← Chapters

ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတဲ့ ရန်သူ

Vol. 1 Ch. 45

ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတဲ့ ရန်သူ

Vol. 1 Ch. 45

ဝိညာဉ်စုဆောင်းခြင်း အစီအရင်အတွက် လိုအပ်သော ကျောက်စိမ်းပြားများအား ပြုလုပ်ပြီးနောက် ချန်းဖန်က ယွင်ဝူတောင်ပေါ်ရှိ အပန်းဖြေအိမ်တွင် ပြောင်းရွှေ့‌ နေလိုက်သည်။

ချန်းဖန်က ဤအပန်းဖြေအိမ်သို့ တစ်ခေါက် ရောက်ဖူးခဲ့သော်လည်း အပြင်ဘက်ကနေ သာမန်ကာ လျှံကာမျှသာ ကြည့်ခဲ့ခြင်း ဖြစ်သည်။ အိမ်အတွင်းသို့ ဝင်လိုက်တော့မှ အတွင်းဘက်ရှိ အပြင်အဆင်များမှာ မည်မျှ ခမ်းနား ထည်ဝါကြောင်း တွေ့လိုက်ရသည်။ ဆင်ယင်ထားသော ပရိဘောဂ အများစုမှာ ပြည်ပမှ တင်သွင်းသော ပစ္စည်းများ ဖြစ်ပြီး ရေခဲသေတ္တာ တစ်လုံး၏ တန်ဖိုးကပင် ယွမ် တစ်သောင်းကျော်ခန့် ရှိပေသည်။

ချန်းဖန်က အိမ်အတွင်းဘက်အား အနည်းငယ် ရှင်းလင်းလိုက်ပြီး သူ့လက်တို့က ကျင်လည်စွာ လှုပ်ရှားသွားသည်။

သူက ဝိညာဉ်စုဆောင်းခြင်း အစီအရင်တွင် အသုံးပြုမည့် ကျောက်စိမ်းပြား ငါးပြားအား ကြိုတင် ရွေးချယ်ထားသော အိမ်၏ ထောင့်ငါးထောင့်တွင် နေရာချလိုက်သည်။ ထို့နောက် အိမ်၏ အလယ်တည့်တည့်သို့ လျှောက်သွားလိုက်ပြီး ကျောက်စိမ်းပြား ငါးပြားနှင့် သူ၏ မှော်စွမ်းအင်များအား ချိတ်ဆက် အသက်သွင်း လိုက်သည်။

ရုတ်တရက် ချန်းဖန်သည် ကြမ်းပြင်အား ခြေတစ်ချက် ဆောင့်လိုက်ကာ အော်လိုက်သည်။

"အသက်ဝင်"

အိမ်၏ ထောင့်ငါးထောင့်မှ စိမ်းမြမြ အရောင်ရှိသော အလင်းတန်းငါးခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများက ခေါင်မိုးသို့တိုင် ထိုး‌ဖောက်သွားပြီး  အပန်းဖြေအိမ်၏ အပေါ်ဘက်၌ ထွင်းဖောက် မြင်နိုင်လောက်အောင် ကြည်လင်သော အစိမ်းရောင် ထီးတစ်ချောင်း၏ သဏ္ဌာန်က ရုပ်လုံး ပေါ်လာသည်။

ချန်းဖန်က မျက်လုံးများကို မှိတ်ကာ ဝိညာဉ် စုဆောင်းခြင်း အစီအရင်၏ စွမ်းအားကို ခံစား ကြည့်လိုက်သည်။

အပန်းဖြေအိမ်၏ အတွင်းဘက်၌ အဲကွန်း ဖွင့်မထားသော်လည်း အပူချိန်က သိသိသာသာ ကျဆင်းသွားသည်။ ယွင်ဝူတောင်ပေါ်ရှိ ဝိညာဉ် ချီစွမ်းအင်များက ဝိညာဉ်စုဆောင်းခြင်း အစီအရင်၏ စွမ်းဆောင်မှုဖြင့် အပန်းဖြေအိမ် အတွင်းသို့ စုစည်းလာကြရာ အိမ်အနီး တစ်ဝိုက်တွင် နေရာကွက်ကျား ခပ်ပါးပါး နှင်းမြူလေးများ အုပ်ဆိုင်းနေသကဲ့သို့ ရှိသည်။ တစ်စုံတစ်ယောက်ကသာ အပန်းဖြေအိမ် အတွင်းသို့ ဝင်ရောက်ခဲ့ပါက လွန်စွာ သက်သောင့်သက်သာ ရှိ၍ လုံခြုံသော ခံစားချက်အား ကျိန်းသေ ခံစားရမည် ဖြစ်သည်။

