သူတို့ကျတော့ ဘာလို့ လက်မှတ် ဝယ်စရာမလိုလဲ
Vol. 127 Ch. 1895
“ အစ်ကိုရီ … သူက လျှော့ဈေးပေးမယ် ပြောနေတယ်…”
ချောင်ရှင်း ပြောလိုက်သည်။
“ မင်းမှာ ဖြုန်းစရာ ငွေအတော် ပေါနေတယ် ဟုတ်လား … သူ့ အဲ့စကားတွေကို မင်းယုံရအောင် သူ့ကို ကျောက်စိမ်း ဧကရာဇ် ဒါမှမဟုတ် ကွမ်ရင် ဗုဒ္ဓလို့များ မင်းထင်နေလား …”
“ ဒါပေမယ့် အစ်မလီရဲ့ အသက်လမ်းကြောင်းက တိုတယ်လို့ သူပြောခဲ့တယ်လေ… အဲ့လိုကြားရတာ ညီမ စိတ်မသက်မသာ ဖြစ်တယ်..” ချောင်ရှင်း ရိုးရိုးသားသား အမှန်အတိုင်း ပြောလိုက်သည်။
“ အကုန် လိမ်နေတာ … ဒီတိုင်း အပျော်လို့ပဲ သဘောထားလိုက် … အတည်ယူစရာ မလိုဘူး …” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ သူသာ အသက်သက်တမ်းကို ဆွဲဆန့်ပေးနိုင်လောက်တဲ့ထိ စွမ်းနေမယ်ဆိုရင် ဒီလိုနေရာမျိုး လာပြီး ဗေဒင်လာဟောစားနေမယ်လို့ မင်းထင်လား …”
ရုတ်ချည်းဆိုသလို အစ်ကိုရီ ပြောသည့် စကားများက ယုတ္တိရှိသည်ဟု ချောင်ရှင်း ခံစားလိုက်ရ၏။
ကြည့်ရသည်မှာ သူမသည် ထိုလူအိုကြီးထံ၌ ယွမ် ၁၀၀ အလိမ်ခံလိုက်ရဟန်ပင်။
“ တခြားနေရာ သွားကြစို့ …”
“ အိုကေ …”
သို့ဖြင့် သုံးယောက်သား တောင်ပေါ်တက် ဆက်လက်ချီတက်ခဲ့ကြသည်။
တောင်အောက်ခြေနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အပေါ်သို့ တဖြည်းဖြည်းတက်လာသည်နှင့် သဘာဝ ရှုခင်းတို့က နည်းပါးလာသည်။ သို့သော် ချင်ခေတ်နောက်ပိုင်း အဆောက်အဦးတော်တော်များများကိုတော့ ခပ်စိပ်စိပ် မြင်တွေ့လာရ၏။
ရာဇဝင်အရတော့ ဤနေရာက အင်ပါယာ နှစ်သက်တော်မူသည့် နေရာတစ်ခုဟူ၍ပင်။ ၎င်းကိုလည်း လက်ရေးကျောက်စာများတွင် အတိအကျ မှတ်သားထားခဲ့၏။
သဘာဝရှုခင်းတို့ လျော့နည်းနေသော်လည်းပဲ အစဉ်အလာကြီးသည့် သမိုင်းအငွေ့အသက်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ရှန်းတောင်ပေါ်ရှိ ကျင်းရီဥယျာဉ်တွင် ခေတ္တ လည်ပတ်ကြည့်ရှုပြီးနောက် သူတို့သုံးယောက်မှာ ရှီယွင် ဘုရားကျောင်းထံသို့ ရောက်လာခဲ့ကြသည်။
