ရှုယုံဖေး၏ မွေးနေ့ပွဲ
Vol. 1 Ch. 47
အမျိုးသားနေ့ ကျောင်းပိတ်ရက်များ ပြီးသည့်နောက် ကျောင်းဖွင့်ရက်များ ပြန်လည် ရောက်ရှိလာသည်။ ချန်းဖန် တစ်ယောက် ကျန်းထန်ချိုး၏ ဘားတွင် ဖြစ်ခဲ့သော ကိစ္စများနှင့် စပ်လျဉ်း၍ အဆုံးမရှိသော မေးခွန်းများကို ဖြေရင်း ခေါင်းပင် မူးလာသည်။ ကျောင်းကတော့ ဘာမှ ပြောင်းလဲ မသွားသော်လည်း ကျောင်းသားများ ကတော့ ပြောင်းလဲ သွားကြသည်။ ဂရိတ် 12 တန်းခွဲ 9မှ ကျောင်းသားများက ချန်းဖန်အား အထင်သေးစွာ မဆက်ဆံတော့ဘဲ တလေးတစား ဆက်ဆံ လာကြသည်။
စီယင်းရှာကတော့ မနက်ဖြန် ဆိုတာ မရှိတော့သည့်အလား စာကိုသာ အသည်းအသန် ကြိုးစားနေသည်။ ဆရာ၊ ဆရာမများက နောက်ကွယ်က အကြောင်းအရင်းကို မသိသော်လည်း စီယင်းရှာ၏ စိတ်အား ထက်သန်မှုကြောင့် ကျေနပ် အားရနေကြသည်။ ဤနှုန်းအတိုင်း ဆက်သွားလျှင် စီယင်းရှာက တရုတ်ပြည်၏ အကောင်းဆုံး တက္ကသိုလ်ဝင်ခွင့် ရနိုင်လောက်သည်။
တစ်နေ့တွင် ရှုယုံဖေးက တန်းခွဲကိုးသို့ ရောက်ချလာပြီး ချန်းဖန်ကို ရှာသည်။ ချန်းဖန်က တီးတိုးတီးတိုး အတင်း ပြောနေသူများအား လျစ်လျူရှုလျက် အခန်းပြင်သို့ ထွက်ကာ ရှုယုံဖေးအား တွေ့လိုက်သည်။
"နောက်တစ်ပတ်မှာ ငါ့မွေးနေ့ရှိတယ် နင် လာပေးနိုင်မလား"
ရှုယုံဖေးက ချန်းဖန်အား စိုက်ကြည့်ရင်း မေးသည်။
ချန်းဖန်က ညင်သာစွာ ပြုံးလိုက်သည်။
"သေချာတာပေါ့ နင်က ငါ့ညီမလေးလေ မှတ်မိလား"
ချန်းဖန်က ရှုယုံဖေးအပေါ် ဆန်းဆန်းပြားပြား ခံစားချက်များ မရှိသော်လည်း ညီမလေး တစ်ယောက် အဖြစ်တော့ အမြဲတမ်း အလိုရှိခဲ့သည်။
ချန်းဖန်သည် ကျင့်ကြံခြင်း လောကတွင် နှစ်ငါးရာခန့် ရှင်သန်ခဲ့သော်လည်း သူ့ဆရာ ထန်ချင်ကလွဲ၍ မည်သူ့ကိုမှ မယုံကြည် နိုင်ခဲ့သောကြောင့် သူ့ဘဝကြီးက လွန်စွာ အထီးကျန်ဖွယ် ကောင်းလှရာ ညီမလေး တစ်ယောက်ရှိခြင်းက မဆိုးဟု တွေးမိသည်။
"ငါက နင့်ရဲ့ ညီမလေးလား"
ရှုယုံဖေး၏ လှပသော မျက်လုံးလေးများက ခဏတာ အရောင် မှိန်သွားသည်။ သို့သော် သူမက အလျင်အမြန်ပဲ အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။
"နောက်အပတ် စနေနေ့ ည၇နာရီ မမေ့နဲ့နော်"
ချန်းဖန်က ခေါင်းညိတ်ပြရင်း စိတ်ထဲတွင်လည်း သေချာ မှတ်ထား လိုက်သည်။
