ကြီးပွားမယ့် အခွင့်အရေး
Vol. 127 Ch. 1897
တစ်ချိန်တည်းတွင် သူ့လက်အောက်ငယ်သားများအား အမြတ်ခွဲဝေပေးနေသည့် တာအိုဘုန်းတော်ကြီးလည်း လင်းရီနှင့် ကျန်သူများကို မြင်တွေ့သွားခဲ့လေသည်။
“ အိုး .. မင်းပါလား ကောင်လေး … ဘယ်လိုလဲ … မင်း သေချာစဉ်းစားပြီးသွားပြီလား …”
တာအိုဘုန်းတော်ကြီးက အပြုံးလေးဖြင့် ရောက်လာခဲ့ပြီး “ မင်းက ဒီနေရာအထိတောင် ရောက်လာခဲ့တယ်ဆိုတော့ မင်း စိတ်ရင်း အမှန်နဲ့ လာခဲ့တာကို ငါ ခံစားမိတယ်…. မင်းကို ပိုချိုတဲ့ ဈေးနဲ့ ပေးလိုက်မယ်ကွာ .. ယွမ် ၃,၀၀၀ နဲ့ မင်းကောင်မလေးရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးမယ် … နောင်ကျရင် လုပ်သမျှ အဆင်ပြေ … ကြံတိုင်းအောင် .. ဆောင်တိုင်းမြှောက်အောင် တစ်သက်စာပါ ဗေဒင်ကြည့်ပေးလိုက်ဦးမယ် … ဘယ်လိုအန္တရာယ်မျိုးနဲ့မှလည်း ကြုံရမှာ မဟုတ်တော့ဘူးနော်… ပြီးတော့ မင်း ပြန်အမ်းငွေ ရနိုင်မယ့် ပြေစာပါ ရဦးမှာ …”
“ ထားပါတော့ဗျာ …” လင်းရီ ပြောလိုက်ပြီး “ ခင်များတို့တွေ အမြတ်ငွေ ဝေတမ်းချနေတာကို ကျုပ် မတွေ့လိုက်ဘူး ထင်မနေနဲ့ … သတိထား … ကျုပ် တိုင်လိုက်လို့ရတယ်…”
ကျန်သည့် တာအိုဘုန်းတော်ကြီးများမှာ လင်းရီကို သတိထားသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်ကြ၏။
အနှီတာအိုဘုန်းတော်ကြီးကသာလျှင် အမှုမထားသည့် မျက်နှာအမူအရာဖြင့် ဖြစ်နေလေသည်။
အကယ်၍ လင်းရီသာ သူတို့ကို အမှန်တကယ် တိုင်တန်းချင်သည်ဆိုပါက ယခုလို သဘောထားမျိုး ဖြစ်နေမှာ မဟုတ်ချေ။
“ ညီငယ်လေးကလည်း … စိတ်အေးအေးထားစမ်းပါ … ဒီလိုမျိုး အချင်းချင်း မျက်နှာပျက်စေမယ့် စကားတွေ ပြောဖို့ လိုလို့လား … ငါတို့အားလုံးက ပုထုဇဉ်တွေပဲလေ… အင်မော်တယ်တွေတောင် စားဝတ်နေရေး ၊ လူမှုရေးတွေ ရှိသေးတာပဲမလား … ငါတို့အားလုံးက ဆက်ပြီး အသက်ရှင်နိုင်ဖို့ ဒီလိုတွေ တွန်းအားပေးခံနေရတာပဲ …”
တာအိုဘုန်းတော်ကြီး၏ သဘောထားမှာ အင်မတန် ကောင်းမွန်နေခဲ့သည်။ ဦးစွာအနေဖြင့် လင်းရီ သူတို့အား လိမ်ရိုက်မှုဖြင့် တိုင်တန်းမည်ကို စိုးရွံ့ခြင်း ရှိမနေချေ။
