ကျောက်စိမ်းအရိုး ဖွဲ့စည်းပုံ
Vol. 1 Ch. 50
ချန်းဖန်က ရှုအောင်းအကြောင်း မေးမြန်းရန် ကျိုးထျန်ဟောက်အား ခေါ်လိုက်သည်။
"ရှုအောင်း သူက ချူကျိုးမြို့ကို ဘာလာလုပ်တာလဲ"
ကျိုးထျန်ဟောက်က ကြားလိုက် ရသည်ကို မယုံနိုင်ဘဲ အံ့အားသင့် သွားသည်။
"သူက တော်တော်ကို အင်အားကြီးလို့လား"
ချန်းဖန်က သိလိုစွာ မေးလိုက်သည်။
"ဆရာချန်း သူက ကျန်းပေ့ တစ်နယ်လုံးမှာတောင် အရမ်းကို မြင့်မားတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ထားတယ်"
ကျိုးထျန်ဟောက်က ပြန်ဖြေသည်။
"သူနဲ့ တတိယ သခင်ကြီးနဲ့ ယှဉ်ရင် ဘယ်လိုလဲ"
ချန်းဖန်က ယှဉ်မေးလိုက်သည်။
"တတိယ သခင်ကြီးက ပိုအားနည်းတယ်"
ကျိုးထျန်ဟောက်က ခေါင်းယမ်းသည်။
"ရှုအောင်းက ဟိုင်ကျိုးမြို့မှာ အရမ်း အောင်မြင်တဲ့ လုပ်ငန်းကြီး တစ်ခုကို ဦးစီးနေတာ တတိယ သခင်ကြီးရဲ့ လုပ်ငန်းက သူ့လုပ်ငန်းလောက် မကြီးဘူး"
"ဆရာချန်း ဘာဖြစ်လို့လဲ သူက ဆရာချန်းနဲ့ လာရှုပ်လို့လား"
ကျိုးထျန်ဟောက်က စိတ်လှုပ်ရှားစွာ မေးသည်။
"မဟုတ်ပါဘူး သူက ကျွန်တော့် သူငယ်ချင်းတွေထဲက တစ်ယောက်ရဲ့ အဖေပါ"
ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဒါကောင်းတယ် တတိယ သခင်ကြီးတောင် ရှုအောင်းကို သွားမရှုပ်ရဲဘူး"
"တကယ်လား ကျွန်တော်ထင်တာ ဝေ့မိသားစုက ကျန်းပေ့နယ်မှာ အင်အား အကြီးဆုံး မိသားစုလို့၊ တတိယ သခင်ကြီးက ဘာလို့ ရှုအောင်းကို ကြောက်ရတာလဲ"
"အင်း ပြောရရင် ရှုအောင်းက ဝေ့မိသားစု တစ်ခုလုံးရဲ့ အင်အားကိုတော့ မယှဉ်နိုင်ပေမဲ့ တတိယ သခင်ကြီးကတော့ မတူဘူးလေ တကယ်လို့ တတိယသခင်ကြီးနဲ့ ရှုအောင်းသာ ပြဿနာ တစ်ခုခု ဖြစ်ခဲ့ရင် အဘိုးဝေ့က တတိယ သခင်ကြီးဘက်က ရပ်တည်ပါ့မလား ဆိုတာက ပြောရခက်တယ်"
ကျိုးထျန်ဟောက်က မသက်မသာ ပြုံးရင်း ရှင်းပြသည်။
"ပြီးတော့ ရှုအောင်းရဲ့ ယောက္ခမကိုလည်း ထည့်တွက် ရဦးမယ်"
ကျိုးထျန်ဟောက်က ခဏမျှ ရပ်ပြီးနောက် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်ပါ အဓိက အချက်ကတော့ ကျန်းပေ့နယ်ထဲမှာ ဘယ်သူကမှ ရှုအောင်းကို မနှောင့်ယှက်ရဲဘူး ဆိုတာပဲ"
"ကိစ္စတွေက ထင်သလောက် မရိုးရှင်းဘူးပဲ"
