← Chapters

ဟိုင်တုန်းက ရှုအောင်း

Vol. 1 Ch. 48

ဟိုင်တုန်းက ရှုအောင်း

Vol. 1 Ch. 48

"ဖေးဖေး ဒီနေ့က သမီးရဲ့ ၁၇နှစ်ပြည့် မွေးနေ့လို့ ကြားလို့ ဖေဖေ ဟိုင်ကျိုးကနေ ဒီအထိတောင် လာခဲ့တာ"

သက်လတ်ပိုင်း လူကြီးက ပြောသည်။ ထိုလူကြီး၏ စကားပြောဟန်မှာ လွန်စွာ ပညာရှင်ဆန်ကာ ယဉ်ကျေးလှသဖြင့် တက္ကသိုလ်မှ ပါမောက္ခတစ်ယောက် အလားပင် ထင်ရသည်။

လူကြီးက ရှုယုံဖေးအား တောင်းပန်သလို တစ်ချက်ကြည့်ပြီး အန်တီရှုဘက်သို့ လှည့်ကာ နူးညံ့စွာ ပြုံးရင်း ပြောသည်။

"ကိုယ်က အဖေတစ်ယောက်ပါ သမီးဖြစ်သူရဲ့ မွေးနေ့ပွဲကို ကျိန်းသေ လာသင့်တာပေါ့"

အန်တီရှု၏ မျက်နှာက အနည်းငယ် ပျော့ပျောင်း သွားပြီး ကြေကွဲဟန်နှင့် ပြောလာသည်။

"ရှင်က ကျွန်မတို့ကို သတ်ရသေးတယ်လား"

လူကြီးက အန်တီရှုအား ညင်သာစွာ ဖက်လျက် တစ်စုံတစ်ခုအား တီးတိုး ပြောလိုက်သည်။ အန်တီရှုက အစပိုင်းတွင် ရုန်းနေသေးသော်လည်း တဖြည်းဖြည်းနှင့် ငြိမ်သက်သွားပြီး လူကြီး၏ ပခုံးထက်တွင် မျက်နှာအပ်ကာ ရှိုက်ငိုနေတော့သည်။

ရှုယုံဖေး၏ မျက်လုံးလေးများ၌ မျက်ရည်စတချို့ တွဲခိုလာပြီး သူမလည်းပဲ အဖေဖြစ်သူထံ သွားကာ ဖက်၍ ငိုကြွေးလေသည်။

"အဲဒါ ဖေးဖေးရဲ့ အဖေလား ငါတော့ ဖေးဖေးကို သူ့အမေနဲ့နေတာပဲ အမြဲတွေ့ခဲ့တာ"

"ငါကြားတာတော့ အဲဒီလူကြီးက ဖေးဖေးတို့ သားအမိကို ပစ်ပြီး တခြားမြို့က ချမ်းသာတဲ့ မိန်းမတစ်ယောက်နဲ့ လက်ထပ် သွားတာတဲ့ အခုချိန်မှ ပြန်လာမယ်လို့ ဘယ်သူက ထင်မှာလဲ"

"အခြွေအရံတွေနဲ့ ပြန်လာတဲ့ပုံကို ကြည့်ရရင် ဒီလူက ကိုယ့်အတွက် ကိုယ်ကြည့်တတ်တဲ့ သူပဲ ဇနီးဟောင်းနဲ့ သမီးဆီကို ဘာလို့ ပြန်လာတာလဲ ဆိုတာ သိချင်မိတယ်"

အဖြစ်အပျက်ကို ကြည့်ရင်း တီးတိုး ဝေဖန်သံများက ဧည့်သည်များထံမှ ထွက်ပေါ် လာသည်။

ချန်းဖန်က စကားမပြောဘဲ အခြေအနေကိုသာ အကဲခတ်နေသည်။ သူက ရှုယုံဖေး အဖေဆိုသူ၏ ပခုံးပေါ်မှ ကျော်၍ ကြည့်လိုက်သော် ခေါင်းဖြူ အဘိုးကြီး တစ်ယောက်အား မြင်ရသည်။

