အဘက်ဘက်မှ စစ်ကူများ
Vol. 018 Ch. 1757
မိစ္ဆာနက်အဖွဲ့တွင် ပလ္လင်ခုနစ်နေရာကို အပိုင်စားသော မိစ္ဆာဘုရင်များရှိပေသည်။ မိစ္ဆာဘုရင်ခုနစ်ပါးသည် မိစ္ဆာနက်အင်ပါယာအတွက် မိစ္ဆာနက်လောကကို အုပ်ချုပ်၏။ မိစ္ဆာနက်ဘုံတွင် မိစ္ဆာဘုရင်တစ်ဦးစီတိုင်းသည် ကြီးမားသော အခွင့်အာဏာနှင့် စွမ်းအားများကို ပိုင်ဆိုင်ကြ၏။
ထိုသို့သောလူများအတွက် လေဟာနယ်ဘုံတွင်ဖြစ်စေ၊ အပြင်လောကတွင်ဖြစ်စေ သူတို့သည် အမြင့်ဆုံးသော တည်ရှိမှုများဖြစ်ကြသည်။
အပြင်လောကတွင် အမြင့်ဆုံးသော တည်ရှိမှုဖြစ်သော မိစ္ဆာစစ်သူကြီးရှစ်ပါးထဲမှ တစ်ဦးဖြစ်သော မေ့ထန်သည်လည်း ယခု လေဟာနယ်ဘုံ၊ ကောင်းကင်အာဏာစက်မြို့သို့ ရောက်နေခဲ့သည်။
ဤသို့သော အခြေအနေမျိုးကား အပြင်လောကတွင်ပင် ကြုံတောင့်ကြုံခဲဖြစ်၏။
“ယို့မင်...” မေ့ထန်က ခေါင်းမော့ကာ ပလ္လင်ပေါ်မှ လူကို ကြည့်သည်။ ရုတ်တရက် ပြင်ပလောကမှ လူများအားလုံး ယခုရောက်လာသူမှာ မိစ္ဆာဘုရင်ယို့မင်ဖြစ်ကြောင်းသိကြရ၏။
ယို့မင်ကား လူကိုယ်တိုင် ရောက်လာခဲ့သည်။ ထိုမိန်းကလေးသည် မည်မျှ အရေးပါသနည်း။
“သူတို့က ခင်ဗျားရဲ့အချိန်အခါကောင်းကို အနှောင့်အယှက်ပေးမိမှတော့ ကျုပ်ကပဲ ခင်ဗျားကို အဖော်လုပ်ပြီး သေရည်သောက်ပေးပါရစေ...”
ယို့မင်သည် ပလ္လင်တွင် ထိုင်နေသည်။ သူ့ကိုဗဟိုပြု၍ ကြီးမားသော ဖိအားသည် သူနှင့် ယို့မင်ရှိနေရာတစ်ခုလုံးကို လွှမ်းခြုံထား၏။ သူက လက်ဆန့်တန်းလိုက်လျှင် သေရည်ခွက်နှစ်ခုသည် သူ့လက်ဖဝါးအပေါ်လေထဲတွင် ရပ်တန့်နေ၏။
ထို့နောက် သူက သေရည်ကရားတစ်အိုးကို ထုပ်ကာ သေရည်ခွက်နှစ်ခုအား လောင်းထည့်လိုက်သည်။
“ကဲ သောက်ရအောင်...” ယို့မင်က ရုတ်တရက် သေရည်ခွက်တစ်ခုကို မေ့ထန်ထံသို့ လျှပ်စီးတန်းအလား ပစ်ထည့်လိုက်သည်။
မေ့ထန်က လက်ဆန့်တန်းလိုက်လျှင် သေရည်ခွက်သည် လေထဲတွင် ရပ်တန့်သွား၏။ သေရည်ခွက်ကား အနည်းငယ်မျှပင် တုန်ခါခြင်းမရှိခဲ့။
ယို့မင်က အဝေးမှပင် သူ၏သေရည်ခွက်ကို မြှောက်ပြကာ သောက်လိုက်သည်။ မေ့ထန်ကလည်း ထိုနည်းတူ ပြုလုပ်၏။ ထို့နောက်တွင် သူက သေရည်ခွက်ကို ပြန်၍ တွန်းပို့လိုက်သည်။
အပြင်လောကမှ လူအများစုတို့မှာ အတော်ကြောက်လန့်နေကြ၏။ မိစ္ဆာနက်ဘုရင်တစ်ပါးကို မည်သူမှ သေရည်ငှဲ့ခိုင်းရဲမည် မဟုတ်ပေ။ ယို့မင်မိစ္ဆာဘုရင်က မေ့ထန်အား ထိုသို့ အလေးထားပြုမူခြင်းမှာ သူနှင့်အဆင့်အတန်းတူသောကြောင့်သာ ဖြစ်ရပေမည်။