ထိုနေရာသို့ ရောက်သည်နှင့် ‘ တကယ့်ကို လူကြိတ်ကြိတ်တိုး ‘ ဟူသည့် စကား၏ အနက်အဓိပ္ပာယ်ကို သူတို့ သဘောပေါက်သွားခဲ့ကြသည်။
လူအများစုကလည်း ထိုနေရာသို့ အမြန်တစ်ချက်သာ လာကြည့်ကြရင်း သက်ဝင်လှုပ်ရှားသည့် မြင်ကွင်းကို ဖြစ်ပေါ်နေစေသည်။
အနီးတစ်ဝိုက်ရှိ လေထုမှာ အမွှေးနံ့သာတိုင်တို့၏ ရနံ့တို့ဖြင့် ထုံလွှမ်းနေပြီး ကြီးမားသည့် လူတန်းကြီးက နံ့သာပူဇော်သည့် ဧရာမအိုးကြီးရှေ့တွင် တန်းစီနေလျက်ကာ ကြီးပွားချမ်းသာခြင်းနှင့် သက်ရှည်ကျန်းမာခြင်းတို့အတွက် တောင်းဆုပြုနေခဲ့ကြသည်။
ဤသည်ကိုမြင်တော့ ချောင်ရှင်း မည်သို့မျှ တောင့်မခံနိုင်ချေ။ ယွမ်သုံးဆယ်အသုံးပြု၍ နံ့သာတိုင် သုံးချောင်းဝယ်ကာ အမွှေးတိုင်အိုးတွင် စိုက်လိုက်ပြီး သူမလည်း အခြားတူများနည်းတူ တောင်းဆုပြုလိုက်သည်။
“ အစ်ကိုရီ .. ညီမ ဗိုက်နည်းနည်းဆာလာသလိုပဲ …”
အမွှေးတိုင် ပူဖော်ပြီးနောက် ချောင်ရှင်း သူမ၏ ဗိုက်ကို ပုတ်ရင်း ပြောလိုက်သည်။
လင်းရီ ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး မွန်းတည့်ကျော်နေပြီး ဖြစ်ကြောင်း သတိပြုမိလိုက်၏။ နေ့လည်စာစားဖို့ အချိန်သို့ပင် ရောက်ရှိနေချေပြီ။
“ ဒီလိုနေရာမျိုးမှာ စားသောက်ဆိုင်တွေကတော့ မရှားဘူး … ငါ တစ်ချက်သွားကြည့်ကြတာပေါ့ …”
လင်းရီ ရှေ့သို့ လှမ်းအနည်းငယ် လျှောက်လိုက်ရာတွင် တာအိုဝတ်ရုံနှင့် လူငယ်တစ်ဦးကို မြင်တွေ့လိုက်ရသည်။
ထမင်းစားလို့ရသည့်နေရာကို မေးမြန်းကြည့်ပြီးနောက် အမျိုးသမီးနှစ်ယောက်ထံ ပြန်လာခဲ့သည်။
“ ထမင်းစားခန်းက ရှီးယွင် ဘုရားကျောင်းမှာ .. အဲ့မှာ ဘုရားကျောင်းက လာလည်သူတွေကို အစားအသောက်တွေ ဒါနပြုနေတယ်ဆိုပဲ … အရသာက မဆိုးဘူးလို့တော့ ပြောတာပဲ …”
“ ဗိုက်ပြည့်ရင်ကို ရပြီ … ညကျမှပဲ ပြန်ပြီး ကောင်းကောင်းစားကြတာပေါ့ …”
လင်းရီ များများစားစား ဂရုစိုက်မနေချေ။ သုံးယောက်မှာ ထမင်းကျွေးသည့် နေရာသို့ ဖြည်းဖြည်းချင်း ရောက်လာခဲ့ကြ၏။
“ အာ … ဒီမှာ တကယ်ကြီး သိဒ္ဓိဆေးခန်းရှိနေတယ်….”