အဘိုးကြီး ဆိုသော်လည်း သန်မာ၍ ကြွက်သား အမြှောင်းလိုက် ထနေသော လက်ဖောင်း နှစ်ဖက်နှင့် ဖြစ်သည်။ လက်မောင်းနှစ်ဖက်၌ အပြာရောင် ဆေးမင်ကြောင်များ ရှိပြီး တိမ်များကြားတွင် နဂါးတစ်ကောင် လူးလွန့်နေဟန် ရေးထိုးထားခြင်း ဖြစ်သည်။ ဗလတောင့်တောင့် သက်တော်စောင့်များ ပင်လျှင် ထိုအဘိုးကြီးအား လေးစား ကြောက်ရွံ့ ရပုံပေါ်သည်။

'ထူးကဲသော အောင်မြင်မှု အဆင့်ကို ရောက်နေတဲ့ နောက်ထပ် အတွင်းအား ပညာရှင် တစ်ယောက်ပါလား အနည်းဆုံး လင်းပေါင်နဲ့ အဘိုးဝေ့လောက်တော့ စွမ်းပုံရတယ်'

ချန်းဖန်က တွေးလိုက်သည်။

ရှုယုံဖေးရဲ့ အဖေက ဘယ်သူလဲ ဘာလို့ အတွင်းအား ပညာရှင် တစ်ယောက်ရဲ့ ကာကွယ်မှု ကိုတောင် လိုအပ်ရတာလဲ မေးခွန်းများက ချန်းဖန်၏ အတွေးထဲ ပြေးလွှား နေကြသည်။

ရုတ်တရက် တစ်စုံတစ်ယောက်၏ မယုံနိုင်စွာ ပြောလိုက်သံကို ချန်းဖန် ကြားလိုက်ရသည်။

"ဖေးဖေးရဲ့ အဖေက သခင်ကြီးအောင်းနဲ့ တူနေသလိုပဲ"

"သခင်ကြီးအောင်း အဲဒါ ဘယ်သူကြီးလဲ"

လူတိုင်းက ပြောလိုက်သူထံ လှည့်ကြည့် လိုက်ကြသည်။ အကြောင်းမှာ ချူကျိုးမြို့ အတွင်း၌ သခင်ကြီးအောင်း ဟူသည့် အမည်အား ဘယ်သူကမှ မကြားဖူး ကြသောကြောင့်ပင်။

ဟန်ယွင်ကား အဘိုးကြီးကျန်း၏ လက်အောက်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာသူ ဖြစ်ရာ အခြားသူများထက် ပို၍ သိသည်။ သူမက ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

"ဟိုင်တုန်းက ရှုအောင်း"

လူတိုင်းက ဟန်ယွင်၏ စကားကြောင့် ရှော့ခ်ရ သွားကြသည်။

လူအတော်များများက သခင်ကြီးအောင်း ဆိုသူအား မသိကြသော်လည်း ဟိုင်တုန်းက ရှုအောင်း ဆိုသည်ကား လူတိုင်းနီးပါး သိကြသော ကျန်းပေ့နယ် အတွင်းရှိ ဟိုင်တုန်းမြို့မှ အိမ်ထောင်စု တစ်ခု၏ အမည်ဖြစ်သည်။

ဟိုင်တုန်းမြို့သည် ဟိုင်ကျိုးမြို့၏ အုပ်ချုပ်မှုအောက်တွင် ရှိသော မြို့တစ်မြို့ဖြစ်သည်။ ဟိုင်ကျိုးမြို့ ဆိုသည်ကတော့ ကျုံးဟိုင်မြို့၊ ကျင်းမြို့တော် အစရှိသော မြို့ကြီးများနှင့် နီးပြီး ကျန်းပေ့နယ် အတွင်း အကြီးဆုံးနှင့် အဖွံ့ဖြိုးဆုံး မြို့ကြီးများထဲမှ တစ်မြို့ဖြစ်သည်။ ရှုအောင်း  ဆိုသူကား ကျန်းပေ့တစ်နယ်လုံး မဟုတ်လျှင်ပင် ဟိုင်ကျိုးတစ်မြို့လုံး၌ အချမ်းသာဆုံးသူ ဖြစ်သည်။