“မေ့ထန်... မိစ္ဆာအင်ပါယာက အပြင်လောကကို မထွက်တာ နှစ်ဘယ်လောက်ကြာပြီလဲ။ မင်းက လေဟာနယ်ဘုံကို ရောက်နေတာ ငါ့ကို တားဖို့တစ်ခုတည်းအတွက်တော့ မဟုတ်ဘူးမလား။ မိစ္ဆာလောကဟာ လေဟာနယ်ဘုံကို စိတ်ဝင်စားမယ်လို့တော့ ငါမထင်ဘူး” ယို့မင်က သေရည်ခွက်ကို ချကာ မှတ်ချက်ချသည်။
မိစ္ဆာလောကမှ လူများသည် စိတ်ကြီးဝင်ကာ မောက်မာသူများဖြစ်ကြသည်။ သူတို့သည် သာမန်ကိစ္စမျှဖြင့် သည်နေရာသို့ အရေးတယူ ရောက်လာမည် မဟုတ်ပေ။
မေ့ထန်က သူ့အား တားဆီးရန်လာသည်ဆိုခြင်းထက် သူတို့က မေ့ထန်၏သေရည်သောက်ခြင်းကို အမှန်တကယ် အနှောင့်အယှက်ပြုမိသောကြောင့်ဟု ယုံကြည်ခြင်းက ပိုမိုဖြစ်နိုင်ချေရှိသေးသည်။
“ခင်ဗျားတို့ ရှုံးသွားလို့ပဲ လေဟာနယ်ဘုံဟာ ဒွန်ဟောင်အရှင်ရဲ့လက်ထဲကို ရောက်သွားတာပဲမလား။ ခင်ဗျား ဘာလို့ ဒီမှာ ရှိနေရတာလဲ...” မေ့ထန်က ပြန်မေးသည်။
“အဲဒါ နှစ်တွေ အတော်ကြာခဲ့ပြီဖြစ်တဲ့ကိစ္စပဲ...” ပလ္လင်ထက်တွင် ယို့မင်က ပြုံးသည်။ သို့တိုင်အောင် သူ၏အပြုံးက တစ်ဘက်လူများအားလုံးကို ကျောစိမ့်စေသည်။
“မင်းတို့ လုပ်စရာရှိတာကို ဆက်လုပ်ကြ” ယို့မင်က သူ၏စစ်တပ်ကိုကြည့်ကာ အမိန့်ပေးသည်။ ထို့နောက် သူက မေ့ထန်ကို ဆက်ပြောသည် “သူတို့က မင်းသေရည်သောက်တာကို အနှောင့်အယှက်ပြုမိမှတော့ ငါကပဲ မင်းနဲ့အတူ လိုက်သောက်ပေးမယ်။ အဆင်ပြေတယ်မလား”
သူက မေ့ထန်၏ရည်ရွယ်ချက်ကို မေးမြန်းခြင်း မရှိပေ။ သူက သေရည်သောက်ရန်သာ အဖော်ပြုပေးမည်။
မေ့ထန်က သူ၏လူတစ်ယောက်ကို သတ်ဖြတ်ခဲ့ခြင်းအတွက်လည်း အပြစ်တင်မည် မဟုတ်ပေ။ မှော်နက်ပလ္လင်ပိုင်ရှင်များအားလုံးမှာ ရက်စက်ကြမ်းကြုတ်သူများဖြစ်ကြ၏။ သူတို့အတွက် အဆုံးသတ်ရလဒ်သည်သာ အရေးကြီးသည်။ သူသာ ထိုကိစ္စကို ဆွဲသွင်းပါက မေ့ထန်ကို တိုက်ခိုက်ရမည် ဖြစ်သည်။ သို့သော် တိုက်ပွဲသည် တခြားလူများကိုလည်း အကျိုးသက်ရောက်မည်ဖြစ်ကာ သူကိုယ်တိုင်က မေ့ထန်ကို ဖိနှိပ်နိုင်မည်ဟု ယုံကြည်ချက် မရှိပေ။
“ဒါလည်း အဆင်ပြေတာပဲ...” မေ့ထန်က အေးစက်စက်ပြောသည်။ ယို့မင်၏နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ ရုတ်တရက် သူ့ရှေ့မှ စစ်တပ်သည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဆက်လက်ချီတက်ကြ၏။
