တာအိုသျှင်၏ အတွင်းအား
Vol. 127 Ch. 1899
ကောင်ငယ်လေး၏ မိခင်က သူတို့ကို တရစပ် ကျေးဇူးတွေ တင်နေပြီး ထို့နောက် သားငယ်အား ပွေ့ကာ ဆေးစစ်ဆေးမှုပြုရန် ခေါ်ဆောင်သွားခဲ့သည်။
ဖြစ်စဉ်တစ်ခုလုံး၌ သူမ ကြည့်ရသည်မှာ သူမကိုယ်သူမ အလိမ်ခံလိုက်ရမည့်ဘေးမှ လက်မတင်လေး လွတ်သွားခဲ့သည်ကို သတိပြုမိဟန် မတူပေ။
သူမတစ်ဦးတည်းသာလျှင် မဟုတ်။ ထမင်းစားခန်းထဲရှိ အခြား ကျန်သူများလည်း ကျူးကျင်းဝူက လူလိမ်တစ်ဦး ဖြစ်သည့်အကြောင်းကို သတိထားမိကြဟန် မတူပေ။ ထိုအစား တကယ့် စစ်မှန်သည့် ကျွမ်းကျင်သူကြီး တစ်ယောက်ဟုပင် စိတ်က ခံစားမိကာ လေးစားရိုသေ ဂါရဝပြုနေလိုက်ကြသေးသည်။
၎င်းအား ကြည့်သည့် မျက်ဝန်းတို့ထဲ၌ အထင်ကြီး လေးစားရိပ်တို့က ကြီးစိုးနေပြီး အခြားတစ်ဖက်၌ ကောင်ငယ်လေးအား လက်တွေ့အစစ်အမှန် ကုသပေးခဲ့သည့် လင်းရီနှင့် လီချူးဟန်တို့မှာတော့ များများစားစား အာရုံစူးစိုက်ခံရခြင်း မရှိပေ။
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါမိလိုက်သည်။ ရှိနေသည့် ဤလူများအားလုံး အသက်ပြန်ငယ်၍ ကိုးနှစ်တာ ပညာရေးကို သေချာလေး သင်ယူမှုပြုသည့်သူဟု သူခံစားလိုက်ရသည်။
ကျန်းထိုက်ကုန်း ပြောဖူးသည့် စကားက တကယ့်ကို လက်တွေ့တရားတို့ဖြင့် ကိုက်ညီနေသည်။
---- ငါးစာကို ဟပ်ချင်တဲ့လူကတော့ သိလျက်နဲ့လည်း လိုလိုလားလားကို ဟပ်ကြတာပါပဲ ….
သူတို့နှစ်ဦး ဖော်ထုတ်ခံလိုက်ရခြင်း မရှိသည်ကို မြင်တော့ ကျန်းရန်ကျွင်းနှင့် ကျူးကျင်းဝူတို့လည်း ဆက်ပြီး ရှိမနေကြတော့ချေ။
ရှိနေကြသည့် လူတိုင်းဘက်သို့ တစ်ချက် အရိုအသေပေးပြိးနောက် မလိုလားအပ်သည့် ပြဿနာများအား ရှောင်ကြဉ်ရန်အတွက် ထမင်းစားခန်းထဲမှ ထွက်သွားခဲ့လေသည်။
အစောပိုင်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သူတို့၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ကြကြောင်းကို သတိပြုမိနိုင်သည်။
“ သေစမ်းကွာ … ချီးလိုမှပဲ … ဘယ်ကလာမှန်းမသိတဲ့ကောင်တွေက ကျုပ်အစီအစဉ်ကို ဖျက်စီးသွားတယ်…”
ကျူးကျင်းဝူ ကျိန်ဆဲလိုက်သည်။
“ အဲ့မိန်းမက ချိတ်ထဲတောင် မိနေပြီ … ယွမ် ထောင်ဂဏန်း အနည်းငယ်လောက်ကတော့ အသာလေးပဲ … ဒါပေမယ့် ဟိုကောင်လုပ်တာနဲ့ အကုန်ရှုပ်ကုန်ရော …”
