ထပ်မံ တွေ့ဆုံခြင်း
Vol. 127 Ch. 1891
“ ငါလည်း မသေချာဘူး … ဒါပေမယ့် မစ်ဆူမိသားစုက ထုတ်တဲ့ ဆေးရည်ထက်တော့ အဆင့်ပိုမြင့်လောက်တယ်…”
လင်းရီ ပြောလိုက်သည်။ “ ဆေးရည်က နောက်သုံးလေးရက်ဆိုရင် ဟွာရှကို ရောက်လောက်ပြီ … သက်ဆိုင်ရာ ဌာနတွေကို သူတို့ဘာသူတို့ လေ့လာပါစေပေါ့ …”
“ မစ်ဆူ မိသားစုက ထုတ်တဲ့ ဆေးရည်နဲ့တင် အကျိုးသက်ရောက်မှုက အတော်လေး ကောင်းနေပြီကို တကယ်လို့ အဲ့ထက်ပိုမြင့်နေတယ်ဆိုလို့ကတော့ နိုင်ငံတကာ အခြေအနေက ပိုပြီး ပရမ်းပတာတွေ ဖြစ်လာတော့မှာပဲ …” ချိုးယွီလော့က အသံကိုနိမ့်ပြီး တိုးတိုးလေးပြောလိုက်သည်။
“ အချိန်တစ်ခုလောက်အထိတော့ နိုင်ငံတကာအရေးကို ဂရုစိုက်နေစရာ မလိုဘူး … တိလိရာ့ကျွန်းပေါ်က ခြေကုပ်အားကို မဆုံးရှုံးသေးသရွေ့ ငါတို့အပေါ် ဘယ်လောက်မှ ထိရောက်မှု ရှိမှာ မဟုတ်ဘူး …”
ကာတာ အကြောင်း ခေတ္တဆွေးနွေးပြီးနောက် ညစာ ထမင်းဝိုင်းမှာ စတင်ပြီး လှုပ်ရှားသက်ဝင်လာသည်။
ညသန်းခေါင်သို့ ရောက်သည်အထိ သောက်စားနေခဲ့ကြပြီးမှ လူတိုင်း ထွက်ခွာသွားခဲ့ကြ၏။
လင်းရီကတော့ တက္ကစီငှား၍ ပန်ဂုဟိုတယ်သို့ ပြန်လာခဲ့သည်။ သို့သော် လီချူးဟန်နှင့် ချောင်ရှင်းတို့က နိုးနိုးကြားကြား ရှိနေသေးပြီး သူ ရောက်အလာကို စောင့်မျှော်နေခဲ့ကြလေသည်။
“ အစ်ကိုရီ … “
လင်းရီ အပြင်တွင် မတ်တပ်ရပ်နေသည်ကို မြင်တော့ ချောင်ရှင်းက သူ့အား ဝမ်းပန်းတသာနှင့် အထဲသို့ ကြိုဆိုသည်။ လီချူးဟန်လည်း မတ်တပ်ရပ်လိုက်၏။ သို့သော် သူမ၏ သွင်ပြင်မှာတော့ သာမန်လျှံကာပင်။
လင်းရီ အပြုံးတစ်ပွင့်ဖြင့် ခေါင်းညိမ့်လိုက်ပြီး လီချူးဟန်အနားသို့ ရောက်လာခဲ့၏။
“ ဘယ်လိုနေသေးလဲ .. ပိုသက်သာလာပြီမလား …”
လီချူးဟန် ပြုံးပြီး ခေါင်းညိတ်လိုက်၏။ သူမ၏ မျက်ဝန်းတို့က နှစ်သက်ယုယမှုတို့ဖြင့် ပြည့်နှက်နေသည်။
“ ငါ အခု အားလုံး ကောင်းသွားပြီလို့ ခံစားရတယ်… မနက်ဖြန်ဆိုရင် ပုံမှန်လိုပဲ အလုပ်ပြန်လုပ်နိုင်နေပြီ…”
“ လောစရာ မလိုပါဘူး … မပြန်ခင် သုံးလေးရက်လောက် အနားယူလိုက်ဦး …”
“ ညီမလည်း အဲ့လို ပြောနေတာပဲ အစ်ကိုရီရေ … ဒါပေမယ့် အစ်မလီက နားမထောင်ဘူးရယ် …” ချောင်ရှင်းက တိုင်တောလိုက်၏။ “ သူပြောတာ အစ်ကိုရီ ပြန်လာတာနဲ့ ကျိုးဟိုင်ကို ချက်ချင်း ပြန်ပြီး အလုပ်တန်းဝင်မှာတဲ့ …”
