( ဂိုဏ်းအကြီးအကဲတွေရဲ့ သံပုရာဆိုဒါ ပထမဆုံး သောက်ခြင်း)
Vol. 4 Ch. 49
ဟွာဖေးရှုရဲ့ မျက်လုံးတွေက စပ်စုစွာ ပြူးကျယ်လာသည်။
“ ဒါပေမဲ့… ဆရာတို့ နှစ်ပွဲလုံး စားလိုက်တာဆိုတော့ ဆရာတို့က အလင်းမပွင့်ဘူးလို့ ဆိုလိုတာလား?”
“ ဒါမှမဟုတ် ဆရာတို့အတွက် ခဏပဲ ကြာတာလား?”
သူမ မျက်တောင် တစ်ဖြတ်ဖြတ် ခတ်ရင်း ခေါင်းကိုစောင်းလိုက်၏။ အကြီးအကဲ နှစ်ယောက် ဒီလောက်ခေါက်ဆွဲ အများကြီး စားပြီးတာတောင် အဘယ်ကြောင့် အစောကြီး နိုးနေလဲ သူမ နားလည်ဖို့ ကြိုးစားနေသည်။
အကြီးအကဲ ဖုန်းယွီဟန်က ခပ်တိုတို ခေါင်းညိတ် ပြလိုက်ကာ
“ ငါတို့ အလင်းမပွင့်ဘူး”
ဟွာဖေးရှုရဲ့ အပြုံးက တောင့်သွားသည်။
“....အိုး”
ကျန်တံသုံးယောက်လဲ တိတ်သွားပြီး အတွေး ကိုယ်စီဝင်သွားသည်။
ဘာလို့လဲ? အကြီးအကဲတွေလဲ အတူတူ စားခဲ့တာပဲကို… ဘာကြောင့် သူတို့ကျ အလင်းမပွင့်တာလဲ?
တစ်ခုခုမှားနေတာလား?
အကြီးအကဲ ထျန်းရှန့် နောက်ဆုံးတော့ ရယ်လိုက်ကာ
“ ဟွာဖေးရှု မင်း စိတ်ပူဖို့ မလိုပါဘူး။ ဒီလို အကျိူးသက်ရောက်မှုမျိုးက ကျင့်ကြံဆင့် မြင့်သွားရင် အားနည်းသွားတယ်။ ဒါငါတို့ရဲ့ ကျင့်ကြံဆင့် ကြောင့်ပဲ”
ထို့နောက်မှာ အကြီးအကဲ ထျန်းရှန့် က လက်ပိုက်လိုက်ပြီး
“ ဒါပေမဲ့ အဲ့ဒါက ငါတို့အတွက် အသုံးမဝင်ဘူးလို့ မဆိုလိုဘူး”
“ လုံလောက်တဲ့ စားသုံးမှုမျိုး ရရင် ငါတို့လဲ အလင်းပွင့်နိုင်တယ်… အဲ့ဒီအတွက် နောက်ထပ် နှစ်ခွက် သုံးခွက်တော့ လိုနိုင်ပေမဲ့ပေါ့”.
ထို့နောက်မှာ သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ ပြီး ငါတို့ကျင့်ကြံဆင့်လောက် ရှိနေတဲ့ သူတွေအတွက် ဒီလိုအခွင့်အရေးမျိုး ရခဲ့တာကိုက မျှော်လင့်နိုင်တာထက် ပိုနေခဲ့ပြီ”
အကြီးအကဲ ထျန်းရှန့်ရဲ့ စကားတွေက အားလုံးရဲ့ စိတ်ကို မြှင့်တင်ပေးသွားသည်။
ဟွာဖေးရှုရဲ့ မျက်လုံးတွေ ထပ်မံလင်းလာခဲ့၏။
“ ဒီတော့ အလုပ်ဖြစ်တာပဲပေါ့! နည်းနည်းပဲ ထပ်စားဖို့ လိုနေတာပဲ”
အကြီးအကဲ နှစ်ယောက် ခေါင်းညိတ်ပြ လိုက်သည်။
ဒီလိုနဲ့ တပည့်လေးယောက်သည် ကြက်သား ခေါက်ဆွဲအတွက် ပြင်ဆင်ရင်း အလုပ်များသွား ကြသည်။ ထိုအချိန်မှာ အကြီးအကဲနှစ်ယောက်က မျက်လုံးမှိတ်ကာ ကျင့်ကြံနေကြသည်။ အစောက စုပ်ယူနိုင်ခဲ့တဲ့ ချီစွမ်းအင်ကို သန့်စင်နေကြ၏။
အချိန်တွေ ကုန်ပြီး မကြာခင်မှာ တပည့်လေးယောက်လုံး ထပ်မံ အလင်းပွင့် ကြပြန်ပြီ။
အကြီးအကဲ နှစ်ယောက် မျက်လုံးဖွင့်လာပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
အကြီးအကဲ ထျန်းရှန့်ရဲ့မျက်လုံးက စားပွဲပေါ် တင်ထားတဲ့ လင်ယွီကျွင်းရဲ့ သံပုရာဆိုဒါရှေ့ကို ရောက်သွားကာ အကြီးအကဲဖုန်းကို အချက်ပြလိုက်သည်။
“ အကြီးအကဲဖုန်း ငါတို့နောက်တစ်ခု စမ်းကြည့် ကြမလား?”