"ငါ မှန်းထားသလိုပဲ ငါ့ရဲ့ ကျောက်စိမ်း အဆီအနှစ် အဆောင်မှာ ရေးဆွဲထားတဲ့ ဝိညာဉ်စုဆောင်းခြင်း အစီအရင်ထက်စာရင် ဒီအစီအရင်က သုံးဆလောက် ပိုပြီး အကျိုး သက်ရောက်မှု ပြင်းတယ် အရွယ်အစားကလည်း ကွာတာကို"

ချန်းဖန်က ရလဒ်အား အလွန် ကျေနပ်သွားပြီး မျက်လုံး ပြန်ဖွင့်လိုက်သည်။ ယွင်ဝူတောင်ပေါ်ရှိ ဝိညာဉ်ချီများက တောင်ခြေတွင်ထက် ပို၍ သိပ်သည်းခြင်း ကလည်း ဝိညာဉ်စုဆောင်းခြင်း အစီအရင်၏ စွမ်းအင်ကို တိုးမြှင့် ပေးလိုက်သကဲ့သို့ ရှိသည်။

"နှင်းတောင် အစီအရင်ကို အပြီးသတ်ပြီးလို့ ရန်ကွေ့ရေကန်က ရေဓာတ်ချီတွေနဲ့ပါ ပေါင်းစပ်ပြီးသွားရင် ဒီစံအိမ်က တကယ့် ဝိညာဉ်နယ်မြေ အသေးစားလေး ဖြစ်လာတော့မှာ"

ချန်းဖန်၏ နှလုံးသားက မျှော်လင့်ချက်တို့နှင့် ပြည့်နှက်လို့ နေသည်။

သို့သော်လည်း ဝိညာဉ်ချီများ စုစုစည်းစည်း ပေါများစွာ ရှိနေသည့် နေရာတိုင်းအား ဝိညာဉ်နယ်မြေဟု ခေါ်သည်တော့ မဟုတ်။ ချီနှင်းမြူ ရှိခြင်း မရှိခြင်းကသာ ဝိညာဉ်နယ်မြေ ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် တိုက်ရိုက် အချိုးကျသည်။

ချီနှင်းမြူ ဆိုသည်က လေနှင့်ဝိညာဉ်ချီတို့ အချိုးကျကျ ပေါင်းစပ်ထားသည့် အခြေအနေကို ဆိုလိုသည်။ ဝိညာဉ်ချီများက လေထုထဲသို့ ထပ်မံ မပျော်ဝင်နိုင်တော့သည့် အခြေအနေမျိုးတွင် လေထုထဲသို့ စိမ့်ဝင်ကာ မြူနှင်းထုတစ်ခု ဖြစ်တည်လာသည်။ မြူနှင်းထုက အဆုံးစွန်သော အနေအထားအထိ ဖြစ်တည်ပြီးသောအခါ အလွန်သန့်စင်သော ဝိညာဉ်ချီနှင်းစက်များ ဖြစ်ပေါ် လာတတ်သည်။ ထိုဝိညာဉ်ချီ နှင်းစက်များက ကျင့်ကြံသူများအတွက် အလွန် အသုံးဝင်ပြီး ဝိညာဉ် ကျောက်တုံးများ၊ အထောက်အကူ ဆေးလုံးများ သုံးစွဲခြင်းထက်ပင် ပိုမို ထိရောက်ကာ ဘေးထွက်ဆိုးကျိုး လုံးဝ မရှိပေ။

ဝိညာဉ်ချီ၏ အကောင်းဆုံးသော ဖွဲ့စည်းပုံမှာ ‌ဝိညာဉ် ကျောက်တုံးများ ဖြစ်သည်ဟု သတ်မှတ်ထားပြီး ဝိညာဉ် ကျောက်တုံးများ တူး‌ဖော်ရရှိ‌နိုင်သော သဘာဝ ဝိညာဉ် နယ်မြေများအား ကျင့်ကြံခြင်း လောက၌ အင်အားကြီး ဂိုဏ်းများက အလုအယက် လက်ဝါးကြီး အုပ်တတ်ကြသည်။

