ညီလေး ဒီကျောက်တုံးကို ရောင်းပါ့လား
Vol. 14 Ch. 188
“သူဌေး ခင်ဗျားက ကျုပ်တို့ကျောက်တုံးတွေကို လာလည်းမကြည့်ပါ့လား”
ကျောက်တုံးပုံနားမှာရှိနေသော ရွာသားတစ်ဦးက လှမ်းအော်ပြောသည်။
ထိုအချိန်မှာ ဖန့်ကြွယ်ယွီက ဘာကိုမှ အာရုံစိုက်မအားပေ။ သူက ထိုကလေးလေးဆီသို့ ဒရောသောပါး ပြေးသွားသည်။
“ညီလေး မင်းကျောက်တုံးလေးကို ပြလို့ရမလား”
ဖန့်ကြွယ်ယွီက မြေပြင်ပေါ်ထိုင်ချပြီး လေသံပျော့ပျော့ဖြင့် မေးသည်။ သူခံစားနေရသော စိတ်လှုပ်ရှားမှုကို မပေါ်အောင် ဖုံးဖိထားသည်။
ထိုကလေးက လန့်သွားပုံရပြီး သူတွေ့ထားသော ကျောက်တုံးကို အနောက်ကို ဝှက်လိုက်ပြီး “အမေက လူစိမ်းတွေနဲ့ စကားမပြောရဘူးလို့မှာထားတယ်” ဟုပြန်ဖြေသည်။
“ငါက လူဆိုးမဟုတ်ပါဘူးကွာ။ မင်းလက်ထဲက ကျောက်တုံးကို လိုချင်လို့ပါ။ ငါ့ကိုပြန်ရောင်းပါ့လား” ဟု ဖန့်ကြွယ်ယွီက မေးလိုက်သည်။
“ငါ့ကိုရောင်းမယ်ဆို ယွမ်တစ်သိန်းပေးမယ်။ အဲ့ပိုက်ဆံနဲ့ဆို မင်းကြိုက်တဲ့ မုန့်တွေ အရုပ်တွေဝယ် လို့ရတယ်”ဖန့်ကြွယ်ယွီက သူ့ထံ ကျောက်တုံးရောင်းဖို့အရေး ဆွဲဆောင်နေသည်။
“တစ်သိန်းဟုတ်လား”
ထိုပမာဏကိုကြားလိုက်ရသော အနီးအနားကလူများသည် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။
ထိုကျောက်တုံးက ဘာမို့လို့ ဒီလောက်တန်ဖိုးကြီးရလဲဆိုတာ သိချင်လာကြသည်။ ထိုကျောက်တုံးမျိုးကို လမ်းဘေးမှာရှာတွေ့လျှင် လှည့်တောင်ကြည့်မိမည်မဟုတ်ပေ။ အဲ့လိုကျောက်တုံးမျိုးကို ဒီလူက ဘာကြောင့်များ စျေးကောင်းပေးဝယ်ရသနည်း။
ယွမ်တစ်သိန်းဆိုတာဘာလဲသေချာမသိသော ကလေးက သေချာစဉ်းစားနေပုံရသည်။
“ဒါမှ မရသေးဘူးဆိုရင် တစ်သန်းပေးမယ်ကွာ”
“တစ်သန်း ဟုတ်လား။ အဲ့ပမာဏနဲ့သာဆို ဒီနားမှာ အိမ်အကြီးကြီးတွေ စိတ်ကြိုက်ဆောက်လို့ရပြီ”
“ငါတို့တွေဘယ်လိုရှာရှာမတွေ့တာကွာ။ အကိုယွင်တို့မိသားစုက ကံကောင်းလွန်းပါတယ်။ သူ့သားလေးက ရှာတွေ့တော့ တစ်မိသားစုလုံးကောင်းစားပြီ”
