နှလုံးသားထဲက သံသယများ
Vol. 13 Ch. 194
"ဘာလို့ ပြန်လာတာ နောက်ကျနေတာလဲ။ အဲ့ဒီအိမ်က တကယ်ပဲ တစ္ဆေခြောက်တာလား။"
ပြန်လာရာလမ်းတစ်လျှောက် ကားပေါ်တွင် ကျန်းယန်သည် ယန်ကျန့်အနားသို့ သတိကြီးစွာဖြင့် တိုးကပ်ရင်း မေးလိုက်သည်။ "တကယ်လို့ ပြဿနာတစ်ခုခုရှိနေတယ်ဆိုရင် အနာဂတ်မှာ ဒီမှာနေဖို့က အရမ်းအန္တရာယ်များမှာလားဟင်။"
"မင်းနေရာမှာနေတာကမှ ပိုအန္တရာယ်များသေးတယ်။ မြို့လယ်ခေါင်မှာ တစ္ဆေတွေ ပိုပေါတယ်။ ဒီနေရာက တော်တော်လေး တစ္ဆေအခြောက်အလှန့် နည်းတယ်၊" ယန်ကျန့်က သူ့လက်ထဲက တစ္ဆေမှန်ကို တစ်ချက်ကြည့်ရင်း ပြန်ဖြေလိုက်သည်။
"အခုလောလောဆယ်တော့ ဒီကမ္ဘာကြီးမှာ တစ္ဆေတွေ အကြီးအကျယ် ပေါ်ပေါက်နေတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်နေရာမှ လုံးဝမလုံခြုံဘူး။"
"တကယ်လို့ လုံးဝလုံခြုံချင်တယ်ဆိုရင်တော့ တစ်နေရာကို တစိုက်မတ်မတ် စောင့်ရှောက်နိုင်တဲ့ တစ္ဆေထိန်းချုပ်သူတစ်ယောက်ကို အားကိုးရလိမ့်မယ်။ အဲ့ဒီလိုမှပဲ လုံခြုံတယ်လို့ သတ်မှတ်နိုင်မှာ။"
ထိုသို့ပြောပြီးနောက် သူက လူနေရပ်ကွက်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
"ဒီနေရာရဲ့ ပတ်ဝန်းကျင်၊ တည်နေရာနဲ့ သွားရေးလာရေးက ငါ့လိုအပ်ချက်တွေနဲ့ အားလုံးကိုက်ညီတယ်။ အရေးအကြီးဆုံးကတော့ အနီးနားပတ်ဝန်းကျင်က လူဦးရေနည်းပါးပြီး ဖွံ့ဖြိုးမှုမရှိသေးတဲ့ မြေလွတ်တွေဖြစ်နေတာကြောင့် တစ္ဆေဖြစ်ရပ်တွေ ဖြစ်ပေါ်ဖို့ အလားအလာနည်းတယ်။ ပြီးတော့ ငါက တာချန်းမြို့သားတစ်ယောက်လေ။ ကိုယ့်အိမ်ကိုထားပြီး တခြားပြည်နယ်မှာ သွားနေရအောင် အကြောင်းပြချက်ခိုင်လုံလို့လား။"
"တခြားပြည်နယ်တွေမှာလည်း တစ္ဆေဖြစ်ရပ်တွေ ဖြစ်နေတာပဲ၊ အဲ့ဒီကိုသွားတာက ကောင်းချီးတော့ မဟုတ်လောက်ဘူး။"
ယန်ကျန့်အဖို့တော့ တားချန်းမြို့သည် အဓိကမြို့ကြီးတစ်မြို့ဖြစ်သည့်အလျောက် တစ္ဆေဖြစ်ရပ်များ ပိုမိုဖြစ်ပွားတတ်သည်ကို ဝန်ခံရပေမည်။
တကယ်တမ်း စဉ်းစားကြည့်မည်ဆိုလျှင် လူဦးရေနည်းပါးသော မြို့ငယ်လေးများက အခြေချနေထိုင်ရန် ပိုသင့်တော်သည်။
သို့သော် သူသည် ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီးဖြစ်ရာ ခိုင်လုံသော အကြောင်းရင်းမရှိဘဲနှင့်တော့ မိမိဇာတိမြေကို စွန့်ခွာရန် ခက်ခဲလှပေသည်။