“ မနက်ဖြန် ပြန်ဖို့ကတော့ အဆင်မပြေသေးဘူး .. ကိုယ့်မှာ တခြားလုပ်စရာတွေ ရှိသေးတယ်..” လင်းရီ အချိန်ကို တစ်ချက်ကြည့်၍ “ မနက်ဖြန် ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ပြီးပြီဆိုရင်တော့ မင်းတို့ကို မပြန်ခင် ရန်ကျင်း လိုက်ပို့ပေးလို့ရတယ်…”
လီချူးဟန် ညင်သာစွာ ခေါင်းညိမ့်လိုက်သည်။ “ နင် စီစဉ်တာကို နားထောင်မယ်လေ…”
“ ဒါဆိုလည်း အရင်နားကြမယ်… ဒီအချိန်ထိ နောက်ကြနေပြီကို မအိပ်ကြသေးဘူး ကြည့်စမ်း …”
ချောင်ရှင်း သူတို့နှစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
“ ညီမကတော့ ဒီမှာနေပြီး တတိယဘီး လုပ်မနေတော့ဘူး … အစ်မတို့နှစ်ယောက် ဒီမှာ အိပ်လိုက်ကြ … ညင်ညင်သာသာလေးလုပ်ဖို့လည်း သတိရကြဦးနော်…”
ပြောပြီးနောက် ချောင်ရှင်း အခန်းထဲကထွက်သွားခဲ့ပြီး မျက်နှာချင်းဆိုင် အခန်းထဲသို့ ဝင်သွားခဲ့သည်။
…………….
နောက်တစ်နေ့ နံနက်ခင်းတွင် သုံးယောက်သား မနက်စာ အတူစားပြီးနောက် လင်းရီသည် ကျုံးဝေ့တပ်ဖွဲ့သို့ ကားဖြင့် ရောက်လာခဲ့သည်။ ထို့နောက် လျိုဟုန်၏ ရုံးခန်းထဲသို့ ဦးတည်လိုက်၏။
လင်းရီ ဝင်လာသည်ကို မြင်တော့ လျိုဟုန် ချက်ချင်းပဲ သူ့လက်စ အလုပ်များအား ရပ်တန့်ထားလိုက်သည်။
“ မင်း ကာတာကနေ ယူလာတဲ့ ဥစ္စာက အခု လမ်းမှာ ရောက်နေပြီ … ရန်ကျင်းကို လေးငါးနာရီအတွင်းရောက်လာတော့မှာ ….”
“ အိုး .. တော်တော် မြန်တာပဲ …” လင်းရီ ပြုံးလိုက်သည်။ “ အဲ့တာက ဗီဇသွေးရည်ကြည်မှန်းတော့ သေချာတယ်… ဒါပေမယ့် ခင်များတို့လည်း ကိုယ့်ဘာကိုယ် လေ့လာလို့ရတယ်… ကျုပ် ဝင်စွက်ဖက်မှာ မဟုတ်ဘူး …”
လျိုဟုန် ခေါင်းညိတ်လိုက်သည်။ လင်းရီ ယခုလို ပြုလုပ်ပေးသည်က သူတို့အတွက် အတော်လေး အကျိုးဖြစ်ထွန်းစေသည်။
“ သူတို့ ဘယ်သူနဲ့ အပေးအယူ လုပ်နေလဲဆိုတာရော မင်းသိခဲ့သေးလား …”
လင်းရီ ခေါင်းခါယမ်းလိုက်၏။ “ အဲ့ကိစ္စက ကျုပ် စွမ်းဆောင်နိုင်တဲ့ လစ်မစ်ကို ကျော်လွန်နေပြီ … ဒါပေမယ့် သေချာတစ်တာ တစ်ခုကတော့ ဖောဆက်စ် အပေးအယူလုပ်နေတဲ့လူက အဖွဲ့အစည်းကြီး တစ်ခုကပဲ … ရှန်းလုံအသင်းတောင် သူတို့နဲ့ယှဉ်ရင် ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး .. ဒီတော့ ဒီအကြောင်း အတွေးလွန်မနေနဲ့တော့ …”