“တစ်သန်းနဲ့ဆို အများကြီးဝယ်လို့ရလား” တွေဝေတုံ့ဆိုင်းနေသောကောင်လေးက တစ်သန်းဟူသော ပမာဏကို စိတ်ဝင်စားသည့်ပုံပြလာသည်။
“ဒါပေါ့..တစ်သန်းနဲ့ဆို မင်းစိတ်ကြိုက် အရုပ်တွေ မုန့်တွေ ဝယ်လို့ရပြီ”
“ဒါဆို ဆယ်သန်းဆို အရုပ်တွေပိုရမှာပေါ့”ထိုကလေးလေးက နံပါတ်တောင် ကောင်းကောင်းမသိဘဲ ဒီတိုင်းပြောလိုက်ခြင်းဖြစ်သည်။
ဖန့်ကြွယ်ယွီက ပေးလိမ့်မည်မဟုတ်ဟု ထင်ကြသည်။ ရူးနေသောလူကသာ ထိုအဖိုးမတန် သောကျောက်တုံးအတွက် ဆယ်သန်းဟူသော ပမာဏကို ပေးလိမ့်မည်ဟု ထင်မြင်ကြသည်။
“ရတယ်လေ..ဒါဆို ၁၀သန်းနဲ့ စျေးတည့်ပြီနော်”ဖန့်ကြွယ်ယွီက တစ်ချက်လေးတောင် မစဉ်းစားဘဲ သဘောတူသည့်အပေါ် အားလုံးက အံ့အားသင့်ကြသည်။
“ရော့ ကျောက်တုံး” ကောင်လေးက ကျောက်တုံးကို ဖန့်ကြွယ်ယွီအားပေးသည်။
“ရှောင်းရီ ဒီကျောက်တုံးဆိုတာမှန်လား”
“ဟုတ်တယ် အဲ့တာပဲ။ဒီကျောက်တုံးကို အထူးသတ္ထုတစ်မျိုးနဲ့ ဖုံးထားတာ။ အထဲမှာ ပစ္စည်းထည့်ထားတဲ့ နေရာသေးသေးလေးပါတယ်”
“ဟူး တော်ပါသေးရဲ့” ဖန့်ကြွယ်ယွီလည်းခုမှ သက်ပြင်းချနိုင်သည်။ ကျောက်တုံးကို ရှာတွေ့သဖြင့် သူပိုက်ဆံသုံးရကျိုးနပ်သည်ဟု ဆိုနိုင်သည်။
“ဒီကလေးမိဘတွေကဘယ်သူလဲ။ ထွက်လာခဲ့ပါလား။ ပိုက်ဆံလွှဲပေးချင်လို့ပါ”
ဖန့်ကြွယ်ယွီက ကျောက်တုံးကိုရပြီးသည့်နောက် ပိုက်ဆံရှင်းဖို့ မသိချင်ယောင် ဆောင်လိမ့်မည်ဟု ထင်ကြသည်။ ဖန့်ကြွယ်ယွီက ပိုက်ဆံပေးဖို့ ကလေးမိဘတွေကို ခေါ်လိမ့်မည်ဟု မထင်ကြပေ။
“ဟုတ် ကလေးမိဘတွေက ကျုပ်တို့ပါပဲ”ကလေးမိဘနှစ်ဦးလည်း တစ်နေ့လုံး ကျောက်တုံးကို သည်းကြီးမည်းကြီးရှာနေကြသည်။ သူတို့၏ သားဖြစ်သူက ရှာတွေ့လိမ့်မည်ဟု မထင်ကြပေ။
“ခင်ဗျားတို့ဘဏ်အကောင့်ပေးလေ။ ပိုက်ဆံလွှဲပေးမလို့”
ကလေး၏ မိခင်ဖြစ်သူလည်း ပေကျံနေသောလက်ကို သုတ်ပြီး ဖုန်းကိုထုတ်သည်။
“တင်းတောင်”
“ဆယ် ဆယ်သန်း”