အစစ်အမှန် နတ်ဘုရားဂိုဏ်းက ပိုင်ဆိုင်ထားသော ဝိညာဉ်နယ်မြေမှာ သဘာဝ ဝိညာဉ်နယ်မြေ များထဲတွင်ပင် အလွန်ရှားပါး တန်ဖိုးကြီးသော အရင်းအမြစ်မျိုး ဖြစ်ပြီး ကျင့်ကြံသူ တစ်ယောက်က မသေမျိုးနယ်‌ပယ်မှ ချီစွမ်းအင်များအား အကန့်အသတ်မဲ့ စုပ်ယူနိုင်သည်။

ကမ္ဘာမြေကြီး၏ ချီဓာတ် ခန်းခြောက်မှုကြောင့် ကမ္ဘာ‌ပေါ်တွင် ‌ဝိညာဉ်ကျောက်တုံး ကဲ့သို့သော ပုံဆောင်ခဲသဏ္ဌာန် ဝိညာဉ်ချီမျိုးအား ရှာတွေ့နိုင်ရန်တော့ ချန်းဖန် မမျှော်လင့်ပါ။

ချန်းဖန်က ဧည့်ခန်းအလယ်၌ ကြာပန်းသဏ္ဌာန် ထိုင်နေပြီး အစီအရင်အား အမျိုးမျိုး စမ်းသပ်လျက် ရှိသည်။ စိတ်ကျေနပ်သွားပြီ ဆိုတော့မှ အစီအရင်အား ရပ်တန့်ကာ မတ်တတ် ရပ်လိုက်သည်။

ဝိညာဉ် စုဆောင်းခြင်း အစီအရင်မှာ အတိုင်းအတာအားဖြင့် ကြီးမားသော်လည်း ကျောက်စိမ်း အဆီအနှစ်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်လေရာ တြိဂံရှစ်ခု အစီအရင် ကဲ့သို့ပင် အကြိမ်ရေ တချို့ အသုံးပြုပြီးနောက် ကျိုးပျက် သွားမည် ဖြစ်သည်။

ချန်းဖန်လည်း စံအိမ်ထဲမှ ထွက်ခဲ့ပြီး တောင်ခြေဆီသို့ တောင်ပတ်လမ်း အတိုင်း ဆင်းလာခဲ့သည်။

ညနေခင်း ‌စောစော အချိန် ဖြစ်သောကြောင့် လူချမ်းသာများက တောင်တက်လမ်း တစ်လျှောက် လမ်းလျှောက်ရင်း လေ့ကျင့်ခန်း လုပ်နေကြသည်။ ငယ်ရွယ်သော ဆယ်ကျော်သက်လေးက တောင်ထိပ်မှနေ၍ ပတ်လမ်းအတိုင်း ဆင်းလာသည်ကို မြင်သော် ‌ထိုသူတို့၏ မျက်နှာများက ဝေခွဲမရ ဖြစ်သွားကြသည်။ ယွင်ဝူတောင်ထိပ်၌ အပန်းဖြေအိမ် တစ်လုံးတည်းသာလျှင် ရှိသည်ကို လူတိုင်း သိကြသည်။

အဲဒီအိမ်က ဒီဆယ်ကျော်သက်လေး ပိုင်တာများလား။

ချန်းဖန်တစ်ယောက် တောင်ပတ်လမ်း၏ တစ်ဝက်လောက်ကို ရောက်တော့ တစ်စုံတစ်ယောက်က သူ့နာမည်အား လှမ်းခေါ် လိုက်သည်ကို ကြားလိုက်ရသည်။

"ချန်းဖန်"

ချန်းဖန် လှည့်ကြည့်လိုက်တော့ ကျန်းမိသားစုဝင် သုံးဦးအား အလွန် အံ့ဩနေသော မျက်နှာများနှင့် တွေ့လိုက်ရပြီး သူ့အား ခေါ်လိုက်သူမှာ ကျန်းချူယန် ဖြစ်သည်။

"နင်ဘာလို့ ဒီမှာရှိနေတာလဲ"

ကျန်းချူယန်က မေးသည်။ သူမ၏ မျက်လုံးများက ချန်းဖန်ပခုံးအား ကျော်၍ သူဆင်းလာခဲ့သော တောင်ပတ်လမ်း တစ်လျှောက် လှမ်းကြည့်လို့ နေသည်။

