တောင်အကာအကွယ် မှော်အစီအရင်
Vol. 1 Ch. 44
ထိုမျှကြီးမားသော မှော်အစီအရင်တစ်ခု ပြုလုပ်ရန်အတွက် အသေးစိတ်ကျသော ပြင်ဆင်မှု များစွာ ပြုလုပ်ရန် လိုအပ်သည်။ ပထမဦးစွာ အစီအရင်အတွက် အခြေခံ လိုအပ်သော ပစ္စည်းတချို့အား ပြင်ဆင်ရန် လိုအပ်ပြီး လွန်စွာ အသေးစိတ်ကျကာ လက်ဝင်သော ကဏ္ဍဖြစ်သည်။ အစီအရင် ပြုလုပ်မည့် မြေနေရာ၏ ပထဝီဝင် အနေအထားကိုလည်း သေချာ လေ့လာရန် လိုအပ်သေးသည်။ ချန်းဖန် တစ်ယောက်တည်း လုပ်၍ အဆင်မပြေလျှင် အကူအညီ တချို့ပင် လိုအပ်ဦးမည် ဖြစ်သည်။
အကူအညီ တောင်းရန် ချန်းဖန် ပထမဆုံး စဉ်းစားမိသည့်သူမှာ တတိယ သခင်ကြီး ဖြစ်သည်။ အနှီ ဝေ့ဆန်းယဲ့ (တတိယသခင်ကြီး)က ဖားယားဖို့ကလွဲလျှင် ဘာမှသိသူ မဟုတ်သော်လည်း ချူကျိုးမြို့၌ အဆက်အသွယ်များစွာ ရှိသူ ဖြစ်ရာ ချန်းဖန်အတွက် အကူအညီ ရကောင်း ရနိုင်သည်။
ချန်းဖန်က သူ ဘာလုပ်ချင်နေကြောင်း တတိယ သခင်ကြီးအား ခေါ်၍ ပြောပြသောအခါ တတိယ သခင်ကြီးက လွန်စွာ အံ့ဩသွားသည်။
"ဆရာချန်း ... ဆရာချန်းက ယွင်ဝူတောင်ထိပ်မှာ မှော်အစီအရင်တစ်ခု လုပ်မလို့ ဟုတ်လား"
တတိယ သခင်ကြီးက မှော်အစီအရင် အကြောင်းကိုသာ အလွန် စိတ်ဝင်စား နေသောကြောင့် ချန်းဖန် ပိုင်ဆိုင်ထားသော အပန်းဖြေအိမ်မှာ သူကိုယ်တိုင် အဘိုးဝေ့အား လက်ဆောင် ပေးထားသော အိမ်ဖြစ်သည်ကို မေ့လျော့နေသည်။
"ဘယ်လို မှော်အစီအရင်မျိုး လုပ်ချင်တာများလဲ"
တတိယ သခင်ကြီးက ကျင့်ကြံသူများနှင့် ပတ်သက်၍ ဗဟုသုတ သိပ်မရှိရာ သူမြင်ဖူးသည့် အကြီးဆုံး မှော်အစီအရင် ဟူ၍ 'သုံးနိုင်ငံခေတ်' တရုတ်နန်းတွင်း ကားထဲမှ စစ်တပ်သုံး အစီအရင်သာ ရှိသည်။
ချန်းဖန်က မှော်အစီအရင်များ အကြောင်း ရှင်းမပြရသေးခင်မှာပဲ ဆရာချီတစ်ယောက် အခန်းအတွင်းသို့ အပြေးအလွှား ဝင်ရောက် လာသည်။
"ဆရာချန်း မှော်အစီအရင်တစ်ခု လုပ်မလို့ဆို"
"အမှန်ပဲ ယွင်ဝူတောင်ထိပ်ကို အခြေယူပြီး တောင် ပတ်ဝန်းကျင်မှာ လုပ်ချင်တာ"
ချန်းဖန်က ပြောသည်။
ဆရာချီက ပင့်သက် ရှိုက်လိုက်မိပြီး မယုံကြည် နိုင်မှုကြောင့် မျက်လုံးများ ပြူးကျယ် နေသည်။ တောင်တစ်တောင်စာ ကျယ်သော မှော်အစီအရင် တစ်ခုအား လူတစ်ယောက်က လွယ်လွယ်ကူကူ လုပ်နိုင်ပါရဲ့လား။ ဆရာချီက တွေးနေမိသည်။