“ မင်းကြည့်ရတာ အဲ့ပိုက်ဆံရဖို့ ကံမပါလာလို့ နေမှာပေါ့ …”
ကျန်းရန်ကျွင်းမှာ ကျူးကျင်းဝူထက် အများအပြား တည်ငြိမ်နေခဲ့သည်။ “ မေ့လိုက်တော့ … အနည်းဆုံးတော့ ငါတို့ကောင်တွေ ဖော်ထုတ်မခံလိုက်ရတာ ကံကောင်းသွားတယ် ပြောရမယ်… အဲ့လူတွေက ငါတို့အပေါ် အထင်မြင်ကောင်းတွေ ရှိနေသေးတုန်းပဲ … ခဏနေ ဆာလောင်တစ္ဆေပွဲမှာ တင်ဆက်တဲ့အချိန်ကျ ပိုကောင်းတဲ့ ရလဒ်တွေ ရရင် ရလာနိုင်တယ်… အဲ့တာကမှ ငွေရှာနိုင်မယ့် တကယ့်အခွင့်အလမ်းကြီးပဲ …”
ကျူးကျင်းဝူ ခေါင်းညိတ်လိုက်သည်။ “ ကျုပ်သွားပြီး တင်ဆက်ဖို့ ပြင်ဆင်ထားလိုက်တော့မယ်… ဒီနှစ် ကားအသစ် ကိုင်နိုင်မကိုင်နိုင်က အဲ့ဒီအပေါ် မူတည်နေပြီပဲ …”
“ အင်း .. ပြီးတော့ ငါတို့ဗီလာအသစ်ဆီ ရွေ့နိုင် မရွေ့နိုင်ကလည်း ခဏနေ မင်းသရုပ်ပြမယ့် စွမ်းရည်အပေါ် မူတည်နေပြီ …”
“ ကျုပ်နဲ့ လွှဲထားလိုက် …”
……….
ထမင်းစားခန်း အတွင်း၌ လူတို့မှာ စားသောက်ပြီးစီး၍ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။
သူတို့က နောက်လာမည့် ဆာလောင်တစ္ဆေ ပွဲတော်ကို ကြည့်ဖို့ ဟန်ပြင်နေကြခြင်း ဖြစ်၏။
သို့သော်လည်း လင်းရီနှင့် မိန်းကလေးနှစ်ယာက်ကတော့ အလျင်လိုနေခြင်း မရှိပေ။ စိတ်အေးသက်သာစွာဖြင့်သာ ဆက်ပြီး စားသောက်နေလျက်ရှိ၏။
သူတို့အတွက်က အပြင်ထွက်ခြင်း ဆိုသည်မှာ အေးဆေး သက်တောင့်သက်သာ ဖြစ်စွာ အနားယူခြင်း ဖြစ်၏။ ထို့ကြောင့် အလျင်လိုနေဖို့ မလိုအပ်ချေ။
“ အစ်ကိုရီ … ဒီရဲ့ တာအိုဘုရားကျောင်းက လူလိမ်တွေ စုဝေးကြတဲ့ နေရာတစ်ခုလို့ ညီမဘာလို့ ခံစားနေရလဲ မသိဘူး …”
ချောင်ရှင်း စားနေရင်းဖြင့် တီးတိုးမေးမြန်းလာခဲ့သည်။
“အပြင်က ကျာဖြန့်တွေတောင် ဒီက တာအိုဘုန်းကြီးတွေလောက် လိမ်တာ အဆင်မချောလောက်ဘူး …”
“ ဒီလိုနေရာမျိုးက ဒီလိုမျိုးဖြစ်နေတာ သာမန်ပါပဲ …” လင်းရီ ပြောလိုက်ပြီး “ တာအိုဘုရားကျောင်းမှ မဟုတ်ပါဘူး … တခြား ဘုရားကျောင်းတွေလည်း အတူတူနဲ့ အနူနူတွေချည်းပဲ … သူတို့တွေ ရိုးရိုးရှင်းရှင်းနဲ့ ခပ်နွမ်းနွမ်းဝတ်ထားတာကို သွားပြီး အထင်မသေးလိုက်နဲ့ .. သူတို့ ရနေတဲ့ ဝင်ငွေက မင်းထက်တောင် ကောင်းသေးတယ်…’