ဒုတိယအနေဖြင့် ဤလူများက အထဲသို့ လာရောက် လည်ပတ်နိုင်သဖြင့် ငွေကြေးအတော်အတန် ရှိသည့် လူစားမျိုးများ ဖြစ်ရမည်။ ထိုလူများအား သူ့ဘက်က ယဉ်ယဉ်ကျေးကျေးနှင့် ပြောရာပြေကြောင်း ပြောဆိုသည်က ပိုကောင်းလေသည်။
“ ခင်များမှာ တခြား လုပ်စရာမရှိဘူးဆိုလည်း ကျုပ်တို့ကို ဒီနေရာတစ်ဝိုက် လိုက်ပြပေးလေ…”
“ ဒီမှာ ကြည့်စရာ ဘာမှသိပ်မရှိဘူး .. ငါတို့ရဲ့ ဆေးဖော်စပ်တဲ့ အခန်းတစ်ခုထဲပဲ စိတ်ဝင်စားဖို့ ကောင်းတာ … ကျန်တာတွေက တခြားနေရာတွေနဲ့ အတူတူနီးပါးပဲ …”
တာအိုဘုန်းတော်ကြီး၏ စကားက ရှီးယွင် ဘုရားကျောင်းသည် အလိမ်အညာတစ်ခုထက် မပိုသော နေရာဖြစ်ကြောင်းကို အတည်ပြုပေးသွားခဲ့သည်။ သို့ပေမယ့်လည်း လူတို့သည် ထိုအရာကို မသိစိတ်အလျောက် ဖြစ်စေ၊ ကြောက်ရွံ့မှုကြောင့်ပဲ ဖြစ်စေ သက်ဝင်ယုံကြည်သူတို့ကလည်း မနည်းမနောပင်။ ၎င်းတို့ကိုတော့ လင်းရီ ဘာမျှ မပြောလိုပေ။ မည်သို့ပင်ဆိုစေ ဤလူများကလည်း ဓားထုတ်ပြီး တစ်ဖက်သူကို ဓားပြတိုက်နေကြသူများ မဟုတ်ကြပေ။ လှူဒါန်းသူတို့ကသာလျှင် လိုလိုလားလားနှင့် ပေးအပ်လာခဲ့ကြခြင်း ဖြစ်၏။
ပြောပြီးနောက် တာအိုဘုန်းတော်ကြီးမှာ လင်းရီနှင့် မိန်းကလေးနှစ်ယောက်ကို ဆေးဖော်စပ်သည့် အခန်းတစ်လျှောက် လိုက်လံပြသပေး၍ အတွင်းရှိ ထူးဆန်းသည့် အရာများအား ရှင်းပြပေးသည်။ လင်းရီသည် ဂရုတစိုက်နှင့် နားထောင်နေလျက် ရှိပြီး ဤနေရာရှိ ကိစ္စရပ်တို့အား အကြမ်းဖျင်း နားလည်သဘောပေါက်သွားခဲ့တော့သည်။ နောက်ပိုင်း၌ သူကိုယ်တိုင်လည်း တာအိုသျှင်တစ်ပါး ဖြစ်လာသည့် အခါ၌ ၎င်းတို့အခြေအနေနှင့် သိပ်ကွဲပြားလိမ့်မှာ မဟုတ်ကြောင်းကို သတိမူမိလိုက်လေသည်။
မည်သို့ပင်ဆိုစေ ရှီးယွင် ဘုရားကျောင်းက ဟွာရှရှိ အကြီးမားဆုံးသော တာအိုဘုရားကျောင်း တစ်ခုဖြစ်ပြီး အခြား နေရာတော်တော်များမှာ ဤနေရာကဲ့သို့ပင် ကောင်းမွန်ခြင်း မရှိပေ။
“ ဒီနေရာက ဆေးဖော်စပ်တဲ့အခန်း မဟုတ်ဘူးလား … ဒီမှာ ဘာလို့ ပြဒါးက ရှိနေရတာ … အဲ့တာက အဆိပ်မဟုတ်ဘူးလား ..” ချောင်ရှင်း မေးမြန်းလိုက်၏။
“ မိန်းမငယ်လေး .. မင်း နားမလည်ပါဘူး …” တာအိုဘုန်းတော်ကြီးက ဘဝင်ခိုက်နေသည့် အမူအရာဖြင့် “ ဒါက သိဒ္ဓိဆေးတွေ ဖော်စပ်တဲ့နေရာမှာ မပါမဖြစ် လိုအပ်တဲ့အရာပဲကွ … အင်မတန် တန်ဖိုးကြီးတယ်…”
