← Chapters

ရွာသားများ ပိုက်ဆံရချင်လား…

Vol. 14 Ch. 187

ရွာသားများ ပိုက်ဆံရချင်လား…

Vol. 14 Ch. 187

“ရှောင်းရီ ငါ့အထုပ်က သေသေချာချာရောရောက်ပါ့မလား”

“စိတ်ချပါ ပိုင်ရှင်ရဲ့ ကျွန်တော့်ရဲ့ ရေဒါက လွဲခဲပါတယ်။ သေချာတယ် အထုပ်က ဒီနားတစ်ဝိုက်မှာပဲရှိမှာ။ လောင်းရဲတယ်”

“လောင်းမယ်ဆို မင်းက လူအကောင်လိုက်ကြီးရှိနေဦးမှလေ။ မင်းကို မတွေ့ရဘဲနဲ့ ငါဘယ်လိုလောင်းမလဲ”

ပုံမှန်အရဆို အထုပ်ကိုသယ်ဆောင်လာသောကြယ်တံခွန်ကို ရှောင်းရီ၏ သေချာပေါက်ရှာတွေ့သည်။ သို့သော် အထုပ်မှာပါနေသော ရေဒါထုတ်လွှတ်မှုက ချို့ယွင်းမှုပေါ်လာသဖြင့် ရှာဖွေမှုမှာ နှောင့်နှေးနေခြင်းဖြစ်သည်။

အထုပ်ကျသွားသောနေရာက အကျယ်ကြီးဖြစ်သည်။ဖန့်ကြွယ်ယွီက ထိုနေရာကိုရောက်သောအခါ ကျန်းနန်မြို့စွန်က ရွာတစ်ရွာဖြစ်နေတာကို တွေ့ရသည်။

အဆောက်အဦးများ၊ လမ်းများနှင့် ပြည့်နှက်နေသော မြို့ပြနှင့်ယှဉ်ပါက ဒီနေရာမှာ ပစ္စည်းကိုရှာဖွေရခြင်းက မခက်လှပေ။ ရွာထဲမှာတွေ့သမျှနေရာတိုင်းက လယ်ကွင်းများနှင့် ရွှံ့ဗွက်အိုင်များဖြစ်သည်။

ထိုအထုပ်မှာ အလိုအလျောက်ဖုံးအုပ်ထားသောစနစ်ပါသည်ဟု ရှောင်းရီပြောဖူးသည်။ ဒီနေရာကိုကျသော်လည်း ကြီးကြီမားမား ထိခိုက်မှုမဖြစ်နိုင်ပေ။ လက်သီးဆုပ်လောက်ရှိသော ဖန်တီးထားသည့် ကြယ်တံခွန်ကိုရှာဖွေရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို ဖြစ်နေသည်။

“ဟာကွာ..ဒီအတိုင်းသာဆို ငါတို့ ဘယ်လိုရှာတွေ့တော့မလဲ”

ဖန့်ကြွယ်ယွီက လယ်ကွက်ထဲမှာ ခေါက်တုံ့​ခေါက်ပြန် ရှာဖွေနေသည်။

အထုပ်ကျသွားသည့် နေရာအတိအကျကို မသိသဖြင့် ကျနိုင်လောက်မည့်နေရာကို မှန်းဆပြီးရှာဖွေရမည်ဟု ရှောင်းရီကပြောသည်။ ထိုကြယ်တံခွန်နှင့် မီတာဝက်အကွာအဝေးမှာရှိလျှင်တောင်မှ ရှောင်းရီက ခန့်မှန်းနိုင်သည်။

သို့သော်ရွာက မကျဉ်းဘဲ မြေမျက်နှာသွင်ပြင်အနေအထားက ရှုပ်ထွေးသည်။ မနေ့ညက ကျသွားသော ကြယ်တံခွန်ကြောင့် မည်သည့်ဆူညံသံမှ မကြားရသဖြင့် ရှာရခက်နေခြင်းဖြစ်သည်။

ရုတ်တရက်ဆိုသလို သက်လတ်ပိုင်းလူအများစုက လယ်ကွက်ထဲမှာအလုပ်လုပ်နေသည်ကို ဖန့်ကြွယ်ယွီ သတိထားမိသည်။ သူတစ်ယောက်ထဲရှာမည့်အစား အခြားလူများကို အကူအညီတောင်းပါက ပိုလွယ်မည်ဟု သူတွေးမိသည်။ လူအများနှင့်ရှာပါက မြန်မြန်ရှာတွေ့နိုင်မည်ဟု ထင်မိသည်။