ထျန်းဟယ်မြို့၏ သူဌေးရှင်းကျုံးကဲ့သို့၊ ချူကျိုးမြို့၏ တတိယ သခင်ကြီးဝေ့ကဲ့သို့ ရှုအောင်းသည်လည်း သူ့နယ် တစ်ဝိုက်တွင် လွန်စွာ လွှမ်းမိုးနိုင်စွမ်း ရှိသူဖြစ်သည်။ ရှုအောင်းနှင့် နှိုင်းယှဉ်ရသော် ကျိုးထျန်ဟောက် ကဲ့သို့သော သူများကား ပိုးမွှား သာသာလောက်သာ ရှိသည်။

"ငါကြားဖူးတာ ရှုအောင်းရဲ့ နောက်ခံက တရုတ်ပြည် တောင်ပိုင်းက အရမ်းကို အားကောင်းတဲ့ မိသားစုကြီးတစ်စုတဲ့ အဲဒီမိသားစုကြီးက တရုတ်ပြည် တစ်ပြည်လုံးမှာတောင် အင်အားစု အခွဲလေးတွေ အများကြီး ရှိတယ်တဲ့ အားကောင်းတဲ့ နောက်ခံကြောင့် ရှုအောင်းကို ဘယ်သူကမှ ရန်မစရဲကြဘူး ရှုယုံဖေးရဲ့ အဖေက ရှုအောင်း ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

လီရီချန်း၏ မျက်နှာက အလွန် လေးနက်နေပြီး ရှုယုံဖေးအား ကွဲပြားသော အမြင်တစ်မျိုးနှင့် မြင်လာပြီ ဖြစ်သည်။ သူအမြဲ တွေးခဲ့သည်မှာ ရှုယုံဖေးက အလွန် လှပသော်လည်း နောက်ခံက အရမ်း မတောင့်တင်း ဟူ၍။ ရှုယုံဖေး၏ ကျော်ကြားမှုများမှာ သူမ၏ ရုပ်ရည် သက်သက်ကြောင့် ဟုသာ တွေးခဲ့တာ ဖြစ်သည်။

အကယ်၍ ရှုယုံဖေးက အမှန်ပင် ရှုအောင်း၏ သမီးဆိုပါက ချူကျိုးတစ်မြို့လုံးတွင် မည်သူကမှ သူမအား လက်ညှိုးနှင့်ပင် ထိုးရဲတော့မည် မဟုတ်ပေ။

"ဒါပေမဲ့ ငါသိသလောက်ဆိုရင် ရှုအောင်းမှာ မိန်းမရော ကလေးရော ရှိပါတယ် မဟုတ်မှလွဲရော ဖေးဖေးက တရားမဝင် သမီးများလား"

ကျန့်ယွီမုန့်က ပင့်သက်ရှိုက်ရင်း ရေရွတ် လိုက်သည်။

"အဲဒီလို မဟုတ်နိုင်ဘူး ငါကြားတာ... ရှုအောင်းရဲ့ သားက ဆယ်နှစ်သာသာပဲ ရှိသေးတယ် ရှုအောင်းက အန်တီရှုနဲ့ ဖေးဖေးကို အရင်ရတာ ဖြစ်နိုင်တယ် နောက်မှ ကွာရှင်းပြီး တစ်ကြိမ် ထပ်လက်ထပ်တာ ဖြစ်ရမယ်"

ဟန်ယွင်က ကျန့်ယွီမုန့်၏ အဆိုကို ခေါင်းယမ်းရင်း ဖြစ်နိုင်ချေကို သုံးသပ်ပြသည်။

တရားမဝင်သမီးဖြစ်စေ၊ ဘာဖြစ်စေ ရှုယုံဖေး၏ ဖခင်က ရှုအောင်းဆိုသည့် အချက်က မပြောင်းလဲပေ။ အကယ်၍ ကျိုးထျန်ဟောက်သာ ဤနေရာတွင် ရှိနေပါက ရှုအောင်း၏ သမီးအား ဘားတွင် သူနဲ့အတူ အရက်သောက်ရန် ဖိတ်ခေါ်ခဲ့ခြင်း အပေါ် နောင်တ တစ်သိန်းလောက် ရနေလောက်ပေသည်။