“ သိဒ္ဓိဆေးတွေ ဟုတ်လား …” ချောင်ရှင်း မျက်လုံး လက်ခနဲ ဖြစ်သွားခဲ့ကာ “ ဒီခေတ်ကြီးမှာ အဲ့လို ဆေးတွေ ရှိသေးတယ်ပေါ့ .. ဒါဆို အဲ့သိဒ္ဓိဆေးတွေသောက်ရင် တကယ်ပဲ အင်မော်တယ်ဖြစ်သွားမှာလား …”
“ ဒါက …”
တာအိုဘုန်းတော်ကြီး၏ အမူအရာမှာ ခေတ္တ အေးခဲသွားခဲ့ပြီး ထို့နောက် တည်ကြည်စွာ ပြောလိုက်သည်။
“ ဒါပေါ့ … အဲ့ဟာတွေ စားပြီးလို့ မင်း မသေဘူးဆိုရင်တော့ အင်မော်တယ်ဖြစ်လာတာနဲ့ ခြားမှာ မဟုတ်တော့ဘူး …”
လင်းရီ “ …. “
ချောင်ရှင်း “ ….. “
“ အနှောင့်အယှက် ပေးမိတဲ့အတွက် စိတ်မရှိပါနဲ့ …”
ထို့နောက် လင်းရီတို့သုံးယောက်သား အခြားနေရာများသို့ ဆက်လက်လှည့်လည် ကြည့်ရှုရင်း မကြာမီ အစာအိမ်က အချက်ပြလာခဲ့၏။ နာရီငုံ့ကြည့်လိုက်တော့ ညနေခင်း တစ်နာရီပင် ကျော်နေလေချေပြီ။ သူတို့တွေ တစ်ခုခု အရင်စားသောက်ကြပြီးမှ ညနေပိုင်းတွင် ရှော့ပင်ထွက်ရန် ဆုံးဖြတ်လိုက်ကြသည်။
“ မင်းတို့ အရင်သွားစားနှင့်ကြ … ငါတို့မှာက ၂ နာရီကျရင် အခမ်းအနားတစ်ခု ရှိသေးတယ်… အားတယ်ဆို မင်းတို့အားလုံး လာပြီး တစ်ချက်ကြည့်ကြလေ… တစ်နှစ်မှာ တစ်ခါတည်း ကြုံရတဲ့ပွဲပဲ … မကြည့်လိုက်ရရင် နောက်နှစ်အထိ စောင့်နေရမှာ …”
“ ဘာပွဲမို့လို့ …”
ချောင်ရှင်း သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
“ ဆာလောင်တစ္ဆေပွဲတော်ရဲ့ အဓိက ရည်ရွယ်ချက်က တာအို ယဉ်ကျေးမှုကို ပြသတာပဲ … ဒါပေမယ့် မပူနဲ့ … ပိုက်ဆံကောက်တာ ဘာညာ မရှိဘူး … အလကား လာကြည့်လို့ရတယ်…”
“ ဒါဆိုလည်း ကောင်းပါပြီ … စားပြီးရင် ကျုပ်တို့ တစ်ချက် လာကြည့်လိုက်မယ်…”
တာအိုဘုန်းတော်ကြီးအား နှုတ်ဆက်စကား ပြောဆိုပြီးနောက် သုံးယောက်မှာ ရှီးယွင် ဘုရားကျောင်း၏ ဘူဖေးကျွေးသည့် နေရာသို့ ရောက်ရှိလာသည်။
လင်းရီ စစချင်းတုန်းက စိတ်ထဲ ထင်ထားခဲ့သည်မှာ နေ့လည်စာ စားချိန် လွန်သည်နှင့် ဤနေရာ၌ တန်းစီနေသည့် လူတို့က နည်းပါးသွားလိမ့်မည်ဟူ၍ပင်။ သို့သော် သူ တော်တော်လေး ရိုးအနေခဲ့မိကြောင်း သတိထားမိလိုက်၏။
