← Chapters

ပင်လယ်ပြင်ထက် လမ်းလျှောက်ခြင်း

Vol. 1 Ch. 46

ပင်လယ်ပြင်ထက် လမ်းလျှောက်ခြင်း

Vol. 1 Ch. 46

အချိန်အားဖြင့် ၁၀နာရီဝန်းကျင်မှာ ထျန်းဟယ်မြို့၏ ကမ်းခြေစပ်သည် ဂျစ်ပ်ကားများ၏ ရှေ့မီးရောင်များဖြင့် လင်းနေခဲ့သည်။ ရှင်းကျုံးသည် လက်နောက်ပစ်လျက် ပင်လယ်ပြင်၏ မှောင်မိုက်နေသော အမှောင်ထု၏ အဝေးသို့ မျက်မှောင်ကြုတ်လျက် ကြည့်နေခဲ့သည်။

သူ၏ဘေးတွင် ဆရာဝူနှင့်တကွ သူ၏ အထူး ယုံကြည် စိတ်ချရသော သက်တော်စောင့်များလည်း လိုက်ပါ လာခဲ့ကြသည်။ ဆရာဝူသည် နာရီကို အချိန်နှင့်အမျှ ကြည့်နေသဖြင့် သူ၏မျက်နှာတွင် စိတ်မရှည်သည့် အရိပ်အယောင်များ ပေါ်လွင် နေခဲ့သည်။

"လင်းဟူ ဘယ်အချိန်မှ ဒီကို ရောက်လာမှာလဲ ငါတို့ စောင့်နေရတာ ၄နာရီတောင် ကျော်နေပြီ ဒီနေ့ခေတ်မှာ ဟုန်ဂိုဏ်းတောင် ယုံကြည်လို့ရတာ မဟုတ်ဘူး လွန်ခဲ့တဲ့ ရက်သတ္တပတ်က သူတို့ ဒီကိုပို့လိုက်တဲ့ လင်းပေါင်‌တောင် လုံးလုံးလျားလျား ပျောက်သွားတာ ပြီးတော့ လင်းဟူ သူလည်း အချိန်အတိအကျ မရောက်လာနိုင်ဘူး ဒါကြောင့်လည်း ဟုန်ဂိုဏ်းက တရုတ်ပြည်မကြီးကနေ ထုတ်ခံရတာ မထူးဆန်းပါဘူး..."

ရှင်းကျုံးက ပြုံးလိုက်ပြီး ဆံပင်ဖြူနေပြီ ဖြစ်သော ဆရာဝူကို ပြန်မပြောခဲ့‌ပေ။ ဆရာဝူသည် ချန်းဖန်ကို ရှုံးနိမ့်ခဲ့သော်လည်း အားကိုးရသော အင်အားတစ်ခု ဖြစ်နေဆဲဖြစ်သည်။

ခဏအကြာတွင် ရှင်းကျုံးလည်း စိတ်မရှည်တော့ဘဲ သူ၏ သက်တော်စောင့် တစ်ယောက်ကို လှမ်းကြည့်ပြီး သင်္ဘောနှင့် ဆက်သွယ်ရန် အမိန့်ပေးလိုက်သည်။

သက်တော်စောင့်လည်း ဆဲလ်ဖုန်းကို ကြည့်နေရင်းမှ အော်လိုက်လေ၏။

"သူ ဒီကို‌ရောက်ပြီ"

"စာအရဆိုရင် သင်္ဘောက ကမ်းခြေကနေ ၁၀မိုင်ပဲ လိုတော့တယ်  ပြီးတော့ ... လင်းဟူကိုယ်တိုင် လာနေတာပဲ"

ရှင်းကျုံးက မျက်မှောင်ကြုတ်ကာ...။

"လင်းဟူ ကိုယ်တိုင် လာတယ်ဆိုတာ ဘာကို ပြောချင်တာလဲ  သူကိုယ်တိုင် စပိဘုတ် မောင်းလာတာလား"

