တမင်ဖန်တီးထားတယ်ထင်နေတာ…
Vol. 14 Ch. 192
ဘုံလောက အဆင့်-၄ကို ရောက်ရှိသောအခါ ပညာရှင်များ ဘယ်လောက်များများ ပေါ်ထွက်လာနိုင်မည်နည်း။
ထိုမေးခွန်းနှင့် ပတ်သက်ပြီး မည်သူမှ အဖြေတိတိကျကျမပေးနိုင်ပေ
သို့သော် ဘာသာရပ်တစ်ခုခုကိုသင်ကြားချင်ပါက အခြေခံအဆင့်မှ ကျွမ်းကျင်အဆင့်ထိရောက်အောင် သင်ပေးနိုင်သော ဆရာအုပ်စုရှိသည်ဆိုသည့်အချက်ကို ဖန့်ကြွယ်ယွီနားလည်သည်။
သင်ကြားရေးအတွက် လိုအပ်သောပစ္စည်းများနှင့်ပတ်သက်ပြီး ဘာမှ စိတ်ပူစရာမလိုပေ။
ကျောင်းမှာ လိုအပ်သောအရာများကို အဆင်သင့်ထားရှိပေးထားသည်။ တက်ရောက်ချင်သူများအဖို့ ပြင်ပမှ ဘာမှ ယူလာစရာမလိုပေ။
သို့သော် တစ်ခုတော့ရှိသည်။ ကျောင်းအတွင်းမှာရှိသော စကြာဝဠာအရင်းအမြစ်စွမ်းအင်များက ကမ္ဘာမြေမှာထက်ပိုပြီး ပေါကြွယ်ဝသည်။ ဖန့်ကြွယ်ယွီ၏ စွမ်းအားရှင်ကျင့်ကြံခြင်းအတွက် လိုအပ်သော ဆေးဖက်ဝင်အပင်များစွာရှိသည်။ ထို့ကြောင့် ကျောင်းသားများက ကျောင်းဝန်းအတွင်းမှာ လေ့ကျင့်ပါက ပြင်ပကမ္ဘာမှာလေ့ကျင့်သည်ထက် ပိုမိုလျင်မြန်လိမ့်မည်။
ဖန့်ကြွယ်ယွီက ဒီကျောင်းမှာရှိသမျှ အရာတိုင်းကို သင်ယူလိုသည်။ သို့သော် သူ့တစ်ဘဝလုံး သင်ယူလျှင်တောင်မှ သင်စရာကုန်လိမ့်မည်မဟုတ်ပေ။
နောက်ထပ်ခေါင်းခဲစရာကိစ္စတစ်ခုရှိသေးသည်။
သူ့ကျောင်းကို ကျောင်းသားများလာအပ်အောင် ဘယ်လိုပြုလုပ်ရမည်နည်း။
သူ့မှာ ပရိတ်သက်ပေါင်းများစွာရှိသော်လည်း ဝီဘိုမှတစ်ဆင့် စည်းရုံးဖို့ ဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာဖြစ်နေသည်။
အကယ်၍ ဝီဘိုမှ တစ်ဆင့်ကြေညာပါက ရလဒ်နှစ်ခုထွက်လာမည်။ ပထမတစ်ခုက သူ့ကို လူအများက အရူးဟု တစ်ပြိုင်နက်သတ်မှတ်ကြမည်။ နောက်တစ်ခုက သူ့ကျောင်းတည်နေရာကို လူအများစုသိလာကြပြီး သူ့ကိုလူထူးဆန်းတစ်ဦးလိုဆက်ဆံကြမည်။
ဘယ်ရလဒ်ပဲဖြစ်ပါစေ သူရင်မဆိုင်ချင်ပေ။
သူက တစ်ကမ္ဘာလုံးမှာရှိသော မည်သူနှင့်မဆိုရင်ဆိုင်ရဲသော်လည်း အခုချိန်မှာ ဒုတိယအဆင့်ခွင့်ပြုခြင်းကို ပြီးမြောက်အောင်မြင်ဖို့ ပိုအရေးကြီးသည် မဟုတ်ပါလော။
