← Chapters

တော်ဝင်မြေနှစ်ခု ပူးပေါင်းခြင်း

Vol. 018 Ch. 1760

တော်ဝင်မြေနှစ်ခု ပူးပေါင်းခြင်း

Vol. 018 Ch. 1760

ချင်းယောင်က နောက်လှည့်ကာ ရီဖူရှင်းအား ကြည့်သည်။ သူမ၏ကြည်လင်သော မျက်လုံးများက အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေ၏။ ထို့နောက် တောက်ပစွာ ပြုံးလိုက်သည်။

ရီဖူရှင်းဆိုလိုသည်ကို သူမနားလည်၏။

လျှို့ဝှက်နယ်မြေဘုံမှ လူများသည် ရီဖူရှင်း၏ကြေညာချက်ကြောင့် အံ့အားသင့်နေကြသည်။ နတ်တစေကလန်မှ နတ်မိမယ်ကို သတ်ဖြတ်ပြီးနောက်တွင် ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာရောက်တိုက်ခိုက်သော အဖွဲ့အစည်းတိုင်းအား စစ်ကြေညာလိုက်၏။

လျှို့ဝှက်နယ်မြေဘုံမှ အင်အားစုများအားလုံးမှာ ပြဿနာထဲကို တဖန်ဝင်ရောက်လာခဲ့၏။

နတ်တစေကလန်မှ တန်ခိုးရှင်များအားလုံး၏အမူအရာမှာ ခက်ထန်နေသည်။ လျန်ချန်းရီကား သူတို့၏နတ်မိမယ်ဖြစ်သော်လည်း ရီဖူရှင်း၏သတ်ဖြတ်ခြင်းကို ခံရ၏။

သူတို့သည် လျန်ချန်းရီကို လေ့ကျင့်ပေးရန် များစွာသော အရင်းအမြစ်များ သုံးစွဲခဲ့ရ၏။ သို့သော်လည်း ရီဖူရှင်းအား သူမအား သည်အတိုင်း သတ်ဖြတ်လိုက်၏။

တချိန်တည်းတွင် အဖြစ်အပျက်နှစ်ခုက ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မှော်နက်အဖွဲ့တို့၏ခံယူချက်သဘောထား မည်မျှ ကွာဟပုံကို ထင်ဟပ်စေသည်။ ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်သည် ရီချင်းယောင်ကို ကာကွယ်ရန် အသက်စွန့်တိုက်ခိုက်ရဲကြ၏။ တခြားတစ်ဘက်တွင် ငရဲတံခါးသည် လျန်ချန်းရီကို တိုက်ရိုက်စွန့်ပစ်ခဲ့သည်။

“သွားကြမယ်...”

မြေအောက်အရှင်သည် ရီဖူရှင်းအား လှမ်းကြည့်သည်။ သူသည် ရီချင်းယောင်ကို ရရှိပြီးဖြစ်ရာ တခြားအရှုပ်အထွေးများတွင် ဝင်မပါလိုတော့။ ရီဖူရှင်း၏ကြေညာချက်ကိုလည်း သူဂရုမစိုက်ပေ။ ပုရွက်ဆိတ်သည် သူ့အား လာရောက်နင်းခြေသော ခြေထောက်နှင့် ရန်ဖြစ်ခွင့်မရှိ။ သူ့အနေဖြင့် လေဟာနယ်ဘုံတွင်ဖြစ်သော စစ်ပွဲအား အာရုံစိုက်စရာမလို။

ရီဖူရှင်းက လျှို့ဝှက်နယ်မြေဘုံတစ်ခုလုံးကို ဖျက်ဆီးလိုက်လျှင်ပင် သူဂရုစိုက်ပေ။

အရှင်ဒွန်ဟောင်ကိုသာ ထည့်မတွက်လျှင် မှော်နက်အဖွဲ့အုပ်စိုးသော မှော်နက်ကမ္ဘာသည် လေဟာနယ်ဘုံမှ ထိပ်သီးဘုံကိုးခုကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပေသည်။