ချန်းဖန်က နားလည်သွားပြီး ခေါင်းညိတ်သည်။ ရှုအောင်းက ယောက္ခမဖြစ်သူ၏ ကာကွယ်မှုကြောင့် ပိုမို အင်အား ကြီးနေခြင်း ဖြစ်သည်။
မနေ့ညက ရှုယုံဖေးတို့ သားအမိအပေါ် ဆက်ဆံပုံကို ကြည့်ခြင်းဖြင့် ရှုအောင်းက ပထမ အိမ်ထောင်ကို သံယောဇဉ် မပြတ်သေးပုံ ရသည်။ သို့သော်လည်း ယောက္ခမဖြစ်သူ၏ အရှိန်အဝါကြောင့် ဒုတိယဇနီး ကိုလည်း ကွာရှင်းလို့မရဘဲ ဗျာများနေခြင်း ဖြစ်သည်။
"ဆရာချန်း ကျုပ်တစ်ခုလောက် အကူအညီ တောင်းလို့ ရမလား"
ကျိုးထျန်ဟောက်က မဝံ့မရဲ မေးလိုက်သည်။
"ဘာများလဲ"
"နောက်လဝက်လောက် နေရင် သိုင်းပညာ တံခွန်စိုက်ပွဲ တစ်ခု ရှိတယ် ဒီပြိုင်ပွဲက ကျုပ်တို့ စီးပွားရေး လုပ်ငန်းတွေအတွက် အရမ်း အရေးပါတယ် အဲဒီက ရတဲ့ ရလဒ်ပေါ်မူတည်ပြီး နောက်နှစ်အတွက် အကျိုးအမြတ်ကို ခွဲဝေကြမှာ၊ မနှစ်ကတော့ အားပျောင်ကြောင့် မျက်နှာပန်း လှခဲ့တယ်၊ ဒါပေမဲ့ ဒီနှစ်ပြိုင်ပွဲကတော့ အရင်နှစ်တွေထက် ပိုပြီး ပြင်းထန်မှာ အသေအချာပဲ အတွင်းအား ပညာရှင်တွေပါ ပါလာမယ်လို့ ပြောတယ်"
ကျိုးထျန်ဟောက်က သက်ပြင်းချကာ ပြောသည်။
"သိုင်းပညာ တံခွန်စိုက်ပွဲ"
ချန်းဖန်က စိတ်ပျက် သွားရသည်။
"အမှန်ပဲ"
ကျိုးထျန်ဟောက်က ခေါင်းညိတ်သည်။
"ခင်ဗျားပြောတာ တရားမဝင် ကြိုးဝိုင်း သတ်ပွဲတော့ မဟုတ်ပါဘူးနော်"
ကျိုးထျန်ဟောက်က ရယ်ကာ ပြန်ပြောလေသည်။
"ဆရာချန်းရယ် ကျုပ်ရုပ်က လူမိုက်ရုပ်များ ပေါက်နေလို့လားဗျာ ဒါက ရိုးရိုး သိုင်းပညာ ပြိုင်ပွဲလေးပါ လူတိုင်းက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ အတိုင်း ပြိုင်ကြတာပါ ကြီးကြီးမားမား ထိခိုက်တဲ့အထိလည်း ပြိုင်ခွင့်မပေးပါဘူး၊ နှစ်ပေါင်းများစွာ လေ့ကျင့်ထားတဲ့ သိုင်းပညာရှင်တွေက ဒီပြိုင်ပွဲမှာ သူတို့ လေ့ကျင့်ထားသမျှကို လက်တွေ့ အသုံးချကြတယ်၊ သိုင်းပညာရှင်တွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေ အတိုင်း ပြိုင်ဖို့လိုတယ်၊ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်စီက သူတို့အတွက် ကိုယ်စားပြု ပြိုင်ပေးမဲ့ သိုင်းပညာရှင် တစ်ယောက်စီ ခေါ်လာခွင့်ရှိတယ်၊ ပြိုင်ပွဲက ထွက်လာတဲ့ ရလဒ်အတိုင်း နောက်နှစ်ရဲ့ လုပ်ငန်းရှယ်ယာ ပမာဏကို ဆုံးဖြတ်တယ်"
ကျိုးထျန်ဟောက်၏ အသံက ခါးသီးမှုတို့ ပြည့်နှက်နေသည်။