အကြီးအကဲ ဖုန်းယွီဟန်က အကြီးအကဲ ထျန်းရှန့်ပြနေရာကို ကြည့်လိုက်သည်။
ဒီဆိုင်ထဲက ပစ္စည်းတိုင်းရဲ့ အစွမ်းက.. အရမ်းကို ထူးခြားကြသည်။ ပထမက အသင့်စားခေါက်ဆွဲတွေ.. ဒုတိယက ကိုလာဖြစ်သည်။ နှစ်ခုလုံးရဲ့ အစွမ်းက သာမာန် နားလည်နိုင်စွမ်းထက်ကို ပိုသည်။
သံပုရာဆိုဒါလဲ အဲ့ဒီလိုပဲ ထူးခြားမှာကို ငြင်းစရာ အကြောင်းအရင်း မရှိဘူး။
သူတို့နှစ်ယောက်လုံး အချိန်မဆွဲတော့ဘဲ ဝယ်လိုက်ကြတော့၏။
ဒီဗူးရဲ့ ပုံစံက ကိုလာနဲ့ဆင်တူသည်.. ပုံစံတူ သတ္ထုမျိုးဖြစ်ပြီး မျက်နှာပြင်က ချောမွေ့သည်။ ဒါပေမဲ့ အနီရောင်အစား ဒီသံပုရာဆိုဒါတွင် ကျောက်စိမ်းလို တောက်ပသော အစိမ်းရောင်နဲ့ အပြာရောင်ကို ရောပြီး ဒီဇိုင်းဆင်ထားသည်။ ပုံစံကိုက လူကို လန်းဆန်းစေတဲ့ အသွင်ရှိသည်။
သံပုရာဆိုဒါကို ကိုင်ထားရင်း ပုံမှန် အေးစက်တဲ့ အကြီးအကဲဖုန်းရဲ့ မျက်လုံးက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေခဲ့သည်။ သူမက ထျန်းရှန့်လို မဟုတ်ဘဲ ကိုလာကိုလဲ မသောက်ကြည့်ရသေးပေ။
ဒီဆိုင်ရဲ့ အချိုရည်ကို ဒါပထမဆုံး မြည်းဖူးတာပဲ။
သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်ထဲ လက်ထည့်ပြီး အဖုံးကို မလိုက်ကြသည်။
ရှီး!
အဖုံးဖွင့်လိုက်တာနဲ့ ကန်ထွက်လာတဲ့ ဖိအားနဲ့အတူ စူးရှရှ ဂတ်စ်က ပေါက်ကွဲ ထွက်လာသည်။ အပေါ်ကို အမြုပ်သေးသေး လေးတွေပါ တက်လာပြီး ခဏကြာမှ အနည်ကျသွားသည်။
လန်းဆန်းတဲ့ သံပုရာနံ့လေးက လေထဲ ပျံ့လာ၏။
အကြီးအကဲ ထျန်းရှန့် မျက်ခုံးတစ်ဖက် မြင့်သွားသည်။
“ဒီအနံ့က… စူးလိုက်တာ”
သူ တစ်ယောက်ထဲ ရေရွတ်လိုက်သည်။
အကြီးအကဲ ဖုန်းယွီဟန်က ဗူးကို အနားဆွဲပြီး အနံ့ခံလိုက်သည်။ အနံ့က ရင်းနီးပေမဲ့… တစ်နည်းနည်းနဲ့ ကွဲပြားနေသည်။ လန်းဆန်းစေတဲ့ ဆေးနွယ်ပင်ကပေမဲ့… ပိုပြီးစူးရှပြီး စွမ်းအင်ပြည့်ဝတဲ့ ဓာတ်ပါနေ သလိုမျိုးပဲ။
စူးရှတဲ့ အနံ့က သူမရဲ့နှာခေါင်းကို ရိုက်ခတ်သွားသည်။ အချိုဓာတ်လေးက သူမကို ရှားပါး စိတ်ဝိညာဥ် သစ်သီး တစ်ချို့ကို တွေးမိစေပေမဲ့ ဘယ်သစ်သီးမှန်း သူမ သေချာမပြောနိုင်နေပေ။