မှော်နက်စစ်တပ်နှင့်ငရဲတံခါးတို့သည် နောက်ဆုတ်ကာ ထွက်ခွာသွားကြ၏။

ထိုမျှကြီးမားသောစစ်တပ်က ဤသို့လွယ်လင့်တကူ နောက်ဆုတ်သွားမည်ဟု လူအများက မထင်ထားကြပေ။ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် တခြားသော ကျင့်ကြံသူများအားလုံး အံ့အားသင့်ကြရ၏။ သည်ဖြစ်ရပ်သည် ဘုံကိုးခု၏သမိုင်းတွင် အမှတ်ထင်ကျန်ရစ်စေမည့် ကိစ္စရပ်ဖြစ်ပေသည်။

ရီဖူရှင်းနှင့် တခြားလူများသည် မှော်နက်စစ်တပ်ကြီးနောက်ဆုတ်သည်ကို တားဆီးခြင်းတော့ မပြုပေ။ ဤသို့သော ကြီးမားသော စစ်ပွဲမှာ မိမိတို့နယ်မြေ၌ ဖြစ်ရန် သင့်တော်သည်တော့ မဟုတ်ပေ။ ရီဖူရှင်းအနေဖြင့် အချိန်ကောင်းကိုစောင့်ကာ လျှို့ဝှက်နယ်မြေဘုံကို တိုက်ခိုက်နိုင်ပေသည်။

မှော်နက်စစ်တပ်ထွက်ခွာသွားပြီးနောက်တွင် ရီဖူရှင်းသည် ဗုဒ္ဓကျင့်ကြံသူများနှင့် နတ်နန်းတော်မှ လူများကို ပြောသည် “ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာရောက်ကူညီတာ ကျေးဇူးတင်ပါတယ်...”

“ငရဲတံခါး ပြန်လာတယ်။ ဗုဒ္ဓသားတပည့်တွေက ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး...” ထျန်ရှင်းဘုန်းတော်ကြီးကျောင်းမှ ဆရာတော်က ပြောသည်။ သူက လက်အုပ်မိုးကာ ပြောသည် “ကျုပ်က ဒကာလေးရဲ့နာမည်ကို အရင်ကတည်းက ကြားဖူးတယ်။ မိန်းကလေးက အနာဂတ်မှာ ဒကာလေးကို လိုအပ်မှာပဲ...”

“ချင်းယောင်က ကျုပ်တို့ကို ထိခိုက်စေမည့်အစား သူမကိုယ်ကိုပဲ စတေးမှာပဲ။ သူမက ဘယ်သူဖြစ်ပါစေ၊ သူမဟာ မှန်ကန်တဲ့စိတ်နှလုံးကို ထိန်းသိမ်းနိုင်မှာပဲလို့ ကျုပ်ယုံတယ်...” ရီဖူရှင်းက ပြောသည်။

“ကျုပ်လည်း မျှော်လင့်ပါတယ်...” ဆရာတော်က ခေါင်းညိတ်သည်။

“ငရဲတံခါးဟာ လျှို့ဝှက်နယ်မြေဘုံမှာ ပုန်းအောင်းနေတာကနေ ဒီနေ့ တရားဝင်ထွက်ပေါ်လာခဲ့တယ်။ ဒီနေ့မှာ တိုက်ပွဲမဖြစ်ခဲ့ပေမဲ့ မကြာခင်မှာတော့ ဖြစ်လာမှာပဲ” နတ်နန်းတော်မှ လူတစ်ယောက်က ပြောသည်။ သည်မတိုင်ခင် ငရဲတံခါးအပြင်, ပြင်ပဘုံမှ လူများလည်း ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်လာကြ၏။ အများစုမှာ ဘေးမှ ပွဲကြည့်ပရိတ်သတ်သာ လုပ်နေခဲ့ကြ၏။