မေ့ထန်တစ်ဦးတည်းဖြင့် တားဆီးထားသော စစ်တပ်သည် ရှေ့ကို ဆက်တိုးသွား၏။
ကြမ္မာလောက၏အရှင်သခင်သည် မျက်နှာသုန်မှုန်နေ၏။ ယို့မင်ဘုရင်သည်ပင် ထိုကိစ္စကို မပြောလို၊ သူက မည်သို့ ပြောဆိုရဲမည်နည်း။
မည်သို့ဆိုစေ အပြင်လောကမှ တန်ခိုးရှင်များသည် လေဟာနယ်ဘုံမှ တန်ခိုးရှင်များထက် အဆမတန် စွမ်းအားကြီးကြပေသည်။
စစ်တပ်က ရှေ့ကို ချီတက်လျှင် ကောင်းကင်သည် အလင်းများကဲ့မဲ့ကာ နေရာတိုင်းကို အမှောင်လွှမ်း၏။
အလွန်အန်မတန် ကြီးမားသော လူအုပ်ကြီးသည် ကောင်းကင်အာဏာစက်ကျောင်းတော်အပေါ်ကောင်းကင်သို့ ရောက်ရှိလာခဲ့သည်။ ပြင်းထန်သော သေခြင်းအငွေ့အသက်များသည် ကောင်းကင်တွင်ဖြစ်ပေါ်လာကာ အရာအားလုံးကို ဝါးမျိုတော့မည့်အလား လေပွေရိုင်းအသွင်သို့ ဆောင်၏။
တစ်စုံတစ်ယောက်က ရှေ့ကို တက်လာသည်။ သူ၏ခန္ဓာကိုယ်များသည် အနက်ရောင်စွမ်းအားများ လွှမ်းခြုံနေ၏။ သူက ကောင်းကင်အာဏာစက်ကျောင်းတော်ကို စူးစိုက်ကြည့်ကာ ပြောသည် “သူမကို ကျုပ်တို့ကို ပေးလိုက်။ ဒါဆို ဘယ်သူမှ အသက်ဆုံးရှုံးမှာ မဟုတ်ဘူး”
အရှင်ထိုက်ရွှမ်က သူ့ကို ကြည့်ကာ ပြန်ပြောသည် “ဒါက ကောင်းကင်အာဏာစက်ကျောင်းတော် လုပ်လေ့လုပ်ထရှိတဲ့အရာမျိုးမဟုတ်သလို ဘယ်တော့မှလည်း လုပ်မှာမဟုတ်ဘူး”
ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများအားလုံး တိတ်ဆိတ်စွာဖြင့် ထောက်ခံကြသည်။
ဤကား ကျောင်းတော်၏ရဲစွမ်းသတ္တိဖြစ်သည်။ ကျောင်းတော်သည် သူတို့၏လူများကို မည်သည့်အကြောင်းပြချက်နှင့်မျှ ရန်သူလက်သို့ အပ်မည်မဟုတ်ပေ။
သူတို့အနေဖြင့် မိန်းကလေးကို ထုတ်ပေးမည့်အစား စစ်ခင်းခြင်းကိုသာ ရွေးချယ်မည်။
စစ်ပွဲကို ရှောင်လွှဲရန် လူတစ်ယောက်အား စတေးမည့်အမှုကို သူတို့ပြုမည် မဟုတ်ပေ။ ယခင်က ရှန်ကလန်မှ ရှန်ကျဲ့သည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်လာကာ ရီဖူရှင်းအား ထုတ်ပေးရန် တောင်းဆိုခဲ့ဖူးသော်လည်း တူညီစွာပင် ငြင်းပယ်ခံခဲ့ရ၏။
ထို့နောက်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် မဟာမိတ်အဖွဲ့များကို ဦးဆောင်ကာ ရှန်ကလန်ကို ဝန်းရံခဲ့၏။ ထိုစဉ်က ရီဖူရှင်းသည် သူ၏အသက်ကို ရင်းကာ ကောင်းကင်အာဏာစက်ကျောင်းတော်၏သဘောထားနှင့်ရပ်တည်ချက်ကို ခိုင်မာစွာ ပြသခဲ့ပြီးဖြစ်သည်။