ရှင်းကျုံးနှင့် သူ၏လူများသည် ပင်လယ်ပြင်မှာ နေထိုင်ခဲ့ကြသည့် အလျောက် အတွေ့အကြုံရှိသော သင်္ဘောသားများ ဖြစ်ကြပေရာ ပင်လယ်ပြင် အကြောင်း နှံ့နှံ့စပ်စပ် မသိဘဲ အမှောင်ထဲတွင် ရွက်နှင်ပါက ကိုယ့်ကိုယ်ကိုယ် သတ်သေရာ ရောက်ကြောင်း သိကြ၏။ ဤအချက်သည် အထူးသဖြင့် ယခုဒေသ အတွက် မှန်ကန်လှပေသည်။

ပင်လယ် ရေအောက်တွင်လည်း မမြင်နိုင်သော ကျောက်ဆောင်များ ကလည်း သင်္ဘောများ မှောက်လာမည်ကို စုဝေး စောင့်စားနေကြ၏။

"ဒီရာသီဥတုနဲ့ ရွက်လွှင့်လာတာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာပဲ”

ဆရာဝူက ခေါင်းခါလျက် ပြောလိုက်သည်။

ထို့နောက် လေများ တိုက်လာပြီး လှိုင်းလုံးများကလည်း ၁မီတာခန့်ထိ မြင့်တက်လာရာ ကျွမ်းကျင်သည့် ကပ္ပတိန်ပဲ့ကိုင်သည့် သင်္ဘောကြီးများသာလျှင် ယခုကဲ့သို့ ခက်ထန်နေသော ပင်လယ်ပြင်ထက် ရွက်နှင်နိုင်ပေမည်။ အန္တရာယ်ကို မြင်လာပြီး ရှင်းကျုံး၏ မျက်နှာတွင် စိုးရိမ်မှုများ လွှမ်းမိုး နေပေသည်။

သူတို့သည် ဤကိုယ်ခံပညာရှင်ကို အချိန်ကာလ ကြာရှည်ကတည်းက မျှော်လင့်ခဲ့ပေရာ ယခုကဲ့သို့ အချင်းချင်း မဆုံရသေးဘဲနဲ့ မသေစေချင်သေးပေ။ ရှင်းကျုံးသည် စိုးရိမ် ပူပန်မှုကြောင့် သင်္ဘောကို ထပ်မံ ဆက်သွယ်ရန် စေခိုင်းလိုက်၏။

"ဆရာ ဟိုကိုကြည့် အဲဒါ ဘာကြီးလဲ"

သူ၏ သက်တော်စောင့် တစ်ဦးက အော်လိုက်သည်။

အားလုံးလည်း သက်တော်စောင့် ညွှန်ရာကို ကြည့်လိုက်ကြရာ ကမ်းခြေကို ဦးတည်၍ လာနေသော ရေလှိုင်းတန်းကြီးအား တွေ့လိုက်ကြ၏။

"အဲဒါ စပိဘုတ်လား အရမ်း မြန်လွန်းတယ် စပိဘုတ် မဖြစ်နိုင်ဘူး"

ရှင်းကျုံးလည်း ကြည့်နေရင်း အံ့သြနေရာ သူမြင်လိုက်သည့် အရာအတွက် အင်မတန်ပင် အံ့သြမှင်တက် နေပေ၏။

အဖြူရောင် ရေလှိုင်းတန်းကြီးသည် တဖြည်းဖြည်း နီးကပ်လာရာ နောက်ဆုံးတွင် ရေပေါ်၌ လူတစ်ယောက် ပြေးလာနေသည်ဟု ရေရေရာရာ ကောက်ချက်ချနိုင် လိုက်ကြသည်။

"မဖြစ်နိုင်ဘူး ဘယ်သူက ရေပေါ်မှာ ပြေးနိုင်မှာလဲ  ငါတို့ မျက်လုံးတွေ အလှည့်စား ခံလိုက်ရတာလား"