“ တကယ်ကြီး ပြောနေတာလား … အဲ့လောက်ဆိုးရွားနေတာကြီးကတော့ မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား …” ချောင်ရှင်း အံ့အားတကြီး ပြောလိုက်မိပြီး “ အစ်မလီနဲ့ ညီမတို့နှစ်ယောက်က ဝင်ငွေကောင်းတဲ့လူတွေလို့ သတ်မှတ်လို့ရတယ်လေ… ဒါတောင် သူတို့တွေက ညီမတို့နှစ်ယောက်ထက် ပိုပြီး ဝင်ငွေကောင်းနေတယ်ပေါ့ …”
“ ဒါပေါ့ … ဒါကြောင့်မို့ မင်းနောင်ကျ ဒီလိုနေရာမျိုးတွေ လာဖြစ်ရင် ဒီတိုင်းလေးပဲကြည့် … ဘာ ပိုက်ဆံမှမသုံးနဲ့ …”
“ ဒီလူတွေ အရမ်းလွန်တာပဲ … အစိုးရကရော ဒီတိုင်း ထိုင်ကြည့်နေရောလား … “ ချောင်ရှင်း မခံမရပ်နိုင်ဖြစ်စွာ ပြောလိုက်သည်။
“ သူတို့လည်း ဒီကိစ္စ ဘာတတ်နိုင်မှာ … သူများက အတင်းဝယ်ခိုင်း ၊ အတင်းရောင်းနေတာလည်း မဟုတ် … ဒီလူတွေကိုက လိုလိုချင်ချင်နဲ့ တောင်းဆိုနေကြမှတော့ သူတို့ငွေလိမ်ခံရရင်တောင် သူများကို အပြစ်တင်လို့ ဘယ်ရမှာ … အမှန်ဆို ဒီခုလာတဲ့ လူတွေထဲမှာလည်း သူတို့ပြောတာတွေက အဓိပ္ပာယ်မရှိ အလိမ်အညာတွေမှန်း သိတဲ့လူတွေလည်းပါတယ်… သူတို့လည်း ဘာမှမပြောဘူးလေ… ဒီတိုင်း အပျင်းပြေသဘောမျိုး ဘေးမှ ရပ်ကြည့်နေကြတာပဲ …”
“ အိုး အိုး … နားလည်ပြီ …” ချောင်ရှင်း နှုတ်ခမ်းကိုက်လျက် ဤလူများအား လုံးဝ နားမလည်နိုင်တော့ဟု ခံစားနေရ၏။
မိနစ် နှစ်ဆယ်ခန့် ကြာပြီးသည့်နောက် သုံးယောက်သား စားသောက်ပြီးစီးသွားခဲ့ကာ ဆာလောင်တစ္ဆေပွဲတော်ဟူသည် မည်သို့သော ပွဲမျိုး ဖြစ်သည်ကို သွားကြည့်ရန် ဟန်ပြင်လိုက်ကြသည်။
ထမင်းစားခန်းမက ပွဲကျင်းပရာနေရာနှင့် အလှမ်းသိပ်ကွာဝေးခြင်း မရှိပေ။ ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးသည်နှင့် ပွဲကျင်းပရာ နေရာသို့ ရောက်ရှိလာသည်။
အဓိကခန်းမကြီး၏ ရှေ့မှောက်တွင် ဘောလုံးကွင်းတစ်ဝက် အကျယ်အဝန်းရှိမည့် ကွင်းပြင်ကြီး တစ်ခု ရှိနေပြီး ရောင်စုံအလံများအား နေရာအနှံ့တွင် ချိတ်ဆွဲထားကာ အထူးစည်ကား သက်ဝင်လှုပ်ရှားတော့၏။
သူတို့ သုံးဦး ရောက်လာသည့် အချိန်၌ ဆာလောင်တစ္ဆေပွဲတော်မှာ စတင်နေပြီး ဖြစ်၏။ တာအိုဘုန်းတော်ကြီး ပြောခဲ့သည့်အတိုင်း ဆာလောင်တစ္ဆေ ပွဲတော်က သူတို့၏ တာအိုဝါဒကို လူများအကြား ဖြန့်ကျက်နိုင်ရေးအတွက် ပြသသည့် ရှိုးပွဲတစ်ခု ဖြစ်သည်။