ခဏမျှ ကြာပြီးနောက် ရှုသားအမိက မျက်ရည်များ နေရာတွင် အပြုံးများ အစားထိုး ဝင်ရောက် သွားကြပြီး သားအမိ၊ သားအဖ သုံးယောက် ဧည့်သည်များဆီသို့ လျှောက်လာကြသည်။

"သမီးလေးရဲ့ မွေးနေ့ပွဲကို လာပေးကြတဲ့ ဧည့်သည်တွေ အားလုံးကို ကျေးဇူးတင်ပါတယ် ဒီထဲက တချို့တစ်ဝက်ကတော့ ကျွန်တော့်ကို သိကြလိမ့်မယ်လို့ ထင်ပါတယ် ကျွန်တော်က ဟိုင်ကျိုးမြို့က ရှုအောင်းပါ ဒီနှစ်တွေအတွင်း ဖေးဖေးကို စောင့်ရှောက် ပေးထားကြတဲ့အတွက် အားလုံးကို ထပ်ပြီး ကျေးဇူးတင်ပါတယ်"

ရှုအောင်း ဖြစ်ကြောင်း သေချာ သွားသည့်အခါ ခန်းမအတွင်းရှိ လူအားလုံးမှာ ထိုင်နေရာမှ ထရပ် လိုက်မိကြသည်။

ရှုအောင်းက ချူမင်ဟွေ့အား မေးလိုက်သည်။

"မင်ဟွေ့ မင်းအဖေရော နေကောင်းရဲ့လား"

"ဖေ‌ဖေ့ကို သတိတရ မေးပေးတာ ကျေးဇူးပါ ဦးလေးရှု ဖေဖေ နေကောင်းပါတယ်"

ချူမင်ဟွေ့ကလည်း တလေးတစား ပြန်ဖြေလိုက်သည်။ ချုမင်ဟွေ့၏ ပုံစံကို ကြည့်ရသည်မှာ ရှုယုံဖေးဖခင်က မည်သူမည်ဝါ ဖြစ်ကြောင်း တစ်ချိန်လုံး သိထားပုံပေါ်သည်။

ရှုအောင်းက ခန်းမအတွင်းရှိ လူများအား တစ်ချက် ဝေ့ကြည့်လိုက်ပြီး...။

"ချန်းဖန်ဆိုတာ ဘယ်သူများလဲ"

လူတိုင်းက ထိုမေးခွန်းကြောင့် အံ့ဩသွားကြပြီး ချန်းဖန်အား အပြေးအလွှား ရှာမိကြသည်တွင် အခန်း ထောင့်တစ်နေရာ၌ တွေ့လိုက်ရသည်။ အများစုက ချန်းဖန် တစ်ယောက် ဒုက္ခလှလှ တွေ့ပြီဟူ၍ တွေးလိုက်ကြသည်။

ချန်းဖန်လည်း မတ်တတ် ရပ်လိုက်ပြီး ပုံမှန်အတိုင်း နှုတ်ဆက် လိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ် ဦးလေးရှု ကျွန်တော်က ချန်းဖန်ပါ"

ရှုယုံဖေးက အနည်းငယ် ထိတ်လန့်သွားပြီး ဖခင်ဖြစ်သူ၏ လက်မောင်းကို ဆွဲကာ ပြောလိုက်သည်။

"အဖေ အဲဒီလိုမဟုတ်ပါဘူး သူက လူကောင်း တစ်ယောက်ပါ"

"အဖေ ဘာမှတောင် မပြောရသေးပါဘူး ဖေးဖေးရယ် ဟား ... ဟား...  အဖေက သူ့အကြောင်းကို သမီးဆီကနေ နားသွေးလျှံမတတ် ကြားဖူးထားလို့ လူချင်း တွေ့ဖူးချင်ရုံပါ"

