အကြီးအကဲ လဲ့ချန်းကျွယ်
Vol. 1 Ch. 43
"လဲ့ချန်းကျွယ်က အဲဒီလောက်တောင် မြင့်မားတဲ့ အဆင့်အတန်း ရှိတယ်လား"
တတိယ သခင်ကြီးက မယုံနိုင်စွာ မေးသည်။ သိုင်းပညာရှင် တစ်ယောက်က ထိုမျှ မြင့်မားသော အဆင့်အတန်းအား ပိုင်ဆိုင်နိုင်သည်မှာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်ဟု သူက တွေးမိသည်။
"သူက အထွတ်အထိပ်အဆင့် သိုင်းပညာရှင် တစ်ယောက်လေ အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ရဲ့ အဆင့်အတန်းက တရုတ်ပြည်မှာတောင် အရမ်းမြင့်မားတာ ပြည်ပမှာဆို အတိုင်းထက် အလွန်ပေါ့"
ကောဝေ့က ပြောသည်။
"ရှင်းရီဂိုဏ်းက လူတွေကို ဆရာချန်းအကြောင်း ပြောပြဖြစ်သေးတယ် ဒါပေမဲ့ ဘယ်တစ်ယောက်ကမှ ဆယ့်ခြောက်နှစ်အရွယ် အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက် ရှိတယ်ဆိုတာ မယုံကြည်ကြဘူး ကျုပ်ဆိုရင်လည်း ကိုယ်တိုင် မြင်ရတာသာ မဟုတ်ရင် ယုံနိုင်မှာ မဟုတ်ဘူးလေ"
ထိုစကားများကို ကြားသည့်တိုင် ချန်းဖန်၏ အမူအရာက ပြောင်းလဲ မသွားသည်ကို မြင်ရတော့ လေးစား ကြည်ညိုခြင်း လှိုင်းတို့က ကောဝေ့၏ တစ်ကိုယ်လုံး ဖြတ်သန်း စီးဆင်းသွားသည်။
လဲ့ချန်းကျွယ်က အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက် ဖြစ်ရုံသာမက ဟုန်ဂိုဏ်းတွင်လည်း ဂိုဏ်းချုပ်နှင့် အဆင့်တူတွင် ရှိသူ ဖြစ်သည်။ တစ်ဖက်တွင် ချန်းဖန်က အသက် ဆယ့်ခြောက်နှစ်မျှသာ ရှိသေးသော်လည်း အထွတ်အထိပ် ပညာရှင်အဆင့်သို့ ရောက်နေပြီဖြစ်ရာ လဲ့ချန်းကျွယ်၏ အောင်မြင်မှုများက ချန်းဖန်နှင့် မနှိုင်းသာပေ။
ထိုအချက်ကြောင့် တတိယ သခင်ကြီးနှင့် ကျိုးထျန်ဟောက်တို့၏ ချန်းဖန်အပေါ် လေးစားမှုမှာလည်း တိုးသထက် တိုးလာတော့၏။
ထို့အပြင် ချန်းဖန်၏ တကယ့်စွမ်းအားကို ဘယ်သူကမှ အတိအကျ မခန့်မှန်းနိုင်ကြ။ အကယ်၍ လဲ့ချန်းကျွယ်က သူ၏ သိုင်းပညာ စွမ်းအင်ကြောင့် လွန်စွာ မြင့်မားသော အဆင့်အတန်းကို ရသည် ဆိုပါက ချန်းဖန်အတွက် ပို၍ မြင့်မားသော အဆင့်အတန်းက စောင့်ကြိုနေမည် ဖြစ်သည်။
ခဏမျှ ကြာပြီးနောက် ညစားစားခြင်းအမှု စတင်တော့သည်။ ကြယ်ငါးပွင့် ဟိုတယ်ထက် မနိမ့်ကျသော အစားအသောက် ကောင်းများ၊ ဈေးကြီးလှသော သောက်စရာများနှင့် တည်ခင်းထားသည်။ ညလယ်ကောင် မတိုင်ခင်အထိ ဟင်းပွဲများအား လာချပေးနေကြပြီး ဘယ်သူမှ ဆက်မစားနိုင်တော့မှ ရပ်တန့်လိုက်ကြသည်။