ဒီရက်များအတွင်း ချန်းဖန်က အစီအရင် ပြုလုပ်ခြင်းတွင်သာ အာရုံစိုက် ထားခဲ့သည်။ တတိယ သခင်ကြီးက ပင်လယ်ရေအောက် အနက်ပေ ထောင်ကျော်မှ ကျောက်တုံး တစ်တုံးအား သူ့ထံ ပို့လာခဲ့သော်လည်း အကျိုး သက်ရောက်မှုက အားနည်းလွန်း လှသည်။ ရေအောက်တွင် နှစ်ပေါင်း မည်မျှကြာအောင် နေခဲ့ပါစေ ထိုအရာက ကျောက်တုံး တစ်တုံးသာ ဖြစ်နေဆဲ ဖြစ်ပြီး ရေသဘာဝ မှော်ရတနာ၏ သဘောသဘာဝ အနည်းငယ်ပင် မတွေ့ရှိရပေ။
"ရေသဘာဝ မှော်ရတနာအစား ဒီကျောက်တုံးတစ်ခုပဲ ရှာတွေ့နိုင်မယ် ဆိုရင် ဝိညာဉ် ဆက်သွယ်ခြင်း အစီအရင်က စွမ်းအား အစစ်အမှန်ရဲ့ ဆယ်ရာခိုင်နှုန်းတောင် ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး"
ချန်းဖန် ညည်းညူလိုက်မိသည်။
သို့သော်လည်း ဆယ်ရာခိုင်နှုန်းသော ပမာဏကပင် သူ့အတွက် ချီသန့်စင်ခြင်း အလယ်အလတ် အဆင့်သို့ ရောက်ရှိရန် လိုအပ်တာထက် ပိုနေသေးသည်။
ချန်းဖန် စာသင်ခန်းအတွင်း ပြန်ဝင်လာခဲ့တော့ မရေမတွက်နိုင်သော ကျောင်းသားများထံမှ အူတိုနေသော အကြည့်များကို လက်ခံ ရရှိလိုက်သည်။ စီယင်းရှာပင်လျှင် သူ့အား အေးစက်စက် လှမ်းကြည့် နေလေသည်။
အချိန်တွေက လျင်မြန်စွာပဲ ကုန်ဆုံးသွားခဲ့ပြီး နောက်တစ်ပတ် စနေနေ့သို့ ရောက်ရှိလာသည်။
ညဘက်သို့ ရောက်လာသောအခါ ချန်းဖန်လည်း ရှုယုံဖေး ပေးထားသော လိပ်စာအတိုင်း ထွက်လာခဲ့လိုက်သည်။ သူမပေးထားသော လိပ်စာက "ရွှေရောင် ခန် စံအိမ်”ဖြစ်သည်။
ထိုစံအိမ်က အလယ် အလတ်တန်းစား အဆင့်ဖြစ်ပြီး ကျယ်ဝန်းသော ခြံနှင့် စံအိမ်က နှစ်ထပ်ဖြစ်သည်။ ယွင်ဝူတောင်ပေါ်ရှိ စံအိမ်များလောက် တန်ဖိုး မကြီးသော်လည်း ချူကျိုးမြို့ရှိ အလယ် အလတ်တန်းစား သူဌေးများ နေထိုင်ရာ ရပ်ကွက်တွင် တည်ရှိသည်။
"ကြိုဆိုပါတယ်"
မွေးနေ့ရှင်က ဝင်ပေါက်တွင် ရပ်လို့နေပြီး ချန်းဖန်အား ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုနှင့် နှုတ်ဆက်လိုက်သည်။
ရှုယုံဖေးက ခေါင်းအစ ခြေအဆုံး လှပစွာ ပြင်ဆင်ထားသည်။ သူမ ဝတ်ဆင်ထားသော အဖြူရောင် ကိုယ်ကျပ် မက်ဆီဂါဝန်ရှည်က သေးသွယ်သော ခါးလေးနှင့် ရှည်လျားလှပသော ခြေတံများအား ကောက်ကြောင်း ပေါ်လွင်နေစေသည်။ မိတ်ကပ်အထူကြီး လိမ်းမထားသောလည်း ဆံပင်ကို အခွေလိပ်သဏ္ဌာန် ပုံစံသွင်းထားပုံက လှပသော ဘဲဥပုံ မျက်နှာလေးနှင့် ပနံသင့်လှသည်။ သူမက ဘယ်လိုကြည့်ကြည့် အထက်တန်း ကျောင်းသူလေးနှင့် တူမနေဘဲ အသိုင်းအဝိုင်းကြီးမှ လှပသော အမျိုးသမီးငယ်လေးနှင့်သာ တူနေတော့သည်။