ချောင်ရှင်းသည် လင်းရီနှင့် လီချူးဟန်ကို လက်ဖြင့်ချိတ်ပြီး ရှေ့ဆုံးတန်းသို့ ဆွဲခေါ်လာသည်။
ရှေ့၌ တင်ဆက်ပြသနေသည်မှာ တာအိုသျှင် တစ်အုပ်စု၏ ဓားရေးအကဖြစ်၏။
ရှီးယွင် ဘုရားကျောင်း၌ လူလိမ်တို့ များစွာ ရှိနေသော်လည်းပဲ လက်ရှိ အစီအစဉ်က အတော်လေး အဆင့်အတန်းမြင့်တဲထဲ ပါပြီး လူတော်တော်များများ၏ အထင်ကြီး လေးစားမှုကိုပါ ရရှိနေလျက်ရှိသည်။
ဓားရေးအက ဖျော်ဖြေတင်ဆက်မှုပြီးသည့်နောက် နောက်လာသည့် အရာက ရှုချင် တင်ဆက်မှု ဖြစ်၏။
ဤနေရာက တာအိုဘုရားကျောင်း ဆိုသော်လည်းပဲ ဤတစ်ကြိမ် ဖျော်ဖြေတင်ဆက်ရန် ထွက်လာခဲ့သူများကတော့ သွယ်လျသည့် ခါးဆိုဒ်တို့ဖြင့် ကိုယ်လုံးကိုယ်ပေါက် လှပသည့် ပျိုကညာတစ်သိုက် ဖြစ်လို့နေလေသည်။ အားလုံး၏ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်က အလယ်ဆင့်နှင့် အထက်၌ တည်ရှိနေလျက် ရှိသည်။
ဘုရားကျောင်း အကြီးအကဲက အတော်လေး နတ်ဘုရားဆန်သည့် လူစားမျိုး ဖြစ်ရမည်ဟု လင်းရီ တွေးတောမိသွားခဲ့သည်။ အကယ်၍ ဤအတိုင်း ဆက်လက်နေမည်ဆိုပါက တာအိုဘုရားကျောင်းများသည် ဟွာရှတစ်ခွင်လုံး၌ အထင်ကရနေရာတစ်ခု ဖြစ်လာကာ ခရီးသွားတော်တော်များများကို ကျိန်းသေပေါက် ဆွဲဆောင်နိုင်ပေလိမ့်မည်။
ရှုချင် တင်ဆက်မှုပြီးသည်နှင့် ကောင်းချီးပေးခြင်း အခမ်းအနား ကျင်းပရန် အချိန်အခါပင်။
ဤသည်က ဆာလောင်တစ္ဆေပွဲတော်၏ အဓိက ကဏ္ဍတစ်ရပ်ဖြစ်ပြီး လူတိုင်းကလည်း နောင်လာမည့် နေ့ရက်များ၌ ငြိမ်းချမ်းမှု၊ ကြွယ်ဝမှုနှင့် ၊ ဘေးကင်းလုံခြုံရေးတို့အတွက် ကောင်းချီးကို ခံစားလိုကြသည်။
တာအိုဘုရားကျောင်အတွက်ကတော့ ကောင်းချီးပေးခြင်း အခမ်းအနားမှာ သူတို့ အနုစိတ် ပြင်ဆင်ထားသည့် အဓိက ပွဲအခမ်းအနားများထဲမှ တစ်ခု ဖြစ်၏။
ခရီးသွားဧည့်သည်များ အမှန်စင်စစ် ကောင်းမွန်စွာ နေထိုင်နိုင်ရေးကို သူတို့တတွေ အလိုရှိသောကြောင့်တော့ မဟုတ်ဘဲ ဤသည်က သူတို့အတွက် ပစ္စည်းပစ္စယတို့ ရောင်းချရန် ဂွင်ကောင်းတစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။
ဈေးအပေါဆုံး ပစ္စည်းကပင် တစ်ခုကို ၈၉ ယွမ်ရှိပြီး ဈေးအကြီးဆုံးဆိုပါက ယွမ် တစ်သောင်းပင် ကျော်သည်။