ထမင်းစားဖို့ သွားနေသည့်လမ်း၌ ချောင်ရှင်း အံ့အားတကြီး မြည်တမ်းလိုက်မိသည်။ သူမ၏ ပုံစံက အင်မတန် အံ့အားသင့်ဖို့ကောင်းသည့် အရာတစ်ခုကို တွေ့ရှိလိုက်ရသည့် ပုံစံ ဖြစ်နေသည်။
“ ဒီနေ့ခေတ် တာအိုပညာရှင်တွေက ဒီလိုမျိုး ဆေးတွေလည်း ဖော်နေကြပြီပေါ့…”
“ အထဲဝင်ပြီး တစ်ချက်ကြည့်ကြမလား ….”
“ အွန်း .. ကောင်းသားပဲ …”
ချောင်ရှင်း သူမ အိတ်ထဲမှ ဘီစကစ် နှစ်ထုပ် ယူကာ တစ်ထုပ်ကို လီချူးဟန်ထံ ပေးလိုက်သည်။
“ အစ်မလီ … ဒါနဲ့ ဗိုက်အရင် ဖြည့်ထားလိုက် …”
“ ငါ မဆာဘူး … နင်ပဲ စားနှင့်တော့ …”
“ ဒါဆိုလည်း သဘောပဲလေ…”
ချောင်ရှင်း ဘီစကစ် ထုပ်ကိုဖောက်၍ မလှမ်းမကမ်းရှိ ဆေးလုံး ဖော်စပ်သည့်အခန်းသို့ ဦးတည်သွားခဲ့သည်။
ထိုအချိန်မှာပဲ ချောင်ရှင်း၏ အံ့အားတကြီး မြည်တမ်းသံကို သူတို့နှစ်ယောက် ထပ်ကြားလိုက်ရပြန်သည်။
“ ဟင် အစ်ကိုရီ … ဒီမှာ အထဲဝင်ဖို့ ကြေးတစ်ခု သတ်မှတ်ထားတယ်နဲ့ တူတယ်နော်.. ကြည့်ရတာ ညီမတို့ ဝင်ချင်သလို ဝင်လို့မရတဲ့ ပုံပဲ …”
“ ဟုတ်လား .. ရတယ်လေ… အဲ့လောက်တော့ ငါ တတ်နိုင်ပါတယ်…”
သုံးယောက်သား အနားသို့ ရောက်လာသည်တွင် ဘေး၌ ဆိုင်းဘုတ်တစ်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။ ၎င်းဆိုင်းဘုတ်တွင် ဝင်ကြေးမည်မျှဖြစ်ကြောင်း ရေးသားထားလေသည်။
အတွင်းထဲသို့ လှည့်ပတ်ကြည့်ရှုအတွက် ဝင်ကြေးမှာမူ ၂၉၈ ယွမ်ဖြစ်ပြီး ပုံမှန် ၂၈ ယွမ်ကျသည့် လက်မှတ်တန်ကြေးနှင့် နှိုင်းယှဉ်မည်ဆိုလျှင်တော့ အတော်လေး ကွာဟကြီးမားနေသည့် ဈေးနှုန်းတစ်ခုပင်။
ဤနေရာက တည်ငြိမ်အေးချမ်းသည့် နေရာတစ်ခု ဖြစ်သင့်သော်လည်းပဲ တန်ကြေးပမာဏက ခရီးသွားဧည့်သည်များထံမှနေ၍ ငွေကို အတင်း ညှစ်ထုတ်နေသည်ဟု လင်းရီ မခံစားရဘဲ မနေနိုင်ချေ။
သို့သော်လည်း ထိုမြင့်မားသည့် ဈေးနှုန်းက အထူးအကျိုးခံစားခွင့်နှင့် ဖြစ်၏။
ထိုအထဲတွင် နေ့လည်စာ ဘူဖေးလည်း ပါဝင်သည်။ ထိုတစ်ချက်က လင်းရီကို ပေးရသည်မှာ မဆိုးဟု ပြန်ပြီး ခံစားသွားစေခဲ့၏။
သို့တိုင်အောင် လူတော်တော်များများက အတွင်း၌ လှည့်ပတ်ကြည့်ရှုဖို့ကို စိတ်မဝင်စားကြချေ။