ထိုလမ်းအတိုင်း ဆက်တက်သွားလျှင် ယွင်ဝူတောင်ထိပ်၌ လွန်စွာ ခမ်းနားလှသော အပန်းဖြေအိမ်တစ်လုံး ရှိသည်ကို သူမသိထားသည်။ တောင်တက်လမ်း၏ တစ်ဝက်သို့ ရောက်သည်နှင့် မည်သူမှ ဆက်တက်ခွင့် မရှိပေ။ အိမ်ပိုင်ရှင်၏ ခွင့်ပြုချက်ကို ရမှသာ တစ်စုံတစ်ယောက်က တောင်ထိပ်ပိုင်းသို့ ဆက်တက်နိုင်သဖြင့် လမ်းလျှောက် ထွက်ကြသူတိုင်းသည် ဤနေရာ၌သာ ရပ်တန့်ကြရသည်။ ယခု သူမတို့ မိသားစုက လမ်းဆုံးတွင် ရပ်နေခြင်းဖြစ်ပြီး ချန်းဖန်ကတော့ ကန့်သတ်နယ်မြေ တောင်ထိပ်ပိုင်းမှ ဆင်းလာခဲ့တာ ဖြစ်သည်။

"အန်တီထန် ဦးလေးကျန်း ယန်ယန် တွေ့ရတာ ဝမ်းသာပါတယ်"

ချန်းဖန်က သူ၏မူပိုင် နွေးထွေးသော အပြုံးတစ်ခုနှင့် နှုတ်ဆက်လိုက်သည်။

အန်တီထန်က သူမသမီးနှင့် ချန်းဖန်အကြား တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ကြောင်း ရိပ်စားမိသဖြင့် ချန်းဖန်အား အတင်းအကြပ် ထမင်းစား မဖိတ်တော့တာ ဖြစ်သည်။ သို့သော် သူမက ချန်းဖန်အား အမြဲလိုလို ဖုန်းဆက်ကာ နေရေးထိုင်ရေး အဆင်ပြေ၊ မပြေကို မေး‌လေ့ရှိသည်။

ချန်းဖန်က ခဏမျှ နှုတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။

"ကျွန်တော်က ဒီမှာနေတာ"

"ယွင်ဝူတောင်ရဲ့ နံပါတ်တစ် စံအိမ်မှာ နင်ကနေတယ်"

ကျန်းချူယန်က အလွန် ရှော့ခ်ရသွားပြီး သူမအသံက မယုံကြည်နိုင်မှုကြောင့် အဖျားခတ် တုန်ယင်နေသည်။

"အင်း"

ချန်းဖန်က မှန်ကြောင်း ခေါင်းညိတ် ပြသည်။

ရုတ်တရက် ကျန်းဟိုင်ရှန်းက ဝါးလုံးကွဲ ရယ်ချလိုက်သည်။

"တောင်ထိပ်က စံအိမ်က တစ်မြို့လုံးမှာ အကောင်းဆုံး စံအိမ်ပဲ သူဌေးကြီး ရှန်းရုန်ဟွာက ဖန့်ရှန်း လုပ်ငန်းစုရဲ့ တည်ထောင်သူ သူဌေးဝေ့ကို လက်ဆောင်အဖြစ် ပေးထားတာ လူတိုင်း သိတယ်"

ကျန်းဟိုင်ရှန်းက အထင်သေးစွာ ပြောလိုက်သည်။

"မင်းက မင်းကိုယ်မင်း သူဌေးဝေ့ရဲ့ မိသားစုဝင်များ မှတ်နေလား"

"သူကိုယ်တိုင် ကျွန်တော့်ကို ပေးထားတာပါ"

ချန်းဖန်က ပေါ့ပေါ့ပါးပါး ပခုံးတွန့်ကာ ပြောလိုက်သည်။ သူက ကျန်းဟိုင်ရှန်းနှင့် အချိန် ထပ်မဖြုန်း လိုတော့သောကြောင့် အန်တီထန်ကိုသာ စကားပြောလိုက်သည်။

"အန်တီထန် ကျွန်တော် ချူကျိုးမြို့ကို စရောက်ကတည်းက ပြုစု‌ စောင့်ရှောက်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် ကျွန်တော့်ရဲ့ အိမ်အသစ်ကို လိုက်လည်ဖို့ ဖိတ်ခွင့်ရှိမလား"

ချန်းဖန်၏ ပွင့်လင်း ရိုးသားလှသော မျက်လုံးများကြောင့် အန်တီထန်က ခဏတာ တုံ့ဆိုင်း သွားသည်။