ဆရာချီ၏ ကျယ်ပြန့်လှသော ဗဟုသုတနှင့်ပင် တောင်တစ်တောင်စာ ကျယ်သော မှော်အစီအရင်ဟူ၍ ဒဏ္ဍာရီထဲ၌သာ ရှိကြောင်း ကြားဖူးခဲ့သည်။ ထိုအစီအရင်၏ အမည်မှာ 'တောင်အကာအကွယ် မှော်အစီအရင်' ဟူ၍ ဖြစ်ပြီး အလွန် အင်အားကြီးသော ကျင့်ကြံခြင်း မိသားစုများ၊ ဂိုဏ်းများ၏ ဌာနချုပ်ကို ကာကွယ်ရန် အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။
ထိုသို့သော အစီအရင်မျိုး ပြုလုပ်ရန် နှစ်ရာဂဏန်းမျှ အချိန်ပေးရတတ်ပြီး နောက်ဆုံး အသုံးပြုခဲ့သည်မှာ လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာက ဖြစ်သည်ဟု စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးခဲ့သည်။ ယနေ့ခေတ်တွင်မူ သေးငယ်သော မှော်အစီအရင်လေး တစ်ခုကပင် အလွန် ရှားပါး အဖိုးတန် နေတာပင်။ ပါးစပ် ရာဇဝင်များအရ တချို့သော တောင်အကာအကွယ် မှော်အစီအရင်များမှာ ရှေးကျသော တာအိုဂိုဏ်းများတွင် ယနေ့အချိန်ထိ လျှို့ဝှက်စွာ ရှိနေဆဲဖြစ်သည် ဟူ၍ ပြောကြသည်။
သို့သော်လည်း ဆရာချီကတော့ မျက်စိနှင့် တပ်အပ် မမြင်ရခင် အချိန်အထိ မယုံကြည်ခဲ့ပေ။
ဆရာချီ၏ သဘောထားကို နားထောင်ပြီးနောက် တတိယ သခင်ကြီးလည်း တွေးလိုက်မိသည်။ တောင်တစ်တောင်စာ ကျယ်သော မှော်အစီအရင် ဖြစ်ရော ဖြစ်နိုင်ပါရဲ့လား။
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
"ခင်ဗျားတို့ ထင်နေသလောက် မကျယ်ပါဘူး"
တောင်အကာအကွယ် အစီအရင်များမှာ တောင်တစ်တောင်လုံးကို လွှမ်းခြုံ ကာကွယ်ပေးသော အစီအရင်မျိုး ဖြစ်ပြီး ချန်းဖန်ပြုလုပ်မည့် အစီအရင်က ထိုမျှ မကြီးပေ။ တောင်ဖျားပိုင်းရှိ သူ၏ အပန်းဖြေအိမ်တစ်ဝိုက်ကို ကာကွယ်ရန် လောက်သာ ဖြစ်သည်။ တောင်၏ ကျန်သော နေရာများအား ဝိညာဉ်စုဆောင်းခြင်း အစီအရင်၊ ဝိညာဉ် ဆက်သွယ်ခြင်း အစီအရင်၊ ပုံရိပ်ယောင်မြူနှင်း အစီအရင် အစရှိသော အဆင့်နိမ့် အစီအရင်လောက်သာ ပြုလုပ်ရန် ချန်းဖန်က တွေးထားသည်။
အစစ်အမှန် တောင်အကာအကွယ် မှော်အစီအရင်တစ်ခု ပြုလုပ်ရန်မူကား ချန်းဖန်က အဆင့်မမီသေးပေ။ ထိုကဲ့သို့ ကြီးမားသော အစီအရင်များက မရေမတွက်နိုင်သော ရှားပါးရတနာမျိုး လိုအပ်သည့်အပြင် ပြုလုပ်သူက အနည်းဆုံး ချီသန့်စင်ခြင်း ပြည့်စုံအဆင့်သို့ ရောက်ရှိရန် လိုသည်။ ချန်းဖန်က ချီသန့်စင်ခြင်း အခြေခံအဆင့်၏ အလယ်ဆင့်တွင်ပင် ရှိနေသေးရာ လိုအပ်ချက်နှင့် ကိုက်ညီရန် အဆင့်သေး တစ်ခုနှင့် အဆင့်ခွဲနှစ်ခု လိုနေသေးသည်။