ရှုအောင်းက သမီးဖြစ်သူ၏ အဖြစ်သည်းနေမှုအား စနောက်လိုက်သည်။ ထို့‌နောက် ဧည့်သည်များ ဘက်သို့ ပြန်လှည့်လိုက်ရင်း...။

"မွေးနေ့ပွဲကို ရပ်သွားစေဖို့ မရည်ရွယ်ပါဘူးဗျာ အားလုံးပဲ ဆက်ပြီး သုံးဆောင်ကြပါ"

ရှုအောင်းက ညစာ စားပွဲသို့ လမ်းလျှောက် သွားလိုက်ပြီး စားပွဲ၏ ထိပ်ဆုံးခုံတွင် ထိုင်လိုက်သည်။

ရှုယုံဖေးက ရှုအောင်းဘေးတွင် ထိုင်လိုက်ပြီးနောက် ချူမင်ဟွေ့အား ရှုယုံဖေး၏ နံဘေးတွင် ထိုင်စေသည်။ ရှုအောင်းက ချန်းဖန်အား မည်သည့်စကားမှ မဆိုသော်လည်း လူတိုင်းက ရှုအောင်း၏ သဘောထားကို ခန့်မှန်းမိကြသည်။

ဧည့်သည်များကလည်း အချင်းချင်း အကြည့်များ ဖလှယ်လိုက်ကြပြီး ဒရာမာဆန်ဆန် ဖြစ်ရပ်များအား စောင့်ကြည့်ရန် စိတ်အား ထက်သန်နေကြသည်။

ရှုအောင်းက ပညာတတ် တစ်ယောက်ဖြစ်ရာ အခြေအနေနှင့် အချိန်အခါကို နားလည်သည့် အတွက် မည်သည့် အနေခက်စရာ စကားကိုမှ မပြောချေ။ ထို့ကြောင့် ဧည့်သည်များ အားလုံးက သူတို့နှင့် စားပွဲ တစ်ဝိုင်းထဲတွင် ထိုင်နေသူမှာ ဟူတုန်းက ရှုအောင်း ဖြစ်ကြောင်း သတိမထားကြတော့ဘဲ သက်သောင့်သက်သာ စကားပြောနိုင်ကြသည်။

"အန်တီရှု ဒီတစ်လော ချူကျိုးမြို့မှာ လျှို့ဝှက် ဆန်းကြယ်တဲ့ ဆရာချန်းဆိုတဲ့ လူတစ်ယောက် ပေါ်လာတယ်ဆို အဲဒါ အမှန်ပဲလား"

စားပွဲဝိုင်း၌ မြို့တွင်း သတင်းများ အကြောင်း ပြောဆိုကြရင်း ကျန့်ယွီမုန့်က မေးလိုက်တာ ဖြစ်သည်။

အန်တီရှုက တီဗွီသတင်း ဌာနတစ်ခုတွင် အလုပ်လုပ်ရာ ချူကျိုးမြို့၌ သူမ မသိသည့်အရာက ရှားပါးလှသည်။

အန်တီရှုက ခေါင်းညိတ်ရင်း ပြန်ဖြေသည်။

"ဟုတ်တယ် အန်တီလည်း ကြားတယ် အဘိုးကြီးကျန်းနဲ့ တတိယ သခင်ကြီးဝေ့တို့ကတောင် အဲဒီ ဆရာချန်းကို အရမ်း လေးစားရတယ်တဲ့ အတွေ့အကြုံ အရမ်းများတဲ့ ဆရာချီလို လူတောင် သူ့ကို မယှဉ်နိုင်ဘူး ပြောကြတာတော့ သူက ဟောင်ကောင်က ဆရာသမား တော်တော်များများ ထက်တောင် ပိုပြီး စွမ်းတယ်ဆိုပဲ"

"အဲဒီလိုမျိုး မှော်ပညာကို သုံးနိုင်တဲ့ သူတွေက တကယ်ပဲ ရှိတာလား"

တချို့သော ဆယ်ကျော်သက်လေးများ ကလည်း တအံ့တဩ ဝင်မေးလာသည်။

"အန်တီလည်း အရမ်းတော့ မသေချာဘူး"

