( တိမ်တိုက်ဝန်းရံ အင်ပါယာရဲ့ မင်းသမီးတော်)
Vol. 4 Ch. 54
အင်ပါယာ မင်းကြီး ကိုယ်တိုင်နဲ့ အနီးကပ် လူတစ်ချို့လောက်သာ တိမ်မိုးဓားသွား ဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို သိနိုင်သည်။ ထို့ကြောင့် ဤဂိုဏ်းက အင်ပါယာအတွင်း ကြောက်ရွံ့ဖွယ် တည်ရှိမှုတစ်ခုဖြင့် ရပ်တည်နေ၏။
လူတော်တော်များများ တိမ်မိုးဓားသွားဂိုဏ်း တည်ရှိမှန်းတောင် မသိကြချေ။ သိတဲ့သူများ ကျတော့လဲ ဂိုဏ်းရဲ့ အကြောင်းကို အပြည့်အဝ မသိရဘူး။
တိမ်မိုးဓားသွားဂိုဏ်းရဲ့ ဂိုဏ်းသားများက ကျွမ်းကျင် သတ်ဖြတ်ရေးသမားများ ဖြစ်သည်။ အင်ပါယာကို သစ္စာဆိုထားတဲ့ ကျင့်ကြံဆင့် မြင့်တဲ့ သူတွေကြည့်သာ။
သူတို့တွေက အင်ပါယာရဲ့ မမြင်ရတဲ့ လက်တစ်ခုလိုမျိုးပဲ။ သူတို့တွေ လှုပ်ရှားမှု လုပ်ခဲ့ရင်တောင် ခြေရာလက်ရာ မကျန်ခဲ့ဘူး။
ဒီနေ့တော့ ရှဲ့ဖေးယန်က သူ့ရဲ့များစွာတဲ့ တာဝန်တွေထဲက တစ်ခုကို ဆောင်ရွက်နေ၏။
သူ့ရဲ့ တာဝန်ကလား? သူ အနောက်က တိတ်တိတ်လေး လိုက်နေတဲ့ တစ်ယောက်ချင်းဆီကို ကာကွယ်ဖို့ပဲ။
သူ့အတွက်တော့ ကြုံနေကြ တာဝန်တွေနဲ့ ယှဥ်လိုက်ရင် ဒီတာဝန်က အပျော်ခရီး ထွက်နေရသလိုသာ ခံစားရသည်။ ဒါပေမဲ့ ရိုးရှင်းသလို ထင်ရသော်ငြား အလွန် အရေးကြီးတာကြောင့် အာရုံကို အမြင့်ဆုံးမှာ ဖြန့်ကျပ်ထားရသေးသည်။
မြို့တော်က လုံခြုံပေမဲ့ အန္တရာယ်ဆိုတာမျိုးက အချိန်မရွေးပေါ်လာတတ်သည်။ သူ့ရဲ့ အာရုံ တစ်ချက်တောင် မလွတ်စေဖို့ အမိန့် ပေးခံထားရသည်။
သူ မိန်းကလေးနှစ်ယောက်ရဲ့ အနောက် လိုက်နေရင်း တစ်ချက် တွေးမိပြန်သည်။
‘ မမလေး ချင်းယီက ထပ်ဈေးဝယ် နေပြန်ပြီ..’
ထိုမိန်းကလေးနှစ်ယောက်က လမ်းကြား အဝတွင် အေးဆေးစွာ လှဲအိပ်နေတဲ့ ကြောင် တစ်ကောင်ဆီ သွားနေချိန်မှာ ရှဲ့ဖေးယန်က အနောက်က ပုန်းပြီးလိုက်နေ၏။
ထိုမိန်းကလေး နှစ်ယောက်က တစ်ဖြည်းဖြည်း နီးလာပြီပင်။ ထို့နောက်မှာ မိန်းကလေးတစ်ယောက်က ကြောင်လေးကို ပွတ်ပေးဖို့ ကိုယ်ကိုငုံ့လိုက်သည်။ ထိုအချိန်မှာပဲ ရှဲ့ဖေးယန် သတိထားမိသွားသည်။
မတွေးတော့ဘဲ သူချက်ချင်း အရှေ့ထွက်လိုက်ကာ ခြေထောက်တွေကို အမြန်ဆုံးနှုန်းနဲ့ လှုပ်ရှားလိုက်သည်။
တစ်ခုခုတော့ မဟုတ်သေးဘူး..
နေအုံး!
သူ့ရဲ့အာရုံက အချက်ပြလာ၏။
စိတ်ဝိညာဥ်သားရဲ!