သို့တိုင် … လူတိုင်းက စိတ်အား ထက်သန်စွာဖြင့် သူတို့၏ ပိုက်ဆံအိတ်များကို လိုလိုချင်ချင်နှင့် ဖွင့်ပေးကာ ထိုအရာများအား ဝယ်ယူခဲ့ကြသည်။
ကောင်းချီးပေးသည့် အခမ်းအနားက နာရီဝက်မျှ ကြာညောင်းပြီး ၎င်းနောက် ဘုရားကျောင်း၏ အကြီးအကဲဖြစ်သူ ကျန်းရန်ကျွင်းသည် တာအိုဝတ်ရုံနှင့် လူအုပ်ကြီး၏ ရှေ့မှောက်၌ ထွက်ပေါ်လာခဲ့၏။
နွေးထွေးသည့်အပြုံး၊ လောကသက်ရှိတိုင်းကို ကြင်နာတတ်သည့် အရှိန်အဝါတို့က သူ့ကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေကာ ရှုမြင်သူတို့အား သူသည် ကမ္ဘာကြီးတစ်ခုလုံးကို လက်ဖဝါးထဲ ထည့်ထားသည့် နတ်ဘုရားသက်ရှိနှယ် စိတ်အတွင်း၌ ခံစားနေရစေသည်။
“ လူတိုင်း တာအိုယဉ်ကျေးမှုကို ပိုပြီး ကောင်းကောင်းမွန်မွန် နားလည်သဘောပေါက်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရည်ရွယ်ပြီး ကျုပ်တို့ရဲ့ နောက်လာမယ့် အစီအစဉ်က ရှီးယွင် ဘုရားကျောင်းရဲ့ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့တဲ့ တာအိုရိုးရာ သိုင်းပညာရပ်ပါပဲ … ကျေးဇူးပြုပြီးခံစားကြည့်ရှုပေးကြပါဦး …”
ကျန်းရန်ကျွင်း စကားဆုံးသည်နှင့် အောက်ရှိ ဧည့်ပရိသတ်တို့က သောင်းသောင်းဖြဖြ လက်ခုပ်တီးလိုက်ကြသည်။
နူးနူးညံ့ညံ့ရှိသည့် အနုပညာ ဖျော်ဖြေတင်ဆက်မှုတို့ဖြင့် နှိုင်းယှည်ပါက သိုင်းအစွမ်းအစကို ထုတ်ဖော်ပြသသည့် ယခုလို ကြမ်းပေ့ဆိုသည့် အစီအစဉ်များအား သူတို့ ပိုပြီး နှစ်သက်ကြသည်။
ကျန်းရန်ကျွင်း စင်ပေါ်က ဆင်းသွားခဲ့ပြီး မကြာမီ ကျူးကျင်းဝူသည် စင်ပေါ်သို့ တက်လာခဲ့၏။
ယင်းက အံ့အားတကြီး ရေရွတ်သံ လှိုင်းလုံးတို့အား ဖြစ်ပေါ်လာစေသည်။
“ အဲ့တာ စောနတုန်းက ကလေးလေးကို ကယ်တင်ပေးသွားခဲ့တဲ့ ဆရာကြီးမလား …”
“ ဒီတစ်ကြိမ် ကွန်ဖူး ကစားပြမယ့်လူက သူ ဖြစ်နေမယ်လို့ ငါ တကယ် ထင်မထားဘူး …”
“ မာစတာက သိပ်အံ့ဩဖို့ကောင်းတာပဲဟယ်… ဆေးပညာမှာတင် ပြောင်မြှောက်နေတာ မဟုတ်သေးဘူး .. သိုင်းပညာလည်း တော်တယ်.. မာစတာဆိုတဲ့အတိုင်းပါပဲ …”
ဆွေးနွေးသံများကို ကြားတော့ လင်းရီနှင့် ချောင်ရှင်းတို့၏ မျက်နှာအမူအရာမှာ တစ်မျိုးတစ်မည်များ ဖြစ်သွားခဲ့ကြသည်။