အန်တီရှုက မျက်မှောင်ကြုတ်ရင်း မယုတ်မလွန် ဖြေလိုက်သည်။

"ဒါပေမဲ့ ဆရာချန်းကို တွေ့ဖူးကြတဲ့ လူတိုင်းကတော့ သူက မှော်ပညာမှာ အရမ်းထူးချွန်ပြီး မခန့်မှန်းနိုင်လောက်တဲ့ စွမ်းအားတွေ ထုတ်သုံးနိုင်တယ်တဲ့"

ရုတ်တရက် ရှုအောင်းက ဝင်ပြောလာသည်။

"အဲဒီ ဆရာချန်း ဆိုတဲ့သူ အကြောင်း နည်းနည်းတော့ ကြားထားတယ်"

စားပွဲဝိုင်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး ရှုအောင်းထံ ကြည့်လိုက်မိကြသည်။ ရှုအောင်းက ဟိုင်ကျိုးမြို့တွင်ပင် လွှမ်းမိုးနိုင်စွမ်း ရှိသူဖြစ်ရာ တချို့ကိစ္စများတွင် အန်တီရှုထက် ပိုသိနေခြင်းက မထူးဆန်းပေ။

"အားလုံးပဲ ထျန်းဟယ်မြို့က ရှင်းကျုံး ဆိုတဲ့လူအကြောင်း ကြားဖူးကြလား"

ရှုအောင်းက ဖြည်းညင်းစွာ မေးလိုက်သည်။

"ဟုတ်ကဲ့ သူက ထျန်းဟယ်မြို့မှာ အ‌ရေးကြီး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပဲ နိုင်ငံခြားမှာတောင် ပိုင်ဆိုင်မှု တချို့ရှိတယ်"

ချူမင်ဟွေ့က သူ၏ ဗဟုသုတ ကြွယ်ဝမှုကို ပြသလိုသောကြောင့် ဝင်ဖြေလိုက်သည်။

"အင်း သူပဲ"

ရှုအောင်းက ထောက်ခံသည့်သဘော ခေါင်းညိတ်သည်။ ချူမင်ဟွေ့က ကျေနပ်သွားပြီး ‌ချန်းဖန်အား နှိမ့်ချလိုစွာ တစ်ချက် လှမ်းကြည့်သည်။

ချန်းဖန်က ခေါင်းငုံ့လိုက်ပြီး ချူအင်ဟွေ့၏ ရန်စလာသော အကြည့်ကို မမြင်ချင်ယောင် ဆောင်လိုက်သည်။

ရှုအောင်းက ဆက်ပြောသည်။

"ရှင်းကျုံးက သူ့လူတချို့နဲ့အတူ ချူကျိုးမြို့ကိုလာပြီး ရှေးဟောင်း ရတနာတစ်ခုနဲ့ တတိယ သခင်ကြီးဝေ့ကို လိမ်ဖို့ကြံခဲ့တယ် ဒါပေမဲ့ တတိယ သခင်ကြီးဝေ့ရဲ့လူ ဆရာချန်းက ရှင်းကျုံးရဲ့ လှည့်ကွက်ကို ရိပ်မိသွားပြီး ရှင်းကျုံးခေါ်လာတဲ့ ဆရာဝူ ဆိုတဲ့လူကိုပါ အနိုင်တိုက်ခဲ့တယ်လေ ရှင်းကျုံးလည်း ထျန်းဟယ်မြို့ကို ပြန်ပြေးသွားရပြီး ဆရာချန်းဆိုတဲ့သူကို ယွမ်လေးဆယ့်ငါးသန်း ပေးလိုက်ရတယ်"

"ယွမ်လေးဆယ့်ငါးသန်း"