ချန်းဖန်က တောင်ထိပ်ရှိ အပန်းဖြေအိမ်ကိုသာ အစီအရင်၏ အလယ်ဗဟိုအဖြစ် ထားခြင်းဖြင့် အစီအရင် ပြုလုပ်ရန် ခက်ခဲမှုကလည်း အနည်းငယ် လျော့ကျသွားမည် ဖြစ်သည်။
"ဒါက လွယ်ကူအောင် ပြန်ပြုထားတဲ့ မှော်အစီအရင် ပြုလုပ်နည်း ဆိုပေမဲ့လည်း အောင်မြင်ခဲ့ရင် အံ့မခန်း စွမ်းဆောင်မှုတစ်ခု ဖြစ်နေတုန်းပဲ ယွင်ဝူတောင်နဲ့ ရန်ကွေ့ရေကန် တစ်ဝိုက်မှာရှိတဲ့ ဝိညာဉ်ချီတွေကို အစီအရင်ရဲ့ ဗဟိုချက်မကို ရောက်အောင် ပို့ဆောင်ပေးရမယ် ခက်ခဲမှုတော့ နည်းနည်း ရှိနေသေးတယ်"
ဆရာချီက ပြောသည်။
ထို့နောက် ဆရာချီက တစ်စုံတစ်ခုအား တွေးမိသွားကာ ချန်းဖန်အား မေးလိုက်သည်။
"ဟုတ်သားပဲ ဆရာချန်း အခုခေတ်မှာ မှော်အစီအရင် ခင်းကျင်းတတ်တဲ့ ကျင့်ကြံသူက မရှိတော့ သလောက်ပဲ ဆရာချန်း ဘယ်သူ့ကို အကူအဖြစ် ခေါ်မယ်လို့ စဉ်းစားထားလဲ"
"ဘယ်လို အစီအရင် ခင်းကျင်းတတ်တဲ့ ကျင့်ကြံသူက မရှိသလောက်ပဲ ဟုတ်လား"
ဆရာချီ၏ မေးခွန်းကြောင့် ချန်းဖန် ဒယိမ်းဒယိုင်ပင် ဖြစ်သွားသည်။
မှော်အစီအရင် ပြုလုပ်ခြင်း၊ အဆောင်လက်ဖွဲ့ ပြုလုပ်ခြင်း၊ ဆေးလုံး ဖော်စပ်ခြင်းနှင့် မှော်ရတနာ လက်မှုပညာတို့မှာ ကျင့်ကြံသူ တစ်ယောက် တတ်သင့်သည့် အခြေခံ အသိပညာများ ဖြစ်သည်။ ချီသန့်စင်ခြင်း အခြေခံ အဆင့်၌သာ ရှိသူများပင်လျှင် အနည်းဆုံး နည်းလမ်းတစ်ရာခန့် သင်ယူကြရသည်။
"ကျုပ်တို့ဆီမှာ ကျင့်ကြံသူက သိပ်မရှိတော့တဲ့ အပြင် ရှိတဲ့သူထဲမှာလည်း တစ်ယောက်လောက်ကပဲ အစီအရင် ခင်းကျင်းတတ်တယ်"
ဆရာချီက ရှက်အမ်းအမ်း ပြုံး၍ ပြောလိုက်သည်။
"ဟိုရက်က ဆရာချန်းနဲ့ တိုက်ခိုက်တဲ့ ဆရာဝူဆိုတဲ့ လူကတောင် လက်တစ်ဆုပ်စာ အစီအရင် ခင်းကျင်းတတ်တဲ့သူတွေထဲ ကျွမ်းကျင် အဆင့်လို့ ပြောရမယ်"
"အဲဒီ ကောက်ကျစ်တဲ့ ဝူမျိုးနွယ်ကလား"
ချန်းဖန်တစ်ယောက် ကိုယ့်နားကိုယ် မယုံနိုင်ပင် ဖြစ်သွားရသည်။
"ကြည့်ရတာ ဒီကမ္ဘာပေါ်မှာ ကျင့်ကြံခြင်း လမ်းစဉ်ကို လူတွေက ပေါ့ပေါ့ပြက်ပြက် လောက်ပဲ သဘောထားကြပုံပဲ"
ချန်းဖန်က လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း ပြောသည်။