အနံ့က အရမ်းမပြင်းပေမဲ့ အရမ်းပေါ့ပါးသည်။ စူးရှမှုနဲ့ အချိုဓာတ်တို့ ရောနေတဲ့ အနံ့က လူကို စိတ်သာသာမှုအပြင် လန်းဆန်းမှုပါ ယူဆောင် ပေးသည်။ မုန်တိုင်းပြီးသွားတဲ့နောက်မှာ တောင်ပေါ်လေကို ရှုရှိုက်လိုက်ရသလိုမျိုး.. သန့်ရှင်း ပြည့်ဝပြီး ရှင်သန်နေသည်။
သူမရဲ့ ဗူးနားက လက်ချောင်းတွေက တင်းကျပ်သွားကာ
‘ စိတ်ဝင်စားဖို့ကောင်းတယ်’
သူတို့နှစ်ယောက်လုံး ဗူးကိုမပြီး တစ်ငုံ သောက်ကြည့်လိုက်ကြသည်။
အရည်က ချောမွေ့စွာ စီးဝင်သွားပြီး လည်ချောင်းတစ်လျှောက်ကို ရှတတနဲ့ အအေးဓာတ်ပေးသွားသည်။
အကြီးအကဲ ထျန်းရှန့် ပြောင်းလဲမှုကို ခံစားလိုက်ရသည်။ ရဲတင်းတဲ့ အချဥ်ဓာတ်က အရင်ဝင်ရောက်လာပြီး အနောက်ကနေ အချိုဓာတ်လေး လိုက်ပါလာသည်။ သူ့ရဲ့ အတွေးတွေက ပိုထက်လာသလိုပဲ။ ကြည်လင်ပြတ်သားမှု အလွှာတစ်ချက် ပွင့်သွားပြီး သူ့စိတ်က ပိုကြည်လင်လာ၏။
အကြီးအကဲ ဖုန်းယွီဟန်က မျက်လုံးခဏမှိတ်ကာ အရသာကို ပြန်ခံစား နေလိုက်သည်။ အချဥ်ဓာတ်က သူမရဲ့အာရုံကို ဆက်နွယ်ပေးသွားပြီး နောက်က လိုက်လာတဲ့အချိုဓာတ်က သူမစိတ်တွင်းက တင်းမာမှုတွေကို ဖြေလျော့ပေးသွားသည်။
ဒါက လွှမ်းမိုးနိုင်စွမ်း မြင့်လာတာမျိုး မဟုတ်ဘဲ သူမရဲ့ အာရုံကို မြင့်မားစေပြီး စိတ်ကို ပိုပြီး အာရုံစိုက်နိုင်အောင် ပြုလုပ် ပေးသွားသည်။
သူတို့နှစ်ယောက် အကြည့်ဖလှယ် လိုက်ကြသည်။ ဒါမှားစရာမရှိဘူး.. ဒီ သံပုရာဆိုဒါက သူတို့ရဲ့အာရုံစိုက်မှုကို ထက်လာစေပြီး အတွေးကို ကြည်လင်စေတာမို့ အတွင်းအမြင်ကို ပိုရှင်းလင်းလာစေတယ်!
အကြီးအကဲ နှစ်ယောက်လုံး တစ်ဗူးလုံးကို မော့ချလိုက်တော့သည်။ အေးမြတဲ့ အချိုရည်က သူတို့ရဲ့ ကိုယ်တွင်းကို စီးဝင် သွားခဲ့သည်။
သူတို့တွေ အခု အစွမ်းကို ပိုမြင်သာစွာ အာရုံခံလို့ရသွားပြီ။
ဒါက ကျင့်ကြံဖို့အတွက် အကောင်းဆုံး မြှင့်တင်ပေးမှုပဲ!
သံပုရာဆိုဒါက သူတို့ရဲ့ချီလည်ပတ်မှုကို ပိုတိကျစွာ ထိန်းချုပ်နိုင်အောင် ကူညီပေးပြီး ကျင့်ကြံမှုကို ပိုအကျိုးရှိစေသည်။ သူတို့အချိန်ဖြုန်းလို့ မဖြစ်ဘူး။
သူတို့တွေ နေရာမှာတင် ထပ်ကျင့်ကြံ လိုက်ကြသည်။
အချိန်တွေ ကုန်သွားပြီး လင်ယွီကျွင်း ရှောင်လျန်ဖန်း၊ ဟွာဖေးရှုနဲ့ ယွဲ့ရှုယန်ပင် နိုးလာခဲ့ပြီ။
သူတို့အားလုံး အဆင့်တက်သွားကြသည်!
