← Chapters

အနာဂတ်က တောက်ပတယ်

Vol. 127 Ch. 1898

အနာဂတ်က တောက်ပတယ်

Vol. 127 Ch. 1898

“ ကြီးပွားမယ့် အခွင့်အရေး ဟုတ်လား …”

လောကအထာ သိပ်မနက်သေးသည့် ကျူးကျင်းဝူ၏ တုံ့ပြန်မှုက အနည်းငယ် နှောင့်နှေးနေသည်။ ကျန်းရန်ကျွင်း၏ ဆိုလိုရင်းကို သူချက်ချင်းလက်ငင်း သဘောမပေါက်နိုင်ခဲ့ချေ။

“ အဲ့ကလေးက သူ့လက်မောင်းကို ကိုင်ပြီး ငိုနေတာ … ကြည့်ရတာ ဒဏ်ရာ ဖြစ်သွားတယ်နဲ့တူတယ်… တစ်ချက်သွားကြည့်ပြီး ငါတို့ဖော်ထားတဲ့ လိမ်းဆေးကို သုံးဖို့ အကြံပေးလိုက်ရင် ပိုက်ဆံ အလကားရတာနဲ့ အတူတူပဲ မဟုတ်ဘူးလား … ငါတို့ ဒီအခွင့်အရေးကို လုံးဝ လက်လွှတ်ခံလို့ မဖြစ်ဘူး … “

ကျူးကျင်းဝူ၏ မျက်လုံးအရောင် လက်ခနဲ ဖြစ်သွားခဲ့သည်။ “ အစ်ကိုကျွင်းပြောချင်တာကို ကျုပ် သဘောပေါက်ပြီ …”

ပြောနေရင်းဖြင့် ကျူးကျင်းဝူသည် သူ၏ တာအိုဝတ်ရုံကို သေချာပြုပြင်လိုက်ကာ ဒဏ်ရာရ၍ ငိုကြွေးနေသည့် ကောင်ငယ်လေးထံ တည်ငြိမ်မြဲမြံသည့် ခြေလှမ်းတို့ဖြင့် လျှောက်လှမ်းလာသည်။

တစ်ချိန်တည်းတွင် စားသောက်နေကြသည့် လင်းရီနှင့် မိန်းကလေးနှစ်ဦးလည်း ထိုဖြစ်ရပ်ကို မြင်တွေ့သွားခဲ့ကြသည်။

ဒေါက်တာများ ဖြစ်သည့်အလျောက် … တစ်စုံတစ်ယောက် ဒဏ်ရာရသွားသည်ကို မြင်တော့ လီချူးဟန်နှင့် ချောင်ရှင်းတို့မှာ ချက်ချင်း မတ်တပ်ထလိုက်ကြသည်။

လင်းရီလည်း ငြိမ်ငြိမ်ထိုင်မနေချေ။ သူလည်း သွားပြီး တစ်ချက်ကြည့်ရန် ဟန်ပြင်လိုက်၏။

သို့သော် ဖြစ်ပျက်နေသည့် အခြေအနေကို ကြည့်၍ ခန့်မှန်းရသလောက်တော့ ဖြစ်နိုင်ချေ နှစ်ခုသာလျှင် ရှိသည်။ ကောင်ငယ်လေးမှာ အရိုးကျိုးသွားခဲ့ခြင်း သို့မဟုတ် အဆစ်လွဲသွားသည်သာ ဖြစ်နိုင်သ်ည။

သို့ပေမယ့်လည်း မည်သည့်ဖြစ်နိုင်ချေရလဒ်ကမျှ ထွေထူး ကြီးကြီးမားမား ပြဿနာ မဟုတ်ချေ။

“ ကလေး … မလှုပ်နဲ့ … မမ နင့်ကို သေချာ တစ်ချက် ကြည့်ပေးမယ်…”