ဒီကြောင်က သာမာန်ကြောင် မဟုတ်ဘူး! သူ့ဆီက ထုတ်နေတဲ့ အရှိန်အဝါက မှားစရာ အကြောင်းမရှိဘူး။ သူ့ရဲ့ အာရုံခံမှုကသာ မှန်ရင် ဒီကြောင်က သူ့ထက်တောင် ပိုသန်မာလောက်သည်.. မပြီးပြတ်သေးတဲ့ အတွေးက သူ့ကိုတိုက်ပွဲအတွေ့အကြုံတွေဆီ ခေါ်ဆောင်သွားခဲ့သည်။
ဒါပေမဲ့ ဒီကြောင်က သန်မာမှု ရှိနေသော်ငြား ဘယ်လို အန္တရာယ်အငွေ့အသက်ကိုမှ မထုတ်လွင့်နေခဲ့ဘူး။ ဒါပေမဲ့ ဒီလောက်နဲ့လဲ လုံခြုံတယ်လို့ မပြောနိုင်သေးဘူး။ သူ့ရဲ့ လက်က အလိုအလျောက်ပဲ လက်နက်ကို ကိုင်လိုက်ရင်း အချိန်မရွေးလှုပ်ရှားနိုင်ဖို့ ပြင်လိုက်သည်။
ထိုအချိန်မှာပဲ သူ့ခေါင်းထဲ အသံတစ်ခု ဝင်လာခဲ့တာကြောင့် သူ့ရဲ့လှုပ်ရှားမှုတွေ ရပ်သွားခဲ့သည်။
‘ လူသား မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ?’
ဒီအသံက လူသားတစ်ယောက်ဆီက မဟုတ်မှန်း ရှဲ့ဖေးယန် တန်းသိလိုက်သည်.. ဒါ ဝိညာဥ်သားရဲဆီကပဲ!
‘ စိတ်ပူဖို့ မလိုပါဘူး။ ငါ့ရည်ရွယ်ချက်က ဒီဆိုင်အပြင်က လုံခြုံမှုကို ထိန်းသိမ်းပေးဖို့ အတွက်ပဲ’
‘ မင်းကလဲ ဒီနှစ်ယောက်ကို ကာကွယ်နေတာ မလား?’
‘ ဟုတ်တယ် ငါသူတို့ကို ကာကွယ်နေတာ’.
ရှဲ့ဖေးယန်ရဲ့ အသံက တည်ငြိမ်ပြီး လေးစားမှု ရှိသည်။
အသက်အရွယ်ရလာပြီမို့ သူ သတိထားတတ်နေပြီ။ သူက မောက်မာတတ်တဲ့ သူစားမျိုး မဟုတ်ပါချေ။ အထူးသဖြင့် အခုလို သန်မာတဲ့ သားရဲ အရှေ့မှာ သူ.မမောက်မာရဲဘူး။
‘ ဒါဆိုကောင်းပြီ။ မင်းရဲ့တာဝန်က စောင့်ရှောက်ဖို့ပဲဆိုရင် ကောင်းပြီ’
ရှဲ့ဖေးယန် အံ့သြစွာ မျက်တောင် ခတ်လိုက်ပြီး သူ့ရဲ့အာရုံက မိန်းကလေးနှစ်ယောက်ထံ ကျရောက်သွားခဲ့သည်။
ဒီသားရဲကို မိန်းကလေးနှစ်ယောက်က ညင်သာစွာ ပွတ်သပ်ပေးနေကြသည်။ သူ တစ်ခါမှ စိတ်တောင်မကူးရဲတဲ့ မြင်ကွင်းမျိုးပဲ!
ခပ်စူးစူး ကြည့်နေမိတာမို့ ကြောင်ရဲ့ အာရုံစိုက်မှုက သူ့ဆီကို တစ်ချက် ရောက်လာခဲ့သည်။ ကြောင်ရဲ့ အမြှီးက ကျေနပ်စွာ ခပ်ဖြည်းဖြည်း ယမ်းနေချိန်ပြီး မျက်လုံးကနေ နူးညံ့မှုတွေကို ခံစားနိုင်သည်။
ကောင်မလေး နှစ်ယောက်က ရွှင်မြူးစွာ ရယ်လိုက်ကြသည်။
“ နှုတ်ဆက်ပါတယ် ကြောင်လေး”
ကောင်မလေး တစ်ယောက်က ချိုသာစွာ ပြောလိုက်သည်။
သူမရဲ့ အဖော်ကလဲ ပြုံးရင်း အမွှေးကို တစ်ချက် သပ်ပေးလာသည်။
“ မင်းလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။ ကောင်းကောင်းနေနော် ဟုတ်ပြီလား?”
ရှဲ့ဖေးယန် ဘေးကကြည့်ရင်း မှင်သက်နေခဲ့သည်။ ဒီသားရဲက အပွတ်ခံရတာကို ကြိုက်နေတာလား?