လျိုဟုန် ချက်ချင်းပဲ အတွေးနက်သွားခဲ့ရ၏။ လင်းရီ၏ အကျင့်စရိုက်အတိုင်းဆိုပါက သူ့အား ယခုကဲ့သို့ ပြောထွက်လာစေဖို့ဆိုသည်မှာ ဤကိစ္စက အင်မတန် လေးနက်သောကြောင့် ဖြစ်ရပေမည်။
ထို့ပြင် မစ်ရှင် ပြုလုပ်စဉ်အခါ၌လည်း စုန့်ကျင်းမင်က သူ့ဘေးတွင် ရှိနေခဲ့၏။ ဤသည်က သူတို့နှစ်ဦး ဆွေးနွေးမှုက ရလဒ်ဖြစ်နိုင်ပေသည်။
ဤအကြောင်းပြချက်ကြောင့်ပဲ လျိုဟုန် ရှေ့ဆက်မေးမြန်းခြင်း မရှိတော့ချေ။
ဘာလုပ်ရမလဲ ဆိုတာကိုတော့ … သူ အကြီးအကဲလုနှင့် ဆွေးနွေးဖို့လိုလေသည်။
“ အင်း … ဟုတ်ပြီ … ကျုံးဝေ့တပ်ဖွဲ့ထဲလည်း အချိန်တစ်ခုလောက်အထိတော့ ဘာလုပ်စရာမှ ရှိဦးမှာ မဟုတ်ဘူး … ဒီအတောအတွင်း ကောင်းကောင်းလေးနားလိုက် … ဒါပေမယ့် စိတ်ကိုတော့ အကောင်းဆုံးပြင်ဆင်ထားပေါ့ … ကျွန်းပေါ်မှာ အချိန်မရွေး မစ်ရှင် ပေါ်လာနိုင်တယ်… “
“ နားလည်ပြီ…”
လင်းရီ သာမန်လျှံကာ တုံ့ပြန်၍ လျိုဟုန်၏ ရုံးခန်းထဲကနေ ပြန်ထွက်လာခဲ့လိုက်သည်။ သို့သော် သူ၏ မျက်နှာအမူအရာမှာတော့ မှင်သေသေနှင့် ဖြစ်နေခဲ့လေသည်။
ရန်ကျင်းရှိ ကိစ္စများအားလုံးကို ကိုင်တွယ်ပြီးဖြစ်သောကြောင့် ဤနေရာ၌ ဆက်နေရန် အကြောင်းပြချက် မရှိတော့ချေ။ လီချူးဟန်နှင့် ရက်ပိုင်းမျှ အချိန်ဖြုန်းပြီးသည်နှင့် ပြန်ဖို့ကိစ္စ စီစဉ်သင့်လေပြီ။
သူ့တွင်လည်း ရွေးချယ်စရာ မရှိပေ။ ကျိုးဟိုင်သို့ ပြန်သွားရုံသာ ရှိ၏။
လျိုဟုန်၏ ရုံးခန်းထဲက ထွက်လာခဲ့ပြီးသည့်နောက် လင်းရီ အခြား ရုံးခန်းတစ်ခုသို့ ရောက်ရှိလာခဲ့ပြီး အသင်း ၁ ရှိ လူများနှင့် တွေ့သည်။
“ အစ်ကိုရီ … ဘော့စ်လျိုက မစ်ရှင်အသစ်တွေ ပေးလိုက်သေးလား …”
“ လောလောဆယ်တော့ မရှိသေးဘူး … အားလုံး နားချင်လည်းနား … ဒါမှမဟုတ် ကိုယ်လုပ်စရာတာကိုယ်လုပ်ကြ …”
“ ရှင် ကျိုးဟိုင်ကို ပြန်တော့မှာလားဟင် …” ရှောင်ပင်း မေးမြန်းလာခဲ့ပြီး “ ပြန်မယ်ဆို လမ်းသင့်တယ် … အတူပြန်ရအောင်လို့ …”
“ ငါ ဒီမှာ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ နည်းနည်းရှိသေးတယ်… မင်းတို့ ပြန်နှင့်ကြ …”
လူတိုင်း ခေါင်းညိမ့်လိုက်ကြ၏။ အရာအားလုံး ပြီးစီးသွားခဲ့ပြီ ဖြစ်သဖြင့် ယခုက ပြန်ရတော့မည့် အချိန်ပင်။