"ထားပါတော့ ကျွန်တော့်ဘာသာပဲ လုပ်ပါတော့မယ်"
"တစ်ယောက်တည်း လုပ်မယ်"
ဆရာချီက မူးမေ့မတတ် ဖြစ်သွား ရပြန်သည်။
အစပိုင်း ချန်းဖန်က ကြီးမားသော အကာအကွယ် မှော်အစီအရင် တစ်ခု ပြုလုပ်ချင်သည်ဟု ပြောလာတုန်းက ဤကိစ္စအား ဦးဆောင်မည့်သူမှာ ချန်းဖန်၏ ဆရာ ဖြစ်လောက်သည်ဟု ဆရာချီက ခန့်မှန်းနေခဲ့တာ ဖြစ်သည်။ ယခုမှ ထိုအစီအရင် ပြုလုပ်မည့်ကိစ္စမှာ ချန်းဖန် တစ်ယောက်တည်း၏ အကြံအစည်မှန်း သဘောပေါက် သွားရသည်။
"အင်း ခင်ဗျားတို့ နှစ်ယောက်ကို ခေါ်တွေ့ရတဲ့ အကြောင်းက ကျွန်တော် လိုအပ်တဲ့ ပစ္စည်းတချို့ ရှာခိုင်းချင်လို့"
ချန်းဖန်က အင်္ကျီအိတ်ထဲမှာ စာရင်းစာရွက် တစ်ရွက်အား ထုတ်လိုက်သည်။ စာရင်းအတွင်း၌ အစီအရင်အတွက် လိုအပ်သော ပစ္စည်းများ ပါဝင်သည်။
ကမ္ဘာပေါ်ရှိ ချီပမာဏမှာ လွန်စွာ အားနည်းလှရာ ချန်းဖန်က တချို့သော ရှားပါးပစ္စည်းများ အသုံးပြုရန် လိုအပ်သည်။
"အစီအရင်အတွက် မှော်ရတနာ သုံးဆယ့်ခြောက်မျိုး အသုံးပြုဖို့ လိုအပ်တယ် သူတို့ထဲက ငါးခုကတော့ အစီအရင်ရဲ့ ဗဟိုချက်မမှာ ထည့်ရမယ် အဲဒီရတနာငါးခုကို ပြင်ဆင်ဖို့အတွက် အရည်အသွေး ကောင်းတဲ့ ကျောက်စိမ်း ငါးခုလောက် ခင်ဗျားတို့ ရှာပေးနိုင်မလား ကျောက်စိမ်းငါးခု ကျွန်တော့်လက်ထဲ ရောက်လာတာနဲ့ တြိဂံရှစ်ခု အစီအရင်နဲ့ ဆင်တူတဲ့ အစီအရင်မျိုး ခင်ဗျားတို့ နှစ်ယောက်ကို တစ်ယောက်တစ်ခုစီ ပေးမယ်"
ပြန်ရမည့် အကျိုးအမြတ်အား သိလိုက်ရသည့်အခါ ဆရာချီနှင့် တတိယ သခင်ကြီးတို့၏ မျက်နှာများမှာ ဝင်းပ သွားကြသည်။
သုံးယောက်သား လုပ်ရမည့် တာဝန်များအား အသီးသီး ခွဲဝေ လိုက်ကြပြီးနောက် တွေ့ဆုံ ဆွေးနွေးခြင်းအား အဆုံးသတ် လိုက်ကြသည်။
ချန်းဖန်က တရုတ် အမျိုးသားနေ့ ပိတ်ရက်များအား မှော်ရတနာ ပြုလုပ်ရာတွင်သာ အချိန်ဖြုန်း လိုက်သည်။
ယွင်ဝူတောင်ထိပ်တွင် ခင်းကျင်းမည့် အစီအရင် ဖြစ်သောကြောင့် ချန်းဖန်က 'နှင်းတောင် အစီအရင်'ဟု အမည်ပေး လိုက်သည်။
နှင်းတောင် အစီအရင်၌ အစိတ်အပိုင်းလေးခု ပါဝင်သည်။ အစီအရင်၏ ဗဟိုချက်မ၊ စံအိမ်အတွင်းတွင် ဝိညာဉ်ဆက်သွယ်ခြင်း အစီအရင်၊ စံအိမ်ပတ်လည်၌ ဝိညာဉ်ဆက်သွယ်ခြင်း အစီအရင်နှင့် ချိတ်ဆက်ထားသော အကာအကွယ် အစီအရင်၊ နောက်ဆုံး တောင်ထိပ်ဖျားတွင်ကား စံအိမ်တစ်ခုလုံးအား လွှမ်းခြုံပေးထားသော နှင်းတောင် အစီအရင်တို့ ဖြစ်ကြသည်။