နေ့လည် တစ်နာရီကျော်ပြီ ဖြစ်သော်လည်းပဲ လူတို့က အမျှင်မပြတ် ဝင်ထွက်သွားလာနေကြဆဲပင်။ ကံကောင်းစွာဖြင့် အစောပိုင်းတုန်းက ၂၉၈ ယွမ်တန် လက်မှတ်ကို လင်းရီတို့ ဝယ်ထားခဲ့မိ၍ပင်။ ပြေစာကို ပြသလိုက်သည်နှင့် တန်းစီသည့် လုပ်ငန်းစဉ်ကို ချက်ချင်း ကျော်ခွလိုက်နိုင်သည်။
သူတို့ စားသောက်၍ ရသည့် ဟင်းအမယ်တို့က ၁၂ မျိုးခန့်မျှ ရှိ၏။ သို့သော် ဟင်းအများစုက ကြေမွနေပြီး ဆီပင်ထည့်ထား၍လား မသိလောက်အောင်ကိုပင်။ အပြင်ဘက်ရှိ ယွမ် ၂၀ တန် ထမင်းဘူးလောက်ပင် အရသာ ကောင်းမွန်ခြင်း မရှိလှချေ။
သို့သော် သုံးယောက်မှာ များများစားစား စောဒကတက်မနေခဲ့ကြချေ။ သူတို့က ဤနေရာသို့ ရှုခင်း ကြည့်ရှုရန် ရောက်လာခဲ့ခြင်း ဖြစ်ပြီး လျှာကဝေလုပ်ဖို့ မဟုတ်ပေ။
ထိုစဉ် တာအိုသျှင်ဟု ထင်ရသည့် လူနှစ်ယောက်က ဝင်ပေါက်ဝ၌ ထွက်ပေါ်လာခဲ့၏။
တစ်ယောက်က အသက်ငါးဆယ် ဝန်းကျင်ဟု ထင်ရပြီး မျက်မှန်တပ်ထားကာ အသားအရေမှာ အနည်းငယ် ညိုညစ်ညစ်အရောင်ရှိသည်။ သို့သော် သူ၏ တစ်ကိုယ်လုံးက လန်းဆန်းတက်ကြွသည့် အရှိန်အဝါတို့ ဖြာထွက်နေသည်။
သူ့နာမည်က ကျန်းရန်ကျွင်း ဖြစ်ပြီး ရှီးယွင် ဘုရားကျောင်း၏ အကြီးအကဲခေါင်းဆောင် တစ်ဦးဖြစ်သည်။
ဆင်းရဲသည့် မိသားစုနောက်ခံမှ ဆင်းသက်လာပြီး ၁၈ နှစ် အရွယ်တွင် တာအိုသျှင်တစ်ပါး ဖြစ်လာခဲ့၏။
သူ့ဆရာထံပါးမှ လိမ်လည်လှည့်ဖျားသည့် ပညာကို တစ်ဖက်ကမ်းခတ်အောင် သင်ယူပြီးသည့်နောက်တွင် သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်သည့် ကောင်းမွန်သည့် ဘဝတစ်ခုအား ထုဆစ်လာနိုင်ခဲ့သည်။
အခြားရှုထောင့်တစ်ခုမှ ကြည့်ရှုမည်ဆိုပါက ကျန်းရန်ကျွင်းသည် ဤအတွက် ပါရမီပါလာခဲ့သည်ဟုပင် ဆိုရပေမည်။
အကယ်၍ သူ၏ ကြိုးပန်းအားထုတ်မှုတို့သာ မရှိဘူးဆိုပါက ရှီးယွင် ဘုရားကျောင်းမှာ ယနေ့လို အရွယ်အစားမျိုး ရောက်လာခဲ့မှာ မဟုတ်ချေ။
ကျန်းရန်ကျွင်းနံဘေးတွင်တော့ တာအိုဝတ်ရုံနှင့် လူငယ်တစ်ယောက် မတ်တပ်ရပ်နေသည်။
အသစ်ဂျတ်ချွတ် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ညိုသည့် အဆင်းက သူ့ကို ရှိရင်းစွဲအသက်အရွယ်ထက် အနည်းငယ် ရင့်ကျက်သွားစေသည်။