ရုံးခန်းထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြ၏။ မခွဲခွာမီ တစ်ရက်အလို၌ လူတိုင်းက အတူစုံပြီး အမူးသောက်ရန် ဟန်ပြင်နေခဲ့ကြသည်။
တစ်ချိန်တည်းတွင် လျန်ရူရွှယ်က လျန်ရှန့်ဟော်နှင့်အတူ ကျုံးဝေ့တပ်ဖွဲ့ ဂိတ်ပေါက်ဝသို့ ရောက်ရှိနေခဲ့လေသည်။
“ ဘိုးဘိုးကတော့လေ … အသက်ကြီးနေပြီကို ဘာလို့ ကျုံးဝေ့တပ်ဖွဲ့ကိစ္စတွေမှာ လိုက်ဝင်ပါနေသေးတာ … အိမ်မှာပဲ အေးဆေးနေပြီး ရေနွေးကြမ်းသောက်ရင်း အနားယူနေတာက ပိုမကောင်းဘူးလား …”
“ ကျုံးဝေ့တပ်ဖွဲ့က ဟွာရှမှာ အရေးကြီးတဲ့ နေရာတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ယူနစ်ပဲ … ၅ - ၈ အသင်းကို ဦးဆောင်တာက ဘိုးဘိုးတို့ လျန်မိသားစုအတွက် အကျိုးကျေးဇူးတွေ အများကြီး ရှိလာနိုင်တယ်… မြေးထင်နေသလို မရိုးရှင်းဘူး …” လျန်ရှန့်ဟော်က ရွှင်မြူးသည့် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ ပြီးတော့ ရှောင်မီ … မြေးလည်း ရန်ကျင်းရောက်နေတာ အတော်ကြာနေပြီမလား … ဘယ်တော့ ပြန်ဖို့ စဉ်းစားထားလဲ …"
ကျိုးဟိုင်သို့ ပြန်ဖို့ကိစ္စကို အကြောင်းစလာသည်တွင် လွမ်းဆွေးရိပ်တစ်ခုက လျန်ရူရွှယ်၏ မျက်နှာထက်၌ ထွက်ပေါ်လာခဲ့၏။
“ နောက်မှ ပြောကြတာပေါ့ … သမီး လောလောဆယ် ပြန်ချင်စိတ် မရှိသေးဘူး …”
လင်းရီ အသက်ရှင်လျက် ရှိနေသေးကြောင်းကို လျန်ရှန့်ဟော် သိသည်။ သို့သော် သူ့မြေးကိုတော့ ထုတ်မပြောပြခဲ့ချေ။
ထိုကဲ့သို့ ကိစ္စမျိုးက ရှင်းပြရ ခက်ခဲသဖြင့် လင်းရီ စိတ်ဆန္ဒရှိသည့်အတိုင်းပဲ ပြုလုပ်ရန် ဆုံးဖြတ်ထားလေသည်။
အမှန်တရားက မကြာမီ ထွက်ပေါ်လာလိမ့်မည်ဟု သူ ယုံကြည်သည်။
သို့ပေမယ့်လည်း … သူ့မြေးမလေး၏ ဆက်တိုက် စိတ်ဆင်းရဲနေသည့် အခြေအနေကို မြင်ရသည်က အဘိုးတစ်ယောက်အနေနှင့် အတော်လေး စိတ်ထဲ နေရခက်လှ၏။
“ ဒီမှာပဲ ဆက်နေသွားလို့တော့ မဖြစ်ဘူးနော်… အနှေးနဲ့ အမြန် ပြန်ရမယ် ဒါပဲ …”
“ အိုက်ယား … ဒီက ရက်နည်းနည်းကြာရင် ပြန်ပါမယ်လို့ ပြောပြီးပြီးမလား …”
“ မင်း အရင်ကလည်း အဲ့လို ပြောတာပဲ …” လျန်ရှန့်ဟော် ပြောလိုက်ပြီး “ ဒါပေမယ့် အဘိုးရဲ့ သဘောထားကိုတော့ လုံးဝ မပြောင်းလဲပေးနိုင်ဘူး … အဲ့ကောင် လင်းရီက ယုံကြည်လို့ ရတဲ့ကောင်မဟုတ်ဘူး … မြေးရဲ့ ကိစ္စကို အဘေိုး သဘောမတူဘူး …”