ထိုရင်ဆိုင်မှုတွင် ရှန်ကလန်၏နာမည်ဂုဏ်သတင်းမှာ များစွာ ထိခိုက်ခဲ့ရ၏။ တစ်ဘက်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် ဂုဏ်သတင်း ကျော်ဇော်ခဲ့၏။
ထိုကိစ္စက ရှန်ကလန်အတွက် မည်သည့်အခါကမှ ဖျက်ဖြေ၍ရမည့် အရှက်တရားဖြစ်သည်။
ယခု ကောင်းကင်အာဏာစက်ကျောင်းတောသည် နဂိုရဲရင့်ခြင်းအတိုင်း ခေါင်းငုံ့မည် မဟုတ်ပေ။
“ဒါက တန်ရဲ့လား...” နတ်တစေကလန်ခေါင်းဆောင်က အရှင်ထိုက်ရွှမ်ကိုကြည့်ကာ မှတ်ချက်ချသည်။
“ဒီနေ့တိုက်ပွဲမှာ ကောင်းကင်အာဏာစက်ကျောင်းတော်က လူတစ်ဦးတစ်ယောက်ပဲ ကျဆုံးရင်တောင်မှ ကျုပ်တို့က လျှို့ဝှက်နယ်မြေဘုံနဲ့ ထာဝရ စစ်ခင်းသွားရလိမ့်မယ်။ ကျုပ်က ခင်ဗျားကို တားချင်မှ တားနိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းတို့က လျှို့ဝှက်နယ်မြေဘုံက မပျောက်ကွယ်သွားသရွေ့တော့ ဒီနေ့ကို တစ်သက်တာ အမှတ်ရနေစေရမယ်...” အရှင်ထိုက်ရွှမ်က ပြောသည်။ အကယ်၍ သူတို့သည်သာ အစွမ်းကုန်တိုက်ခိုက်ပါက အဆင့်နိမ့်ရန်ဟောင်များသည် အသက်ရှင်ရန် လမ်းမရှိပေ။
အရှင်ထိုက်ရွှမ်၏သံမဏိ စိတ်ဓာတ်က လျှို့ဝှက်နယ်မြေဘုံမှ လူများကို စိတ်ဒွိဟဖြစ်စေသည်။ သူတို့က အမှန်တကယ်ပင် ထိုမျှ ကြီးမားသော ရန်ငြိုးကို စဉ်းစားတွေးတောရန် လိုပေသည်။
အကယ်၍ သူတို့သာ အတင်းတိုက်ခိုက်ပါက အနာဂတ်တွင် ပြဿနာများ အနည်းနှင့် အများရှိလာပေလိမ့်မည်။
သို့သော်လည်း သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဖျက်ဆီးရန် နည်းလမ်းမှတပါး တခြားမရှိပေ။
သို့သော်လည်း သူတို့၏ခေါင်းဆောင်ကို တားဆီးနိုင်သော မေ့ထန်ရောက်လာခြင်းက အခြေအနေကို ပြောင်းလဲစေခဲ့၏။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို အမြစ်ပြတ်ဖျက်ဆီးနိုင်မည်ဟု မထင်တော့ပေ။
ကောင်းကင်ထက်တွင် အနက်ရောင်မုန်တိုင်းသည် တဖြေးဖြေး အားကောင်းလာနေဆဲဖြစ်သည်။ မုန်တိုင်းသည် ဖျက်ဆီးအားကောင်းစွာဖြင့် လေထုတစ်ခုလုံးကို ဖုံးလွှမ်းလာနေ၏။ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများသည် နေရာအနှံ့တွင် တဖျတ်ဖျတ်လက်နေကြသည်။
ဝုန်း... ဝုန်း... ဝုန်း...