"မနက်ဖြန်ကစပြီး နင်ငါ့အတွက် အလုပ်သွားဆင်းရမယ်၊" ယန်ကျန့်က ရုတ်တရက် ပြောလိုက်သည်။
"ဒီတစ်ခါရော ဘာတွေဝယ်ခိုင်းချင်လို့လဲ။" ကျန်းယန်၏ မျက်လုံးများက အရောင်တောက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
သူမ၏ လက်ရှိအလုပ်မှာ ပိုက်ဆံဖြုန်းခြင်း ဖြစ်သည်။
ဒါက သူမရဲ့ ကျွမ်းကျင်မှုနဲ့ ကွက်တိကျနေသည်။
ပိုက်ဆံဘယ်လောက်ပဲဖြစ်ဖြစ် သူမက တိတိကျကျ တွက်ချက်ပြီး ပညာသားပါပါ သုံးစွဲနိုင်သည်။
ယန်ကျန့်က ပြန်ဖြေလိုက်သည်၊ "နင်ကတော့လေ၊ အကောင်းချည်းပဲ ထင်နေတယ်။ မနက်ဖြန် နင်သွားရမှာက မန်နေဂျာကျန်းရဲ့ အရောင်းပြခန်းကို၊ ဒီလူနေရပ်ကွက်ရဲ့ ရှယ်ယာ ၄၀% ငါပိုင်တယ်၊ နင်က ဒီပိုက်ဆံတွေကို ငါ့အတွက် စီမံခန့်ခွဲပေးရမှာ။"
သူပြောလိုက်သည်နှင့် ကျန်းယန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဘာ! ရှင်က ဒီလူနေရပ်ကွက်ရဲ့ ရှယ်ယာတစ်ဝက်လောက်ပိုင်တယ်ဟုတ်လား။"
"ဒါပေါ့။ မဟုတ်ရင် ငါက ဘာလို့ ဒီကိုပြောင်းလာမှာလဲ။" ယန်ကျန့်က ခပ်ပြတ်ပြတ်ပြောလိုက်သည်။
ကျန်းယန်က စိတ်ထဲတွင် အလျင်အမြန် တွက်ချက်ကြည့်လိုက်သည်။
အကယ်၍ ယန်ကျန့်က လူနေရပ်ကွက်တစ်ခုလုံး၏ ၄၀% ကို ပိုင်ဆိုင်သည်ဆိုပါက အနည်းဆုံး ဘီလီယံပေါင်းများစွာသော ပိုင်ဆိုင်မှုပင်။
ငါတို့တော့ ချမ်းသာတော့မှာပဲ!
သူမ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာပြီး ယန်ကျန့်ကို ဖက်ကာ အကြိမ်ပေါင်းများစွာ နမ်းရှိုက်လိုက်သည်။
"ရှင်က တကယ်တော်တာပဲ! ငါတို့တော့ သူဌေးဖြစ်တော့မယ်!"
ကျန်းယန်သည် ယန်ကျန့် ဘာမှမရှိသည့်ဘဝမှ တစ်လကျော်အတွင်း အကြီးအကျယ် ချမ်းသာလာပုံကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။
သူ ပိုက်ဆံရှာနိုင်သည့်နှုန်းမှာ အံ့မခန်းလောက်အောင် မြန်ဆန်လှသည်။
"အဲ့လောက်ကပ်မနေနဲ့၊ ပြီးတော့ တစ်ခုရှင်းအောင်ပြောရရင် ချမ်းသာလာမှာက ငါ၊ နင်မဟုတ်ဘူး။" ယန်ကျန့်က သူမ၏ ပါးကို လက်တစ်ဖက်ဖြင့် တွန်းဖယ်ရင်း ပြောလိုက်သည်။
ကျန်းယန်က ယန်ကျန့်၏ လက်မောင်းကို တွယ်ဖက်ထားရင်း လွှတ်မပေးဘဲနေသည်။
"ကပ်စေးမနဲစမ်းပါနဲ့။ ရှင့်ဟာက ကျမဟာပဲလေ။"