“အင်း…ဒီလိုပဲ တစ်ဆင့်ချင်းစီဖြည်းဖြည်းမှန်မှန်သွားကြတာပေါ့။ သုံးနှစ်ကြီးတောင်အချိန်ရသေးတာပဲ။အေးဆေးပေါ့”
အစပိုင်းမှာတော့ မည်သည့်ကိစ္စမဆို ခဲယဉ်းကြစမြဲဖြစ်သည်။ ကျောင်းအပ်မည့် ပထမဆုံးကျောင်းသားတစ်ဦးရရှိဖို့ အခဲယဉ်းဆုံးဖြစ်ပေလိမ့်မည်။
ထို့အပြင် သူက တွေ့သမျှလူတိုင်းကိုလက်မခံလိုပေ။ သူ့နောက်လိုက်ဖြစ်မည့်လူများက အနည်းဆုံးတော့ အကျင့်စာရိတ္တကောင်းမွန်ရမည်။
တစ်စုံတစ်ဦးက နတ်ဘုရားအကယ်ဒမီမှာ အဆင့်မြင့်နည်းပညာများကိုသင်ယူပြီး ပြင်ပလောကပြန်ရောက်ချိန်တွင် မကောင်းမှုဒုစရိုက်လုပ်ငန်းများအတွက် အသုံးပြုပါက ဟိုးလေးတကျော်ဖြစ်ပြီး ကျောင်းနာမည်ပျက်လိမ့်မည်။
အားကောက သူ့အိမ်ကိုရောက်သည့်နေ့မှစပြီးအလုပ်တစ်ခုပိုလာသည်။ နေ့တိုင်းလိုလို အလုပ်သင်မဆင်းခင် ခွေးကျောင်းထွက်ရသည်။
အားကောက သာမန်ခွေးများအတိုင်းပြုမူပြီး လူစကားကို နားလည်သည်။
အားကောက လျင်လျင်မြန်မြန်ကြီးလာသည်။ တစ်ပတ်ထဲဖြင့် ခွေးအသေးမျိုး အရွယ်အစားလောက်ဖြစ်လာသည်။
သူက တစ်နေ့ထက်တစ်နေ့ အစားပိုသောင်းကျန်းလာသည်။ ဖန့်ကြွယ်ယွီက သူ့ကို အကောင်းစားခွေးစာနေ့တိုင်းကျွေးသည်။
တစ်ယောက်ယောက်ကသာ သူက ခွေးပုံစံ ဝိဥာဉ်ဝါးမြိုသားရဲကောင်ကို မွေးဖွားသည်ကို သိခဲ့ပါက ကြောက်ကုန်ကြပေလိမ့်မည်။
သို့သော် ဖန့်ကြွယ်ယွီ၏ စိတ်ထဲမှာ အားကောက အိမ်ကိုဖျက်စီးတာမရှိဘဲ ဘာပြသနာမှ မရှာပါက မွေးဖို့အဆင်ပြေသည်ဟု ယူဆသည်။
ဖန့်ကြွယ်ယွီ၏ အိမ်နားပန်းခြံတွင် လမ်းလျှောက်သူ၊ ခွေးကျောင်းထွက်သူ၊ အားကစားလုပ်သူများနှင့် စည်ကားနေသည်။
သို့သော် အားကောကို အပြင်ကိုခေါ်သွားတိုင်း လှစ်ခနဲပျောက်ပျောက်သွားတတ်သည်။ တစ်ခါတစ်လေ တခြားခွေးများနှင့် ဆော့ကစားနေတတ်သလို တစ်ခါတလေကျ ခွေးမလေးများကို ထိကပါးရိကပါး လုပ်ချင်သည်။
မွေးဖွားပြီး တစ်ပတ်အတွင်း သားရဲကောင်ဇာတိပြလာလား..