"အစ်ကိုချန်း နောက်ဆုံးတော့ ရောက်လာပြီပဲ ညီမက အစ်ကို မလာတော့ဘူးလို့တောင် ထင်နေတာ"
ရှုယုံဖေး၏ အခေါ်အဝေါ်များကပင် ပြောင်းလဲ သွားသည်။
"မင်းက အစ်ကို့ညီမလေးပါလို့ ပြောပြီးပြီလေ ဘယ်လိုအစ်ကိုမျိုးက ညီမဖြစ်သူရဲ့ မွေးနေ့ပွဲကို မလာဘဲ နေမှာလဲ"
ချန်းဖန်က ပြုံးကာ ပြောလိုက်ရင်း လက်ဆောင်ဘူးလေး တစ်ခုအား ရှုယုံဖေးထံ ကမ်းပေးလိုက်သည်။
"ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ ဒါက လက်ဆောင်"
ဘူးအတွင်း၌ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော နားကပ်တစ်စုံ ပါဝင်ပြီး ထိုအပေါ်၌ ချန်းဖန်က မှော်အစီအရင် တစ်ခုကို ရေးဆွဲထားရာ ဝတ်ဆင်သူအား ဖျားနာခြင်း အမျိုးမျိုးမှ ကာကွယ် ပေးနိုင်သည်။
"လက်ဆောင် ကျေးဇူးပဲ အစ်ကိုချန်း"
ရှုယုံဖေးက ကလေးလေး တစ်ယောက်ကဲ့သို့ အလွန် ပျော်ရွှင်သွားပြီး လက်ဆောင်ကို ဖွင့်ကြည့်ရန် ပြင်လိုက်သည်။
သို့သော် ကျန်းချူယန်က ရောက်ရှိလာပြီး လူအများရှေ့တွင် ဖွင့်မဖောက်ရန် ပြောလာသည်။
"အထဲကို ဝင်မယ်ဆိုလည်းဝင် လမ်းပေါက်ဝမှာ ပိတ်ရပ်မနေနဲ့"
ကျန်းချူယန်က ချန်းဖန်အား ပြောသည်။ သူမမျက်နှာက ကျောက်တုံးလိုပင် ခက်ထန်နေပြီး ချန်းဖန်အား မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှားသည်။
ချန်းဖန်က ထိုစိတ်မမှန်သော မိန်းကလေးအား လေလိုပင် သဘောထားလိုက်ပြီး ခန်းမအတွင်းသို့ ဝင်ကာ အတန်းဖော်တချို့ကို နှုတ်ဆက်လိုက်သည်။
ခန်းမအတွင်း၌ လူများက ပြည့်နေပြီး ဖြစ်သည်။ ဧည့်သည်များမှာ ရှုယုံဖေး၏ မူလတန်းက သူငယ်ချင်းများနှင့် အထက်တန်းက သူငယ်ချင်းများသာ ဖြစ်ကြသည်။ ချန်းဖန်က ခန်းမအတွင်း ရင်းနှီးသော မျက်နှာများကို တွေ့ရသည်။ လီရီချန်း၊ ကျန့်ယွီမုန့်၊ ယန်ချောင်၊ ဟန်ယွင် အစရှိသဖြင့် …
"ဆရာချန်း"
ဟန်ယွင်၏ မျက်လုံးများက ချန်းဖန်ကို တွေ့လိုက်သည်နှင့် လင်းလက်သွားပြီး ဝိုင်တစ်ခွက်နှင့်အတူ အနားသို့ ရောက်လာတော့သည်။
သူမက လုပ်ငန်းခွင်သို့ပင် ဝင်နေရပြီ ဖြစ်ရာ အခြားသော မိန်းကလေးများထက် ပိုမို စမတ်ကျပြီး မိတ်ကပ်ထူထူနှင့် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားကာ အားလုံးထဲတွင် တစ်မူ ထူးခြား လှပနေသည်။
"မိန်းကလေးဟန်"
ချန်းဖန်ကလည်း နှုတ်ဆက် လိုက်သည်။
ဟန်ယွင်၏ နှုတ်ခမ်းများက ကွေးညွတ် သွားသည်။