အားလုံးသည် သူတို့ မြင်လိုက်ရသော အရာအတွက် တုန်လှုပ် သွားခဲ့ကြ၏။

အဖြူရောင် လှိုင်းတန်း ကမ်းခြေနှင့် မီတာ အနည်းငယ် အကွာအဝေးသာ ရောက်သည်အထိ အနီးကပ် စောင့်ကြည့် နေကြသည်။

ထို့နောက် ပင်လယ်ပြင်ထက် ပြေးနေသူကို သာမက ရေများ ပန်းထွက်နေသည့် အသံကိုပါ ကြားရသည်။

ရုတ်တရက် ရေပေါ်မှ ပြေးလာသူသည် ပင်လယ်ပြင်ကို ခြေဖြင့်နင်းချလိုက်၍ ရေပွက်ထလာပြီး အင်အားဖြင့် ခန္ဓာကိုယ်ကို မြှင့်တင်လိုက်ရာ သူသည် သဲသောင်ပြင်ပေါ်သို့ မကျမီ လင်းယုန် တစ်ကောင်ကဲ့သို့ လေထဲတွင် စက္ကန့် အနည်းငယ်ခန့် ပျံနေ၏။

အားလုံးသည် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ထိုသူအား အံ့သြစွာ ငေးကြည့် နေကြလျက် အံ့သြ မြည်တမ်းသံတို့သာ လွှမ်းခြုံ သွားလေ၏။ ဂျစ်ပ်ကား၏ ရှေ့မီးရောင်တို့ကြောင့် ပင်လယ်ပြင်ထက် ပြေးလာသူမှာ လူလတ်ပိုင်း ဖြစ်ကြောင်း သိလိုက်ရလေသည်။ လှိုင်းမူး နေသော်ငြားလည်း ထိုသူသည် ရင်ကိုမတ်လျက် ဂုဏ်ယူစွာ မတ်တတ် ရပ်နေသည်။

"လင်းဟူလား"

ရှင်းကျုံးတစ်ယောက် မှင်တက်နေစဉ်မှာဘဲ တစ်ဖက်လူက ပြောလာသည်။

"ကျုပ်‌ရောက်ပြီ"

လင်းဟူက ရှင်းကျုံးကို စိုက်ကြည့် နေလေသည်။ ရှင်းကျုံးသည် ကြမ်းတမ်း ခက်ထန်သည့်ဘဝ၌ ကြီးပျင်းခဲ့သူ ဖြစ်သော်လည်း သူ့အရှေ့မှလူ၏ စွမ်းအားကို မြင်လိုက်ရပြီးနောက် ‌ကြောက်နေခဲ့၏။

"မင်းက ရှင်းကျုံးမလား ကောင်းပြီ"

လင်းဟူသည် သူ၏ပတ်ပတ်လည်အား လိုက်ကြည့်ရာ ရှင်းကျုံး၏ ပထမတန်းစား သက်တော်စောင့်များအား စိတ်မဝင်စားဘဲ ဆရာဝူကိုသာ မျက်စိ ကျသွားလေသည်။

လင်းဟူသည် အေးဆေး တည်ငြိမ်သော အသံဖြင့်...။

"အခုလို အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး”

ဆရာဝူကလည်း...။

“ငါလည်း မထင်ခဲ့မိဘူး ငါပြောရဲတယ် ... မင်း နတ်ဘုရားအဆင့်နဲ့ ပတ်သက်တဲ့ ဉာဏ်အလင်း တချို့ ရထားပြီးပြီမလား"

ဆရာဝူသည် တုန်းတူ ဒေသ၌ အထူးကြည်ညို လေးစားခံရသော်လည်း ကျန်းပေ့‌ဒေသမှ ပညာရှင်များက ဆရာဝူအား စိတ်ဓာတ် ကျစေခဲ့သည်။ ဆရာဝူသည် ချန်းဖန်၏ မိုးကြိုးပညာနှင့် လင်းဟူ၏ ရေပေါ် လမ်းလျှောက်နိုင်စွမ်း တို့ကိုတော့ မယှဉ်နိုင်ပေ။