တတိယ သခင်ကြီးက သူတို့အားလုံး ကလပ်တစ်ခုခုသို့ သွားသင့်သည်ဟု အကြံပြု လာသော်လည်း ချန်းဖန်က အသက်ကြီးကြီး အဘိုးကြီးများနှင့် ကလပ် အတူသွားရန်မှာ စိတ်မသက်မသာ ဖြစ်မိသဖြင့် မလိုက်တော့ဘဲ အိမ်သို့သာ ပြန်ခဲ့တော့၏။
အိမ်သို့ရောက်တော့ ချန်းဖန်က အစ်မရင်ကို ဖုန်းဆက်ကာ ကျောင်းစာများက တစ်နေ့တခြား များပြား လာသောကြောင့် အလုပ် မလာတော့မည့်အကြောင်း အသိပေးသည်။ အစ်မရင်ကလည်း ဘာမေးခွန်းမှ ထွေထွေထူးထူး မမေးဘဲ စာကြိုးစားရန်သာ ပြောပြီး ခွင့်ပြုလိုက်သည်။ ချန်းဖန်လည်း ဖုန်းချပြီးမှ သက်ပြင်း ချမိသည်။ အစ်မရင်က သူနှင့် တတိယသခင်ကြီး အကြားက ဆက်နွယ်မှုအား မေးမလာခဲ့၍ တော်သေးသည်။
နောက်တစ်နေ့တွင် ရှင်းကျုံးက ချန်းဖန်၏ ဘဏ်အကောင့်ထဲသို့ ယွမ်လေးဆယ့်ငါးသန်း လွှဲပေးသည်။ ယခုဆိုလျှင် ချန်းဖန်၏ ပိုင်ဆိုင်မှုက ယွမ်သန်း ခြောက်ဆယ်ကျော် ရှိနေပြီဖြစ်ရာ ကျင့်ကြံမှု အဆင့်ကို မြှင့်တင့်ရန် အချိန် ရောက်လေပြီ။
သူက ပြန်လည် မွေးဖွားပြီး ကတည်းက ကျင့်ကြံခြင်း အတွက် အချိန်အနည်းငယ်သာ ပေးနိုင်ခဲ့သည်။ လောလောဆယ်တွင် ချီသန့်စင်ခြင်း အခြေခံ အဆင့်၏ နောက်ဆုံးအဆင့်သို့ ဝင်ရောက်ရန် သုံးလခန့် လိုအပ်နေသေးသည်။ အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်က အစွမ်းထက်သည်မှာ မှန်သော်လည်း အလွန်များပြားသော ဝိညာဉ်ချီ ပမာဏကို လိုအပ်သည်။ ချန်းဖန်၏ ကျင့်ကြံဆင့်က မြင့်လာလေလေ လိုအပ်သော ချီပမာဏက များပြားလာလေလေ ဖြစ်သည်။
ထို့ကြောင့် ချန်းဖန်က ကျောက်စိမ်း အဆောင်ပေါ်တွင် ဝိညာဉ် စုဆောင်းခြင်း အစီအရင်ကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ယခု သူ့တွင် ငွေအလုံအလောက် ရှိနေပြီဖြစ်ရာ အကျိုးရှိရှိ အသုံးချပြီး ကျင့်ကြံဆင့်ကို မြှင့်တင် ရပေမည်။
"ကျင့်ကြံဆင့်ကို မြှင့်ဖို့ဆိုရင် ငါ့မှာ နည်းလမ်းနှစ်ခုပဲ ရှိတယ် ပထမတစ်နည်းက လျှို့ဝှက် ဆန်းကြယ်ပြီး ချီဓာတ်ပြည့်ဝတဲ့ နယ်မြေကို ရှာရမယ် ဒုတိယ တစ်နည်းကတော့ ဝိညာဉ် ကျောက်တုံးတွေနဲ့ ဆေးလုံးတွေကို သုံးရမယ်"