ကောင်းကင်အောက်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူတိုင်းသည် ဖျက်ဆီးအားကို ခံစားမိကြ၏။
ထိုအခိုက်တွင် အဆုံးမဲ့သော ဗုဒ္ဓအလင်းတစ်ခု ဆင်းသက်လာခဲ့ကာ ကောင်းကင်ယံကို ဖြန်းပက်လာခဲ့၏။
အဝေးတွင် လူတစ်စု ပျံသန်းလာခဲ့ကာ ကောင်းကင်အာဏာစက်ကျောင်းတော်အပေါ်သို့ ရောက်လာခဲ့၏။
ဗုဒ္ဓကျင့်ကြံသူများ၏အရှိန်အဝါများလည်း မသေးပါ။ သူတို့က လက်အုပ်မိုးလျှက် တရားတော်များကို ရွက်ဖတ်ကြသည်။ ရုတ်တရက် ကောင်းကင်တွင် ထောင်သောင်းချီသော ဗုဒ္ဓကိုယ်ပွားတော်များ ဖြစ်ပေါ်လာ၏။
ဗုဒ္ဓကိုယ်ပွားတော်များသည် မှော်နက်စွမ်းအားများကို တန်ပြန်ကာကွယ်ထားသည်။ ဗုဒ္ဓလက်ဝါးတော်သည် ကောင်းကင်ကို ဝှေ့ယမ်းလိုက်လျှင် ထိုဖျက်ဆီးခြင်းစွမ်းအားများသည် အောက်ကို ဆင်းသက်လာစွမ်း ကင်းမဲ့သွား၏။
“တောင်တန်းဘုံက ဗုဒ္ဓကျင့်ကြံသူတွေ...” လူအများအပြားက တအံ့တသြ ရေရွက်ကြသည်။ ထိုအုပ်စုကား ထျန်ရှင်းဘုန်းတော်ကြီးကျောင်းမှ ဘုန်းကြီးများဖြစ်ကြသည်။
“အာကာသဘုံမှာ ငရဲမင်း သေဆုံးသွားတာ မလုံလောက်သေးလို့ အခု မင်းတို့ ထပ်ရောက်လာတာလား...” ထျန်ရှင်းဘုန်းတော်ကြီးကျောင်းမှ ဘုန်းကြီးတစ်ပါးက ကျယ်လောင်စွာ ပြောသည်။ အတိတ်တွင် သေဆုံးခဲ့သော ငရဲမင်းသည်လည်း မှော်နက်အဖွဲ့၏ပလ္လင်တစ်ခုကို အပိုင်စားရသောသူတစ်ပါးဖြစ်၏။
သို့သော်လည်း ငရဲပလ္လင်၏အရှင်သခင်သည် အရှင်ဗုဒ္ဓ၏ဖိနှိပ်မှုကို ခံခဲ့ရကာ နှစ်ဦးလုံး သေဆုံးသွားခဲ့သည်။ တိုက်ပွဲတွင် တောင်တန်းဘုံ၏အစွမ်းအထက်ဆုံးဖြစ်သာ ဗုဒ္ဓအရှင်သည်လည်း ဆုံးပါးသွားခဲ့သည်။
“ကောင်းကင်ဟာ သက်ရှိတွေအကုန်လုံးကို အလေးထားတယ်... အတိတ်က စစ်ပွဲဟာ လျှို့ဝှက်နယ်မြေဘုံကို သိပ်ပြီး မထိခိုက်စေခဲ့ဘူး။ ဒါပေမဲ့ အခု မင်းတို့က မိစ္ဆာတွေကို ခေါ်လာပြီးတော့ မုန်တိုင်းထန်အောင် လုပ်နေပြန်ပြီ။ အရှင်ဗုဒ္ဓ သက်ရှိထင်ရှားရှိနေသေးရင် သူကိုယ်တိုင်က မင်းတို့ကို သက်ညှာမှာ မဟုတ်ဘူးဆိုတာ ပြောရဲတယ်...” ထိုဘုန်းကြီးက ပြောသည်။