"အိုး?" ယန်ကျန့်က သူမကို ကြည့်လိုက်သည်။
ကျန်းယန်က အလျင်အမြန် ပြင်ပြောလိုက်သည်၊ "ကျမဟာကလည်း ရှင့်ဟာပါပဲ။"
"အေး၊ အဲ့လိုမှပေါ့။"
ယန်ကျန့်က ခေါင်းညိတ်လိုက်သည်။
"မနက်ဖြန် နင်အလုပ်စဆင်းလိုက်တော့။ မန်နေဂျာကျန်းက နင့်ရဲ့ သီးသန့်လုပ်ငန်းတာဝန်တွေကို စီစဉ်ပေးလိမ့်မယ်လို့ ငါယုံကြည်တယ်။ ကျန်း၊ ဒါက ကျန်းယန်၊ ပညာရှင်အဆင့် စာရင်းကိုင်တစ်ယောက်ပဲ။ မနက်ဖြန် အရောင်းပြခန်းမှာ သူအလုပ်လုပ်တာကို ခင်ဗျား မကန့်ကွက်ဘူးမလား။"
ရှေ့ခုံတွင် ထိုင်နေသော ကျန်းရှန်းကွေက ပြုံးလျက် ပြောလိုက်သည်၊ "စာရင်းကိုင်တစ်ယောက်ပါလာတာ အကောင်းဆုံးပဲပေါ့ဗျာ၊ ဒါမှ စာရင်းဇယားတချို့ ရှင်းရတာ ပိုလွယ်သွားမှာ။"
သူက ယန်ကျန့်ကို ဘာမှဝင်မစွက်ဘဲ ငွေလာစုဖို့ပဲ စောင့်နေမယ့် လက်လွှဲ သူဌေးတစ်ယောက်လို့ အစပိုင်းမှာ ထင်ခဲ့သည်။
သူထင်တာ မှားသွားပုံရသည်။ သူ ဘေးက မိန်းမကို အပျော်မွေးထားတယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းတော့ စာရင်းကိုင်တစ်ယောက် ဖြစ်နေသည်။
သူ တကယ်ပဲ သတိမထားမိခဲ့တာလား။
ဆန့်ကျင်ဘက်အနေနဲ့ ကျန်းရှန်းကွေက ယန်ကျန့်ရဲ့ လုပ်ပုံကိုင်ပုံကို အနည်းငယ် သဘောကျမိသည်။
သူက ကိစ္စရပ်တွေကို ကြိုတင်တွေးဆပြီး ကိုင်တွယ်တတ်ပြီး အတွေ့အကြုံမရှိတဲ့ လူငယ်တစ်ယောက်လို မိုက်မဲမနေပေ။
ကျန်းဝေလေးက သူ့ဘဝမှာ သူငယ်ချင်းကောင်းတစ်ယောက် ရခဲ့တာပဲ။
ကျန်းရှန်းကွေက ယန်ကျန့်မှာ ပိုက်ဆံရှိမရှိကို ဂရုမစိုက်၊ သူက ယန်ကျန့်မှာ အရည်အချင်းရှိမရှိကို ပိုဂရုစိုက်သည်။
ပိုက်ဆံဆိုတာ သူ့မှာရှိပြီးသား၊ ဒါပေမဲ့ သူစိတ်အေးလက်အေး ဆက်လုပ်သွားနိုင်ဖို့ အရည်အချင်းရှိတဲ့လူတစ်ယောက် လိုအပ်သည်။
အချိန်တွေက လျင်မြန်စွာကုန်ဆုံးသွားပြီး မကြာခင်မှာပဲ သုံးရက် ကျော်လွန်သွားခဲ့သည်။
ဒီရက်တွေအတွင်းမှာ ယန်ကျန့်က သူ့ရဲ့ဗီလာမှာပဲနေပြီး အပြင်လုံးဝမထွက်ဘဲ အထူးပစ္စည်းတချို့ကိုသာ ပြန်လည်ဖြည့်တင်းနေခဲ့သည်။
ဥပမာအားဖြင့်၊ သူက ကုန်လုနီးပါးဖြစ်နေတဲ့ အထူးကျည်ဆန်တွေ၊ လူသေအလောင်းထည့်တဲ့အိတ်တွေနဲ့ ရွှေရွက်တွေ၊ ရွှေအရည်ကျိုဖို့ ပုံစံခွက်တွေလို အသေးအဖွဲပစ္စည်းတချို့ကို ပြန်ဖြည့်ခဲ့ပြီး အဆင်ပြေပြေ တစ်ခုခုလုပ်လို့ရအောင် ပြင်ဆင်ခဲ့သည်။