ချောင်ရှင်း ရှေ့သို့ တက်လာခဲ့ပြီး ကောင်ငယ်လေးအား မတ်တပ်ရပ်ရန် ကူညီပေးလိုက်သည်။ ဘေးရှိ သူ့အမေကတော့ ကလေးဇောဖြင့် ပျာယာခတ်နေပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘဲ ဖြစ်နေလျက် ရှိလေသည်။

“ မိတ်ဆွေတို့ တစ်ချက်ဘေးဖယ်ပေးပါဦး … ကျုပ် ခဏ ကြည့်ပါရစေ…”

ပြောလိုက်သူက ကျူးကျင်းဝူပင်။ သူ့မျက်နှာထက်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ရှိနေပြီး ကျွမ်းကျင်သူကြီးတစ်ဦး၏ ဟန်အမူအရာနှင့် ဖြစ်နေသည်။

“ လူကြီးမင်း လေညှင်းပဲ …”

ကျူးကျင်းဝူအနောက်တွင် ရှိနေသည့် ကျန်းရန်ကျွင်းကို မြင်တာ့ စားသောက်နေကြသည့် လူများအားလုံး မတ်တပ်ရပ်ကာ သူ့အား နှုတ်ဆက်ကြသည်။

လူကြီးမင်း လေညှင်းဆိုသည်က ကျန်းရန်ကျွင်း၏ တာအိုဘွဲ့အမည်ပင်။

ကျန်းရန်ကျွင်း တည်ငြိမ်စွာ ခေါင်းညိတ်ပြ တုံ့ပြန်လိုက်ပြီး ကောင်ငယ်လေး၏ မိခင်ကို ပြောလိုက်သည်။

“ ဒါ ကျုပ်တပည့်ပဲ … သူ့ကို တစ်ချက် ပေးကြည့်လိုက်ပါ …”

“ ဟုတ်ကဲ့ရှင့် ဟုတ်ကဲ့ … ကျေးဇူးတင်ပါတယ်…”

ကောင်ငယ်လေး၏ မိခင်က ကလေးကို ကျူးကျင်းဝူအား စစ်ဆေးစေချင်နေသည်ကို မြင်တော့ ချောင်ရှင်းသည် မည်သည့်စကားကိုမျှ ဆိုမနေတော့ဘဲ ဘေးထွက်နေပေးလိုက်၏။

ကျူးကျင်းဝူ အနားသို့ ရောက်လာခဲ့ပြီး ကောင်ငယ်လေး၏ ညာဘက်လက်မောင်းကို ထိကြည့်လိုက်၏။ ကလေးမှာ နာကျင်မှုကြောင့် ပိုပြီး ကျယ်လောင်စွာ ငိုကြွေးလာခဲ့တော့သည်။

သို့သော် ကျူးကျွင်းဝူ၏ အမူအရာမှာ မတုန်မလှုပ်သာ ရှိနေပြီး သူ၏ အမူအရာမှာတော့ အင်မတန် လေးနက်နေသည်။

ကျူးကျင်းဝူ၏ အမူအရာကို မြင်တော့ ကောင်ငယ်လေး၏ မိခင်မှာ ရင်ထဲ၌ စိုးရိမ်ထိတ်လန့်သွားခဲ့တော့သည်။

“ ကျွန်မသားလေးရဲ့ ဒဏ်ရာက တအား စိုးရိမ်ရလားဆရာ … “

“ အခြေအနေမကောင်းဘူး … ကျုပ် အထင်ကြည့်ရတာ သူ့အရိုးတွေ အက်သွားခဲ့ပုံပဲ … “

“ အရိုးအက်သွားတယ်…”

ကောင်ငယ်လေး၏ မိခင်မှာ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့တော့သည်။ “ ဒီတိုင်း လဲကျတာလေးပဲ မဟုတ်ဘူးလား … အဲ့တာကို အရိုးတွေက ဘယ်လိုလုပ် အက်သွားတာလဲ …”