ဖန့်ကြွယ်ယွီက ထိုလူအနားကိုကပ်သွားပြီး ပုခုံးကို ပုတ်လိုက်သည်။

ထိုလူက ကျောကိုဆန့်ပြီး နဖူးကချွေးကို သုတ်လိုက်သည်။

ဖန့်ကြွယ်ယွီက ဒီရွာကလူမဟုတ်ဘူးဆိုတာ တန်းပြီးသိလိုက်သည်။ သူ့ပုံစံအရဆို ကျန်းနန်မြို့မှ ရွာဘက်ကို အလည်အပတမသဘောဖြင့်လာတာဖြစ်ရမည်။

လူငယ်တော်တော်များများက ကျေးလက်ဘဝအရသာကို ခံစားလိုသဖြင့် လာလည်ကြသည်။ ထိုအရာက သူ့အတွက် အထူးအဆန်းမဟုတ်တော့ပေ။

“ကောင်လေး ဘာစားချင်လို့လဲ။ငါတို့အသီးအနှံတွေကလတ်ဆတ်တယ်။ စျေးလည်းသင့်တယ်”

“အင်း..” ဖန့်ကြွယ်ယွီက စကားပြောရန် အရှိန်ယူသည်။

“ဟို..ကျွန်တော်က ဒီကိုလာတာ အစားစားဖို့မဟုတ်ပါဘူး။ ခင်ဗျားတို့ ပိုက်ဆံလိုချင်လားဆိုတာ သိချင်လို့ပါ။ ခင်ဗျားပိုက်ဆံလိုချင်တယ် အချိန်ပိုလည်းရှိတယ်ဆို ကျွန်တော့်မှာ ယာယီလုပ်ရမဲ့ အလုပ်လေးတွေရှိတယ်။ လုပ်ချင်ကြလား သိချင်လို့”

ထိုလူက သူ့အားမျက်မှောင်ကြုံ့ပြီး ပြန်ကြည့်သည်။

“ဒီမှာကောင်လေး ကျုပ်အလုပ်နဲ့ကျုပ်တောင်မအားနေတာ။ ငါ့မှာအချိန်မရှိဘူး။ သွား တခြားလူသွားမေးကြည့်”

“ဦးလေးကလည်း ဘာအလုပ်လည်းဆိုတာတောင် မမေးတော့ဘူးပေါ့။ ကျွန်တော်ပေးမဲ့ အခကြေးငွေက ဒီမှာတစ်နှစ်ပတ်လုံးရှာတာထက်ပိုများစေရမယ်လို့ ကတိပေးတယ်”

ထိုလူက လုပ်လက်စအလုပ်ကိုရပ်လိုက်သည်။

“ဒီမှာ ကောင်လေး ရှုပ်ရှုပ်ယှက်ယှက်လာမလုပ်နဲ့။ ဘာအလုပ်မို့လို့ ဒီလောက်ပိုက်ဆံအများကြီးရမှာလဲ။ ဥပဒေနဲ့ မလွတ်ကင်းတဲ့အလုပ်တွေမလား။ ငါလုပ်လည်း မလုပ်နိုင်ဘူး သိလည်းမသိချင်ဘူး”

“မဟုတ်ပါဘူး။ တရားမဝင်အလုပ်တွေမဟုတ်ပါဘူး။ ဦးလေးက ဒီရွာအကြောင်းသိတယ်မလား”

“ဘယ်လိုလုပ်မသိဘဲနေမှာလဲ။ ဒီရွာမှာနေတာဖြင့် နှစ်လေးဆယ်ကျော်ပေါ့။ မျက်စိမှိတ်ပြီး သွားရင်တောင် ဘယ်နားမှာ ဘာရှိတယ်ဆိုတာ တပ်အပ်ပြောနိုင်တယ်”

“ကောင်းတာပေါ့ အတော်ပဲ။ ကျွန်တော်က လက်သီးအရွယ်လောက်ရှိတဲ့ ကျောက်တုံးကိုရှာနေတာ။ ခင်ဗျားကူရှာပေးမယ်ဆို ယွမ်တစ်သိန်းပေးမယ်ဗျာ”