လျှို့ဝှက်နယ်မြေဘုံမှ အင်အားစုများသည် မှော်နက်လောကနှင့် သူတို့၏ဆက်နွယ်မှုများကို နဂိုတည်းက သိနားလည်ကြ၏။ သို့သော်လည်း အရှင်ဒွန်ဟောင်သည် ထိုအရေးကိစ္စများတွင် ဝင်မစွက်ဖက်ဘဲ သူတို့အား အာကာသဘုံ၏ဆက်လက်၍ ကျင့်ကြံစေခဲ့သည်။
အဝေးတွင် မေ့ထန်နှင့် အတူ သေရည်သောက်နေသော ယို့မင်သည်လည်း အနည်းငယ် အံ့အားသင့်နေ၏။ သူတွေးထင်ထားသည့်အတိုင်း သည်တစ်ခေါက် ပြန်လာခြင်းက သိပ်တော့ မလွယ်ကူနေ။
အာကာသဘုံသည် သူတို့ခန့်မှန်းထားသည့်အတိုင်း အလွယ်တကူ ဝါးမျိုရန် မဖြစ်နိုင်။
သူတို့ ပထမဆုံး ရင်ဆိုင်သော ကောင်းကင်အာဏာစက်ကျောင်းတော်သည်ပင် မိန်းကလေးတစ်ယောက်ကို ကယ်တင်ရန် ကြီးမားသော အဟန့်အတားများကို ပေးနေ၏။
ယခုတွင် ကောင်းကင်အာဏာစက်ကျောင်းတော်၏အဆင့်ကို သူတို့ ခန့်မှန်းမိပြီဖြစ်သည်။ သူတို့၏ကြီးမားသော မဟာမိတ်ကွန်ယက်အပြင် တောင်တန်းဘုံမှ စစ်ကူများလည်း ရှိနေသည်။
ထို့အပြင် တခြားသော ကျင့်ကြံသူများလည်း ပူးပေါင်းပါဝင်လာနိုင်သေး၏။
ပို၍ အရေးကြီးသည်ကား သူ၏ရှေ့တွင် သေရည်သောက်နေသော မေ့ထန်ဖြစ်သည်။
စစ်တပ်ကြီးနှစ်ခု ထိပ်တိုက်တွေ့သလို အရှင်ထိုက်ရွှမ်နှင့် တခြားအဓိကပုဂ္ဂိုလ်များသည်လည်း အရှေ့ကို ထွက်လာကြသည်။ သူတို့ထံမှ အရှိန်အဝါကား အလွန်ကြောက်မက်ဖွယ်ကောင်း၏။
ထိုအခိုက်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မနီးမဝေးမှ တိုက်ပွဲကို အချိန်မရွေး ဝင်ပါနိုင်သော အရှိန်အဝါတစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည်။
“ရှန့်ရှောင်းနတ်နန်းတော်လည်း ဝင်စွက်ဖက်မလို့လား...” နတ်တစေကလန်ခေါင်းဆောင်က အထက်ကောင်းကင်ဘုံ၊ ရှန့်ရှောင်းနတ်နန်းတော်မှ လူစုကို ကြည့်ကာ အေးစက်စက်မေးသည်။