တောင်ထိပ်တွင် သဘာဝအတိုင်း ရှိနေသော မြူနှင်းများနှင့် နှင်းတောင် အစီအရင်တို့ ပေါင်းစပ်လိုက်သောအခါ ပုံသေ မြူနှင်းပမာဏမှာ တိုးပွားသွားပြီး စံအိမ်အား သာမန်လူများ၏ အမြင်မှ ဖုံးကွယ် ပေးထားမှာ ဖြစ်သည်။
ရန်ကွေ့ရေကန်၌ လွန်စွာ များပြားသော ရေသဘာဝ ချီများ ရှိပြီး ထိုချီများက ဝိညာဉ် ဆက်သွယ်ခြင်း အစီအရင်အားဖြင့် တောင်ထိပ်ဖျားရှိ နှင်းတောင် အစီအရင်အား လာရောက် ပေါင်းစပ်ကာ အားဖြည့်ပေးမည် ဖြစ်သည်။
အစီအရင်၏ ဗဟိုချက်မတွင်ကား ဝိညာဉ်စုဆောင်းခြင်း အစီအရင် ဖြစ်ပြီး နှင်းတောင် အစီအရင်တစ်ခုလုံး၏ နှလုံးသား ဖြစ်သည်။ ဝိညာဉ်စုဆောင်းခြင်း အစီအရင်တွင် တစ်ခုခု ချွတ်ချော်သွားပါက နှင်းတောင် အစီအရင်၏ တခြားသော အစိတ်အပိုင်းများ ကလည်း အလုပ်လုပ်တော့မည် မဟုတ်ပေ။ ထိုဝိညာဉ် စုဆောင်းခြင်း အစီအရင် ပြုလုပ်ရာတွင် အဓိကအကျဆုံးမှာ အရည်အသွေး ကောင်းသော ကျောက်စိမ်းငါးခု ဖြစ်သည်။
အပြစ်အနာအဆာ ကင်းသော ကျောက်စိမ်းက သာလျှင် များပြားသော ချီပမာဏအား သိုလှောင်နိုင်မည် ဖြစ်သည်။
ချန်းဖန်က တိတ်ဆိတ်သော အခန်းတစ်ခုထဲ၌ ထိုင်နေသည်။ မြစိမ်းရောင် ဖျော့ဖျော့ အရောင်လေးများ ဖြာထွက်နေသော ကျောက်စိမ်းပြား တစ်ခုက သူ၏ အရှေ့တည့်တည့်ရှိ လေထဲတွင် လွင့်မျောနေသည်။
ချန်းဖန်က မျက်လုံးများကို မှိတ်လိုက်ပြီး ရှေးကျသော အသံတသံ ပြုလိုက်သည်။ ထိုအသံက လေထဲတွင် ရုပ်လုံးပေါ်လာပြီး ရွှေရောင် သင်္ကေတတစ်ခု ဖြစ်ပေါ်လာသည်။
ချန်းဖန်၏ နှုတ်ခမ်းပါးများမှ မတူညီသော ထူးဆန်းသည့် ရှေးဟောင်း အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ရွှေရောင် သင်္ကေတများ ဖြစ်ပေါ်လာသည်။ ထိုသင်္ကေတများက လေထဲတွင် လွင့်မျောနေသော ကျောက်စိမ်းပြား အတွင်းသို့ နစ်ဝင်သွားပြီး ပါးလွှာ၍ သေသပ်တိကျသော အရာလေးများ ကျောက်စိမ်းပြား၏ မျက်နှာပြင်တွင် ရုပ်လုံး ပေါ်လာသည်။
ရုတ်တရက် ချန်းဖန်က မျက်လုံးဖွင့်လိုက်ပြီး အဖြူရောင် အခိုးအငွေ့တန်းလေး တစ်ခုက သူ၏ ပါးစပ်ထဲမှ တိုးထွက်လာသည်။ ထိုအရာကား ချန်းဖန်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အားလုံးကို ပေါင်းစပ်ထားသော အဆီအနှစ်၏ အရိုးရှင်းဆုံးပုံစံ ဖြစ်သည်။ အဖြူရောင် အခိုးအငွေ့တန်းလေးက တဖြည်းဖြည်းချင်း အဖြူရောင် အလင်းတန်းလေးအဖြစ် ပြောင်းလဲသွားပြီး ကျောက်စိမ်း ကိုယ်ထည်အတွင်း ဝင်ရောက် ပျောက်ကွယ် သွားသည်။