"ဘာလို့ အရမ်း ယဉ်ကျေးနေရတာလဲ ရှောင်ယွင်လို့ ခေါ်ရင်တောင် ရပါတယ် အဘိုးကြီးကျန်း ကတောင် ဆရာချန်းကို ရိုရိုသေသေ ခေါ်ရတာ ကျွန်မကို မိန်းကလေးဟန်လို့ မခေါ်ပါနဲ့ ပြောရရင် ကျွန်မက ဆရာချန်းထက် မျိုးဆက်တစ်ဆက် ငယ်တယ်လေ"
"ဟန်ယွင်လို့ပဲ ခေါ်တာပေါ့ ကျွန်တော့်ကိုလည်း အဆင်ပြေသလို ခေါ်လို့ရပါတယ်"
ချန်းဖန်က ပြောသည်။ သူ၏ နှစ်ငါးရာကျော် မှတ်ဉာဏ်များကြောင့် အဘိုးကြီးကျန်းကပင် သူ့အတွက် ကလေးလေး အရွယ်သာ ဖြစ်သည်။
ထပ်ပြောရလျှင် သူက လွန်ခဲ့သော အတိတ်ဘဝ၌ ဂုဏ်သရေရှိ ကျင့်ကြံသူ တစ်ယောက် အနေနှင့် နှစ်ပေါင်းများစွာ အထီးကျန်ခဲ့ရသည်။ အပင်မြင့်လေ အထီးကျန်လေ ဆိုသလိုပင်။ ယခု ပြန်လည် မွေးဖွားလာပြီး အထက်တန်း ကျောင်းသား ဘဝအား နောက်တစ်ကြိမ် ရရှိလာချိန်တွင်တော့ ဆယ်ကျော်သက် ကောင်လေး တစ်ယောက်အဖြစ် ပျော်ပျော် နေကြည့်ရန် ဆုံးဖြတ် ထားခဲ့သည်။
"ကောင်းပြီလေ ချန်းဖန်လို့ပဲ ခေါ်တော့မယ် ကျွန်မနဲ့ အတူတူ ဖေးဖေးကို သဝန်တိုအောင် စကြရင် ဘယ်လိုလဲ"
ဟန်ယွင်က သူမ၏ မျက်လုံးရွှဲရွှဲများဖြင့် ချန်းဖန်အား မျက်တောင် မခတ်တမ်း စိုက်ကြည့်လျက် ရှိသည်။
မွေးနေ့ပွဲခန်းမ အတွင်း ရှိနေသူများထဲတွင် ဟန်ယွင် တစ်ယောက်သာလျှင် ချန်းဖန်၏ အစစ်အမှန် လွှမ်းမိုးနိုင်စွမ်းကို နားလည် ထားသည်။ ချူကျိုးမြို့၏ ဒုတိယ အချမ်းသာဆုံး အဘိုးကြီးကျန်းပင်လျှင် ချန်းဖန်အား ဆရာချန်း ဟူ၍ တလေးတစား ခေါ်ရသည်။ ဤကောင်လေးကား တခြားသူများ ထင်နေကြသလို 'ဝေ့ကျီချင်း၏ မိတ်ဆွေ' မျှသာ မဟုတ်ပေ။
"ဟမ့် ဟန်ယွင့်ကို ကြည့်ဦး ဖြစ်ပျက် နေလိုက်တာများ ဒီထက်ပိုပြီး အရှက်မဲ့ နိုင်သေးလား"
ကျန့်ယွီမုန့်က ဝေဖန်လိုက်သည်။
ကျန့်ယွီမုန့်က လေလံပွဲညက ဖြစ်ရပ်ကြောင့် အံ့ဩ ထိတ်လန့် သွားခဲ့ရသော်လည်း သူမ သူငယ်ချင်းများနှင့် စကားပြောပြီးနောက် ဝေ့ကျီချင်းတွင် သာမန် လူတန်းစားများနှင့် မိတ်ဆွေဖွဲ့တတ်သော အကျင့်တစ်ခု ရှိကြောင်း သိခဲ့ရသည်။ ထို့ကြောင့် ချန်းဖန်သည်လည်း ဝေ့ကျီချင်း၏ မျက်စိကျခြင်း ခံရလောက်အောင် ကံကောင်း သွားခဲ့ရုံသာဟု သူမက တွေးသည်။
"အရမ်းမတွေးနဲ့ ဟန်ယွင်က ငါတို့အားလုံးထက် အသက်လည်း ပိုကြီးသလို အတွေ့အကြုံလည်း ပိုများတယ် သူလုပ်နေတာကို သူသိပါတယ်"
ကျန့်ယွီမုန့်၏ သူငယ်ချင်း တစ်ယောက်က ဝင်ပြောလိုက်သည်။