သို့သော်လည်း ချန်းဖန် ညာနေသည် များလား ဟုလည်း တွေးမိပြန်သည်။ တတိယ သခင်ကြီးဝေ့က ယွမ်သန်းပေါင်းများစွာ တန်တဲ့ စံအိမ်ကြီးကို အထက်တန်း ကျောင်းသားလေး တစ်ယောက်ဆီ ပေးပစ်ရလောက်အောင်တော့ မရူးလောက်ဘူး မလား။

သမီးဖြစ်သူကလည်း အနားတွင်ရှိနေရာ အန်တီထန်က တဲ့တိုး မေးလိုက်လျှင် ချန်းဖန် ရှက်သွားမည် ကိုလည်း မလိုလား။ ထို့ကြောင့် သူမက ပြုံးကာ ပြောလိုက်သည်။

"အန်တီ စားထားတဲ့ ညစာကြောင့် မအီမသာ ဖြစ်နေတုန်းမလို့ လမ်းနည်းနည်း ထပ်လျှောက်ချင် သေးတယ် နောက်တစ်ခေါက်မှ လိုက်လည်လို့ ဖြစ်မလား ဒါမှမဟုတ် သားနဲ့ ယန်ယန်တို့ လူငယ်နှစ်ယောက် ညနေခင်း လမ်းလျှောက် ထွက်ကြပါလား စကားလေး ဘာလေး ပြောရင်းပေါ့ အန်တီနဲ့ မင်းဦးလေး ကျန်းကတော့ မလိုက်တော့ပါဘူး"

ကျန်းဟိုင်ရှန်းက တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း အန်တီထန်က အတင်း ဆွဲခေါ်သွားသည်။

"ဒီနေ့ခေတ် ကလေးတွေက လူလိမ်ကောင်တွေချည်းပဲ ငါ့သမီးကိုများ အလိမ်အညာ စကားချိုချိုလေးတွေနဲ့ ရနိုင်မယ်လို့ ထင်နေတယ်"

"တော်ပါတော့ သွားရအောင်"

အန်တီထန်က စိတ်မရှည်တော့ဘဲ သူမ ခင်ပွန်းကို အော်လိုက်သည်။

သူမမိဘများ မြင်ကွင်းမှ ပျောက်ကွယ် သွားသည်အထိ ကြည့်နေပြီးမှ ကျန်းချူယန်က မေးလာသည်။

"ဘာလို့ ဒီကို‌ ရောက်နေတာလဲ ငါ့ကြောင့်လား"

ချန်းဖန်က ကျန်းချူယန်၏ အပြောကြောင့် ရယ်ချင် သွားရသည်။

"ငါတကယ် တောင်ပေါ်က စံအိမ်မှာနေတာ မင်းကို သက်သေပြလို့ရတယ် ငါနဲ့ လိုက်ခဲ့လေ"

ကျန်းချူယန်၏ မျက်နှာက ပို၍ တည်တင်းသွားပြီး...။

"ချန်းဖန် ဒီမှာ ငါတို့နှစ်ယောက်ပဲ ရှိနေတာ ဘာလို့ ဆက်လိမ် နေရတာလဲ ဝေ့ကျီချင်းနဲ့ နင်ရင်းနှီးတာ ငါသိတယ် ဒါပေမဲ့ အဲဒါက ဘာဖြစ်လဲ သူ့လို မမလေးက နင့်လို သာမန်လူတစ်ယောက်ကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံမယ်များ ထင်နေလား သူနင့်ကို ရင်းရင်းနှီးနှီး ဆက်ဆံ ပေးနေတာကတောင် သနားလွန်းရာ ကျနေပြီ"

ထိုစကားများကို ပြောနေစဉ် ကျန်းချူယန်၏ မျက်လုံးများက ဦးတည်ရာမဲ့စွာ ဂနာမငြိမ် ဖြစ်နေသည်။