"အတွင်းအား ပညာရှင်တစ်ယောက်က ဘယ်လောက်စွမ်းလဲ ဆိုတာ ဆရာချန်းက ကျွန်တော့်ထက် ပိုသိပါတယ် လင်းပေါင် တစ်ယောက်တည်းနဲ့တောင် ကျုပ် သေမလို ဖြစ်ခဲ့ရတာ၊ ပြိုင်ပွဲမှာ လင်းပေါင် အဆင့်လောက် ရှိတဲ့သူတွေသာ ထပ်ပါလာခဲ့ရင် ကျုပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဘယ်လိုဆက်ပြီး ထိန်းသိမ်းရပါ့မလဲ"
နှစ်တိုင်း နှစ်တိုင်း ဒီလိုအချိန် ရောက်လာလျှင် ကျိုးထျန်ဟောက်မှာ မျက်နှာငယ် ရသည်။ သူ၏ စီးပွားပြိုင်ဘက်များက ကမ္ဘာကျော် မွေ့ထိုင်းချန်ပီယံများ၊ တိုက်ကွမ်ဒို ခါးပတ်နက်များ၊ တခြားသော သိုင်းပညာ ကျွမ်းကျင် ပညာရှင်များကို ဖိတ်ခေါ်ကြသော်လည်း သူ့တွင်တော့ အားပျောင် တစ်ယောက်သာ ရှိသည်။
အကယ်၍ ပြိုင်ပွဲအတွင်း အတွင်းအား ပညာရှင်များပါ ပါဝင်လာပါက အားပျောင်အနေနှင့် ပြိုင်ပွဲအစမှာတင် ကန်ထုတ်ခံရဖို့က သေချာ သလောက် ရှိနေသည်။
"ငါ့ကို အဲဒီ တံခွန်စိုက်ပွဲမှာ မင်းအတွက် တိုက်ခိုက် ပေးစေချင်တယ်ပေါ့"
ချန်းဖန်က မျက်မှောင်ကြုတ်ကာ မေးသည်။
"အမှန်ပါပဲ ဒါပေမဲ့ ဆရာချန်း ဆန္ဒမရှိရင် အတင်းအကျပ် မပြိုင်ခိုင်းရဲပါဘူး"
ကျိုးထျန်ဟောက်က အလျင်အမြန် ရှင်းပြလာသည်။
"တကယ်တော့ ကျုပ်အတွက် ယှဉ်ပြိုင်ပေးဖို့ ဆရာကောကို ဖိတ်ပြီးပါပြီ ဒါပေမဲ့ ဆရာကောက သိုင်းပြိုင်ပွဲတွေမှာ ဝင်မပါတာ ကြာပြီဆိုတော့ စိတ်ချရအောင်လို့ ဆရာချန်းကိုပါ ဖိတ်ချင်တာပါ ဆရာချန်းနဲ့သာဆိုရင် တခြားမြို့က လူတွေက ကျုပ်ကို အထင်သေးရဲတော့မှာ မဟုတ်ဘူး"
"ကောင်းပြီလေ ကျွန်တော် နားလည်ပါတယ် "
ချန်းဖန်က ခေါင်းညိတ်သည်။
"တိုက်ဆိုင်သွားတာက ကျွန်တော်ကလည်း အတွင်းအား ပညာရှင်တွေနဲ့ တွေ့ချင်နေတာ၊ ဒီတော့ ခင်ဗျားနဲ့ လိုက်ခဲ့ပေးမယ် သွားရမဲ့ အချိန် ရောက်ရင်သာ ကျွန်တော့်ကို အသိပေးပါ"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
ကျိုးထျန်ဟောက်က စိတ်လှုပ်ရှားစွာဖြင့် အထပ်ထပ် အခါခါ ခေါင်းညိတ် နေတော့သည်။
ရှုအောင်းအကြောင်း မေးမြန်း စုံစမ်းပြီးနောက် ချန်းဖန်က မှော်အစီအရင် ပြုလုပ်ရာတွင်သာ ပို၍ အာရုံစိုက်လိုက်သည်။