အရှေ့တွင် စီတန်းနေသည့် လူတန်းက အနည်းငယ်သာလျှင် ရှိပြီး ၂၉၈ ယွမ်က ဈေးပေါသည့် ပမာဏ တစ်ခု မဟုတ်ချေ။ ခရီးသွား အများစုက တာအိုဘုရားကျောင်း၏ အတွင်းပိုင်း အဆောက်အဦးများကို စူးစမ်းလေ့လာသည်ထက် ဤနေရာရှိ သဘာဝ ရှုခင်းများကို ကြည့်ရှုခံစားဖို့ကို ပိုပြီး စိတ်အားထက်သန်နေသည်။ ထို့ကြောင့် လူတန်းကြီး၏ အရှည်မှာ သိပ်ရှည်လျားခြင်း မရှိခဲ့ချေ။
လင်းရီ ဖုန်းထုတ်၍ လူတန်းကြီးထဲ ဝင်ပါလိုက်ကာ ငွေချေဖို့ စကန်ဖတ်ရန် အဆင်သင့် ဖြစ်နေခဲ့၏။
လူတန်း၏ ရှေ့ဆုံး၌ တန်းစီနေသူမှာ သက်လတ်ပိုင်း လင်မယား စုံတွဲဖြစ်ပြီး နေကာမျက်မှန် ကိုယ်စီနှင့် အတော်လေး တောက်တောက်ပြောင်ပြောင် ဖြစ်နေကြသည်။
သို့သော် ယင်းစုံတွဲ၏ အပြုအမူတို့က အနည်းငယ် ထူးဆန်းနေခဲ့၏။ လက်မှတ်ဝယ်ရမည့် အချိန်ရောက်သည့်အခါ၌ သူတို့က တာအိုဂိုဏ်းဝင် လူငယ်လေးတစ်ယောက်ကို ဘေးသို့ ဆွဲခေါ်သွားပြီး နားထဲသို့ စကားတစ်ချို့ တီးတိုးပြောဆိုလိုက်သည်။ ထို့နောက် ဘုရားကျောင်းအတွင်းသို့ ပိုက်ဆံပေးချေခြင်း မရှိဘဲ ရုပ်တည်ကြီးများဖြင့် ဝင်ရောက်သွားခဲ့လေသည်။
“ လက်မှတ်ဈေးက တစ်ယောက်ကို ၂၉၈ ယွမ် .. နှစ်ယောက်ဆိုတော့ ၅၉၆ ယွမ် ကျမယ်…” လူငယ်မှ ပျင်းရိပျင်းတွဲ လေသံဖြင့် ပြောလိုက်သည်။
“ နေစမ်းပါဦး … ငါသိချင်တာ ရှေ့နှစ်ယောက်ကျတော့ ပိုက်ဆံ ပေးစရာမလိုဘဲ ဘာကိစ္စ ငါတို့ကျမှ လက်မှတ်ဝယ်ရမှာလဲ …”
လင်းရီတို့ အရှေ့၌ ရပ်နေသည့် သက်လတ်ပိုင်း အမျိုးသမီးနှင့် သူ့အမျိုးသားက မကျေမနပ် ဖြစ်နေသည့် အမူအရာများဖြင့် မေးခွန်းထုတ်လိုက်ကြသည်။
စစချင်းတုန်းကတော့ လင်းရီနှင့် ကျန်နှစ်ယောက်လည်း ထို စုံတွဲကို များများစားစား အမှုထားမနေခဲ့ကြချေ။ သို့သော် သက်လတ်ပိုင်း အမျိုးသမီး၏ ပြောစကားကို ကြားသောအခါမှ ထိုစုံတွဲ ကြည့်ရသည်မှာ အမှန်တကယ်ပင် ပိုက်ဆံ မပေးဘဲ အထဲ ဝင်သွားခဲ့ပုံ ရသည်။
ယင်းက နည်းနည်းတော့ ထူးဆန်း၏။ မည်သို့ပင်ဆိုစေ ထိုစုံတွဲ ဝတ်စားထားသည်မှာ ဤနေရာရှိ ဝန်ထမ်းများ၏ ယူနီဖောင်းနှင့် လားလားမျှ အပ်စပ်မနေချေ။
“ ဒါက …. “
ငွေလက်ခံနေသည့် လူငယ်လေးမှာ ကြက်သေသေသွားခဲ့၏။ သူ့ရှေ့ရှိ အမျိုးသမီး ဤသို့သော မေးခွန်းမျိုး မေးလာလိမ့်မည်လို့ သူ မျှော်လင့်မထားခဲ့ချေ။ သူ့မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး “ ခင်များတို့က သူတို့နဲ့ မတူဘူး … ခင်များတို့ အထဲဝင်ချင်ရင် ပိုက်ဆံပေးရမယ်… မပေးချင်ရင် မဝင်နဲ့ ..”