အဖြူရောင် အလင်းတန်းလေးက ကျောက်စိမ်းပြားအား လှုံ့ဆော် ပေးလိုက်သကဲ့သို့ ရှိပြီး ကျောက်စိမ်းပြားက လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ ထို့နောက် ကျောက်စိမ်းပြား၏ အရောင်အဝါက တောက်ပသည်ထက် တောက်ပလာသည်။
ရုတ်တရက် အစက မထင်ရှားသေးသော ကျောက်စိမ်းပြား၏ မျက်နှာပြင်ပေါ်ရှိ အရာလေးများက ရွှေရောင် တောက်ပနေသော ရှေးဟောင်း သင်္ကေတများ အဖြစ် ပြောင်းလဲသွားသည်။ ထိုသင်္ကေတများမှ ပါးလျသော ရွှေရောင် ကြိုးမျှင်လေးတစ်ခု ဖြစ်ပေါ်လာပြီး ကျောက်စိမ်းပြား အတွင်းရှိ မငြိမ်မသက် ဖြစ်နေသော စွမ်းအင်များအား ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ ရွှေရောင်ကြိုးမျှင်လေးနှင့် လှုပ်ရွနေသော အစိမ်းရောင် စွမ်းအင်များက အတန်ကြာ တိုက်ခိုက်နေကြသည်။ ခဏမျှကြာတော့မှ တိုက်ခိုက်မှုက တဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။
ထိုအခါမှ ချန်းဖန်က သက်ပြင်းချလိုက်မိပြီး ကျောက်စိမ်းပြားအား လက်လှမ်းလိုက်သည်။
ကျောက်စိမ်းပြားက တလက်လက် တောက်ပ မနေတော့သော်လည်း သေးငယ်၍ သေသပ်လှပသော ရှေဟောင်း သင်္ကေတများက ကျောက်စိမ်းပြား၏ မျက်နှာပြင်အနှံ့တွင် ရှိနေသည်။
"နောက်ဆုံးတော့ ဝိညာဉ်စုဆောင်းခြင်း အစီအရင် အတွက် ပထမဆုံး ကျောက်စိမ်းပြားတော့ ရပြီ လေးခု ကျန်သေးတယ် ဒီငါးခုနဲ့သာဆိုရင် နှင်းတောင် အစီအရင်အတွက် ပူစရာ မလိုတော့ဘူး"
ချန်းဖန်က ကျေကျေနပ်နပ် ကြုံးဝါး လိုက်မိသည်။
ချန်းဖန်တွင် ကျောက်စိမ်း အဆီအနှစ်က အပိုင်းအစလေး တစ်ခုမျှသာ ရှိနေခြင်းက စိတ်မကောင်းစရာပင်။ ကျောက်စိမ်း အဆီအနှစ်နှင့် အလုပ်လုပ်ရခြင်းက ပိုမို ထိရောက် မြန်ဆန်သည့်အပြင် စွမ်းအင်ကလည်း အပြတ်အသတ် သာပေသည်။
ကျောက်စိမ်း အဆီအနှစ် အလုံအလောက် မရှိခြင်းကြောင့်သာ တခြားသော မှော်ရတနာများကိုပါ အထောက်အကူ အဖြစ် ထည့်သုံးနေရခြင်း ဖြစ်သည်။