“ ရှောင်ကျူး … ခဏနေပွဲကိုတော့ မင်းကို ငါ အားကိုးရမှာပဲ …” ကျန်းရန်ကျွင်း ပြောလိုက်သည်။
တာအိုဝတ်ရုံနှင် လူငယ်လေး၏ နာမည်က ကျူးကျင်းဝူ ဖြစ်ပြီး MMA ကစားသမား တစ်ယောက် ဖြစ်ခဲ့ဖူးသူပင်။ သူ၏ ကိုယ်ကာယ ဘော်ဒီဖွဲ့စည်းပုံကလည်း ကျစ်လျစ်သည့် ကြွက်သားတို့ဖြင့် ထိပ်တန်းဖြစ်၏။ တာအိုဝတ်စုံနှင့် ဖြစ်သော်လည်း မိန်းကလေးတစ်ချို့၏ ငမ်းငမ်းတက်အကြည့်များကို မကြာခဏ ရင်ဆိုင်ရလေ့ရှိသည်။
သူတို့နှစ်ဦးက MMA ပွဲတစ်ခု၌ အမှတ်မထင် ဆုံတွေ့ခဲ့ကြပြီး အကြောင်းတစ်ချို့ကြောင့် အသိမိတ်ဆွေများ ဖြစ်သွားခဲ့ကြသည်။ ထိုစဉ်အချိန်မှစ၍ ကျူးကျွင်းဝူလည်း တာအိုသျှင်တစ်ပါးအဖြစ် အသွင်ကူးပြောင်း၍ ပိုက်ဆံရှာသည်က သူ ကြိုးဝိုင်းအတွင်းထိုးသတ်ပြီး ရှာသည့် ဝင်ငွေထက်ပင် ပိုကောင်းကြောင်း သတိပြုမိလာခဲ့သည်။ သိပ်မကြာမီမှာပဲ သူသည်လည်း ရှီးယွင် ဘုရားကျောင်းသို့ ဝင်ရောက်၍ တာအိုသျှင်တစ်ပါးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုတော့သည်။
လူအထင်ကြီးစေရန်အလို့ငှာ တာအိုနှင့် သက်ဆိုင်သည့် ကျမ်းဂန် ပညာရပ်များကို တစိုက်မတ်မတ် လေ့လာဆည်းပူးရင်း တစ်ဖက်တစ်လမ်းကလည်း လူများအား လှည့်စားနည်း၊ အယုံသွင်းနည်းအဖုံဖုံကို ကျန်းရန်ကျွင်းက ဆရာသဖွယ် ကျောဖိရင်ဖိ သင်ကြားပြသပေးနေခဲ့ကာ ယခုဆို အားကိုးရသည့် လက်ထောက်တစ်ယောက် ဖြစ်လို့နေချေပြီ။
စစပိုင်းတွင် သူရှာနိုင်သည့် ဝင်ငွေက MMA ကစားစဉ်ကထက် သိသိသာသာ တိုးပွားလာခြင်း မရှိသော်လည်းပဲ စကားလုံးအနည်းငယ်ပြောရုံမျှဖြင့် ထိုမျှ ငွေဝင်နေသည်ကတော့ ကြိုးဝိုင်းအတွင်း၌ အသားအနာခံ ၊ အသက်ကို လောင်းကြေးထပ်ပြီး ပိုက်ဆံရှာရသည်ထက်တော့ အများအပြား ပိုသက်သာလေသည်။
ထို့ကြောင့် တာအိုဂိုဏ်းအတွင်းသို့ ခြေစုံပစ်ဝင်ရစ် သူ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းပင်။
“ မပူနဲ့ အစ်ကိုကျွင်း .. ဘာပြဿနာမှ မရှိစေရဘူး … ပွဲစပြီဆိုတာနဲ့ ကျုပ်ရဲ့ အရည်အချင်းကို သူတို့တွေ မြင်အောင် ပြလိုက်မယ်… သူတို့အားလုံး အံ့ဩဘနန်းတွေ ဖြစ်ကုန်ပြီး လိုလိုလားလား ပိုက်ဆံထုတ်ပေးစေဖို့ အာမခံတယ်….”