နှင်းတောင် အစီအရင်၏ အဓိက အစိတ်အပိုင်း လေးခုတွင် ဝိညာဉ် စုဆောင်းခြင်း အစီအရင်တစ်ခုသာ အပြီးသတ် ရသေးသည်။ ဝိညာဉ် ဆက်သွယ်ခြင်း အစီအရင်အတွက် လိုအပ်သော ပင်လယ်ရေအောက်မှ ကျောက်များကိုမူ တတိယသခင်ကြီးက ပို့ပေးပြီး ဖြစ်သည်။ နှင်းအစီအရင်နှင့် အကာအကွယ် အစီအရင်များ အတွက် လိုအပ်သော ကုန်ကြမ်း ပစ္စည်းများကိုကား ရှာဖွေနေဆဲပင်။
"စောင့်နေတုန်းမှာ ဝိညာဉ်ဆက်သွယ်ခြင်း အစီအရင်ကို အပြီးသတ် ထားသင့်တယ် ကျန်တဲ့နှစ်ခုကလည်း အရမ်းကြီး အရေးကြီးတာမှ မဟုတ်တာဘဲ"
ချန်းဖန်က ဆုံးဖြတ်လိုက်ပြီး ဒုတိယမြောက် အစိတ်အပိုင်းကို အပြီးသတ်ရန် ပြင်ဆင် လိုက်သည်။
အချိန်နှစ်ပတ်ခန့် ထပ်မံ ကုန်ဆုံးသွားသည်။ ချန်းဖန်သည် ကျောင်းမှ အတန်းပြီးသည်နှင့် အိမ်သို့သာ အပြေးအလွှား ပြန်လာပြီး ပင်လယ်ရေအောက် ပေတစ်ထောင်ကျော်မှ တူးဖော်လာခဲ့သော ကျောက်တုံးများနှင့်သာ အလုပ်ရှုပ် နေတော့သည်။
ထိုကျောက်တုံးများက ဆင်တစ်ကောင်၏ အရွယ်အစားခန့် ကြီးမားပြီး အလွန်လေးသည်။ သို့သော် သာမန် ဆန်လွန်းပြီး ရန်ကွေ့ရေကန်ထဲမှ ရေချီအနည်းကိုသာ စုပ်ယူနိုင်သည်။ ထို့ကြောင့် ဝိညာဉ် ဆက်သွယ်ခြင်း အစီအရင် ပြီးမြောက်ရန်မူကား ချန်းဖန်အနေနှင့် ကျောက်တုံးများ၏ အရွယ်အစား အပေါ် အားကိုးရန်သာ ရှိတော့သည်။
ပင်လယ်ရေအောက်မှ ကျောက်တုံးများကို မွမ်းမံရသော နည်းလမ်းမှာ ကျောက်စိမ်း အဆီအနှစ်အား မွမ်းမံရသော နည်းလမ်းနှင့် ကွဲပြားသည်။
ချန်းဖန်က သံကော်ပြား တစ်ခုကို လက်တွင် ကိုင်ထားပြီး မှော်စွမ်းအင် တချို့အား ကော်ပြား၏ အသွားသို့ ပို့ဆောင်ကာ ကြီးမားသော ကျောက်တုံးကြီးများ ပေါ်၌ ရှုပ်ထွေးသော မှော်သင်္ကေတများ ရေးထွင်းရသည်။ ဤသည်မှာ အခြေခံအကျဆုံးနှင့် အရိုးစင်းဆုံး နည်းလမ်း ဖြစ်သည်။ ဖျော့တော့သော ရွှေရောင် အလင်းလေးများက မှော်သင်္ကေတများ ရေးထွင်းထားသော အက်ကြောင်းကြားမှ ထွက်ပေါ်လာသည်။
ကျောက်တုံး တစ်တုံးပေါ်၌ အစီအရင်တစ်ခု ပြီးမြောက်ရန် ချန်းဖန်အတွက်ပင် နာရီပေါင်းများစွာ ကြာသည်။ ဝိညာဉ်ဆက်သွယ်ခြင်း အစီအရင်က ကျောက်တုံး ဆယ့်ခြောက်တုံး လိုအပ်ရာ သူက အချိန်ဖြုန်းဝံ့ပေ။ ချန်းဖန် တစ်ယောက် နေ့နေ့ညည တတ်နိုင်သမျှ မြန်မြန်ပြီးရန် အားစိုက်၍ ရေးထွင်းလျက် ရှိသည်။
"နောက်ဆုံးတော့..."