သက်လတ်ပိုင်း အမျိုးသမီး ကြည့်ရသည်မှာလည်း သည်းခံတတ်သည့် လူစားမျိုး ဖြစ်ပုံမရပေ။ တစ်ဖက်သူ၏ ရင့်သီးသည့် သဘောထားက သူမ၏ ဒေါသကို သွားဆွပေးမိလိုက်ဟန်ရသည်။
“ သူတို့လည်း မျက်လုံးနှစ်လုံး လက်နှစ်ဖက်နဲ့ … ငါတို့လည်း မျက်လုံးနှစ်လုံး လက်နှစ်ဖက်နဲ့ … ဘာကိုမတူရမှာ... ငါတို့ကျတော့ ဘာလို့ ပိုက်ဆံပေးရမှာလဲ …”
သက်လတ်ပိုင်း အမျိုးသမီးလည်း ပြန်လည်မေးခွန်းထုတ်လိုက်ကာ “ ငါ အခုချက်ချင်း သက်ဆိုင်ရာဆီ ဖုန်းဆက်ပြီး နင့်ကို တိုင်လို့ရတယ်ဆိုတာ နင်ယုံလား ..”
“ ခင်များ …”
တာအိုဝတ်ရုံနှင့် လူငယ်လေးမှာ အနည်းငယ် ပျာပျာသလဲ ဖြစ်သွားခဲ့၏။ အကယ်၍ သူသာ တိုင်တန်းခံလိုက်ရမည်ဆိုပါက တာအို ဘုရားကျောင်းတွင် ဆက်ပြီး အလုပ်လုပ်ကိုင်နိုင်တော့မှာ မဟုတ်ချေ။
ကောင်းကျိုးဆိုးပြစ်များကို သေချာချိန်ဆကြည့်ပြီးသည့်နောက် လူငယ်လေးမှာ ယခုလေးတင် ထွက်သွားခဲ့သည့် စုံတွဲထံသို့ လှမ်းအော်လိုက်၏။
“ ခင်များတို့နှစ်ယောက် ဒီကို ပြန်လာပေးနိုင်မလား …”
တစ်စုံတစ်ယောက်၏ နောက်မှ ပြောဆိုလာသည့် အသံကို ကြားတော့ ရှေ့ကနေ ထွက်သွားခဲ့သည့် စုံတွဲလည်း နောက်သို့ လှည့်ကြည့်လာသည်။ အမျိုးသား ဖြစ်သူက မေးမြန်းလိုက်၏။
“ ငါတို့ကို ပြောနေတာလား …”
“ ဟုတ်တယ် ဟုတ်တယ်… “ လူငယ်လေး၏ သဘောထားမှာ အနည်းငယ် တိုးတက်သွားခဲ့ပြီး အခက်တွေ့နေသည့် အမူအရာဖြင့် “ ခင်များတို့ ပြန်လာပြီး လက်မှတ်ဝယ်လိုက်တာ ကောင်းမယ်ထင်တယ်နော်…”
“ လက်မှတ် ဝယ်ရမယ် ဟုတ်လား …”
ဗိုက်ရွှဲရွှဲနှင့် အမျိုးသား၏ အမူအရာမှာ ကြည့်မလှတော့ချေ။ “ ငါ ဘယ်သူလဲဆိုတာ မင်းကို ပြောပြီးပြီမလား …. ငါက ဘာကိစ္စ လက်မှတ်ဝယ်ရမှာတုန်းကွ …”