သို့သော် ခွေးမျိုးချင်းမတူတာမို့ မျိုးပွါးဖို့အထိတော့ဖြစ်နိုင်မည်မဟုတ်ချေ။
“ဖန့်ကလေး..လမ်းလျှောက်ထွက်လာပြန်ပြီလား”
အဘိုးအိုတစ်ဦးက နှုတ်ဆက်သည်။
“ဟုတ်ကဲ့ အဘိုးပိုင်ကတော့ နေ့တိုင်း အစောကြီး နိုးတာပဲနော်”
ထိုအဘိုးနာမည်မှာ ပိုင်ယုဟိုင် ဖြစ်ပြီး ကျန်းနန်အိမ်ယာမှာ နေထိုင်သူတစ်ဦးဖြစ်သည်။ ယခင်တုန်းက ဖန့်ကြွယ်ယွီက မည်သူနှင့်မှ အဆက်အဆံမရှိပေ။
သို့သော် မနက်တိုင်းခွေးကျောင်းထွက်သည့်အချိန်ကစပြီး လက်ဝှေ့ထိုးကျင့်နေသော ပိုင်ယုဟိုင်အပါအဝင် လူပေါင်းများစွာနှင့်ဆုံခဲ့ရသည်။
“မင်းခွေးက ထပ်ပြီးဆိုးပြန်ပြီလား”
“ဟုတ်ပါ့ အားကောကတော့ နေ့တိုင်းဆိုးနေတာပဲ။ ကျွန်တော်လည်း သူ့ကိုမထိန်းနိုင်ပါဘူးဗျာ”
အားကောမှာ ကောင်းသည့်တစ်ချက်တော့ရှိသည်။ အားကောက ဘယ်လောက်ပဲဆိုးနေပါစေ နာရီဝက်လောက်ဆို သူ့အနားပြန်လာသည်။
“အဘိုးပိုင်ရဲ့ လက်ဝှေ့လေ့ကျင့်ခန်းမှာ နည်းစနစ်တချို့ရှိတဲ့ပုံပဲ”
ဖန့်ကြွယ်ယွီက ပိုင်ယုဟိုင်လက်ဝှေ့ထိုးနေသည်ကို ခပ်လှမ်းလှမ်းကကြည့်နေခဲ့သည်။သူ၏ လက်သီးထိုးချက်များက ပြင်းထန်ပြီး သက်လုံကလည်း ကောင်းသည်။ ပိုင်ယုဟိုင်က အသက်ရှစ်ဆယ်အရွယ်လက်ဝှေ့လေ့ကျင့်သူဟု မထင်ရလောက်အောင် တော်လွန်းနေသည်။
“ဘာများထူးဆန်းလို့လဲ။ဒီအဖိုးကြီးရဲ့ အတွင်းအားက ပိုင်ရှင့်ထက်လျော့မနေဘူး။ ပြောရမည်ဆို သူက ဆယ်လွှာလောက်ကို မမောမပန်းဘဲ အတက်အဆင်းလုပ်နိုင်တယ်”
“အတွင်းအားကောင်းတယ်ဆိုတော့ အဘိုးပိုင်က ငါတို့လိုပဲလား။” ဖန့်ကြွယ်ယွီ၏ အတွေးထဲမှာ လျှို့ဝှက်စွမ်းအားရှင်များနှင့် အဆင့်မြင့်စွမ်းအင်အသုံးပြုသူများကြား ကွာခြားမှုများရှိသည်ဆိုသော်ငြား အတွင်းအားက ကျင့်ကြံနိုင်သည်ဟု ယူဆသည်။
“မဟုတ်ပါဘူး။ တရုတ်ပြည်က နှစ်ပေါင်းများစွာတည်းကရှိနေတာဆိုတော့ အတွင်းအားကျင့်ကြံနိုင်တဲ့နည်းလမ်းက အစုံရှိတာပေါ့။ တရုတ်လူမျိုးအခေါ်အဝေါ်အရဆို သိုင်းပညာလို့ ဆိုမှာပေါ့။ အဘိုးပိုင်က သိုင်းပညာမှာဆရာတစ်ဆူလို့ဆိုနိုင်တယ်”
“ဪ အဲ့လိုကိုး”
ရှေးဟောင်းတရုတ်သိုင်းပညာရှင်များသည် ခေတ်ပေါ်သိုင်းပညာရှင်များနှင့် ထိပ်တိုက်တိုးပါက အရေးနိမ့်စမြဲဖြစ်သည်။
“ဟုတ်တာပေါ့။ တရုတ်မှာဆို ရှေးသိုင်းပညာကို မွေးရာပါ နဲ့ ကျင့်ကြံခြင်း ဆိုပြီး နှစ်ပိုင်းခွဲထားတယ်။ ကျင့်ကြံတဲ့သိုင်းပညာရှင်တွေကို အင်အားအခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်နဲ့ ပြိုင်ဘက်ကင်းဆိုပြီး လေးမျိုးထပ်ခွဲတယ်။ မွေးရာပါသိုင်းပညာရှင်တွေရဲ့ တိုက်ခိုက်နှုန်းက အငယ်တန်းလျှို့ဝှက်စွမ်းအားရှင်အဆင့်နဲ့ ညီမျှတယ်”