“ကျောက်တုံးကိုလိုက်ရှာရမယ် ဟုတ်လား”

သူ့ဘဝတစ်သက်တာမှာ ထိုအလုပ်မျိုး တစ်ခါမှ မကြားဖူးပေ။ ဘာကျောက်တုံးမို့လို့ပါလိမ့်။

“အတည်ပြောနေတာ။ ခင်ဗျားကူရှာပေးမယ်ဆို ပိုက်ဆံတစ်ဝက် ခုချက်ချင်းပေးမယ်။ အကယ်၍ ကျောက်တုံးရှာတွေ့မယ်ဆို နောက်တစ်ဝက်ထပ်ပေးမယ်”

ထိုလူက ရွာမှာနေသော်လည်း အွန်လိုင်းငွေပေးချေမှုနှင့် မစိမ်းနေပေ။ ဖန့်ကြွယ်ယွီက သူ့ထံ အွန်လိုင်းမှတစ်ဆင့် ယွမ်ငါးသောင်းလွှဲလိုက်သည်။

“တကယ်ပေးတာဟ” ထိုလူက အပျော်ကြီးပျော်သွားသည်။

“တကယ်လို့ ငါ ရှာမတွေ့ရင်ရော ပိုက်ဆံပြန်ပေးရမလား”

“ရှာမတွေ့လည်း ဒီ ယွမ်ငါးသောင်းက ခင်ဗျားလုပ်အားခပါ။ ပြန်မယူပါဘူး။ ကျုပ်က လူအများကြီးလိုနေတာ။ ခင်ဗျားလူထပ်ရှာပေးလို့ရမလား။ လူတိုင်းကို ငါးသောင်းဆီ အရင်ပေးမယ်။ ကျန်တဲ့ငါးသောင်းက ကျောက်တုံးတွေ့ရင် ထပ်ပေးမယ်”

“ဟုတ်ပြီ ဒီမှာစောင့်နေ။ အခုချက်ချင်း လူတွေထပ်ခေါ်လာမယ်”

ထိုလူက ကပျာကယာပြေးသွားသည်။

“မိန်းမ ထမင်းချက်နေတာရပ်လိုက်တော့။ မြန်မြန်လာ။ ငါနဲ့လိုက်ခဲ့။ ယွမ်ငါးသောင်းချက်ချင်းရမဲ့ အချိန်ပိုင်းအလုပ်တစ်ခု ငါတွေ့ထားတယ်”

“ဟယ် တကယ်ကြီး” သူ့အမျိုးသမီးက ယုံတစ်ဝက်မယုံတစ်ဝက်ဖြစ်နေသည်။

“တကယ် အလုပ်အပ်တဲ့လူက လူလိုနေလို့ ထပ်ရှာခိုင်းလိုက်တာ။”

မြို့ပေါ်ကလူက ကျောက်တုံးတစ်တုံးကိုရှာနေသည်ဆိုသော သတင်းက တောမီးသဖွယ်ပျံ့နှံ့သွားသည်။ ကူရှာပေးသူတိုင်းက ယွမ်ငါးသောင်းချက်ချင်း လက်ငင်းရပြီး နောက်ထပ်ငါးသောင်းက ကျောက်တုံးရှာတွေ့ပါက ပေးမည်ဆိုသော သတင်းက တမဟုတ်ချင်း ပျံ့လာသည်။ ထိုအလုပ်အပ်သူက ပိုက်ဆံယွမ်ငါးသောင်းကို ချက်ချင်းပေးချေကြသည်။

လူကြီးလူငယ်မရွေး ကျားမမရွေးလုပ်လက်စအလုပ်ကို ပစ်ချပြီး လက်သီးဆုပ်အရွယ်ကျောက်တုံးကို လယ်ကွင်း၊ ရွှံ့အိုင်နှင့် နေရာမရွေးရှာကြသည်။

ဘေးပတ်ပတ်လည်ရွာများဆီသို့ ထိုသတင်းက ပျံ့သွားပြီး ထိုသူများကပါ ကူပြီးရှာဖွေပေးကြသည်။ ဖန့်ကြွယ်ယွီက ထိုပစ္စည်းကိုရှာဖွေမှုကြောင့် ပိုက်ဆံကုန်ကျစရိတ်ကို မမှုပေ။ ထိုအထုပ်ထဲမှာ ပါသော ပစ္စည်းက ပိုက်ဆံနှင့် တန်ကြေးဖြတ်လို့မရအောင် တန်ဖိုးကြီးလှသည်။ ထိုကျောက်တုံးကို လူရာပေါင်းများစွာက ရှာဖွေနေကြသည်။