“ကျွန်တော့်ညီ လင်းပေါင် ဘာဖြစ်သွားတာလဲ ခင်ဗျားတို့ သိပြီးကြပြီလား"

လင်းဟူက ရုတ်တရက် မေးလေသည်။

ရှင်းကျုံးသည် မိမိစိတ်ကို ပြန်လည် စုစည်းလိုက်ပြီး ပြောလိုက်၏။

"လင်းပေါင်က ချူကျိုးမြို့မှာ ကျိုးထျန်ဟောက် ဖမ်းဆီးတာ ခံလိုက်ရတယ်"

"မဖြစ်နိုင်တာပဲ"

လင်းဟူက သိပ်မယုံချင်ပေ။

"လင်းပေါင်က အတွင်းအား စွမ်းအင်မှာ ထူးကဲသော အောင်မြင်မှု အဆင့်ကို ရောက်ပြီးပြီ သာမန် လက်နက်တွေက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး"

“ဖြစ်နိုင်ချေ နောက်တစ်ခု‌တော့ ရှိသေးတယ်"

ရှင်းကျုံး ဆရာဝူကို တစ်ချက် ကြည့်ပြီး မဆိုင်းမတွ ဆက်ပြော၏။

“ငါတို့ ချူကျိုးမြို့ထဲမှာ မိုးကြိုးပညာ သုံးနိုင်တဲ့ ကောင်လေး တစ်ယောက်ကို တွေ့ခဲ့တယ် တကယ်လို့ လင်းပေါင် တကယ်ပဲ အဖမ်းခံခဲ့ရတာ ဆိုရင် ဒီကောင်လေးကြောင့်ပဲ ဖြစ်လောက်မယ်"

"မိုးကြိုးပညာ ဟုတ်လား"

လင်းဟူ၏ မျက်လုံးများ အရောင် တောက်လာကာ စိတ်ဝင်စားသွားဟန် ရှိ၏။

"တရုတ်ပြည်မကြီးမှာ မိုးကြိုးပညာကို ဘယ်လို သုံးရမလဲဆိုတာ သိတဲ့ တခြား တစ်ယောက် ရှိသေးလို့လား ဒီမှာ မရှိတော့တာ တော်တော် ကြာပြီထင်တာပဲ"

ဆရာဝူကလည်း နက်နဲသော လေသံနှင့် ဝင်ပြောလိုက်သည်။

“ငါကတော့ သူ့ကို ကောင်းကင် သခင်ဂိုဏ်းရဲ့ တပည့်တစ်ဦး ဖြစ်မယ်လို့ သံသယရှိတယ် သူ့အနားက သူတွေက သူ့ကို ဆရာချန်းလို့ ခေါ်ကြတယ်"

ချန်းဖန်၏  မိုးကြိုးပညာ အကြောင်း ပြန်‌တွေးရသည်မှာ ဆရာဝူအား အနည်းငယ်ပင် ကြက်သီး ထစေသည်။ ချန်းဖန်၏နာမည်အား ထုတ်ဖော် ပြောရခြင်းကပင် ဆရာဝူအား ကျောချမ်းစေ၏။

"‌ကောင်းကင်သခင်ဂိုဏ်းက ဆရာချန်း"

လင်းဟူက နှာခေါင်း ရှုံ့လိုက်သည်။

"ဘယ်လောက်ပဲ အစွမ်းထက်ပါ‌စေ သူ့ကျင့်စဉ် မစုံလင်သေးရင် ကျုပ်နဲ့ကျုပ်ရဲ့‌ နောက်လိုက် သိုင်းပညာရှင်တွေက သူ့ကို တီကောင် တစ်ကောင်လို အမှုန့်ခြေ ပစ်လို့ရတယ်"