“ ဒီ အခြေအနေရောက်လာခဲ့ပြီးမှတော့ အဘိုးသဘောတူတာ မတူတာက ဘာအရေး . . . . . . . . “
လျန်ရူရွှယ် စကားတစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် သူမ လျန်ရှန့်ဟော်ကို လိုက်ပို့နေရင်း ကားက အခြေစိုက် စခန်းဝန်းထဲသို့ ရောက်ရှိလာသည်။ သို့သော် ထိုအချိန်မှာပဲ မာ့စ်တပ်ထားသည့် အမျိုးသားတစ်ဦးက အဆောက်အဦးထဲကနေ ထွက်လာသည်ကို သူမ မြင်တွေ့လိုက်ရ၏။
ထို အမျိုးသားကို မြင်တော့ လျန်ရူရွှယ် ကြက်သေသေသွားခဲ့သည်။
တစ်ဖက်လူက မျက်နှာကို မာ့စ်အုပ်ထားသော်လည်းပဲ အနှီ မျက်ဝန်းတစ်စုံကိုတော့ သူမ ဘယ်တော့မှ မေ့ပျောက်၍ရနိုင်မှာ မဟုတ်ချေ။
ယင်းမျက်ဝန်းတို့က လင်းရီနှင့် တစ်ထေရာတည်း တူညီနေခဲ့၏။
ထိုမျှမကသေး။ အရပ်အမောင်းနှင့် ပခုံးအကျယ်အဝန်းတို့ကပါ အံ့ဩဖို့ကောင်းလောက်အောင် ထပ်တူညီလုနီးပါး ဖြစ်နေခဲ့လေသည်။ ပုံစံခွက် တစ်ခုတည်းမှ ထွက်လာခဲ့သူများလားဟုတောင် ထင်မှတ်ယူရလောက်နီးပါးပင်။
ဒုတ် ဒုတ် ဒုတ် ဒုတ် …
လျန်ရူရွှယ်၏ ရင်ဘက် နှလုံးခုန်သံမှာ ရုတ်ချည်း ထိုးတက်လာသည်။ ကမ္ဘာပေါ်၌ ဤမျှ တစ်ထေရာတည်း ဆင်တူသည့် လူနှစ်ယောက် ရှိနေလိမ့်မည်ဟု သူမ မယုံကြည်ပါချေ။
တစ်ချိန်တည်း၌ လျန်ရှန့်ဟော်လည်း လင်းရီကို မြင်တွေ့သွားခဲ့သည်။
သို့သော် သူ ဘာမျှတော့ မဆိုချေ။ လူငယ်များအား သူတို့ကိစ္စ သူတို့ဖြေရှင်းခိုင်းသည်က ပိုကောင်း၏။
လျန်ရူရွှယ်၏ မျက်ဝန်းတို့က ထိုလူထံပါး၌သာ ငြှိတွယ်နေရင်း ထိုင်ခုံခါးပတ်ကို လျင်မြန်စွာ ဖြုတ်၍ ကားထဲက ထွက်လာ၏။
သို့သော် သူမ တုတ်တုတ်မလှုပ်ခဲ့ချေ။ လင်းရီကိုသာ အချိန်ကြာမြင့်စွာ စူးစိုက်ကြည့်နေခဲ့လေသည်။
သူမ၏ အကြည့်ကို အာရုံခံမိဟန်ဖြင့် လင်းရီလည်း လျန်ရူရွှယ် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ ခြေလှမ်းတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့ကာ ဆက် မလှုပ်ရှားတော့ချေ။
အကြည့်နှစ်ခုက လေထုအလယ်တွင် ဆုံတွေ့သွားခဲ့၏။
ညကောင်းကင်ယံရှိ ကြယ်များကဲ့သို့ ၊ တလက်လက် တောက်ပနေသည်။
အဆိုပါ အခိုက်အတန့်၌ လျန်ရူရွှယ်သည် လုံးဝဥဿုံကို သေချာနေခဲ့၏။
သူမအရှေ့တွင် မတ်တပ်ရပ်နေခဲ့သူက သူမ အနေ့နေ့ အညည အတွေးထဲရှိနေခဲ့သူပင် ဖြစ်ပေသည်။