လေလံပွဲနေ့က အဖြစ်အပျက်ကြောင့် ကျန်းချူယန်က အလွန် အံ့ဩခဲ့ရသော်လည်း သူမက အိမ်ရောက်သည့်အခါ သေချာ ပြန်တွေး ကြည့်ခဲ့သည်။ ဝေ့ကျီချင်းက အလွန် အာဏာရှိသော မိသားစုမှ ဖြစ်သော်လည်း ချန်းဖန်က သူမ၏ သာမန် မိတ်ဆွေ အသိလောက်သာ ဖြစ်နိုင်သည်။ ချမ်းသာသော မိသားစုမှ လူများတွင်လည်း ဆင်းရဲ‌သော သူငယ်ချင်း တစ်ယောက်စ၊ နှစ်ယောက်စတော့ ရှိတတ်ကြသည် မဟုတ်ပါလား။ သို့သော် ထိုခင်မင်မှုက ခဏတာသာ။ ဆင်းရဲသော မိသားစုမှ သူငယ်ချင်းများအား အထပ်ထပ် အခါခါ ကူညီပေးရလွန်း၍ ရိုးအီသွားသည့် တစ်နေ့တွင် ခင်မင်မှု ဆိုသည့် အရာကလည်း ပျက်ပြယ်သွားမည် ဖြစ်သည်။

လေလံပွဲနေ့ ပြီးသည့်နောက် ချန်းဖန်တစ်ယောက် ဘာများ ပြောင်းလဲ သွားသလဲ ဟူ၍ ကျန်းချူယန်က CoCo ဘားသို့ သွားကြည့်ခဲ့သည်။ စိတ်ပျက်စရာ ကောင်းစွာပင် ချန်းဖန်က စားပွဲထိုး‌တစ်ယောက် အနေနှင့် အလုပ်လုပ်နေဆဲ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။

ချန်းဖန်၏ မျက်နှာတွင် စိတ်မရှည်မှုတို့ ဖြတ်ပြေး သွားသည်။

"ငါမင်းကို အမှန်အတိုင်း ပြောပြပြီးပြီ တောင်ထိပ်က စံအိမ်ကို အခု ငါပိုင်တယ် ဒါက ဝေ့ကျီချင်းနဲ့ ဘာမှ မပတ်သက်ဘူး"

ထို့နောက် ချန်းဖန်က ကျန်းချူယန်အား လုံးဝ ဂရုမစိုက်တော့ဘဲ တောင်အောက်သို့ တစ်ယောက်တည်း ဆက်လမ်းလျှောက် သွားတော့သည်။

ချန်းဖန်က သူမအား ဒုတိယတစ်ကြိမ် တစ်ယောက်တည်း ထားခဲ့သည်ကို တွေ့ရတော့ ကျန်းချူယန်က ဒေါသထွက်စွာနှင့် လှမ်းအော် လိုက်သည်။

"ချန်းဖန် ဝေ့ကျီချင်းကိုပဲ နင့်တစ်သက်လုံး မှီခိုနေလို့ ရမယ်မထင်နဲ့"

ကျန်းချူယန်က အပေါ်ယံတွင် ဒေါသတို့ ဖုံးလွှမ်း နေသော်လည်း သူမ၏ နှလုံးသားထဲ တွင်တော့ မရေမတွက်နိုင်သော ခံစားချက်များက ရှုပ်ထွေးလို့ နေသည်။

ချန်းဖန်နှင့် ပတ်သည်နေသည့် ရှုပ်ထွေးလှသော ခံစားချက်များကြောင့် သူမက ကိုယ့်ကိုယ်ကိုယ် ရူးသွားပြီလား ဟုပင် တွေးမိသည်။ သူမက ဘာကြောင့် အဲဒီကောင်ကို အရမ်း ဂရုစိုက်နေမိတာလဲ။

ထိုအချိန်တွင်ပင် တရုတ်ပြည်ပြင်ပမှ သင်္ဘောတစ်စီးက ထျန်းဟယ်မြို့ဆီသို့ ဦးတည်လျက် ခုတ်မောင်း လာနေသည်။

"သခင်ကြီးဟူ ကမ်းခြေနဲ့ ဆယ်မိုင်လောက်တော့ ဝေးပါသေးတယ် ဒါပေမဲ့ လောလောဆယ် ကျောက်ဆူးချဖို့ လိုတယ် မဟုတ်ရင် ကျောက်ဆောင်တွေနဲ့ တိုက်မိလိမ့်မယ် ကျုပ် လှေတစ်စီး ချပေးပြီး ကမ်းစပ်အထိ လိုက်ပို့ပေးပါ့မယ်"

သင်္ဘော၏ ခေါင်းဆောင်က သက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက်အား ကြောက်လန့်စွာနှင့် ပြောလိုက်သည်။