"ဆေးလုံးတွေအကြောင်း ခဏ မေ့ထားလိုက်ပြီး ပထမနည်းလမ်းကို သုံးကြည့်မယ်"
"အရင်လက တစ်မြို့လုံးနီးပါး ရှာကြည့်ပေမဲ့ ချီဓာတ်ပြည့်ဝတဲ့ နေရာ တစ်နေရာမှ မတွေ့ခဲ့ဘူး ယွင်ဝူတောင်ရဲ့ အတွင်းပိုင်း တော်တော် ချောင်ကျတဲ့ နေရာတွေအထိ သွားမှပဲ တွေ့မယ်ထင်တယ် တကယ်လို့ ရှာတွေ့ခဲ့ပြီပဲ ထားပါတော့ မြို့ထဲနဲ့က အရမ်းဝေးနေတော့ ကျင့်ကြံတာနဲ့ ကျောင်းတက်တာကို တစ်ပြိုင်တည်း လုပ်နိုင်မှာ မဟုတ်ဘူး ထားလိုက်တော့ သဘာဝအတိုင်း ရှိနေတဲ့ နေရာကိုပဲ အားမကိုးတော့ဘဲ ကိုယ့်ဘာသာ ဖန်တီး ကြည့်ရသေးတာပေါ့"
ယုံကြည်မှုရှိသော အပြုံးတစ်ခုက ချန်းဖန်၏ မျက်နှာပေါ် ဖြတ်ပြေး သွားသည်။
ကျင့်ကြံခြင်းလောကရှိ ကျောင်းတော်များနှင့် ဂိုဏ်းများ၌ တပည့် မျိုးဆက်များကို လေ့ကျင့်ပေးရန် ကိုယ်ပိုင် ဝိညာဉ်ချီနယ်မြေ တစ်ခုစီ ရှိကြသည်။ အသေးဆုံး နယ်မြေက ကီလိုမီတာ အနည်းငယ်ခန့် ကျယ်ပြီး အကြီးဆုံး နယ်မြေကတော့ နဂါးငွေ့တန်း အသေးစားလေး တစ်ခုခန့် ကျယ်သည်။
ချန်းဖန် အတိတ်ဘဝက ပညာသင်ခဲ့သော အစစ်အမှန် နတ်ဘုရားဂုဏ်း၏ ဝိညာဉ်ချီနယ်မြေက လွန်စွာ ကျယ်ဝန်းပြီး မရေမတွက်နိုင်သော ကြယ်များ၊ ဂြိုဟ်များနှင့် ဖွဲ့စည်းထားသည်။
ကိုယ်ပိုင် ဝိညာဉ်ချီနယ်မြေ တစ်ခု ဖန်တီးရန် သင့်တင့်သော နေရာကျယ်တစ်ခု လိုအပ်ပေသည်။ အရေးအကြီးဆုံးက ဆူညံပြီး လူနေထူထပ်သော နေရာများ၌ လုပ်၍ မရပေ။
"ကံကောင်းသွားတာက အဘိုးဝေ့ လက်ဆောင်ပေးထားတဲ့ ယွင်ဝူတောင်ပေါ်က အပန်းဖြေအိမ် ရှိနေတာပဲ"
ချန်းဖန်က အပန်းဖြေအိမ်၏ သော့အား ထုတ်ကြည့် လိုက်သည်။
"ဒီအိမ်ကို စရကာစတုန်းက တစ်ခေါက် သွားကြည့်ခဲ့သေးတယ် ယွင်ဝူတောင်ရဲ့ အမြင့်ဆုံးအပိုင်းမှာ ရှိပြီးတော့ ရှုခင်းတွေက လှတဲ့အပြင် ရန်ကွေ့ရေကန်ကို အကောင်းဆုံး စီးကြည့်နိုင်တဲ့ အနေအထား ရှိတယ် ကြည့်ရတာ ယွမ်သန်းပေါင်းများစွာ ပေးရမဲ့ပုံပဲ အဘိုးဝေ့က တကယ် တန်ဖိုးကြီးတဲ့ လက်ဆောင်ကို ပေးခဲ့တာပဲ"
ချန်းဖန်က အချိန်မဖြုန်းတော့ဘဲ နောက်ထပ် ခြေတစ်လှမ်းအတွက် အစီအစဉ် ဆွဲလိုက်သည်။