“ဒီနေရာက အာကာသဘုံဖြစ်ဖြစ်၊ မူလဘုံပဲဖြစ်ဖြစ် ပြင်ပလူတွေ လာပြီး ဖိနှိပ်လို့မရဘူး။ လျှို့ဝှက်နယ်မြေဘုံက စစ်ခင်းမယ်ဆိုရင် လျှို့ဝှက်နယ်မြေဘုံ သီးသန့်ပဲ ဖြစ်ရမယ်...” ရှန့်ရှောင်းနတ်နန်းတော်ခေါင်းဆောင်က ပြတ်သားစွာ ပြောသည်။
အကယ်၍ စစ်ဖြစ်လျှင် ရှန့်ရှောင်းနတ်နန်းတော်သည် ရပ်ကြည့်နေမည် မဟုတ်ပေ။ သူတို့လည်း ဝင်ရောက်တိုက်ခိုက်ပေမည်။
ရှန့်ရှောင်းနတ်နန်းတော်သည် ပုံမှန်အားဖြင့် ပြင်ပကိစ္စရပ်များကို ဝင်စွက်ဖက်လေ့မရှိသော်လည်း သည်ကိစ္စကား ကွဲပြားခြားနားပေသည်။
ထိုအဖြစ်က ရီဖူရှင်းကို ကြီးစွာ အံ့အားသင့်စေသည်။ နတ်နန်းတော်၌ အမှန်တရားကို သွားရောက်ရှာဖွေစဉ်က ဘိုးဘေးနယ်မြေ၌ သူမြင်တွေ့ခဲ့သော ကျောက်စာကို ရီဖူရှင်း ပြန်အမှတ်ရသည်။ ကောင်းကင်နှင့်မြေပြင်၏နှလုံးသား၊ လူသားတို့၏ဘဝ၊ အမွေအနှစ်ပညာရပ်များကို လက်ဆင့်ကမ်းသင်ကြားခြင်းနှင့် နောက်မျိုးဆက်တို့၏ငြိမ်းချမ်းမှုကို ထိန်းသိမ်းခြင်း...။
ရှန့်ရှောင်းနတ်နန်းတော်ကား အမှန်တကယ် တော်ဝင်မြင့်မြတ်နယ်မြေဖြစ်သည်။ သူတို့က မည်သည့်အကြောင်းပြချက်နှင့်မျှ မူလနှလုံးသားကို ယိမ်းယိုင်စေမည် မဟုတ်ပေ။
အပြင်လောကအင်အားစုများမှ ကျူးကျော်လာခြင်းတွင် ရှန့်ရှောင်းနတ်နန်းတော်သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာရောက်ကာကွယ်ပေး၏။
ဤသို့ဖြင့် သူတို့အုပ်စုမှာ ပိုမိုအင်အားကောင်းလာခဲ့သည်။ လျှို့ဝှက်နယ်မြေဘုံမှ အင်အားစုများအားလုံး ပူးပေါင်းလျှင်ပင် တစ်ဘက်အင်အားစုကို လှုပ်ခါစေရန် အန်မတန် ခက်ခဲပေလိမ့်မည်။
ရီဖူရှင်းသည် ကျင့်ကြံခြင်းလောက၏ရက်စက်ကြမ်းကြုတ်ခြင်းကို နားလည်သဘောပေါက်၏။ သို့သော်လည်း တစ်ဘက်တွင် လူသားတို့၏အကျိုးကို အမှန်တကယ်လိုလားကာ ဂရုစိုက်သူများလည်း ရှိပေသေးသည်။ သူတို့က လောကကြီး ရှုပ်ထွေးပျက်စီးမည်ကို မလိုလားပေ။
***