သူတို့၏ဘဝမှာထိုမျှ များပြားသောပမာဏကို တစ်ခါမှမမြင်ဖူးပေ။ တစ်သက်လုံး ဆင်းဆင်းရဲရဲ နေလာရသူများအဖို့ ထိုပမာဏကိုမြင်လိုက်ရသောအခါ ထိတ်ထိတ်ပျာပျာဖြစ်ကုန်ကြသည်။
“ကျောက်တုံးတွေ့ရင် နောက်ထပ်ငါးသောင်းပဲပေးမှာမဟုတ်လား။ များလိုက်တာ”
“မဟုတ်ပါဘူး။ ခုနလေးတင် ခင်ဗျားတို့သားကိုကတိပေးလိုက်ပြီးပြီ။ ကတိက ကတိပဲလေ။ ကလေးဆိုပြီး ရောချဖို့ မကြံပါဘူး”
“ဝိုး..စိတ်ကောင်းလည်းရှိ ချမ်းလည်းချမ်းသာ ပြည့်စုံလိုက်တာ” ရွာသားများက သူ့ကို ဝိုင်းပြီး ချီးကျူးကြသည်။
သူတို့ကိုယ်တိုင်ကျောက်တုံးကို မရှာတွေ့ကြသော်လည်း ယွမ်ငါးသောင်းရသည့်အပေါ် အားလုံးက ကျေနပ်ကြသည်။
“ကောင်လေးက ဒီ့ထက်မကတောင်းလည်း သူကပေးမယ်လို့ မင်းထင်လား”
“မပေးလောက်ပါဘူး ဟုတ်တယ်မလား”
“မထင်ဘူးနော်။ ဒီနေ့ ကျောက်တုံးရှာတဲ့လူတွေကို ပေးရတဲ့ လုပ်အားခက သန်း၂၀လောက်ရှိတာ။ သူဌေးက အဲ့လောက်ပမာဏကို မမှုတဲ့ပုံပဲ”
“ဟုတ်သား အားကျလိုက်တာ”
“ကျေးဇူးတင်ပါတယ် သူဌေး” ကလေးမိဘများလည်း ပျော်ရွှင်မြူးတူးစွာပြန်သွားကြသည်။
ဖန့်ကြွယ်ယွီ လိုချင်သောကျောက်တုံးကိုရပြီးနောက် အားလုံးလည်း အသီးသီး လမ်းခွဲသွားကြသည်။
“ကူးရီ ဒီမိသားစုကိုနည်းနည်းကြည့်ပေးလိုက်ဦး။ အကယ်၍ တစ်ဦးဦးက သူတို့ကိုရန်မူလာရင် ရှင်းပစ်လိုက်”
လူ့သဘာဝက အလွန်ကြောက်ဖို့ကောင်းမှန်း ဖန့်ကြွယ်ယွီ နားလည်သည်။
“ဟုတ်ကဲ့ သခင်လေး”
ကူးရီ၏ အသံကသူ့နားထဲမှာ ပဲ့တင်သံထပ်နေသည်။
“ရှောင်းရီ ဒါကို ဘယ်လိုဖွင့်ကြမလဲ”
“ဒါကို ဖွင့်ဖို့ စိတ်စွမ်းအင်လိုအပ်တယ်။ ပိုင်ရှင်ရဲ့ အဖေက ဒါကိုဖွင့်နိုင်မဲ့ အရာကို သတ်မှတ်ထားပြီးသားပါ။ ပိုင်ရှင်ရဲ့ စိတ်စွမ်းအင်ကို ထည့်လိုက်တာနဲ့ အလိုလိုပွင့်သွားမှာ”
“တကယ်ကြီး”
ရက်အနည်းငယ်လေ့ကျင့်ပြီးသည့်နောက် ဖန့်ကြွယ်ယွီက စိတ်စွမ်းအင်ထုတ်နိုင်စွမ်းရှိသည်။ ရှောင်းရီပြောသည့်အတိုင်းလုပ်ကြည့်သောအခါ အနက်ရောင်ကျောက်တုံးပေါ်မှာ အက်ကွဲရာ သေးသေးလေး ပေါ်လာသည်ကို တွေ့ရသည်။