သို့သော်လည်း ပြင်ပဘုံမှ ရောက်လာသော အင်အားစုများသည် လေဟာနယ်ဘုံတွင် မကြာခင် ပြဿနာများရှိကြမည်မှာ သေချာ၏။

“ကျွန်တော်ဟာ အရင်တုန်းက နတ်နန်းတော်မှာ လေ့ကျင့်ဖူးပြီးတော့ တပည့်တစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။ အကြီးအကြတွေ လာရောက်ကူညီတာ ကျွန်တော့အတွက်တော့ ကံကောင်းမှုပါပဲ။ အခြေအနေတွေက အပြောင်းအလဲမြန်ဆန်နေမှတော့ နတ်နန်းတော်က စီနီယာတွေကို ကျောင်းတော်မှာ ဆွေးနွေးဖို့ ဖိတ်ကြားချင်ပါတယ်...” ရီဖူရှင်းက ပြောသည်။

နတ်နန်းတော်ကား ပူးပေါင်းနိုင်သော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ရီဖူရှင်းက အနာဂတ်ကို ပြောင်းလဲရန် ပိုမိုသော မဟာမိတ်များ လိုချင်၏။

“ကောင်းပြီ” နတ်နန်းတော်မှ တန်ခိုးရှင်များက ခေါင်းညိတ်သဘောတူ၏။

ရီဖူရှင်းက အဝေးကို လှမ်းကြည့်ကာ ကျယ်လောင်စွာ ပြောသည် “မကြာခင်က ငရဲတံခါးဟာ အင်အားစုတွေအတော်များများရဲ့လူတွေကို လုပ်ကြံပြီးတော့ လူတွေကို လျှို့ဝှက်နယ်မြေဘုံသို့ မြူဆွယ်ခေါ်ဆောင်ခဲ့တယ်။ အခု ငရဲတံခါးပြန်လာပြီ။ ခင်ဗျားတို့က ဘေးက မဆိုင်သလိုလုပ်နေပေမဲ့ တကယ်ပဲ မပတ်သက်ပဲ နေနိုင်မှာလား”

“ဒီနေ့မှာ ခင်ဗျားတို့အားလုံး ကောင်းကင်အာဏာစက်မြို့ကို ရောက်လာမှတော့ ကောင်းကင်အာဏာစက်ကျောင်းတော်က ဧည့်ခံပွဲတစ်ခုပြုလုပ်ပြီးတော့ ခင်ဗျားတို့နဲ့အတူ သေရည်သောက်ချင်ပါတယ်”

သူ၏အသံက လေထဲကို ပျံ့လွင့်သွား၏။ လွန်စွာဝေးကွာသော အရပ်မှ လူများသည်ပင် ထိုအသံကို ကြားနိုင်၏။

ကောင်းကင်အာဏာစက်ကျောင်းတော်သည် မကြာသေးခင်ကမှ လျှို့ဝှက်နယ်မြေဘုံကို စစ်ကြေညာခဲ့သည်။ ရီဖူရှင်းက ဘုံကိုးခုမှ အင်အားစုများကို စုစည်းကာ ငရဲတံခါးကို ရင်ဆိုင်တိုက်ခိုက်လိုသည်မှာ ထင်ရှား၏။

သူက ငရဲတံခါးကို ထိုးစစ်ဆင်တိုက်ခိုက်လိုသည်လား။

နတ်နန်းတော်၊ ရွှေရောင်နတ်ပြည်ထောင်နှင့် နတ်ဘုရားမာန်ဟုန်တောင်ကုန်းမှ လူများသည် သေရည်ဆိုင်အတွင်း၌ အတူရှိနေကြ၏။