လီရီချန်းကလည်း ထိုမိန်းကလေး အုပ်စု၏ ဘေးတွင် ရပ်နေပြီး ချန်းဖန်အား အသေအချာ လေ့လာနေသည်။ လေလံပွဲည ပြီးကတည်းက ချန်းဖန်အား ပြိုင်ဘက် တစ်ယောက် အဖြစ် စတင် သဘောထားခဲ့သည်။ အနည်းငယ် စုံစမ်းကြည့်ပြီးနောက် ချန်းဖန်၏ မိခင်က ကျုံးဟိုင်မြို့၌ အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ကြောင်း သိရှိခဲ့ရသည်။
ကျုံးဟိုင်ကဲ့သို့ မြို့ကြီးပြကြီး တစ်ခုတွင် အိမ်ခြံမြေ လုပ်ငန်းတစ်ခုအား ဦးစီးနေသူ၏ သားတစ်ယောက်က ဘားတစ်ခုတွင် အလုပ်လုပ်ခြင်းမှာ သွေးရိုးသားရိုး မဟုတ်နိုင်ပေ။
ချန်းဖန် တစ်စုံတစ်ခုကို ဖုံးကွယ် ထားကြောင်း လီရီချန်းက ခန့်မှန်းမိသည်။
"အိုကေ လူလည်း စုံလောက်ပြီဆိုတော့ ပါတီပွဲလေးကို စလိုက်ကြရအောင်"
အသက် လေးဆယ်ခန့် ရှိမည့် လှပသော အမျိုးသမီးတစ်ဦးက လှေကားအတိုင်း ဆင်းလာသည်။ သူမက ရှုယုံဖေးနှင့် ဆင်တူလှသည်။ အသက်ကြီး နေသည့်တိုင် ထိုအမျိုးသမီးကြီး၏ ဆွဲဆောင်အားက ရှုယုံဖေးအောက် မလျော့ပါချေ။
"မတွေ့တာ ကြာပြီ အန်တီ"
ထိုအမျိုးသမီးကြီးအား သိနှင့်နေသူများက ဝိုင်းဝန်း နှုတ်ဆက် လိုက်ကြသည်။
အန်တီရှုက အသိအမှတ် ပြုသည့်အလား အားလုံးကို ခေါင်းညိတ် နှုတ်ဆက်သည်။ သူမ၏ နောက်တွင်တော့ လူငယ်လေး တစ်ယောက် လိုက်ပါလာသည်။ ထိုလူငယ်ကား ချူမင်ဟွေ့ပင်။ နှစ်ယောက်သား ရယ်ရယ်မောမောနှင့် စကားပြော နေကြသည်ကို ကြည့်ခြင်းဖြင့် ချူမင်ဟွေ့မှာ ရှုယုံဖေး၏ မိခင်နှင့် အလွန် ရင်းနှီးကြောင်း သိသာလှသည်။
"မင်ဟွေ့ ဖေးဖေးကို ဒီကို ခေါ်ခဲ့ပေးပါလား"
"ဟုတ်ကဲ့ အန်တီရှု"
ချူမင်ဟွေ့က ချန်းဖန်အနားက ဖြတ်သွားချိန်၌ အေးစက်စက် တစ်ချက် လှမ်းကြည့် သွားသေးသည်။
ချန်းဖန်ကတော့ တစ်ချိန်လုံး မပြောင်းမလဲ တည်ငြိမ်သော မျက်နှာထားကိုသာ ချိတ်ဆွဲထားသည်။ သူက ဝေ့ကျီချင်းမှတစ်ဆင့် လုံလုံလောက်လောက် သတိပေးထားပြီး ဖြစ်သည်။ ချူမင်ဟွေ့က နောက်တစ်ကြိမ် ကိုယ့်သေတွင်း ကိုယ်တူးလိုပါက တန်ရာ တန်ကြေးတော့ ပေးရပေမည်။
ကောင်းကင်ဘုံ အရှင်သခင် တစ်ယောက်က ပြောပြီးသား စကားကို အမြဲ တည်သည်။ အကယ်၍ ဤကမ္ဘာပေါ်ရှိ အစွမ်းထက်ဆုံးသော သူက ချူမင်ဟွေ့အား ကာကွယ်ပေးနေလျှင်ပင် သူက နည်းနည်းလေးမှ တုံ့ဆိုင်းနေမည် မဟုတ်။
ခဏကြာပြီးနောက် ရှုယုံဖေး ရောက်ရှိလာပြီး မွေးနေ့ပွဲလည်း စတင်သည်။