ချန်းဖန်က တောင်ထိပ်တွင် မတ်တတ်ကာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ အမည်းရောင် ကျောက်တုံးများက သူရပ်နေရာမှသည် ရေကန်အထိ လမ်းကြောင်း တစ်လျှောက် စီတန်းလို့နေသည်။ အကွာအဝေးက မီတာ ရာပေါင်းများစွာ ရှိသည်။ မှော်သင်္ကေတများ၊ စာလုံးများက ကျောက်တုံးများ၏ မျက်နှာပြင်အပြည့် နေရာယူထားသည်။ အကယ်၍ တစ်စုံတစ်ယောက်က သေချာ အနီးကပ်၍ ကြည့်မည် ဆိုပါလျှင် ကျောက်တုံးများ ပေါ်ရှိ သေးငယ်သော အက်ရာလေးများ ကြား၌ ရွှေရောင် အလင်းစက်လေး များကို မြင်ရမည် ဖြစ်သည်။
"နောက်တစ်ဆင့်က ဝိညာဉ်ဆက်သွယ်ခြင်း အစီအရင်ကို အသက်သွင်းဖို့ပဲ"
ချန်းဖန်က မြေပြင်ပေါ်တွင် ကြာပန်းသဏ္ဌာန် ထိုင်လိုက်သည်။ သူက ရေကန်ဘက်သို့ မျက်နှာမူထားပြီး မျက်လုံးများ မှိတ်ထားသည်။ ထို့နောက် ကိုယ်တွင်းမှ ဝိညာဉ် စွမ်းအင်ကို ဖြန့်ကြက်ကာ လေဟာနယ်နှင့် ချိတ်ဆက် လိုက်သည်။
ချန်းဖန်က မျက်လုံးများ မှိတ်ထားသဖြင့် အနက်ရောင် ဟင်းလင်းပြင်ကိုသာ မြင်နေရသော်လည်း ထိုအနက်ရောင် ဟင်းလင်ပြင်ထဲ၌ သေးငယ်သော အစက်လေး ဆယ့်ခြောက်စက်အား မြင်နေရသည်။ ၎င်းအစက် ဆယ့်ခြောက်စက်မှာ တခြားမဟုတ်။ ကျောက်တုံး ဆယ့်ခြောက်တုံးပင် ဖြစ်သည်။
"အသက်ဝင်"
ချန်းဖန်က အော်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအင်အား အနက်ရောင် ဟင်းလင်းပြင် အတွင်းရှိ ပထမဆုံးသော အစက်လေးနှင့် ဆက်သွယ် လိုက်သည်။
ပထမဆုံး အစက်လေးက မျက်စိကျိန်း လောက်အောင် တောက်ပ မလာသေးခင် တုန်ခါနေသေးသည်။ ထိုပထမ အစက်လေးထံမှ မြင်သာသော အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဒုတိယ အစက်လေးဆီသို့ ကူးစက် သွားသည်။ သို့နှင့် ဒုတိယ အစက်လေးမှသည် တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ စသည်ဖြင့် အစက် ဆယ့်ခြောက်စက်လုံး လင်းလက် သွားတော့သည်။
ကျောက်တုံး ဆယ့်ခြောက်တုံးက အနက်ရောင် ဟင်းလင်းပြင် အတွင်း၌ အလင်းလုံးများကဲ့သို့ အလွန် တောက်ပနေပြီး သူတို့၏ စွမ်းအင်အား ဝေးလံလှသော အကွာအဝေးမှပင် ခံစား သိနိုင်လောက်သည်။