စုစုပေါင်း သူ သန်းခြောက်ဆယ်နီးပါး သုံးပစ်လိုက်သည်။
သူက ပရိဘောဂတချို့၊ ပစ်ကပ်ကား အနည်းငယ်နဲ့ နေ့စဉ်သုံးပစ္စည်းတွေကို ဝယ်ယူစုဆောင်းခဲ့သည်။
အဆုံးမှာတော့ သူ့လက်ထဲမှာ သန်းသုံးဆယ်ကျော်ပဲ ကျန်တော့သည်။
သူ မွဲပြာကျတော့မယ့် အခြေအနေရောက်နေပြီ။
ကံကောင်းစွာနဲ့ပဲ ကျန်းယန်က ကျန်းရှန်းကွေရဲ့ အရောင်းပြခန်းအသစ်မှာ အလုပ်စဝင်နေပြီဖြစ်လို့ အနာဂတ်မှာ ငွေရေးကြေးရေးကိစ္စတွေအတွက် သူစိတ်ပူစရာမရှိတော့ဘူး။
ဒါ့အပြင် ရှေးဟောင်းအိမ်ကြီးကို ကျန်းရှန်းကွေ ကိုယ်တိုင်ကြီးကြပ်ပြီး နေ့ရောညပါ အမြန်ဆုံး ပြုပြင်နေခဲ့သည်။
ယန်ကျန့်က အရည်အသွေးပိုင်း ဒါမှမဟုတ် တားမြစ်ချက်တစ်ခုခုကို စိုးရိမ်စရာမလိုခဲ့ဘူး။
ဆယ်ရက်အတွင်း ပြီးစီးလိမ့်မယ်လို့ သူယုံကြည်ထားသည်။
ဒါ့အပြင် ရှေးဟောင်းအိမ်ကြီးကို ဖုံးကွယ်ဖို့ အိမ်ပတ်လည်မှာ ဘုရားကျောင်းတစ်ဆောင် ဆောက်လုပ်ဖို့ အုတ်မြစ်ချခြင်းလုပ်ငန်းတွေလည်း စတင်နေပြီဖြစ်သည်။
ဟုတ်ပါတယ်၊ ဒါတွေအားလုံးက ယန်ကျန့်နဲ့ မသက်ဆိုင်ပါဘူး။
သုံးရက်ကြာ စောင့်ဆိုင်းခဲ့ရတာ အလဟဿတော့ မဖြစ်ခဲ့ပါဘူး။
အနည်းဆုံးတော့ သူက တစ္ဆေမှန်ထဲက တစ္ဆေဟာ တကယ်ပဲ ထွက်သွားလို့မရဘူးဆိုတာကို အတည်ပြုနိုင်ခဲ့တယ်။
ကျန်းဝေ ဘယ်သွားသွား မှန်ထဲကတစ္ဆေက သူ့နောက်ကို လိုက်မသွားခဲ့ဘူး။
သူ့ရဲ့ အရင်က ခန့်မှန်းချက်က မှန်ကန်ခဲ့ပါတယ်။
တစ္ဆေမှန်က တခြားမှန်တစ်ချပ်နဲ့ ထိုးတာကို အကြောက်ဆုံးပဲ၊ မဟုတ်ရင် အတွင်းကတစ္ဆေက တခြားမှန်ထဲကို ကူးပြောင်းသွားလိမ့်မယ်။
ဒီမနက် ယန်ကျန့်က စောစောထသည်။
ထုံးစံအတိုင်း သူက ညလုံးပေါက် အိပ်မပျော်ခဲ့ပေ။ ခဏတဖြုတ်သာ မှေးခနဲပျော်သွားပြီး မကြာခင်မှာ ပြန်နိုးလာခဲ့သည်။
သူ့အောက်မှာ ပုန်းအောင်းနေတဲ့၊ အချိန်မရွေး ထိန်းချုပ်မှုလွတ်သွားနိုင်တဲ့ တစ္ဆေအရိပ်ကို အမြဲတမ်း သတိထားနေရသည်။
သူက ဒုတိယတစ်ခုကို ထိန်းချုပ်ဖို့ သင်ယူနေဆဲပဲ၊ ဒါက မပြည့်စုံသေးသလို ချို့ယွင်းချက်တွေလည်း ရှိနေသေးတယ်။
သူက ကလဲ့စားချေလိုစိတ်ပြင်းပြတဲ့ ဝိညာဉ်နိုးထမယ့်အချိန်ကို ဆွဲဆန့်ထားရုံသာဖြစ်ပြီး အန္တရာယ်ကတော့ ရှိနေဆဲပဲ။