ရှန်ကောင်းက ရီဖူရှင်း၏အသံကိုကြားလျှင် ပြောသည် “ဒီလူက ပါရမီမြင့်ပြီးတော့ ပြတ်သားခိုင်မာတဲ့စိတ်ဓာတ်နဲ့သတ္တိရှိတယ်။ သူသာ မြင့်မားတဲ့တန်ခိုးအဆင့်သို့ရောက်ရင် ခေါင်းဆောင်ကောင်းဖြစ်လိမ့်မယ်။ သူသာ ကျုပ်တို့ထဲက တစ်ယောက်ဖြစ်ရင် ရှန်ကလန်ဟာ ဒီထက် ပိုပြီးတော့ သန်မာလာမှာပဲ”

နတ်ဘုရားမာန်ဟုန်တောင်ကုန်းမှ ကျင့်ကြံသူတစ်ယောက်ကလည်း ပြောသည် “သူက ဘုံကိုးခုက အင်အားစုတွေကို စုစည်းပြီးတော့ ငရဲတံခါးကို တိုက်ခိုက်ချင်တယ်။ ဒါက သူတွေးထင်သလို မလွယ်ဘူး”

“အင်အားစုတွေ အတော်များများဟာ ပြင်ပဘုံနဲ့ဆက်စပ်နေပြီးတော့ ဒီအထဲမှာ ပါဝင်ပတ်သက်ဖို့ အများကြီးစဉ်းစားရလိမ့်မယ်” ပြင်ပဘုံတွင်ရှိသော နတ်ဘုရားမာန်ဟုန်တောင်ကုန်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မည်သည့်အခါမှ ပူးပေါင်းမည်မဟုတ်ပေ။

နတ်ဘုရားမာန်ဟုန်တောင်ကုန်းအပြင် တခြားသော ထိပ်သီးအင်အားစုများဖြစ်သော နေမင်းနန်းတော်၊ ယောင်ယွဲ့နတ်နန်းတော်တို့သည်လည်း ပြင်ပဘုံနှင့် ဆက်စပ်နေသည်။

ထို့အပြင် ငရဲတံခါးသည်သာ တစ်ဦးတည်းသောရန်သူဟု ရီဖူရှင်းက တွေးထင်နေသည်လား။

နတ်ဘုရားမာန်ဟုန်တောင်ကုန်းသည် ပြင်ပဘုံတွင်အခြေကျသော အင်အားစုများ၏စိုးရိမ်ပူပန်မှုနှင့် အပြုအမူသဘောထားများကို ကောင်းကောင်းနားလည်ပေသည်။

တခြားသောအရပ်တစ်ခုတွင် လူတစ်စု ထိုင်နေသည်။

ထိုလူများထဲတွင် နာမည်ကျော်ကြားသောပုဂ္ဂိုလ်များဖြစ်သော ကျန့်ချန်းကျူကဲ့သို့သောလူများ ရှိ၏။

သူတို့သည် ဗဟိုအင်ပါယာဘုံ၊ ထျန်ရှင်းကျောင်းတော်မှ လာခြင်းဖြစ်သည်။

ထျန်ရှင်းကျောင်းတော်သည် လေဟာနယ်ဘုံတွင် အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

“ကျုပ်တို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို တစ်ခေါက်တော့ သွားကြည့်သင့်တယ်မလား” ကျန့်ချန်းကျူက သူ့ဘေးမှ စီနီယာတစ်ယောက်ကို မေးသည်။

သို့သော်လည်း ထိုစီနီယာတန်ခိုးရှင်က အနည်းငယ်တွန့်ဆုတ်နေပြီးမှ ပြောသည် “ပြန်ရအောင်...”

ကျန့်ချန်းကျူကား အံ့အားသင့်သွားသည်။ သူတို့ အဘယ်ကြောင့် ပြန်သွားရမည်နည်း။

“သွားရအောင်...” ထိုစီနီယာတန်ခိုးရှင်က ထရပ်ကာ အပြင်ကို ထွက်သွားသည်။

ထျန်ရှင်းကျောင်းတော်၏လက်ရှိခေါင်းဆောင်မှာ ကျန့်မိသားစုမှ ဖြစ်သည်။ ကျန့်မိသားစုသည် ခိုင်မာသော နောက်ခံနှင့် အင်အားများရှိ၏။ သူတို့က အရှင်ဒွန်ဟောင်၏ညွှန်ကြားချက်အတိုင်း ထျန်ရှင်းကျောင်းတော်ကို တည်ထောင်ကာ ဘုံသုံးထောင်ကို ကျင့်ကြံခြင်းလမ်းစဉ်အား ချပြပေးခဲ့၏။

