင်လယ်အတွင်းပိုင်းတို့က ရေနယ်မြေထဲတွင် တစ်စိတ်တစ်ပိုင်းသာပါဝင်ပြီး မိုးကြိုးနယ်မြေ ၊ ရေကန်နယ်မြေများနှင့် ဆက်စပ်နေသည်။
ရေနယ်မြေအပြင်ဘက်တွင် အပြင်ပိုင်းပင်လယ်ကြီး (၃)စင်းရှိနေပြီး အရှေ့ဘက်သို့ဆက်သွားမည်ဆိုလျှင် အလွန်ဝေးကွာသည့် သမုဒ္ဒရာများဆီသို့ ဦးတည်ပေသည်။
ရန်ကျောက်ကဲစကားကိုကြားတော့ စစ်ခုန်ချင်းက ခေါင်းညိတ်ရင်း...
“ဟုတ်ကဲ့ ၊ နားလည်ပါပြီ... ဒါဆိုရင် အစ်ကို’စုန့်’ နဲ့ အစ်မ’လီ’ တို့ကို ဒုက္ခပေးရတော့မယ်”
စုန့်ချောင်က...
“ကိစ္စမရှိပါဘူး ညီမလေး’စစ်ခုန်’”
လီကျင်းဝမ်ကတော့ စစ်ခုန်ချင်း၏လက်ကိုဆုပ်ကိုင်လိုက်ပြီး ပြုံးရယ်လိုက်ရင်း...
“ကျင်းဝမ်က ညီမလေး’စစ်ခုန်’ လောက်သိုင်းပညာမတော်ပေမယ့် လမ်းပြအဖြစ်တော့ လုပ်ပေးနိုင်ပါသေးတယ်”
ဝါဒတောင်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်တို့က နှစ်ပေါင်းများစွာ မဟာမိတ်များဖြစ်ခဲ့ကြပြီး ဆက်ဆံရေး ကောင်းမွန်ကြသည်။ ထို့ပြင် ရန်ကျောက်ကဲကလည်း သူမကို ကြည်လင်လျှို့ဝှက်ရေကန်တွင် ကယ်တင်ထားသည်ဖြစ်ရာ လီကျင်းဝမ်က ဝါဒတောင်အတွက်ဆိုလျှင် အလွန်စေတနာရှိသည်။
စစ်ခုန်ချင်းက အေးစက်ပြီး ဖော်ဖော်ရွေရွေမရှိသော်လည်း သူမက သိုင်းသမားတစ်ယောက်ထားရှိရမည့်သစ္စာတရားကိုနားလည်ပြီး စိတ်ထားလည်းဖြူစင်ကြည်လင်သည်။ ထို့ကြောင့် လီကျင်းဝမ်က သူမကို အမှန်တကယ်ပင် ခင်မင်မိသည်။
စစ်ခုန်ချင်းက မိတ်ဆွေအပေါင်းအသင်းထားရသည်ကို မကြိုက်သော်လည်း သူ့မလက်ကိုဆုပ်ကိုင်ထားသည့် လီကျင်းဝမ်၏လက်များမှတစ်ဆင့် သူမအပေါ် စေတနာထားရှိသည်ကို ခံစားနိုင်သည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“ဒါဆို... အစ်ကို’စုန့်’ နဲ့ ညီမလေး’လီကျင်းဝမ်’ကိုပဲ နှောက်ယှက်ရတော့မယ်”
ထို့နောက် စစ်ခုန်ချင်းက အထုပ်အပိုးပြင်ဆင်ကာ ကျောက်စိမ်းပင်လယ်မြို့တော်မှ တပည့်များနှင့်အတူ ရေနယ်မြေသို့ ထွက်ခွာသွားလေတော့၏။
***
စုန့်ချောင်တို့နှင့်အတူ စစ်ခုန်ချင်းလိုက်ပါသွားသည်နှင့်ရန်ကျောက်ကဲသည်လည်း ဝါဒတောင်တွင်နေထိုင်ရင်း သူ့ကိုယ်ပိုင်အလုပ်ကိစ္စများကို အာရုံစိုက်နေခဲ့သည်။
အချိန်ကြာကြာစဉ်းစားလေ ရန်ကျောက်ကဲ၏ စိတ်ကူးစိတ်သန်းများနှင့် အကြံအစည်များက တဖြည်းဖြည်း ပိုမိုပြီးပြည့်စုံလာလေ ဖြစ်သည်။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့ပြီး “ထူးကဲယင်ပြိုင်ပွဲ” ပြုလုပ်မည့်အချိန်သို့ ရောက်ရှိလာခဲ့လေတော့၏။