သူ၏ စကားလုံးတိုင်းသည် အမှန်တကယ် သတ်ဖို့ ရည်ရွယ်ကြံစည်နေခြင်းကို ဖော်ဆောင်နေခဲ့ပေရာ ကြားရသည့်လူတိုင်း ဆံပင်များထိုးထောင်ကာ ကြောက်လန့်သွားခဲ့သည်။

ဆရာဝူလည်း လင်းဟူသည် သူ၏ပြိုင်ဘက်ဖြစ်သော ချန်းဖန်တစ်ယောက် မည်သို့ပြန်လည် ခုခံ တိုက်ခိုက်ရမည်ကို မစဉ်းစားမိသေးခင်ကပင် အလဲထိုးနိုင်မည်ဟု အလိုလို သိနေမိလေသည်။

"‌မှော်ပညာရှင်တွေ ပျောက်ကွယ်လုနီးပါး ဖြစ်နေပေမဲ့ သိုင်းပညာရှင်တွေ ဆက်လက် တည်ရှိနေသေးတာ အံ့သြစရာ မရှိ‌တော့ပါဘူး ကျင့်စဉ် မပြည့်စုံသေးဘဲနဲ့ ဘယ်မှော်ပညာရှင်ကမှ အထွတ်အထိပ် ပညာရှင်အဆင့်ကို ကျော်သွားတဲ့ သိုင်းပညာရှင်တွေကို ပြန်လည် ခုခံနိုင်မှာ မဟုတ်ဘူး"

ဆရာဝူက ညည်းညည်းညူညူ ပြောလိုက်၏။

"လင်းဟူ မင်း ချူကျိုးမြို့ကို အခုသွားပြီး မင်းညီအတွက် လက်စား သွားချေမှာလား"

ရှင်းကျုံးက သတိဖြင့် မေးလေသည်။

အားလုံးကို အံ့သြ သွားစေတာက ခေါင်းယမ်းကာ ပြောလိုက်သော လင်းဟူ၏ စကားဖြစ်သည်။

"ဘာမှ အလျင် လိုစရာမပါဘူး လက်စားချေဖို့ အတွက်က အေးအေးဆေးဆေးပေါ့ ဒီကိုလာရတာက ကျန်းပေ့နယ် တစ်ဝိုက်မှာ အင်အား စုဆောင်းဖို့ပဲ"

ရှင်းကျုံးလည်း ချက်ချင်းလိုလိုပင် မျက်နှာ အရောင်တောက်လာကာ ဝမ်းမြောက်သွားဟန်ဖြင့် ပြောလိုက်သည်။

"‌ကောင်းပြီ... ဒါဆို မင်း တရုတ်ပြည်မကြီးမှာပဲ နေမှာဦးမှာပါ့ ဟုတ်လား"

“အမှန်ပဲ"

လင်းဟူက ခေါင်းညိတ် ပြလိုက်သည်။

ထို့နောက် လင်းဟူကပဲ ဆက်ပြောသည်။

"ဆရာကတော့ ဒီကို ကောင်းကောင်း မွန်မွန် လာစေချင်ခဲ့တာပါ ဒါပေမဲ့ ယဲ့နန်ထျန်းလက်က လွတ်အောင် ရှောင်နေရတာနဲ့ပဲ အစီအစဉ်တွေက ကမောက်ကမ ဖြစ်ကုန်ရတာ အခု ဆယ်စုနှစ် တစ်ခုစာလောက် ပြင်ဆင်ပြီးတဲ့‌ ‌နောက်မှာတော့ ဆရာက ယဲ့နန်ထျန်းနဲ့ နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ သူ့တပည့်အနေနဲ့ ကျုပ်က သူ့အစီအစဉ်‌တွေကို ‌ချောချော‌မွေ့‌မွေ့ ဖြစ်‌အောင် ဆောင်ရွက်ပေးဖို့ လိုတယ်"