ချူမင်ဟွေ့က အလှဆင်ထားသော လှည်းတစ်ခုကို တွန်းလာပြီး ထိုအပေါ်၌ အလွှာခုနစ်ဆင့်နှင့် မွေးနေ့ကိတ် တစ်ခု ရှိနေသည်။ ဖယောင်းတိုင်း ဆယ့်ခုနစ်တိုင်က ကိတ်ပေါ်၌ နေရာယူထားပြီး ရှုယုံဖေး၏ ဆယ့်ခုနစ်နှစ်ပြည့် မွေးနေ့ကို ကိုယ်စားပြုသည်။
ချန်းဖန် အပါအဝင် ဧည့်သည်များက မွေးနေ့သီချင်းအား တညီတညွတ်တည်း ဆိုပေးကြပြီး ရှုယုံဖေး ဖယောင်းတိုင် မီးမှုတ်ကာ ဆုတောင်းမည့် အချိန်ကို စောင့်နေကြသည်။
ရှုယုံဖေးက သူမ၏ လက်ကလေး နှစ်ဖက်အား အချင်းချင်းယှက်ကာ ဆုပ်ကိုင်လိုက်ပြီး မျက်လုံးလေးများ မှိတ်လိုက်သည်။ မျက်လုံးမမှိတ်ခင်၌ ချန်းဖန်အား ခိုးကြောင်ခိုးဝှက် တစ်ချက် လှမ်းကြည့်လိုက်သေးသည်။
**ကျွန်မရဲ့ ဆုတောင်းက ဒီတစ်ခုလေးတည်းပါပဲ အစ်ကိုချန်းနဲ့အတူ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားပါရစေ**
ရှုယုံဖေးက သူမ၏ ဆုတောင်းအား စိတ်ထဲကသာ ရေရွတ်လိုက်ခြင်း ဖြစ်သော်လည်း ချန်းဖန်ကတော့ တစ်လုံးချင်း ပီပီသသ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ရှုယုံဖေး၏ မျက်နှာပေါ်ရှိ အရူးအမူး လေးနက်လှသော အမူအရာကို မြင်ရသော် ချန်းဖန်၏ ပြုံးလက်စ အပြုံးမှာ ကိုးရိုးကားရားနှင့် အေးခဲသွားရသည်။
ချန်းဖန်က ကျင့်ကြံခြင်း လောကတွင် နှစ်ငါးရာကျော် ရှင်သန်ခဲ့ပြီး သူ၏ ထူးချွန်ထက်မြက်သော အရည်အချင်းများကြောင့် နတ်ဘုရားမ များစွာ၏ အရေးပေးမှုများအား ရခဲ့ဖူးသည်။ သို့သော် သူက မည်သည့် မိန်းကလေး တစ်ယောက်၏ စိတ်သဘောထားကိုမှ အလေးထား အာရုံစိုက်ခဲ့ခြင်း မရှိခဲ့။
"ကိုယ် တောင်းပန်ပါတယ် ကိုယ်မင်းကို စိတ်ပျက်စေမိမယ် ထင်တယ်"
ချန်းဖန်က ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
"နှစ်ငါးရာ ကြာပြီးနောက် ဘဝသစ်တစ်ခု ပြန်စခွင့် ရခဲ့တယ် ဒါပေမဲ့ ကိုယ်ပြန်လာခဲ့တာက မင်းအတွက် မဟုတ်ဘူး... "
ရှုယုံဖေး ဆုတောင်းပြီးနောက် သူမ၏ သူငယ်ချင်းများက ကိတ်ခွဲရန် လောဆော်လိုက်ကြသည်။
ရုတ်တရက် တံခါးမကြီးက တွန်းဖွင့်ခံလိုက်ရပြီး သက်လတ်ပိုင်း အရွယ် ယောက်ျားပီသသော လူကြီးတစ်ယောက်က ဗလတောင့်တောင့် သက်တော်စောင့်တစ်စု ခြံရံလျက် ခန်းမအတွင်း ဝင်လာကြသည်။
"ရှင် ဒီကို ဘာလာလုပ်တာလဲ"
ထိုသက်လတ်ပိုင်းလူအား မြင်လျှင်မြင်ချင်းမှာပဲ အန်တီရှု၏ မျက်နှာက ခက်ထန်သွားကာ မေးလိုက်သည်။
တစ်ဖက်တွင်တော့ ရှုယုံဖေး၏ မျက်နှာလေးမှာ အံ့ဩမှုကြောင့် အရောင် တောက်သွားပြီး ဝမ်းသာအားရ ခေါ်လိုက်လေသည်။
"အဖေ"
***