များပြားလှသော ‌ငွေပမာဏကြောင့် လူတိုင်းက ပင့်သက် ရှိုက်မိကြသည်။

ဧည့်သည် အများစုမှာ ရှုယုံဖေး၏ သူငယ်ချင်း ဆယ်ကျော်သက်များ ဖြစ်ကြရာ သူတို့ လက်ဝယ်ရှိသော ငွေပမာဏမှာ အများဆုံး ယွမ် ထောင်ဂဏန်းမျှသာ ဖြစ်သည်။ လေးဆယ့်ငါးသန်းသော ပိုက်ဆံများအား တစ်ထိုင်တည်းသာ ရလိုက်ပါက မည်သို့မည်ပုံ ခံစားရမည်ကို အားလုံးက စိတ်ကူးယဉ် ကြည့်မိကြသည်။ ယွမ်လေးဆယ့်ငါးသန်း ဟူသော ပမာဏမှာ ကျန့်ယွီမုန့် မိသားစု၏ စုစုပေါင်း ပိုင်ဆိုင်မှုနှင့် တူလုနီးနီးပင်။

"ဒါဆို ဆရာချန်းက တကယ့်ပညာရှင်ပေါ့ မဟုတ်ရင် ဘယ်လိုလုပ်ပြီး ရှင်းကျုံးကို ထျန်းဟယ်မြို့အထိ ကန်ထုတ် လိုက်နိုင်တဲ့အပြင် ‌ယွမ်လေးဆယ့်ငါးသန်း တောင်းနိုင်မှာလဲ"

"အမှန်ပဲ"

လူတိုင်းက ဆရာချန်း အကြောင်း စတင် ဆွေးနွေးနေကြပြီး အားလုံး၏ မျက်လုံးများထဲတွင် လေးစားမှုတို့ ပြည့်နှက်နေကြသည်။

"ဆရာချန်းဆိုတဲ့သူက ဘယ်လိုပုံစံ များပါလိမ့် သူနဲ့ လက်ထပ်ရရင် သိပ်ကောင်းမှာပဲ"

ကျန့်ယွီမုန့်က အရူးအမူး ဖြစ်နေသော မျက်နှာနှင့် ရေရွတ်လိုက်သည်။

"သူက အဘိုးကြီး ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ နင်က သူနဲ့ လက်ထပ်မယ်ဆို ယန်ချောင်ကရော ဘယ်သူနဲ့ လက်ထပ်ရမှာလဲ"

ကျန်းချူယန်က စနောက်လိုက်သည်။

"ယန်ချောင်က အနည်းဆုံးတော့ အရှုံးသမား တစ်ယောက်ထက် သာပါသေးတယ်နော် ငါကသူနဲ့ပဲ နေမှာ"

ကျန့်ယွီမုန့်က ပြောရင်း ယန်ချောင်အား တစ်ချက် လှမ်းကြည့်လိုက်သည်။

ယန်ချောင်လည်း လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း ပြုံးနေရုံသာ တတ်နိုင်တော့သည်။

လူတိုင်းက လျှို့ဝှက် ဆန်းကြယ်သော ဆရာချန်းအကြောင်း အကြိတ်အနယ် ဆွေးနွေး နေကြစဉ်တွင် ဟန်ယွင်က အခန်း‌ထောင့်တစ်နေရာရှိ စားပွဲတွင် 'ကမ္ဘာကြီး ပျက်သွားလျှင်ပင် သူနှင့်မဆိုင်သော အမူအရာ'နှင့် ထိုင်နေသော ချန်းဖန်အား တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြုံးသည်။

"ဆရာချန်းသာ ဒီနေ့ပွဲမှာ ရှိနေမှန်း သိသွားကြရင် လူတွေ ဘယ်လို တုံ့ပြန်ကြမလဲ သိချင်မိသား ဒါပေမဲ့ ဒီလျှို့ဝှက်ချက်ကို ကျွန်မ တစ်ယောက်တည်း ထိန်းသိမ်းသွားမှာပါ ဒါက တစ်သက်မှာ တစ်ခါပဲ ရတဲ့ အခွင့်အရေးမျိုးမို့ လက်လွတ်ခံလို့ ဘယ်ဖြစ်ပါ့မလဲ"

တီးတိုး ရေရွတ်လိုက်ပြီးနောက် ဟန်ယွင်၏ မျက်လုံးလှလှလေးများက ပြတ်သားသည့် အရိပ်အယောင်လေး တစ်ချက် လက်သွားသည်။

***

All Chapters