သက်လတ်ပိုင်းအရွယ် လူကြီးက လက်နှစ်ဖက်ကို နောက်ပစ်ကာ ဖြောင့်ဖြောင့်တန်းတန်း မတ်တတ်ရပ်နေပြီး လှိုင်းဒဏ်ကြောင့် သင်္ဘောလှုပ်သွားလျှင်ပင် သူမလှုပ်ပေ။

‌သင်္ဘော၏ ခေါင်းဆောင် အပါအဝင် လူတိုင်းက ထိုသက်လတ်ပိုင်း အရွယ် လူကြီးအား ထူးထူးဆန်းဆန်း ကြည့်လို့နေသည်။

ထိုလူကြီးက မလှုပ်မယှက်ဘဲ ရပ်နေသည်မှာ နှစ်ဆယ့်လေးနာရီ မကတော့ပေ။

"လှေမလိုဘူး"

နောက်ဆုံးတော့ သက်လတ်ပိုင်း လူကြီးက စကားပြော လာသည်။

သူ၏ စူးရှသော မျက်လုံးများက ပင်လယ်ပြင်ကို ဖြတ်၍ ဆယ်မိုင်အကွာရှိ ကမ်းစပ်အား မမှိတ်မသုန် ကြည့်နေသည်။

"ကျောက်ဆူး ချလိုက်ပါ ကမ်းစပ်ကို ကျုပ်ဘာသာ သွားနိုင်တယ်"

ကြားလိုက် ရသည်ကြောင့် လူတိုင်းက ရှော့ခ်ရ သွားကြသည်။

ဤနေရာက ကမ်းစပ်နှင့် ဆယ်မိုင်ခန့် ဝေးနေသေးသည်။ ဒါကို သူက ကိုယ့်ဘာသာ သွားနိုင်သည်တဲ့လား။ ပင်လယ်နှင့် ပတ်သက်သော ဗဟုသုတ မရှိပါက ဆယ်မိုင်ဆိုသော အကွာအဝေးက လူတစ်ယောက်နှင့် လှေတစ်စီးအတွက် အန္တရာယ် ကောင်းကောင်း ပေးနိုင်သည်။

သင်္ဘောခေါင်းဆောင်က အကျိုးသင့် အကြောင်းသင့် ရှင်းပြရန် တွေးနေစဉ်မှာပဲ သက်လတ်ပိုင်း လူကြီးက သင်္ဘောလက်ရန်းသို့ လက်ထောက်ကာ လွှားခနဲ ခုန်လိုက်ပြီးနောက် ပင်လယ်ပြင်ထဲသို့ ဒိုင်ဗင်ထိုးကာ ခုန်ချ လိုက်လေသည်။

"သခင်ကြီးဟူ"

လူတိုင်း၏ ရင်ဘတ်များက ထိတ်လန့်မှုကြောင့် တုန်ခါသွားကြပြီး လက်ရန်းနားသို့ အပြေးအလွှား သွားကာ ရေထဲသို့ ငုံ့ကြည့် မိကြသည်တွင် မြင်လိုက်ရသော မြင်ကွင်းက တစ်ဘဝလုံး အမှတ်ရသွားဖို့ လုံလောက်သည်။

သက်လတ်ပိုင်းလူကြီးက မြေပြင်ညီညီတွင် ပြေးလွှား နေသကဲ့သို့ ပင်လယ်ရေ မျက်နှာပြင်ပေါ်၌ ပြေးလွှားလို့ နေသည်။ သူက မယုံနိုင်စရာ အမြန်နှုန်းနှင့် ကမ်းစပ်သို့ ဦးတည်ကာ ပြေးလွှားနေခြင်း ဖြစ်ပြီး ဖျော့တော့သော အလင်းတန်း တစ်ခုက ရေလှိုင်းများနှင့် ရောယှက်လျက် ထိုလူ သွားရာလမ်း တစ်လျှောက် အနောက်တွင် စွတ်ကြောင်းရာ တစ်ခု ဖြစ်ပေါ်‌လာစေသည်။

သင်္ဘောခေါင်းဆောင်က ကြမ်းပြင်ပေါ်သို့ ပစ်လဲသွားပြီး မထိန်းချုပ်နိုင်စွာ တုန်ယင်နေရင်း အဓိပ္ပာယ်မရှိသော စကားများကို ရေရွတ် လိုက်မိသည်။

"သူ… သူက ပင်လယ်ရဲ့ နဂါးဘုရင်များလား"

***

All Chapters