လက်တွေ့ ကမ္ဘာတွင်တော့ ကျောက်တုံး ဆယ့်ခြောက်တုံးက နေရောင်ခြည်မှ ရောင်ပြန်ဟပ် သကဲ့သို့ ရွှေရောင် အလင်းဖျော့လေးများ ရစ်သိုင်းလျက် ရှိသည်။
"ရလုနီးပြီ"
ကျောက်တုံး ဆယ့်ခြောက်တုံးလုံး တစ်ပြိုင်နက် လင်းလက် လာသည့် အချိန်တွင် ချန်းဖန်က အစီအရင်၏ နောက်ဆုံး အဆင့်အား အပြီးသတ်ရန် အဆင်သင့် ပြင်ပြီး ဖြစ်သည်။
အစီအရင်၏ ပထမဆုံး စက္ကန့်ပိုင်းလေးကသာ အရေးအကြီးဆုံး ဖြစ်သည်။ အစီအရင် အသက်ဝင် လာသည်နှင့် ရန်ကွေ့ရေကန် အတွင်းရှိ ရေချီများမှာ အစီအရင် အတွင်းသို့ တစ်ဟုန်ထိုး ဝင်ရောက် လာမည် ဖြစ်သည်။ အကယ်၍ အစီအရင်က ရေချီပမာဏအား လက်ခံနိုင်လောက်အောင် ခိုင်ခံ့ခြင်း မရှိပါက အစီအရင်အပေါ် မည်သို့မျှ သက်ရောက်မည် မဟုတ်သော်လည်း အစီအရင် ဗဟို၌ အားလုံးကို ထိန်းချုပ်နေသော ချန်းဖန်အတွက် အန္တရာယ် ရှိပေသည်။ တစ်ခုခုသာ လွဲချော်သွားခဲ့ပါလျှင် သူ့အနေနှင့် ကျင့်ကြံခြင်း လမ်းစဉ်အပေါ် ဖိအားတချို့ ရှိလာနိုင်သည်။
ထိုစဉ်မှာပဲ အားကောင်းသော ရေချီလှိုင်းများက ကျောက်တုံး ဆယ့်ခြောက်တုံးအားဖြင့် ဖန်တီးထားသော လမ်းကြောင်းအတိုင်း အစီအရင် အတွင်းသို့ ဝင်ရောက် လာကြသည်။ ရေချီများ၏ ကြီးမားလှသော စွမ်းအားက စံအိမ်အတွင်းရှိ ဝိညာဉ်စုဆောင်းခြင်း အစီအရင်ကိုပါ နှိုးဆွလိုက်သလို ဖြစ်သွားပြီး ဝိညာဉ်စုဆောင်းခြင်း အစီအရင်က အလျင်အမြန်ပဲ အဆုံးစွန်သော ခံနိုင်စွမ်းအား ရောက်သည်အထိ အသက်ဝင် လာတော့သည်။
ချန်းဖန်က အစီအရင်၏ အရှေ့ဘက်တွင် ရှိနေခြင်းဖြစ်ရာ အားကောင်းလှသော စွမ်းအင်လှိုင်းမျိုးစုံက သူ့ထံသို့ အရူးအမူး ပြေးဝင် လာကြသည်။ ကံကောင်း သွားသည်မှာ အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်သည် သူ၏ အရိုးများနှင့် ကြွက်သားများအား လွန်စွာ သန်မာသည်အထိ ပြုပြင်ပေးထားသည်။ မဟုတ်ပါက ချန်းဖန်တစ်ယောက် ပြင်းထန်လှသော စွမ်းအားများကြောင့် မြေပြင်ပေါ် လဲကျနေလောက်ပြီ ဖြစ်သည်။ ချန်းဖန်က သူ့ခန္ဓာကိုယ် အတွင်း၌ စွမ်းအားများ တိုးလာလေလေ ဖိအားများ များလာလေလေ ဖြစ်သော်လည်း ထူးဆန်းစွာပင် လိုက်လျောညီထွေ ဖြစ်လာသည် ကိုလည်း ခံစားရသည်။