ဒါပေမဲ့ ရှည်လျားတဲ့ညတွေနဲ့ အိပ်မပျော်ခြင်းက ယန်ကျန့်ရဲ့ စိတ်ဓာတ်ကို မထိခိုက်စေခဲ့ဘူး။
တကယ်လို့သာ ပင်ပန်းနွမ်းနယ်မှုကြောင့် အနားယူဖို့ မလိုအပ်ဘူးဆိုရင် သူက အိပ်မပျော်ရောဂါသည်တစ်ယောက်လိုပဲ နှစ်ဆယ့်လေးနာရီလုံး အိပ်စရာမလိုဘဲ ပုံမှန်အတိုင်း နေထိုင်သွားနိုင်မှာပါ။
အိပ်မပျော်ရောဂါအကြောင်းပြောရရင် ယန်ကျန့်က အရင်က အွန်လိုင်းမှာ ရှာကြည့်ဖူးတယ်။
အရင်တုန်းက နိုင်ငံခြားမှာ တချို့လူတွေ ဒီရောဂါမျိုးခံစားခဲ့ရဖူးတယ်၊ တစ်နေ့လုံး အိပ်စရာမလိုဘဲ နိုးကြားနေနိုင်ပြီး အံ့ဩစရာကောင်းတာက ဒီအခြေအနေက လူနာရဲ့ဘဝ ဒါမှမဟုတ် အလုပ်ကို မထိခိုက်စေဘူးတဲ့။
အခုတော့ အဲ့ဒီလူနာတွေက နိုင်ငံခြားက တစ္ဆေထိန်းချုပ်သူတွေ ဖြစ်နိုင်ခြေအများဆုံးပဲလို့ ထင်ရတယ်။
ဒါပေမဲ့ တချို့အဖွဲ့အစည်းတွေက အာရုံလွှဲဖို့ ရောထွေးနေတဲ့၊ လမ်းလွှဲစေတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်ခဲ့တာ ဖြစ်နိုင်တယ်။
လူတွေက အိပ်မပျော်တဲ့ ပြဿနာကိုပဲ အာရုံစိုက်ခဲ့ကြတော့ တစ္ဆေထိန်းချုပ်သူတွေရဲ့ တည်ရှိမှုကို သတိမမူမိခဲ့ကြဘူးပေါ့။
ဗီလာရဲ့ ငါးလွှာမှာ။
ပြုပြင်မွမ်းမံပြီးနောက်မှာ ဒီအလွှာကို ဘာရယ်မဟုတ်ဘဲ ဒီအတိုင်း လွှတ်ထားခဲ့တယ်။
ဒါပေမဲ့ အခန်းတစ်ခန်းထဲမှာတော့ ရှေးဟောင်းအိမ်ကနေ ယူလာတဲ့ တစ္ဆေမှန်ကို ဒီမှာထားရှိထားတယ်။
ဘောင်တွေ ဆွေးမြေ့ပျက်စီးတာမျိုး မဖြစ်အောင် ယန်ကျန့်က တစ္ဆေမှန်ရဲ့တင်ခုံကို အသစ်တစ်ခုနဲ့ လဲလှယ်ပြီး အနက်ရောင်အထည်ထူထူနဲ့ ဖုံးအုပ်ထားခဲ့တယ်။
ဆီစိမ်ပိတ်စအဟောင်းက ဆွေးမြေ့နေလွန်းလို့ သုံးမရတော့လောက်အောင် ဖြစ်နေပြီ။
ဒါ့အပြင် ပတ်ပတ်လည်က နံရံတွေကို သူငှားထားတဲ့ အလုပ်သမားတစ်ယောက်က အနက်ရောင် လုံးဝခြယ်သထားပြီး ပြတင်းပေါက်တွေကိုတောင် ဆေးသုတ်ထားခဲ့တယ်။
ဒါကြောင့် ဒီအခန်းက အရမ်းမှောင်မိုက်နေပြီး အလင်းရောင်အနည်းငယ်သာရစေတယ်။
ဒါပေမဲ့ အမှောင်ထုက ဘာကိုမှ မထိခိုက်စေပါဘူး၊ တကယ်တော့ တစ္ဆေမှန်ကို ထားဖို့ ပိုလုံခြုံစေတယ်။
"ပြောစမ်းပါဦး၊ ဒီတစ္ဆေမှန်က တကယ်တော့ ဘာကြီးလဲ။ ဟိုရှေးဟောင်းအိမ်ကြီးထဲက ကျန်နေသေးတဲ့ အခန်းနှစ်ခန်းကရော ဘယ်လိုလဲ။ မင်းတော့ သိမှာပဲနော်။"