“ ငါ သင်ပေးထားတဲ့ လုပ်ရိုးလုပ်စဉ်တွေကိုသာ ကြေညှက်နေသာ သေချာပါစေစမ်းပါ … အဲ့တာဆို အားလုံး အဆင်ပြေတယ်…” ကျန်းရန်ကျွင်း ပြောလိုက်ပြီး “ ငါ ကုန်ကုန်ပြောမယ်… သူတို့ကို အစွမ်းကုန် လှည့်စားပစ် …”
“ စိတ်ချ … အစွမ်းကုန်ထုတ်ပြီးကို လှည့်စားပစ်မယ်…”
ကျန်းရန်ကျွင်း ခေါင်းတညိတ်ညိတ်နှင့် ပတ်ဝန်းကျင်ကို လေးနက်တည်ကြည်စွာ တစ်ချက်ကြည့်လိုက်ကာ “ မင်းရဲ့ ဘေးဘီကို တစ်ချက်ကြည့်စမ်း … တစ်နာရီ ကျော်နေပြီကို လူတွေက ထမင်းစားဖို့ စောင့်နေကြတုန်းပဲ … ဒီတစ်ခေါက် လာတဲ့ ဧည့်သည်တွေက တော်တော်များတယ် ပြောလို့ရတယ် … ငါတို့သာ ဒီလူတွေကို ကောင်းကောင်း အရူးလုပ်နိုင်ရင် ဒီနေ့ရတဲ့ ငွေနဲ့ အက်ကော့ဒ်တစ်စင်းလောက် ဆွဲဖို့က အသာလေးပဲ …”
“ နားလည်ပြီ …” ကျူးကျင်းဝူ ထိုစကားကို ဂရုတစိုက်နှင့် နှလုံးသွင်းလိုက်ပြီး “ ကျုပ်အရင်ကလည်း လက်သီးအတုတွေ အများကြီး ထိုးဖူးပါတယ်… ကျုပ်ရဲ့ သရုပ်ဆောင်အရည်အချင်းကို စိတ်ချထားလိုက် …”
“ အဲ့လိုဆို ငါစိတ်ချပြီ …”
သို့နှင့် ကျန်းရန်ကျွင်းသည် လက်နောက်ပစ်လျက် ဆရာကြီးတစ်ပါး အမူအရာဖြင့် “ သွားစို့ … ငါတို့ အသင့်ပြင်ထားဖို့ အချိန်ကျပြီ….”
နှစ်ယောက် ထွက်ခွာတော့မည့် အချိန်မှာပဲ ကျယ်လောင်သည့် အော်ဟစ်သံတစ်သံက ထမင်းစားခန်းတစ်လျှောက်သို့ ပျံ့လွင့်လာသည်။
“ ရန်ရန် … သတိထား … ရှေ့ကိုသေချာကြည့် … ဇွတ်မပြေးနဲ့ …”
ဘုတ် …
ဆယ်နှစ်အရွယ်ရှိမည့် ကောင်လေး တစ်ယောက်သည် အခြားကလေး တစ်ယောက်နှင့် ပြေးလွှားဆော့ကစားနေရင်း တိုင်လုံးကြီး တစ်တိုင်နှင့် ဝင်တိုက်မိကာ ကြမ်းပြင်ပေါ် လဲကျသွားခဲ့တော့သည်။
ကလေးမှာ တစ်ခဏမျှ ထိတ်လန့်သွားခဲ့ဟန်ရပြီး ထို့နောက်တွင်တော့ အသံပြဲကြီးဖြင့် ကျယ်လောင်စွာ အော်ငိုတော့သည်။
ဤသည်ကို မြင်တော့ ကျန်းရန်ကျွင်းမှာ မျက်လုံးလက်ခနဲ ဖြစ်လာသည်။ ငွေရပေါက် တစ်ခုကို သူ အနံ့ခံမိလိုက်၏။
“ မြန်မြန် မြန်မြန် … ဒါ ငါတို့ ကြီးပွားမယ့် အခွင့်အရေးကြီးပဲကွ … မင်း တစ်ချက် သွားကြည့်ကြည့်စမ်း …”