"ဝိညာဉ်စုဆောင်ခြင်း အစီအရင်အတွက် ကျောက်စိမ်းကမှ ရှာရတာ လွယ်ဦးမယ် အစီအရင် အတွက် လိုအပ်တဲ့ တခြား မှော်ရတနာတွေက ရှာရခက်မဲ့ပုံပဲ တတိယ သခင်ကြီးနဲ့ ဆရာချီကိုပဲ အားကိုးနေလို့ မဖြစ်ဘူး ငါ ကိုယ်တိုင်လည်း ရှာမှရမယ်"
ချန်းဖန်က ရေရွတ် လိုက်မိသည်။
နှင်းတောင် အစီအရင်၏ အဓိက အစိတ်အပိုင်း လေးခုအတွင်း ဗဟိုချက်မ ဖြစ်သော ဝိညာဉ်စုဆောင်းခြင်း အစီအရင် အတွက်ကမူ အဆင်ပြေသွားပြီ ဖြစ်သော်လည်း အခြားသော အစိတ်အပိုင်း သုံးခုအတွက်ကား လိုနေသေးသည်။
ရန်ကွေ့ရေကန် အတွင်းမှ ရေဝိညာဉ်ချီများနှင့် ချိတ်ဆက်ရန် ရေသဘာဝရှိသော ရတနာမျိုး လိုအပ်သည်။ သို့သော် ချန်းဖန်က ကမ္ဘာပေါ်တွင် အဖိုးတန်သော ရေသဘာဝ ရတနာမျိုး ရှိမည်ဟု မထင်ပေ။ ထို့ကြောင့် သူက တတိယ သခင်ကြီးအား ပင်လယ်နက်ပိုင်းမှ ကျောက်များကို ဝယ်ရန်သာ စေခိုင်းလိုက်သည်။
ပင်လယ်ရေအောင် ကီလိုမီတာ တစ်ထောင်ခန့်တွင် ရှိနေသော ကျောက်များက သာမန် ကျောက်များ ဆိုလျှင်ပင် ရေသဘာဝနှင့် အကျွမ်းတဝင် ရှိသဖြင့် ဝိညာဉ် ဆက်သွယ်ခြင်း အစီအရင်အတွက် အသုံးပြု၍ ရနိုင်သည်။
နှင်းအစီအရင် အတွက်မူကား နှစ်ထောင်ချီ သက်တမ်းရှိသော ထင်းရှူးပင်များအား အသုံးပြုနိုင်သည်။ ထင်းရှူးပင်များသည် ပင်ကိုမူလကပင် ယင်သဘာဝရှိပြီး နှစ်ထောင်ချီ သက်တမ်းရှိသော ထင်ရှူးပင်များ ဆိုပါက 'ယင်သလင်းကျောက်'များ ကဲ့သို့ပင် အကျိုးသက်ရောက်မှု ရှိသည်။ သို့သော် ချန်းဖန်က တတိယသခင်ကြီး အနေနှင့် နှစ်ထောင်ချီ သက်တမ်းရှိသော ထင်းရှူးပင်များ ရှာမတွေ့မည်ကိုပင် စိုးရိမ်နေ၏။
အကာအကွယ် အစီအရင် အတွက်က အလွန် ရှားပါးသော ပစ္စည်းများ လိုအပ်သည်။ ချန်းဖန်က ထိုအကြောင်းအား နောက်မှတွေးရန် ဆုံးဖြတ်လိုက်သည်။
တရုတ်အမျိုးသားနေ့ အထိမ်းအမှတ် ပိတ်ရက်များ၏ နောက်ဆုံးနေ့သို့ ရောက်သောအခါ ချန်းဖန်က ဝိညာဉ်စုဆောင်းခြင်း အစီအရင်အတွက် လိုအပ်သော ကျောက်စိမ်းပြား ငါးခုလုံးအား ပြင်ဆင်ပြီးစီး သွားသည်။ ပိုလျှံနေသော ကျောက်စိမ်းပြားများအား အဆင့်နိမ့် ဝိညာဉ်စုဆောင်းခြင်း အစီအရင် တစ်ခုစီ ပါဝင်သော ကျောက်စိမ်းအဆောင် နှစ်ခု ပြုလုပ်လိုက်သည်။ ထိုအဆောင်နှစ်ခုက ချန်းဖန်၏ ကျောက်စိမ်းအဆီအနှစ်နှင့် ပြုလုပ်ထားသော အဆောင်လောက် အားမကောင်းသော်လည်း သူဌေးကု၏ တြိဂံရှစ်ခု အစီအရင်ထက်တော့ သာပေသည်။
***