“ အဲ့ဒါက …..” လူငယ်လေးမှာ ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီး “ ခင်များတို့ နှစ်ယောက် လက်မှတ် မဝယ်သွားတာကို အနောက်က လူတွေ မြင်သွားတယ်… အဲ့တာကို ရေးကြီးခွင်ကျယ်လုပ်နေတော့ ကျုပ်လည်း ဆက်ပြီး အလုပ်လုပ်လို့ မရတော့ဘူး …”
ဗိုက်ရွှဲရွှဲနှင့် အမျိုးသားမှာ မျက်လုံးမှေးကျဉ်းသွားခဲ့ပြီး ယခုလေးတင် သူ့အနောက်၌ တန်းစီနေခဲ့သည့် သက်လတ်ပိုင်း အမျိုးသမီးကို အမြင်မကြည်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ဒေါသတကြီးဖြင့် အနားသို့ ရောက်လာပြီး သူ၏ အိုင်ဒီကတ်ကို မြင်သာအောင် ထိုအမျိုးသမီး၏ မျက်လုံးရှေ့တည့်တည့်သို့ ထိုးပြလိုက်လေသည်။
“ ငါက အစိုးရအရာရှိပဲ … ဒီလာတာ လက်မှတ်ဝယ်စရာ မလိုဘူး … မင်း မကျေနပ်ဘူးလား …”
လင်းရီ ခေါင်းမော့၍ တစ်ဖက်လူ၏ အိုင်ဒီကို တစ်ချက်ကြည့်လိုက်သည်။ တစ်ဖက်သူက စည်ပင်အရာရှိ တစ်ဦးဖြစ်နေသည်ကို မြင်တော့ မနေနိုင်ဘဲ နှုတ်ခမ်းကိုက်မိလိုက်လေသည်။
ဘာလားဟ … စည်ပင်အရာရှိလေး တစ်ယောက်ကတောင် ဒီလောက်ထိ ဟိတ်ဟန်ထုတ်ကြွားဝါလို့ရနေပြီတဲ့လား …
ဒီလို ရှုမျှော်ခင်းနေရာတွေ လာတာတောင် လက်မှတ်ဝယ်စရာ မလိုဘူးပေါ့ ..
သူ့ အိုင်ဒီထုတ်လိုက်တာနဲ့ပဲ ဘုရားကျောင်း တစ်ခုလုံးက သူ့ကို ထိုင်ရှိခိုးရမလိုလိုနဲ့ …
“ ဆိုတော့ နင်က စည်ပင်အရာရှိ ဖြစ်တယ်ဆိုတော့ရော ဘာအရေးလဲ … ဒါ နင့်အိမ်မဟုတ်ဘူးဟဲ့ … လက်မှတ်မဝယ်လို့ ရစရာလား …”
သက်လတ်ပိုင်း အမျိုးသမီးမှာ မဟုတ်မခံ စိတ်ထားဖြင့် တစ်ဖက်သူ လာကြောသည်ကို လုံးဝ အလျှော့ပေးသည်းခံခြင်း မရှိပေ။
“ ငါ တစ်ခု ပြောလိုက်မယ်… နင် လက်မှတ်မဝယ်ဘူးဆိုရင် ငါတို့လည်း မဝယ်နိုင်ဘူး .. မဟုတ်ရင်တော့ နင့်ကို တိုင်ပြီ ....”