"တကယ်လို့ ငါက မှော်အစီအရင်ကို ကြီးနိုင်သလောက် ကြီးကြီး ဆွဲလိုက်မယ်ဆိုရင် ယွင်ဝူတောင် တစ်တောင်လုံးမှာ ရှိနေတဲ့ ချီတွေကို စုစည်းနိုင်ပြီး ကိုယ်ပိုင် ဝိညာဉ်နယ်မြေ အသေးစားလေး ဖန်တီးနိုင်လိမ့်မယ် အဲ့လိုသာဆိုရင် ချီသန့်စင်ခြင်း အလယ် အလတ်အဆင့်ကို ရောက်ဖို့ လုံလောက်သွားပြီ မှော်အစီအရင် ဆွဲတဲ့နေရာမှာ ချီဓာတ် စုဆောင်းဖို့တင် မဟုတ်ဘဲ ကာကွယ်ရေး အစီအရင် တစ်ခုပါ ထည့်ထားမှရမယ် ကျင့်ကြံနေရင်း တစ်ယောက်ယောက် တိုက်ခိုက် လာတာမျိုး အဖြစ်မခံနိုင်ဘူး"
ကောဝေ့ပေးလာသော သတင်းအရ လဲ့ချန်းကျွယ်နှင့် လင်းပေါင်ကြားက ပတ်သက်မှုက ချန်းဖန်အား သတိပိုကြီး သွားစေသည်။
လဲ့ချန်းကျွယ်က လင်းပေါင်အကြောင်း ကြားသွားပြီးနောက် သူကိုယ်တိုင် လိုက်မလာလျှင်ပင် တပည့်များအား လွှတ်လိုက် နိုင်သေး၏။ ချန်းဖန်က ထိုတပည့်များအား မကြောက်သော်လည်း ဟုန်ဂိုဏ်း၏ အရင်းအမြစ် ကြွယ်ဝပုံနှင့်ဆိုလျှင် အားကောင်းလှသော ခေတ်မီလက်နက်များအား ယူမလာဘူးဟု မပြောနိုင်ချေ။
ကျောက်စိမ်းအဆောင်က လက်နက် အတော်များများ၏ တိုက်ခိုက်မှုများမှ ကာကွယ် ပေးနိုင်သော်လည်း .375 မက်ဂနမ် ကဲ့သို့သော ပြောင်းပါသည့် ဒုံးကျည်များနှင့်တော့ မယှဉ်နိုင်ပေ။
ထပ်ပြောရလျှင် ပြည်ပ၌ အတွင်းအား ပညာရှင်များ အတွက် သီးသန့် တီထွင်ထားသော ခေတ်မီ လက်နက်များလည်း အများအပြား ရှိနေသေးရာ ချန်းဖန်က သတိကြီးကြီး ထားရန်လို၏။
"မှော်အစီအရင်ရဲ့ နောက်ဆုံးအပိုင်းက အရေးအကြီးဆုံး ဒေါက်တိုင်ပဲ အတိမ်းအစောင်း ဖြစ်လို့မရဘူး အဲဒီအတွက် ငါ့ရဲ့ ကျောက်စိမ်း အဆောင်လေးကို သုံးလိုက်လို့တော့ ရပါတယ် ဒါပေမဲ့ ကျောက်စိမ်းအဆောင် မရှိတော့ရင် လောလောဆယ် ငါ့အတွက် ဘာအကာအကွယ်မှ မရှိတော့သလို ဖြစ်သွားမှာ"
ချန်းဖန်က ထိုပြဿနာအား မည်သို့ ဖြေရှင်းရမှန်း မသိသဖြင့် မျက်မှောင်ကြုတ် လိုက်မိသည်။ သို့သော် မှော်အစီအရင် ရေးဆွဲဖို့ရန်က အချိန်တစ်ခု ပေးရန် လိုတာကြောင့် စဉ်းစားရန် အချိန်တော့ ရသေးသည်။
ကျောက်စိမ်း အဆောင်အား မှော်အစီအရင်၏ နောက်ဆုံး ဒေါက်တိုင်အဖြစ် သုံးသင့်မသုံးသင့် ဟူသော ကိစ္စအား လောလောဆယ် မတွေးသေးရန် ဆုံးဖြတ်လိုက်သည်။ အချိန်တန်မှ အလိုလို အဖြေ ထွက်လာတာလည်း ဖြစ်နိုင်ပေသည်။
ဆုံးဖြတ်ချက် အသစ်အား အကောင်အထည် ဖော်ရန် သူက မစောင့်နိုင်တော့ပေ။
***