သူတို့အင်အားကြီးမားခြင်းမှာ မဟာအင်ပါယာ၏အထောက်အပံ့ကြောင့်ဟု လူအများအပြားက တွေးထင်ကြသည်။

အမှန်တကယ်တမ်းအားဖြင့် သူတို့သည် လေဟာနယ်ဘုံသို့ စေလွှတ်အပြစ်ပေးခြင်းခံရကြောင်း ကျန့်မိသားစုဝင်များသာ သိနားလည်ကြသည်။

ကျန့်မိသားစုသည် ပြင်ပဘုံတွင်ရှိသော ရှေးဟောင်းမိသားစုတစ်ခုဖြစ်ပေသည်။ သူတို့သည် မဟာအင်ပါယာ၏အပြစ်ပေးခြင်းခံရကာ လေဟာနယ်ဘုံသို့ ရောက်လာ၏။

လူအများက တွေးထင်သည်ထက် များစွာ အင်အားကြီးမားသည့်တိုင် သူတို့သည် မိမိကိုယ်ကို နှိမ့်ချနေထိုင်ကာ လူငယ်မျိုးဆက်များကို ပျိုးထောင်ပေးနေခဲ့ကြ၏။ သူတို့သည် ဗဟိုအင်ပါယာဘုံတွင် များစွာသော ထူးချွန်တန်ခိုးရှင်များအား ပျိုးထောင်ပေးပြီးဖြစ်သည်။

ထိုကျင့်ကြံသူများမှာ သူတို့၏အရင်းအမြစ်အစိတ်အပိုင်းများဖြစ်လာပေမည်။

သူတို့သည် ကျန့်ချန်းကျူအား ထျန်ရှင်းကျောင်းတော်၏ခေါင်းဆောင်နေရာအတွက် တထူးတလေ လေ့ကျင့်ပေးခဲ့၏။

ဤကား သူတို့၏ရည်မှန်းချက်ဖြစ်သည်။

နောင်တွင် သူသည် ပြင်ပဘုံမှ ကျန့်မိသားစု၏ခေါင်းဆောင်လည်း ဖြစ်လာပေမည်။

သို့သော်လည်း ယခု ရီဖူရှင်း၏ကျော်ကြားမှုသည် ကျန့်ချန်းကျူထက် သာလွန်နေ၏။

…

လူအများအပြားသည် ကောင်းကင်အာဏာစက်မြို့မှ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်လာခဲ့သည်။

သူတို့အားလုံးက ယနေ့ဖြစ်ပျက်ခဲ့သည်များအား ပြောဆိုဆွေးနွေးနေကြ၏။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ရီဖူရှင်းအပြင် နောက်ထပ်လူတစ်ယောက်သည်လည်း ထူးခြားသော အမြင်ကို ဖြစ်ပေါ်စေခဲ့၏။

သူကား မှော်နက်စစ်တပ်ကို ဟန့်တားခဲ့သော မေ့ထန်ဖြစ်သည်။

သူပါဝင်စွက်ဖက်ရခြင်းမှာလည်း မှော်နက်စစ်တပ်က သူ သေရည်သောက်ခြင်းကို အနှောင့်အယှက်ဖြစ်စေခဲ့သောကြောင့်ဖြစ်ဟန်ရသည်။

လက်ရှိတွင် သူသည် သေရည်ဆိုင်တွင် တစ်ယောက်တည်း ထိုင်ကာ သေရည်သောက်နေသည်။ ကျင့်ကြံသူအများအပြား သေရည်ဆိုင်အနီးတွင်ရှိသော်လည်း မည်သူမှ သူနှင့်သွားရောက်ကာ သေရည်မသောက်ရဲပေ။ သူတို့အားလုံး အဝေးမှသာ စောင့်ကြည့်ရဲကြ၏။