“ဒါဆို မွေးရာပါအဆင့်ပြီးရင် ဘာရှိဦးမှာလဲ”
“အင်း သိသလောက်တော့ အဆင့်မြင့်လူ့ဘုံနဲ့ နတ်ဘုရားအသွင် အဆင့်ဆိုပြီး နှစ်ခုထပ်ပြီးရှိတယ်။ အဲ့အဆင့်တွေက အလယ်အလတ်အဆင့် နဲ့ အဆင့်မြင့် လျှို့ဝှက်စွမ်းအားရှင်တွေနဲ့တူတယ်။ ဒါပေမဲ့အဲ့အဆင့်တွေကို ရောက်တာသိပ်မရှိဘူး။ အဆင့်မြင့်လူ့ဘုံ အဆင့်ကိုရောက်ကြတဲ့လူအနည်းငယ်ရှိပေမဲ့ နတ်ဘုရားအသွင်အဆင့်ကိုတော့ တစ်ယောက်မှမရောက်ကြဘူး”
“ထူးဆန်းလိုက်တာ။ ဒီလိုလူတွေရှိတယ်ဆိုတာ ငါဖြင့်တစ်ခါမှကိုမကြားဖူးဘူး”
“သိပ်တော့မထူးဆန်းပါဘူးလေ။ ရှေးသိုင်းပညာမိသားစုတွေက သိုသိုဝှက်ဝှက်နေတတ်လို့ပါ။ တရုတ်နိုင်ငံမှာ သူတို့ကို အဆင့်မြင့်ဌာနတစ်ခုဖွဲ့ပြီးစီမံအုပ်ချုပ်နေတာပါ။ သူတို့က သီးသန့်နေကြတယ်ဆိုပေမဲ့ တစ်ကမ္ဘာလုံးမှာ သူတို့ရှိကြတယ်”
“တရုတ်နိုင်ငံရဲ့ အဓိက ကော်ပိုရေးရှင်းတွေကို သူတို့ပဲချုပ်ကိုင်ထားတာ။ဒါကြောင့်မို့ သူတို့ရဲ့ ပါဝါအာဏာကိုလည်း လျှော့တွက်လို့မရဘူး”
“အင်း သိပြီ”
“ဒါဆို မင်းပြောချင်တာက အဘိုးပိုင်ကလည်း ဒီမိသားစုထဲကပဲပေါ့”
“ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ သူ့ကိုသိပ်အာရုံမထားပါနဲ့။ ငါတို့ရဲ့ စွမ်းအားရှင်ကျင့်စဉ်က သူတို့ထက်အများကြီးသာတာပေါ့။သူတို့တစ်ဘဝလုံးကျင့်မယ်ဆိုလျှင်တောင် အမြင့်ဆုံး လျှို့ဝှက်စွမ်းအားရှင်ပဲဖြစ်နိုင်မှာ”
“ဟုတ်ပါတယ်လေ”
သူမသိသေးသော အကြောင်းအရာတော်တော်များများရှိနေပါလားဟု တွေးတောနေမိသည်။
“ထူးဆန်းတာ။ နာရီဝက်တောင်ကြာနေပြီ။ အားကောက ဘာလို့ပြန်မလာသေးတာလဲ”
ဖန့်ကြွယ်ယွီက အချိန်ကိုကြည့်သောအခါ နာရီဝက်ကျော်နေပြီဖြစ်သည်။ ပုံမှန်ဆို အားကောက အစာလာတောင်းနေကျဖြစ်သည်။
“ဝုတ် ဝုတ်”
သိပ်မဝေးသောနေရာဆီမှ ဆူညံဆူညံအသံများထွက်ပေါ်နေသည်။
“ဟာ ဒါက အားကောအသံပဲ။ သူ တစ်ယောက်ယောက်ကို ကိုက်လိုက်တာများလား”
“အဘိုးပိုင် ကျွန်တော့်ခွေးက ပြသနာရှာလိုက်ပြန်ပြီထင်တယ်။ သွားကြည့်လိုက်ဦးမယ်ဗျာ”
သူက ဆူညံသံများ ထွက်ပေါ်နေသည့် လားရာဆီသို့ ပြေးထွက်လာသည်။
ဘိုင်ယုဟိုင် အံ့အားသင့်ပြီးကျန်ရစ်ခဲ့သည်။ နှစ်ပေါင်းများစွာ သိုင်းကျင့်လာသူမို့ ဖန့်ကြွယ်ယွီ၏
လှုပ်ရှားမှုက ပုံမှန်မဟုတ်ဘူးဆိုတာ ချက်ချင်းတန်းသိသည်။
“ဒီကောင်လေးလည်း သာမန်မဟုတ်ဘူးပဲ။ ဒီနားကလူတွေထဲမှာ လျှို့ဝှက်ပညာရှင်တွေ ရှိနေမယ်ဆိုတာ တွေးတောင်မတွေးဖူးဘူး…ဟားးဟားး”