ဒီလူတွေ သူတို့ အပြင်ထွက်လာတုန်းက အိမ်မှာ ဦးနှောက်များ မေ့ကျန်နေခဲ့ကြလားပဲ …
စင်အောက်ရှိ လူများ၏ တုံ့ပြန်မှုကို မြင်တော့ ကျူးကျင်းဝူ ကျေနပ်စွာ ပြုံးလိုက်၏။
အောက်ရှိလူများက ပိုပြီး အရူးအမူး ဖြစ်လေလေ၊ သူ့အား ပိုပြီး လေးစားလာလေလေပင်။ ထိုသို့ ဖြစ်လာခဲ့ပြီ ဆိုပါက သူ့အတွက်လည်း ပိုက်ဆံရရှိရန် ပိုမို လွယ်ကူသွားပေလိမ့်မည်။
“ လူတိုင်းပဲ …. ကျေးဇူးပြုပြီး တိတ်ပေးကြပါ .. တင်ဆက်မှုက မကြာခင် စပါတော့မယ်…”
ကျူးကျင်းဝူ စကားဆုံးသည်နှင့် တာအိုသျှင် နှစ်ပါးက စင်ပေါ်သို့ တက်လာခဲ့ကာ သံဂဟေဆက်ထားသည့် စတုရန်းသဏ္ဌာန် စတီးဖရိမ်တစ်ခုကို သယ်လာသည်။ ယင်းက နှစ်မီတာခန့် မြင့်မား၏။
တ်စချိန်တည်းတွင် အခြားတစ်ယောက်က အုတ်နီခဲ သုံးလုံးကို ယူဆောင်လာပြီး ၎င်းတို့အား ကြိုးတစ်ချောင်းဖြင့် အတူ စည်းနှောင်လိုက်ကာ စတီးဖရိမ်တွင် ချည်၍ ကြမ်းပြင်နှင့် တစ်မီတာအကွာတွင် ချိတ်ဆွဲထားလိုက်သည်။
အရာအားလုံး ပြင်ဆင်ပြီးသည်နှင့် ကျန်သူများက ထွက်ခွာသွားခဲ့ကြပြီး ကျူးကျင်းဝူသာလျှင် စင်လယ်၌ ကျန်ရစ်ခဲ့လေသည်။
“ ကျုပ် အခု လူတိုင်းကို ကျုပ်တို့ တာအိုပညာရှင်တွေရဲ့ ထူးခြားဆန်းကြယ်တဲ့ တာအိုအတွင်းအား ပညာရပ်ကို ဒီရဲ့ အုတ်နီခဲ သုံးလုံးကို တစ်ချက်တည်း ကန်ပြီး ဖျက်ဆီးသရုပ်ပြသွားမှာပဲ ဖြစ်ပါတယ်…”
သူ့စကားဆုံးသည်နှင့် စင်အောက်ဘက်မှ တအံ့တအား အာမေဋိတ်သံတို့ ပလုံစီလာသည်။
လူတိုင်း၏ မျက်လုံးအကြည့်တို့မှာ မျှော်လင့်စောင့်စားမှုတို့ဖြင့် ပြည့်နှက်နေလျက် ရှိတော့၏။
စိတ်လှုပ်ရှားမှုက အထိတ်အထိပ်သို့ရောက်သည်နှင့် ကျူးကျင်းဝူ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ထို့နောက် ရုတ်ချည်းဆိုသလို မျက်ဝန်းထဲ၌ ကြမ်းကြုတ်ခက်ထန်မှုတို့ ပေါ်ပေါက်လာပြီး လေပေါ်သို့ ခုန်တက်ကာ ကိုယ်ကိုလည်၍ ချိတ်ဆွဲထားသည့် အုတ်နီခဲများအား သူ့ခြေထောက်ဖြင့် ကန်ကျောက်လိုက်သည်။
ကလန် ကလန် ကလန် ..
အားပြင်းသည့် ခြေကန်ချက် တစ်ခုနှင့်အတူ ကျူးကျင်းဝူသည် အတူစည်းနှောင်ထားသည့် အုတ်နီခဲ သုံးလုံးကို အစိပ်စိပ်အမြွှာမြွှာ ကွဲကြေသွားစေခဲ့ပြီး အထင်ကြီးစရာကောင်းသည့် မြင်ကွင်းပုံရိပ်တစ်ခုကို လူတိုင်းရှေ့မှောက်၌ ချန်ရစ်ထားခဲ့တော့သည်။