ယန်ကျန့်က အခန်းထဲက ကုလားထိုင်မှာထိုင်ရင်း ရွှေရောင်သေတ္တာထဲက အချိန်ကြာမြင့်စွာ တံဆိပ်ခတ်သိမ်းဆည်းထားတဲ့ လူ့အရေပြားစာရွက်ကို ထုတ်ယူလိုက်သည်။
သူ့နှလုံးသားထဲက မေးခွန်းတွေက အရမ်းများလွန်းနေပြီ။
အချိန်အတော်ကြာ စဉ်းစားပြီးနောက်မှာတော့ သူက ဒီထူးဆန်းတဲ့ လူ့အရေပြားစာရွက်ကို မေးမြန်းစုံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်။
ယန်ကျန့်က ဒီပစ္စည်းမှာ သူစိတ်ကူးနိုင်တာထက် ပိုများတဲ့ သတင်းအချက်အလက်တွေ ရှိနေမှန်း သိသည်။
ထိန်းချုပ်လို့မရတဲ့၊ ထူးဆန်းတဲ့ သူ့ရဲ့တည်ရှိမှုကြောင့် ဟွမ်အန်းကန်း ဖြစ်စဉ်ကတည်းက ရွှေရောင်သေတ္တာထဲမှာ တံဆိပ်ခတ်သိမ်းဆည်းထားခဲ့ပြီး လွယ်လွယ်နဲ့ အသုံးမပြုဖို့ ရည်ရွယ်ထားခဲ့တာ။
ဒါပေမဲ့ ရှေးဟောင်းအိမ်ကြီးထဲက အခန်းသုံးခန်းရဲ့ တည်ရှိမှုက သူ့ကို မရေမရာ စိတ်မလုံခြုံမှုတစ်ခု ခံစားနေရစေတာကြောင့် အရင်းစစ်အမြစ်စုံကို သိချင်ပြီး အဖြစ်အပျက်အစုံအလင်ကို သိချင်နေခဲ့တယ်။
လူ့အရေပြားစာရွက်က အရင်ကလိုပဲ ပုံမှန်အတိုင်းပဲ၊ ဟွမ်ကန်းရွာမှာ တစ္ဆေတစ်ကောင်ကို မျိုချပြီးနောက်မှာ ဘာပြောင်းလဲမှုမှ မရှိခဲ့ဘူး။
ဒါက သတင်းကောင်းတစ်ခုပဲ။
မကြာခင်မှာပဲ လူ့အရေပြားစာရွက်ပေါ်မှာ စာတစ်ကြောင်း ပေါ်လာခဲ့တယ်။
" လွန်ခဲ့တဲ့သုံးရက်က ငါ ကျန်းဝေဘေးက တစ္ဆေနောက်ကိုလိုက်ပြီး ရှေးဟောင်းအိမ်တစ်လုံးဆီ ရောက်သွားခဲ့တယ်။ အဲ့ဒီက အရာအားလုံးက ထူးဆန်းနေတယ်၊ တခြားနေရာတွေနဲ့ မတူဘူးဆိုတာ ငါခံစားမိတယ်။ ငါ ဒုတိယထပ်ကိုတက်ပြီး အခန်းသုံးခန်းတွေ့တော့ အရမ်းသတိထားမိသွားတယ်။"
"တတိယအခန်းမှာ မှန်တစ်ချပ်တွေ့တယ်။ ငါအဲ့ဒါကို တစ္ဆေမှန်လို့ ခေါ်တယ်။"
စာသားက ဒီနေရာမှာ ရပ်သွားတယ်။
ယန်ကျန့်ရဲ့ မျက်နှာက ခက်ထန်သွားတယ်။
ဒါက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာမဟုတ်ဘူးလား။ ဒါတွေအားလုံး သူသိပြီးသားပဲလေ။
ဒါကို ထပ်ပြောနေရတဲ့ အကြောင်းရင်းက ဘာလဲ။
အရင်က တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပြီးတဲ့နောက်မှာတော့ အခု သူက သပိတ်မှောက်နေပုံပဲ၊ အရေးကြီးပြီး အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြောပြဖို့ စိတ်မပါတော့ဘူး။