"ကောင်းလိုက်တာ"
ခန္ဓာကိုယ်အတွင်း တဖြည်းဖြည်း တိုး၍လာသော ဖိအားများက ချန်းဖန်အား မထိတ်လန့်စေပါ။ အဲဒီအစား သူက တိုးပွားလာသော စွမ်းအားများကြောင့် စိတ်လှုပ်ရှားမှုကိုသာ ခံစားရသည်။
ချန်းဖန်က မရေမတွက်နိုင်သော စွမ်းအင်များ ခန္ဓာကိုယ်တွင်းသို့ မရပ်မနား ဝင်နေသည်အား ခွင့်ပြု ထားလိုက်သည်။ စက္ကန့်တိုင်းတွင် သူ၏ ကြွက်သားများ၊ အရိုးများက ပို၍ သန်မာလာနေသည်။ အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်က ချီစွမ်းအင်များအား မည်မျှအထိ စုပ်ယူနိုင်သေးသလဲ ဟူ၍ပင် ချန်းဖန် သံသဃ ဖြစ်မိသည်။
အချိန်တစ်ခု ကြာပြီးနောက် သူ၏ အရိုးများက ကျောက်စိမ်းရောင် တောက်ပလာသည်။
မကြာမီတွင်ပဲ တောက်ပသော ကျောက်စိမ်းရောင်က ချန်းဖန်၏ တစ်ကိုယ်လုံးတွင်ရှိသော အရိုးပေါင်း ၂၀၆ခုသို့တိုင် ပျံ့နှံ့သွားသည်။ ထူးခြား ဆန်းကြယ်သော ပြောင်းလဲမှုကြီးတစ်ခု ချန်းဖန်၏ ကိုယ်တွင်း၌ စတင် ဖြစ်ပေါ်လာသည်။
ချန်းဖန်တစ်ယောက် မိမိကိုယ်ကို မဆန်းစစ် ရသေးခင်မှာပဲ အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်၏ ဒုတိယ အဆင့်ဖြစ်သော 'ကျောက်စိမ်းအရိုး ဖွဲ့စည်းပုံ' အဆင့်သို့ ရောက်ရှိ သွားလေသည်။
ချန်းဖန်၏ မျက်လုံးများက တဖြည်းဖြည်းချင်း ပွင့်လာပြီး စိတ်သက်သာရာ ရသွားသော သက်ပြင်းတစ်ချက် ချမိသည်။
ရန်ကွေ့ရေကန် အတွင်းမှ ရေချီများ ဒလောသော စီးဝင်နေခြင်းက ရပ်တန့်သွားပြီ ဖြစ်သည်။ ရေချီများက စမ်းရေ စီးဆင်းသကဲ့သို့ ခပ်ဖြည်းဖြည်း ချင်းသာ ဝိညာဉ် ဆက်သွယ်ခြင်း အစီအရင် အတွင်းသို့ စိမ့်ဝင် လာနေကြသည်။ ချန်းဖန် မျှော်လင့် ထားသည့်အတိုင်းပင် ဝိညာဉ်ချီများ၏ ပါဝင်မှုနှုန်းကြောင့် စံအိမ် ပတ်ဝန်းကျင်၌ မြူနှင်းထုတစ်ခု ဖြစ်ပေါ်လာပြီး စံအိမ်က ကျင့်ကြံသူ တစ်ယောက်၏ နေအိမ်နှင့် ပိုတူ သွားသယောင် ခံစားရသည်။
"ပင်လယ်ရေအောက်က ကျောက်တုံးတွေက ထင်သလောက် သက်ရောက်မှုတော့ မရှိဘူးပဲ နောက်ပိုင်းမှ အစားထိုးစရာ တစ်ခုခု ထပ်ရှာရမယ်"
ချန်းဖန်က တစ်ကိုယ်တည်း ညည်းညူလိုက်သည်။