သူ တစ်ခါမှ ဒါမျိုးမြင်ရမယ် မထင်ခဲ့မိဘူး။
ကောင်မလေးနှစ်ယောက်လဲ ကျေနပ်သွားပြီမို့ မတ်တပ်ရပ်ကာ ဖုန်ခါလိုက်ပြီး ဆိုင်ထဲဝင်လိုက် ကြသည်။
သူတို့တွေ ဝင်သွားတာနဲ့ ရှဲ့ဖေးယန် အရှေ့အမြန်တိုးလိုက်သည်။.ခူရိုမီကို သူ့ကိုယ်သူ လက်ညိုးထိုးပြလိုက်သည်။
တည်ငြိမ်တဲ့မျက်နှာထားနဲ့ မားမားမတ်မတ် ရပ်ကာ တစ်ကိုယ်လုံးကို ထုတ်ပြလိုက်သည်။ ထို့နောက်မှာ လက်တစ်ဖက်ကို မြှောက်ကာ ရင်ဘတ်အရှေ့မှာ လက်ဟန်ပြုလိုက်ရင်း
‘ နှုတ်ဆက်ပါတယ်’
‘ ငါကော အထဲဝင်လို့ရနိုင်မလား?’
သူ့ရဲ့ အပြင်အဆင်က ရိုးရှင်းပြီး သာမာန်ဆန်သည်။ ရိုးရှင်းတဲ့ လယ်သမား ဆောင်း ဦးထုပ်အောက်တွင် ဆံနွယ်ရှည်များကို ရိုးရှင်းစွာ စီးနှောင်ထားသည်။ ထို့အပြင် ဝတ်ထားတဲ့ အနက်ရောင် ဗြောင်ဝတ်ရုံကြောင့် မသိရင် တောက ရောက်လာတဲ့အတိုင်းပဲ။
ဒီလူက သရုပ်မှန်ကို ဖုံးကွယ်ထားတာမှန်း ခူရိုမီ သိသည်။ ဒါကသူ့ရဲ့ ပုံစံအစစ်မဟုတ်ဘူး။
သူမက အဖက်မလုပ်စွာ လက်သည်းတွေကို သန့်ရှင်းနေလိုက်သည်။ ပြီးမှ ရုတ်တရက်ရပ်လိုက်ပြီး ရှဲ့ဖေးယန်ရဲ့ မျက်လုံးတည့်တည့်ကို ကြည့်လိုက်ကာ
‘ မင်း ဝင်နိုင်တယ်’
‘ ဒါပေမဲ့ ဒါကိုသိထား.. ဘယ်လို ပြဿနာမှ မဖြစ်စေနဲ့။ မင်း ရှာရဲရင် ဘယ်လောက်ပဲ ကျင့်ကြံဆင့်မြင့်မြင့် လွတ်မှာမဟုတ်ဘူး’
ရှဲ့ဖေးယန် အနည်းငယ် မျက်မှောင် ကြုတ်သွားသည်။ ထို့အပြင် မှန်တံခါးနောက်မှာ ရှိနေတဲ့အရာကို ပိုတောင် စိတ်ဝင်စား လာရသည်။
ဆိုင်ရဲ့ အပြင်ဘက် အပြင်အဆင်နဲ့တင် စိတ်ဝင်စားစေဖို့ လုံလောက်သည်။ သူ့ရဲ့ မြင့်မားတဲ့ ကျင့်ကြံဆင့်နဲ့တောင်မှ အထဲက အရာတွေကို အာရုံခံလို့ မရနေဘူး။
ပြီးတော့… ဝိညာဥ်သားရဲရဲ့ သတိပေးချက်ကော ရှိသေးသည်။ သူ့လို ကျင့်ကြံဆင့်မြင့်တဲ့သူတောင် မလွတ် နိုင်ဘူးပေါ့?
အထဲမှာ ဘယ်လို မကောင်းဆိုးဝါး ရှိနေလို့ ဒီဝိညာဥ်သားရဲက အရမ်း စည်းကမ်း ကြီးနေတာများလဲ?
ဒီနေရာကဘာလဲ? ဘာ အကြောင်းအရင်းကြောင့် ဒီ ထူးဆန်းပြီး အင်အားကြီးတဲ့ ဝိညာဥ်သားရဲက အပြင်မှာ စောင့်နေတာလဲ?