အနက်ရောင်ဝတ်လူကား ကြောက်မက်ဖွယ်ရာကောင်း၏။

သူက ကြမ္မာလောကမှ လူများအား လက်သီးတစ်ချက်ထိုးလိုက်ခြင်းက ရန်ဟောင်အများအပြားကို သေကြေပျက်စီးစေ၏။

မှော်နက်စစ်တပ်မှ မည်သူမှ သူနှင့် မတိုက်ခိုက်ရဲပေ။ သူ၏အနှိုင်းမဲ့စွမ်းအားသည် သက်သေထပ်ထူစရာမလိုတော့။

အရာအားလုံးပြီးသွားသောအခါ သူသည် တခြားလူများကို ရှိသည်မထင်ဘဲ ဆက်လက်၍ သေရည်သောက်နေသည်။

ဧည့်ခံပွဲကား ကောင်းကင်အာဏာစက်ကျောင်းတော်ထဲတွင် မြန်ဆန်စွာ စီစဉ်၏။ မရေမတွက်နိုင်သော ထိုင်ခုံများဖြင့် ဧည့်ခံပွဲသည် ကြီးမားခမ်းနားသည်။

ဗုဒ္ဓကျင့်ကြံသူများသည် ဧည့်ခံပွဲမတိုင်ခင်ထွက်သွားသော်လည်း နတ်နန်းတော်မှ လူများကား ကျန်ရစ်၏။

ထို့အပြင် ‌ယောင်ယွဲ့နတ်နန်းတော်မှ နတ်မိမယ်ချန်းရှီအပါအဝင် တခြားသော တန်ခိုးရှင်များလည်း တက်ရောက်ကြသည်။

စီဝေ့ဘုံ၊ ဝရိန်ခုနစ်ပါးကလန်မှ လူများလည်း တက်ရောက်ကြ၏။ သူတို့ကား ရီဖူရှင်းနှင့် အမြဲတမ်းအားဖြင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြသည်။

ဝရိန်ခုနစ်ပါးကလန်သည် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ပူးပေါင်းလိုစိတ်ရှိကြ၏။

ရီဖူရှင်းပြောသကဲ့သို့ အဖွဲ့တစ်ခုတည်းဖြင့် လာမည့်မုန်တိုင်းအား တောင့်ခံရန် ခက်ခဲပေသည်။ လူတိုင်းက အတတ်နိုင်ဆုံး မဟာမိတ်များဖွဲ့ကူ အတူတူရင်ဆိုင်ရန် လိုအပ်၏။

ရီဖူရှင်းသည် နတ်နန်းတော်သခင်အား ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ နန်းတော်သခင်ကား အသက် ၄၀ အရွယ်ခန့်ရှိကာ ခန့်ညားသော ရပ်ရည်ရှိသည်။ သူသည် အချိန်အများစုကို ကျင့်ကြံခြင်းများဖြင့် ကုန်ဆုံးနေကာ သူ့အား လူအများက မသိကြပေ။

နတ်နန်းတော်တွင်ပင် သူ့အား မြင်တွေ့ဖူးသူ သိပ်မရှိပေ။

ဟွမ်ကျောင်းသည် သူ့နောက်တွင် တိတ်ဆိတ်စွာ လိုက်ပါနေသည်။ ဟွမ်ကျောင်းသည် အက်ကြောင်းမဲ့နတ်ဝင်ရိုးကို ဖွဲ့စည်းကာ နာမည်ကျော်ကြားသူဖြစ်သော်လည်း နတ်နန်းတော်သခင်နောက်တွင် ကျိုးနွံစွာ ပြုမူသည်။