“ ကလေးတွေရဲ့ အရိုးအဆစ်က လူကြီးတွေနဲ့ ယှဉ်လို့ ဘယ်ရမှာ … နုလည်း နုသလို ကျွပ်ဆတ်ဆတ်လည်းရှိတယ်.. နည်းနည်းလေးထိတာနဲ့ သွားတာပဲ …” ကျူးကျင်းဝူ ခေါင်းခါယမ်းရင်း ပြောလိုက်သည်။

“ ဒီအခြေအနေအတိုင်းဆိုရင် ဆေးရုံသွားပြလို့ ကုနိုင်တယ်ဆိုဦးတော့ နောင်ကျရင် ဘေးထွက်ဆိုးကျိုးတစ်ချို့ ရှိလာနိုင်တယ်… ဟင်း …..”

ကုသပြီးသည့်တိုင် ဘေးထွက်ဆိုးကျိုး တစ်ချို့ ရှိနေဦးမည် ဆိုသည့် စကားကိုကြားတော့ ကောင်ငယ်လေး၏ မိခင်မှာ မေ့မြောသတိလစ်လုနီးပါး ထိတ်လန့်သွားခဲ့လေသည်။

သူမသားလေးက ဆယ်နှစ်မျှသာ ရှိသေးသည်။ အကယ်၍ အနာဂတ်၌ ဘေးထွက်ဆိုးကျိုးများကို ခံစားရဦးမည်ဆိုပါက … သူ့ ဘဝမှာ အဆုံးသတ်သွားခဲ့ပြီဟု ဆိုနေခြင်းပင် မဟုတ်လော။

“ ဆရာ … တခြားနည်းလမ်းရှိရင် ကယ်တင်ပေးပါလား ဆရာရယ် … ကျေးဇူးပြုပြီး ကျွန်မသားလေးကို မြန်မြန်ကုသပေးပါဦး …” ကောင်လေး၏ မိခင်မှာ ငိုယိုပြီး တောင်းဆိုလိုက်၏။

ထိုမြင်ကွင်းကို ကျန်းရန်ကျွင်းက ကျူးကျင်းဝူ အနောက်တွင် နေရင်း ရပ်ကြည့်နေခဲ့သည်။ ကျူးကျင်းဝူ သူ့ဘေး၌ နေရင်း ပညာယူလာခဲ့သည်မှာ လအတန်ကြာပြီ ဖြစ်သဖြင့် လူတွေကို လှည့်ဖျားပြီး အယုံသွင်းသည့် သူ၏ စကေးတို့က အတော်လေး တိုးတက်လာပြီ ဖြစ်သည်။ ဤအတိုင်း ဆက်လက်တိုးတက်နေမည်ဆိုပါက ထိုကောင့်၏ အနာဂတ်မှာ မီးရှူးတန်ဆောင်အလား တောက်ပနေပေလိမ့်မည်။

“ ကျုပ်တို့ ရှီးယွင် ဘုရားကျောင်းမှာ ထူးခြားတဲ့ လိမ်းဆေးတစ်မျိုးတော့ ရှိတယ်.. ဒါပေမယ့် ဘုရားကျောင်းရဲ့ စည်းမျဉ်းတွေအတိုင်းဆိုရင် အတွင်းလူတွေပဲ သုံးလို့ရတာ ……. ဒီတော့ ….. “

“ စည်းမျဉ်းတွေဆိုတာ အသေတွေလေ ဆရာရယ် … ဒါပေမယ့် လူတွေကတော့ သက်ရှိတွေ .. ဒီလိုဖြစ်ရပ်မျိုး မျက်စိရှေ့မှာ ဖြစ်ပျက်သွားတာကို ဒီအတိုင်း လျစ်လျူရှုပစ်လိုက်လို့ မရဘူးလေ….”