“ ကြိုဆိုပါတယ်”
မိုရှီရှီက ဈေးဝယ်အသစ်တွေကို စစ်ဆေးရင်း နှုတ်ဆက်လိုက်သည်။
ပထမဆုံးဝင်လာတဲ့ မိန်းကလေးက အရမ်း လှသည်။ သူမရဲ့ ခရမ်းနက်ရောင် မျက်ဝန်းများက အဖိုးတန်ကျောက်မြတ် တစ်ခုလို တောက်ပနေ၏။ သူမရဲ့ မျက်နှာကလဲ မိတ်ကပ် မပါတာတောင်မှ ပြစ်ချက်မရှိအောင် လှပသည်။
သူမရဲ့ ချောမွေ့ပြီး ဖြူလျော့တဲ့ အသားအရေနဲ့ ပိုးသားလို ရှည်လျား အိစက်တဲ့ ဆံနွယ်အနက်တွေက လှပစွာ ပေါင်းစပ်ထားသည်။ သူမက ရိုးရှင်းတဲ့ နက်ပြာရောင် ဝတ်ရုံကို ဝတ်ဆင် ထားသည်။
သူမက တိမ်လွှာဝန်းရံ အင်ပါယာရဲ့ မင်းသမီး တွေထဲက တစ်ယောက်ဖြစ်တဲ့ ယူလန်ချင်းယီ ပင်။
သူမရဲ့ ဘေးရှိ နောက်ထပ် မိန်းကလေး တစ်ယောက်သည် တူညီသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမရဲ့ ဝတ်ရုံအရောင်က ခရမ်းဖျော့ရောင်ဘက်ကို သွားသည်။
သူမရဲ့ အလှက ယူလန်ချင်းယီလို စွဲမက်ဖွယ် မကောင်းပေမဲ့ သူ့နည်းသူ့ဟန်နဲ့ ဆွဲဆောင်မှု ရှိတာပင်။ သူမရဲ့ဆံပင်အနက်များကို အနောက်တွင် သပ်ရပ်စွာ စည်းနှောင်ထားပြီး ကလစ်တစ်ခု ပန်ထားသည်။
သူမက ယူလန်ချင်းယီရဲ့ သစ္စာရှိ လူယုံတော်လဲ ဖြစ်သလို ငယ်သူငယ်ချင်း ဖြစ်သည့် လီမေ့ ပင်။
သူမတို့ နှစ်ယောက်က မဟာမြို့တော်ကို ထပ်လာပြီး ယူလန်ချင်းယီရဲ့ အခြေအနေနဲ့ ကိုက်ညီမည့် အရာကို ရှာဖွေနိုင်ဖို့ ရည်ရွယ် ထားခဲ့တာပဲ။
တော်ဝင် မျိုးနွယ် တစ်ယောက် ဖြစ်သော်ငြား ယူလန်ချင်းယီက ရှားပါးအခြေအနေနဲ့ မွေးဖွားလာခဲ့သည်။ သူမရဲ့ သိုင်းသွေးကြောတစ်ချို့က ပိတ်နေပြီး စိတ်ဝိညာဥ် အပြည့်အဝ မနိုးထနိုင်ဘူး။
ထိုရှားပါး အခြေအနေကြောင့် သူမက စိတ်ဝိညာဥ်နိုးထနယ်ပယ် ပထမအဆင့်မှာ ပိတ်မိနေခဲ့တာ ကြာပြီပင်။
တစ်ခြား တော်ဝင်မျိုးနွယ်တွေက သန်မာမှု၊ အာဏာ၊ ကျော်ကြားမှုတွေ အသီးသီး ရနေချိန်မှာ သူမကတော့ ထိုကျင့်ကြံဆင့်မှာ ပိတ်မိနေပြီး သနားဖို့ကောင်းတယ်ဆိုတဲ့ အရိပ်ဆိုးကြီးအောက်မှာ လောင်းရိပ် မိနေခဲ့ရသည်။
သူမက လူရှေ့ထွက်တာလဲ အရမ်းနည်းသည်။ ဒီလိုနဲ့ သူမက ကမ္ဘာကြီးနဲ့ ပိုအဆက်အသွယ် ပြတ်လာသလိုပင်။
ဒါပေမဲ့ ဒီနေ့တော့ သူမက ထုံးစံအတိုင်း… ကံကြမ္မာ ပြောင်းလဲနိုင်မဲ့ အခွင့်အရေးကို ရှာဖွေရင်း ဒီနေရာကို ရောက်လာခဲ့သည်။
ယူလန်ချင်းယီနဲ့ လီမေ့ နှစ်ယောက်လုံး အရှေ့က ပတ်ဝန်းကျင်ကို ကြည့်နေရင်း.မျက်လုံး အနည်းငယ် ပြူးနေခဲ့သည်။
ဆိုင်ရဲ့ အတွင်းဘက်က အပြင်ဘက်မှာ ရှိတဲ့ မှောင်မဲနေတဲ့ လမ်းကြားနဲ့ ဘာမှကို မဆိုင်ဘူး။
ဆိုင်ထဲမှာ အရမ်းကိုလင်းသလို၊ အရမ်း သန့်ရှင်း တောက်ပြောင်နေသည်။