အကြီးအကဲ နှစ်ယောက်လဲ တိုးတက်မှုကို ခံစားခဲ့ရ၏။ တစ်ပတ်လောက်နီးနီး မရပ်မနား ကျင့်ကြံမှ ရလာနိုင်မဲ့ တိုးတက်မှုကို အခု သူတို့တွေ သံပုရာဆိုဒါရဲ့ အစွမ်းအောက်မှာ မိနစ်အနည်းငယ်နဲ့ ရသွားခဲ့သည်။
အကြီးအကဲ ထျန်းရှန့်က တပည့်တွေဘက်ကို အပြုံးတစ်ခုနဲ့ လှည့်လာခဲ့ရင်း
“ ငါမင်းတို့ကို လင်ယွီကျွင်းလိုမျိုး သံပုရာဆိုဒါ ဝယ်ဖို့ အကြံပေးတယ်။ သူ့ရဲ့အစွမ်းက ကျင့်ကြံမှုအတွက် အရမ်းအကျိုးရှိတယ်”
“ ဟုတ်တယ်။ ကောင်းတယ်” အကြီးအကဲဖုန်းကပါ ထောက်ခံလာသည်။
ထိုလေးယောက်လုံး သိချင်စွာ အချင်းချင်း ကြည့်လိုက်ကြ၏။ သံပုရာဆိုဒါက သူတို့ရဲ့ ကျင့်ကြံမှုကို ဘယ်လိုများ အကျိုးဖြစ်စေမှာ များလဲ?
လင်ယွီကျွင်း သူ့ရဲ့ သံပုရာဆိုဒါဗူးကို စိုက်ကြည့်နေစဥ်မှာ ကျန်တဲ့သူတွေက သွားဝယ်နေကြသည်။ ဒီလိုနဲ့ ဟောင် နောက်ထပ် ဝိညာဥ်ကျောက်တုံးကိုးတုံး ရသွားသည်။
အကြီးအကဲ ဖုန်းယွီဟန်က ဆက်ပြောလိုက်သည်။
“ မင်း တို့ဂိုဏ်းထဲရောက်မှ သောက်ကြပြီး သီးသန့်အခန်းဖြစ်ဖြစ် စိတ်ဝိညာဥ် ရေကန်ထဲမှာ ဖြစ်ဖြစ် ကျင့်ကြံကြ။ ဒါဆို အစွမ်းကို ပိုတိုးစေမယ်”
တပည့်သုံးယောက်လုံး စိတ်လှုပ်ရှားမှုကို မဖုံးနိုင်တော့ချေ။ အထူးသဖြင့် ရှောင်လျန်ဖန်းပဲ.. သူ့ရဲ့တစ်ကိုယ်လုံး တုန်ယင် နေသည်။
သူ့ဘဝမှာ အကြိုက်ဆုံးက ကျင့်ကြံရတာပဲ။ ကျင့်ကြံမှုကို အရှိန်မြှင့်ပေးမဲ့ ဒီဖျော်ရည်ကို သောက်ရတော့မယ်ဆိုတာ တွေးမိတာနဲ့ သူ့ရဲသွေးတွေပါ ခုန်ပေါက်လာတော့၏။
ရှောင်လျန်ဖန်းက အမြဲအားထုတ်ကြိုးစားရတာကို ခုန်မင်သည်။ ခန္ဓာကိုယ်ကို အကန့်အသတ်ရောက်သည်အထိ ဖိအားပေးပြီး အလုပ်ကြိုးစားမှုကြောင့် တိုးတက်မှုတွေကို ရရှိခဲ့တာပဲ။
အသင့်စားခေါက်ဆွဲရဲ့ မြင့်တင်ပေးမှုကို သူ မယူဘဲမနေနိုင်သော်ငြား ဒီလိုအလွယ်နည်းနဲ့ ရတာက သူ့ကို မကျေနပ်စေဘူး။
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေနဲ့ ကျင့်သားရနေတဲ့ သူ့ခန္ဓာကိုယ်က ကျင့်ကြံမှုရဲ့ ပင်ပန်းဒဏ်ကို တောင့်တနေပုံပင်။ သူ့ရဲ့ ကြွက်သားတွေကို အားစိုက်ထုတ်ပြီး တိုးတက်အောင် ကြိုးစားရတော့မည်!
ခေါက်ဆွဲစားပြီး အဆင့်တက်ရတာက သူ့အတွက် အရမ်းလွယ်ကူတယ်လို့ ခံစားရသည်။ ဒါပေမဲ့ လျင်မြန်တဲ့ တိုးတက်မှုကို ရဖို့ အသင့်စားခေါက်ဆွဲကိုလဲ သူ လက်မလျော့နိုင်ခဲ့ဘူး။
ဒါပေမဲ့ သူ့ရဲ့အတွင်းစိတ်မှာ နားလည်ထားတာက ကြာရှည်ခံတဲ့ အောင်မြင်မှုက အဆက်မပြတ် ကြိုးစားမှုကနေ အခြေခံတယ်ဆိုတာပဲ။ အလွယ်လမ်းကို အားကိုးနေရုံနဲ့ မရဘူး။