“ ဟင်း … အမှန်ပဲ … ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ ဘုရားကျောင်းကို လာရင်း ဖြစ်သွားခဲ့တာဆိုတော့ ကျုပ်တို့ရဲ့ တာဝန် မကင်းဘူး ပြောလို့ရတယ်… ဒါပေမယ့် ဒီရဲ့ လျှို့ဝှက် လိမ်းဆေးက တန်ဖိုးကြီး ဆေးအမယ် ၈၁ မျိုးကို ပေါင်းပြီး ၄၉ ရက် ပေါင်းခံတဲ့ လုပ်ငန်းစဉ်ကို ကျော်ဖြတ်ပြီးမှ ရလာခဲ့တာဆိုတော့ … ဈေးက . . . . .”

“ ပိုက်ဆံက ကိစ္စမရှိဘူး …. ကျွန်မက မချမ်းသာပေမယ့် ယွမ် တစ်ထောင်နှစ်ထောင်လောက်တော့ ထုတ်နိုင်ပါသေးတယ်…”

“ အင်း … ခင်များက ဒီလောက်ထိ စိတ်ရင်းလေးနက်နေမှတော့ ကျုပ် ဒီနေ့ စည်းမျဉ်းကို ချိုးဖောက်ပြီး ခြွင်းချက်လုပ်ပေးလိုက်မယ်… “

ထိုသို့ပြောပြီးနောက် ကျူးကျင်းတူသည် သူ့အနီးနားရှိ တာအိုဝတ်ရုံနှင့် လူငယ်တစ်ဦးကို လှမ်းခေါ်လိုက်၏.

“ သွားပြီး ငါ့အခန်းထဲက လျှို့ဝှက်လိမ်းဆေး ယူလာခဲ့ … မြန်မြန်လေး … နှေးနေရင် နောက်ကျသွားလိမ့်မယ်…”

“ ဟုတ်ကဲ့ …”

“ သွား …” ကျူးကျင်းဝူသည် သူ့လက်ကို ဟန်ပါပါ ဝှေ့ယမ်းရင်း “ မြန်မြန်သွား မြန်မြန်ပြန်ခဲ့ …”

ယုတ္တိရှိစေရန်အတွက် သူ၏ သရုပ်ဆောင် စကေးများကို အထွတ်အထိပ်သို့တိုင် တွန်းပို့ထားခဲ့သည်။ ထို့ကြောင့် သူ၏ သွင်ပြင်မှာ လူတိုင်းကို အယုံသွင်းနေနိုင်တော့၏။

“ အဲ့လောက်ထိ အလုပ်ရှုပ်ခံစရာ မလိုပါဘူး…”

လေထုအငွေ့အသက်က စိတ်လှုပ်ရှားရင်ဖိုဖွယ် ကောင်းနေသည့် အချိန်မှာပဲ လင်းရီ စကားပြောလာပြီး ကောင်ငယ်လေး၏ လက်မောင်းကို လင်းရီ အပေါ်သို့ ဆတ်ခနဲ ဆွဲတင်လိုက်၏။ ထို့နောက် အဆစ်လွဲသည့် အသံကို လူတိုင်း ကြားလိုက်ကြရတော့သည်။

“ မင်း ဘာလုပ်နေတာလဲ …”

ကောင်ငယ်လေး၏ မိခင်က စိုးရိမ်တကြီးနှင့် မြည်တမ်းလိုက်၏။

“ ခင်များသားကို ကုပေးနေတာလေ …” လင်းရီ ပြောလိုက်ပြီး “ သူ အခု အဆင်ပြေသွားပြီ …”

“ ပြီးသွားပြီ ဟုတ်လား ….”