“ကလစ် ကလစ်”
ကျောက်တုံးထဲမှ အသံတစ်သံပေါ်ထွက်လာပြီးနောက် ကျောက်တုံးလည်း တစစီကွဲသွားကာ အဖြူရောင်သေတ္တာလေးတစ်လုံးပေါ်လာသည်။
ဖန့်ကြွယ်ယွီက သေတ္တာထဲမှာ ဘာပါမလဲဆိုတာ သည်းကြီးမည်းကြီးရှာသည်။
“ပိုင်ရှင်..ဒါက ဒုတိယအလွှာက အာကာသစုဆောင်းရေးပစ္စည်းပါ။ ပစ္စည်းတွေကို သိမ်းဆည်းတာအပြင် ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တဲ့ စနစ်ပါပါတယ်။ ဒီတစ်ခုနဲ့ဆို ဒီတစ်ကမ္ဘာလုံးကို ဝယ်လို့ရတယ်”
“ဝိုး တကယ်ကြီး”
ဖန့်ကြွယ်ယွီက သူ၏လက်ချောင်းမှာလက်စွပ်ကိုဝတ်သည်။
“ဒီလက်စွပ်တောင် ဒီလောက်တန်တယ်ဆို သူ့အထဲက ပစ္စည်းတွေက ပိုပြီးတန်ကြေးရှိမှာပေါ့”
“ဒါကိုရော စိတ်စွမ်းအင်နဲ့ ဖွင့်လို့ရမလား ရှောင်းရီ”
“ရတာပေါ့ ပိုင်ရှင်”
ဖန့်ကြွယ်ယွီက သူ၏စိတ်စွမ်းအင်ကို လက်စွပ်ထံပို့လွှတ်သောအခါ ဖန့်ဟွိုက်၏ ပုံပေါ်လာသည်။
“ဟာ..ပါးပါးကလည်း အလန့်တကြားဗျာ”
“ကောင်စုတ်လေး မင်းလန့်မယ်ဆိုတာ သိသားပဲ”
“အခု ဒုတိယအဆင့်ရောက်နေပြီမလား။ ပါးပါး ဘာလို့ ဒီမစ်ရှင်လုပ်ခိုင်းလည်းဆိုတာ သားသိချင်နေမှာမဟုတ်လား”
“ထွေထွေထူးထူးလိုက်မစဉ်းစားနေနဲ့။ ငါ ဒီတိုင်းပျင်းလို့လုပ်ခိုင်းတာ”
“ပါးပါးက သားအတွက် ပစ္စည်းကောင်းလေးတွေ ပို့ပေးမလို့ပဲ။ ဒါပေမဲ့ အရမ်းလန့်သွားမှာလည်း
စိုးရတယ်။ ဒါကြောင့်မို့ အရမ်းကရိကထမများတဲ့ ပစ္စည်းလေးတွေပို့လိုက်တယ်။ တချို့ပစ္စည်းလေးတွေက အဆင့်-၂အောင်မြင်ဖို့ အထောက်အကူပြုမှာ။ ပစ္စည်းတွေကိုသေချာသုံး။ အလုပ်များတယ် ဆိုပေမဲ့ ပျော်ပျော်နေ ဟုတ်ပြီလား တာ့တာ”
ထိုစကားများပြောပြီး ဖန့်ဟွိုက်ကပျောက်သွားပြန်သည်။
“ဒီထဲမှာ ဘာတွေပါပါလိမ့်”
ဖန့်ကြွယ်ယွီက စိတ်စွမ်းအင်ကိုသုံးပြီး ဖွင့်ကြည့်သောအခါ ထူးခြားသော ပစ္စည်းနှစ်မျိုးကို တွေ့ရသည်။ တစ်မျိုးက ထူးခြားသောဗိသုကာ ပုံစံငယ်ဖြစ်ပြီး ကျန်တစ်မျိုးမှာ ကလေးဦးခေါင်းလောက်ရှိသော ကြက်ဥတစ်လုံးဖြစ်သည်။