အစီအရင်ကတော့ အောင်မြင်ခဲ့၍ တော်သေးသည်။
အခြားသော အုတ်မြစ် ထူထောင်ခြင်း ကျင့်စဉ်များနှင့် ကွဲပြားသည်မှာ အာကာသ သန့်စင် မွမ်းမံခြင်း ကျင့်စဉ်၌ အဆင့်ငါးဆင့် ရှိသည်။
ရေခဲအရေပြား၊ ကျောက်စိမ်းအရိုး၊ ငွေရောင်သွေး၊ ရွှေရောင်မျက်လုံးနှင့် တာအို ခန္ဓာကိုယ်တို့ ဖြစ်ကြသည်။
အဆင့် ငါးဆင့်လုံးကိုသာ အောင်မြင်သွားပါက ချန်းဖန်အနေနှင့် ပါရမီသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိရန် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ ပြည့်စုံသွားပြီ ဖြစ်သည်။ ပါရမီသန့်စင်ခြင်း အဆင့်တွင် သူ၏ ဝိညာဉ်စွမ်းအင်အား မည်သည့် ချီအမျိုးအစားနှင့်မဆို အခက်အခဲမရှိ လွယ်ကူစွာ ပေါင်းစပ် နိုင်သွားမှာပင်။
သို့သော်လည်း မဟာ တာအိုဂိုဏ်းတွင်ပင် လက်တစ်ဆုပ်စာ ပမာဏရှိသော လူများသာလျှင် တာအိုခန္ဓာကိုယ် အဆင့်သို့ အောင်အောင်မြင်မြင် ရောက်ရှိ နိုင်ကြသည်။
"ငါက ချီသန့်စင်ခြင်း အခြေခံအဆင့်ရဲ့ အလယ်ဆင့်မှာ တည်းက ရေခဲအရေပြား အဆင့်ကို အောင်မြင်ခဲ့ပေမဲ့ ဝိညာဉ် ဆက်သွယ်ခြင်း အစီအရင်သာ မရှိရင် အခုလို ကျောက်စိမ်းအရိုး ဖွဲ့စည်းပုံကို လွယ်လွယ်ကူကူ အောင်မြင်မှာ မဟုတ်ဘူး ကမ္ဘာပေါ်မှာ ကျင့်ကြံ ရတာကလည်း ရေဆန်ကို ဆန်တက် နေရသလို ပါပဲလား"
ချန်းဖန်က ရေရွတ်မိသည်။
သူက မတ်တတ် ရပ်လိုက်သည်တွင် သူ့ခန္ဓာကိုယ် တစ်ခုလုံးက အားသွင်းပြီးကာစ ဖုန်းတစ်လုံးကဲ့သို့ အင်အားအပြည့် ဖြစ်နေသည်ကို ခံစားမိ၏။ သူ့တစ်ကိုယ်လုံးရှိ အရိုးများက လွန်စွာ ခိုင်ခံ့နေပြီး မကျိုးနိုင်တော့သည့် ခံစားချက်မျိုး ဖြစ်သည်။
"ငါ့စွမ်းအားက နည်းနည်း တိုးလာပြီ ဆိုတော့... စမ်းသပ်ကြည့်ဖို့ပဲ လိုတော့တယ်"
ချန်းဖန်က လဲ့ချန်းကျွယ်တစ်ယောက် ယခုချက်ချင်း သူ့အိမ်တံခါးကို လာခေါက်ကာ လင်းပေါင်အတွက် လက်စား လာချေပါစေ ဟူ၍ပင် တွေးမိ၏။
ရုတ်တရက် သူ့ဖုန်းက မြည်လာခဲ့သည်။ ဖုန်းခေါ်သူမှာ ကျိုးထျန်ဟောက် ဖြစ်သည်။
ကျိုးထျန်ဟောက်က သိုင်းပညာ တံခွန်စိုက်ပွဲမှာ စတင်တော့မည် ဖြစ်ကြောင်း ချန်းဖန်အား အသိပေးရန် ဆက်သွယ်လာခဲ့ခြင်း ဖြစ်သည်။
***