“ကျွန်တော်က ဘိုးဘေးနယ်မြေမှာ လေ့ကျင့်ဖူးပါတယ်။ ဒီနေ့ နန်းတော်သခင်ကို တွေ့ရတာ ကျွန်တော့အတွက် ဂုဏ်ယူစရာပါပဲ။ ကျွန်တော်က သေရည်သုံးခွက်နဲ့ နှုတ်ခွန်းဆက်ပါရစေ” ရီဖူရှင်းက ထရပ်ကာ နတ်နန်းတော်သခင်ကို ပြောသည်။ ရီဖူရှင်းက သေရည်သုံးခွက်ကို မြှောက်ကာ သောက်လိုက်သည်။

“မင်းက ငါ့ကို မတွေ့ဖူးပေမဲ့ ဘိုးဘေးနယ်မြေကို မင်းရောက်လာတုန်းက ငါ မင်းကို သတိထားမိတယ်။ ဒါပေမဲ့ ဘိုးဘေးနယ်မြေက မင်းအတွက် အဲလောက်အရေးမပါဘူးလို့ထင်တယ်” နတ်နန်းတော်သခင်က ပြုံးလျှက်ပြောသည်။ ဘိုးဘေးနယ်မြေကား ကျင့်ကြံသူများကို အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းရန် ကူညီပေးနိုင်သည်။ ရီဖူရှင်းက ထိုအရာကို မလိုအပ်ပေ။

“ကျွန်တော်က ဘိုးဘေးနယ်မြေမှာ အများကြီးသင်ယူခဲ့ရပါတယ်။ ကျွန်တော်က နတ်နန်းတော်ရဲ့တပည့်တစ်ယောက်လို့တောင် ပြောနိုင်တယ်” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

“မင်းက နတ်နန်းတော်မှာတုန်းက ဒီလောက် မနှိမ့်ချပါဘူး” နတ်နန်းတော်သခင်က ရယ်မော၏။ လူတိုင်းက ရီဖူရှင်းတစ်ယောက် နတ်နန်းတော်တွင် မည်မျှ မောက်မာရမ်းကားခဲ့သည်ကို တွေးကာ ရယ်မောကြ၏။

ဘေးမှ အရှင်ထိုက်ရွှမ်ကလည်း ဝင်ပြောသည် “ဖူရှင်းက နတ်နန်းတော်ရဲ့တပည့်တစ်ယောက်လို့ပြောနိုင်သလို ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တယ်။ ဒီလိုကြည့်ရင် ကောင်းကင်အာဏာစက်ကျောင်းတော်ဟာ နတ်နန်းတော်ရဲ့ အကိုင်းအခက်တစ်ခုလို့တောင် ပြောနိုင်တယ်။ ကျုပ်တို့က လူတွေကို ကျင့်ကြံခြင်းနည်းလမ်းတွေ သင်ကြားပေးပြီးတော့ ဇစ်မြစ်တစ်ခုတည်းက ဆင်းသက်လာကြတယ်။ ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ ရှန့်ရှောင်းနတ်နန်းတော်ကို အာကာသခရီးသွားဝင်္ကပါတစ်ခုနဲ့ ဆက်သွယ်ပြီးတော့ တပည့်တွေကို အချင်းချင်းကူးလူးဆက်ဆံစေရင် မကောင်းဘူးလား။ နှစ်ဘက်လုံးက ဒီအတွက် အကျိုးကျေးဇူးရှိမယ်လို့ ယူဆရတယ်”

“အရမ်းကောင်းတဲ့အစီအစဉ်ပဲ...နတ်နန်းတော်တပည့်တွေက ဒီကို အမြဲလာနေမှာပဲ စိုးရတယ်...” နတ်နန်းတော်သခင်က ရယ်မောကာ ပြောသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များစွာ မွေးထုတ်ပေးထားရာ ပုံမှန်အားဖြင့် အတော်ဆုံးသော တပည့်များအတွက် ပိုမိုဆွဲဆောင်နိုင်ပေသည်။

***

All Chapters