“ဒါလည်း မဟုတ်သေးဘူး”

“ဒါလည်း မဟုတ်ဘူး”

ဖန့်ကြွယ်ယွီက ရွာထိပ်မှာရှိသော သစ်သားခုံတန်းပေါ်ထိုင်နေသည်။ သူ့မျက်နှာချင်းဆိုင် လယ်ကွက်ထဲတွင် လူပေါင်းများစွာက ကျောက်တုံးကို သဲကြီးမဲကြီး ရှာနေသည်။ ရွာသူရွာသားများက လက်သီးဆုပ်အရွယ် ကျောက်တုံးကို တွေ့တိုင်း လာယူပြီးပြကြသည်။ သူတို့အတွက် ယွမ်ငါးသောင်းဟူသော ပမာဏသည် တစ်နှစ်စာရှာဖွေရသည့် ပမာဏဖြစ်သည်။

“အမလေး ဒီလောက်လူအများကြီးရှာနေတာတောင် မတွေ့တာ။ငါ့တစ်ယောက်ထဲဆို ဘယ်လောက်တောင်ရှာ ရမလဲ မသိ။ ရှာလို့ကိုတွေ့မှာမဟုတ်ဘူး” တစ်နေ့တာကုန်ဆုံးခါနီးဖြစ်သည့်တိုင်အောင် ထိုကျောက်တုံးကို ရှာမတွေ့ပေ။ ကျောက်တုံးများသာ အပုံလိုက်ဖြစ်လာသည်။

“ဒီလူက ဘာကိုရှာနေတာလဲဆိုတာတောင် မတွေးတတ်တော့ဘူး” ရွာသူရွာသားများက စတင်ပြီး ဆွေးနွေးကြ တော့သည်။

“လူချမ်းသာတွေက ဘယ်လိုပုံစံကို ကြိုက်တာလဲ။ ဘာကိုလိုချင်တာလဲဆိုတာ မသိဘူးလေ။ တစ်ခါတုန်းက သတင်းထဲမှာဖတ်ဖူးတယ်။ ဘာမဟုတ်တဲ့သစ်သားတုံးကို သူဌေးတစ်ယောက်က ပိုက်ဆံအများကြီးပေးပြီး ဝယ်တာတဲ့”

“ထားလိုက်ပါကွာ။ အဲ့တာတွေက သူတို့လို လူချမ်းသာတွေရဲ့ ကိစ္စပါ။ကျန်တဲ့ပိုက်ဆံလေးရဖို့ရှာကြစမ်းပါကွာ”

“ပိုင်ရှင်..အချက်ပြနေပြီ”

“ဟမ် ဘယ်မှာလဲ ဘယ်မှာလဲပြော” ဖန့်ကြွယ်ယွီက အလန့်တကြားဖြစ်ပြီး ခုံပေါ်မှ ထခုန်မိသည်။

“အချက်ပေးတာက ရွေ့နေတာ။ ခုနလေးတင်မှ ပိုင်ရှင်ရဲ့ အနားမှာရှိသေးတယ်။ ဟော ခုပြန်ပျောက်သွားပြန်ပြီ”

“ဘာ”ဖန့်ကြွယ်ယွီက ဘေးပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်သောအခါ လူအများစုက

ကျောက်တုံးပုံသည့်နေရာမှာ စုဝေးနေကြသည်။ ကလေးလေးတစ်ယောက်ပဲ သူ့ဘေးနားကနေဖြတ်သွားသည်။

“တွေ့ပြီ ဟိုမှာ”

ကလေးလေးက မီးလောင်ရာနည်းနည်းရှိနေသော အနက်ရောင်ကျောက်တုံးကိုကိုင်ထားသည်။ ထိုကျောက်တုံးက ဥက္ကာခဲပုံသဏ္ဍာန်ရှိနေသည်။

တစ်နေကုန်ရှာပြီးသည့်နောက် ကလေး၏လက်ထဲမှာ လိုချင်နေသောအရာကို တွေ့ခဲ့ရသည်။

All Chapters