ဤသို့ ပြောသည်ကို ကြားရသဖြင့် ရှင်းကျုံးကလည်း သူ့ဘက်ကနေ ပြောပေးလိုက်၏။ သူ၏ ပင်လယ်ရပ်ခြား ကုန်သွယ် စီးပွားရေး သဘောသဘာဝအရ ရှင်းကျုံးသည် လင်းဟူနှင့် မကြာခဏ ဆက်ဆံ ရပေလိမ့်မည်။ သူ၏ ပဏာမ စီးပွားရေး အတွေ့အကြုံအရ ထောက်ခံမှုများ အတွက် လင်းဟူကို အမှီပြုရပေမည်။ အင်အား တောင့်တင်းသည့် ကာကွယ်သူနှင့်တကွ ရှင်းကျုံးလည်း ထျန်းဟယ်မြို့၏  ကမ်းစပ်၌ စီးပွားရေးကို အခြေချနိုင်မည် ဖြစ်၏။

သို့သော်ငြားလည်း လင်းဟူသည် တိုင်းတစ်ပါးမှ လာသူဖြစ်ပေရာ သြဇာ လွှမ်းမိုးနိုင်မှုတွင် အကန့်အသတ် အတန်ငယ် ရှိနိုင်သည်။ ရှင်းကျုံးသည် လင်းဟူသာ တရုတ်ပြည်၌ နေထိုင်ပါက ကျန်းပေ့နယ် တစ်လွှားတွင် အာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်သည်ဟု ယုံကြည်ပေသည်။

စောင့်ဆိုင်းခဲ့ရသည့် နှစ်ကာလများ အတွက် ယခုဆိုလျှင် ကောင်းကျိုး ရလဒ်များ သီးပွင့်ခဲ့‌လေပြီ။ လင်းဟူ၏ တရုတ်ပြည်၌ နေထိုင်မည့် ဆုံးဖြတ်ချက်သည် ရှင်ရှောင်အား အလွန်အမင်း ပျော်ရွှင်ကျေနပ် အားရစေခဲ့သည်။

"တကယ်လို့ ကျုပ်တို့အနေနဲ့ ဒီနှစ်အတွက် သိုင်းပညာ တံခွန်စိုက်ပွဲက အပြင်းအထန်ပဲ ဆိုတာကို ကျိုးထျန်ဟောက် ယုံကြည် လာအောင်သာ လုပ်နိုင်မယ်ဆိုရင် သူဒီပွဲကို ဆရာချန်းကိုပါ ခေါ်လာမှာ အမှန်ပဲ ပြီးတာနဲ့ ကျုပ်တို့ ဆင်ထားတဲ့ ခွင်ထဲ တန်းဝင်လာမှာပဲ လင်းဟူက ဆရာချန်းကို အနိုင်ပိုင်း လိုက်နိုင်တာနဲ့ တစ်ပြိုင်နက် ကျန်းပေ့‌ဒေသ တစ်ခုလုံးရဲ့ အာဏာ အကုန်လုံး ရလာမှာပဲ"

ရှင်းကျုံးက သူ၏ အစီအစဉ်ကို အားလုံးအား အသေးစိတ် ရှင်းပြ၏။ သူပြောလိုက်သည့် စကားလုံးတိုင်းသည် သူ့စိတ်ထဲ၌ပင် ချက်ချင်း မေ့သွား နိုင်လောက်အောင် မြန်ဆန်လွန်း နေခဲ့သည်။ လင်းဟူကလည်း နားထောင်နေရင်း ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံ နေခဲ့သည်။

"အရမ်းကောင်းတဲ့ အစီအစဉ်ပဲ ကောင်းပြီလေ ကျိုးထျန်ဟောက်နဲ့ သူရဲ့ ချန်ပီယံကောင်လေး အတွက် လတစ်ဝက် စောင့်ကြတာပေါ့ "

လင်းဟူ၏ မျက်လုံးများက မုန်းတီးမှုတို့ဖြင့် အရောင် တောက်နေခဲ့သည်။

***

All Chapters