လူတိုင်း ကောင်ငယ်လေးအား ငုံ့ကြည့်မိလိုက်ကြသည်။ စောနလေးတင် အသံပြဲကြီးနှင့် အော်ဟစ် ငိုကြွေးနေသည့် ကောင်လေးက ယခုအခါ အငိုတိတ်သွားခဲ့သည်ကို မြင်တော့ သူတို့ အံ့အားသင့်သွားခဲ့ကြ၏။

“ သားသား … အဆင်ပြေလား … လက်မောင်း နာနေသေးလား …” ကောင်ငယ်လေး၏ မိခင်၏ အလျင်အမြန် မေးမြန်းလိုက်၏။

“ မနာတော့ဘူး ..” ကောင်ငယ်လေးက သူ့လက်မောင်းကို လှုပ်ရှားကြည့်လိုက်ပြီး ပျော်ရွှင်နေသည့် မျက်ဝန်းတို့ဖြင့် သူ့အမေအား ကြည့်လိုက်သည်။ “ မေမေ … ဒီ ဦးဦး လုပ်ပေးလိုက်တာ သားတကယ်ကြီး မနာတော့ဘူး …”

“ သားသား မနာရင် အဆင်ပြေပြီ …”

သို့သော် ထိုအချိန်၌ လူတိုင်း၏ အကြည့်က ကျူးကျင်းဝူထံ ကျရောက်သွားခဲ့ပြီး မေးခွန်းထုတ်သည့် အကြည့်တို့ဖြင့် ကြည့်လိုက်ကြသည်။

သူပဲ ခုနက ကောင်လေးရဲ့ လက်မောင်း အက်သွားတယ်ဆိုပြီး ပြောသွားခဲ့တာ မဟုတ်ဘူးလား … အခုကျတော့ သူများက လွယ်လွယ်လေး ပြင်ပေးလိုက်ပြီ …

ဘာတွေ ဖြစ်နေတာလဲ …

ကျန်းရန်ကျွင်းနှင့် ကျူးကျင်းဝူတို့၏ အမူအရာမှာ မဆိုစလောက်လေး ပြောင်းလဲသွားခဲ့ကြ၏။

ကောင်လေး၏ လက်မောင်းက ဤအတိုင်း အဆစ်လွဲသွားရုံမျှ ဖြစ်သွားခဲ့သည်ကို သူတို့လည်း မပြောနိုင်ဘဲ ဘယ်နေလိမ့်နည်း။ ထို့ကြောင့်ပဲ နောက်ပိုင်း၌ အဆစ်ပြန်ပြင်ပေးရင် ပရုပ်ဆီဖြင့် ဆေးစည်းပေးလိုက်ဖို့ ဟန်ပြင်နေခြင်းပင်။ သက်သာသွားသည့်အချိန်တွင်တော့ သူတို့၏ လိမ်းဆေးအစွမ်းဟုဆိုကာ အခြားလူများကိုပါ ဆောင်ထားစေချင်လာအောင် ဆွဲဆောင်ဖျားယောင်းမည် ဖြစ်၏။

ဤသို့ဖြင့် အမြတ်ငွေကြီးစွာ ရရှိနိုင်ပေမည်။

သို့သော် ထင်မှတ်မထားစွာဖြင့် လူတစ်ယောက်က သူ့အစီအစဉ်ကောင်းများကို ခဏအတွင်း ဖျက်စီးပစ်လိုက်လေသည်။

ကျူးကျင်းဝူ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ခြင်း မရှိပေ။ ထိုအစား တစ်စုံတစ်ရာကို သူတွေးတောမိသွားခဲ့ကာ ပြောလိုက်၏။

“ သူ့လက်မောင်းက အဆစ်လွဲသွားရုံပဲဆိုတာ ကျုပ် ပြောနိုင်တာပေါ့ … ဒါပေမယ့် အဆစ်လွဲတယ်ဆိုတာ ကျုပ်အတွက်က အလွယ်လေး … ဒါကြောင့်မို့ ကျုပ် အများကြီး မပြောခဲ့တာ … အရေးကြီးဆုံး အပိုင်းက လက်မောင်းပေါ်မှာရှိတဲ့ ဒဏ်ရာပဲ … အဲ့တာကို အဓိက အာရုံစိုက်ဖို့လိုတာ …”

ဒဏ်ရာ သက်သာခြင်း မရှိသေးဟူသည့် အသံကြားတော့ ကောင်ငယ်လေး၏ မိခင်မှာ တစ်ဖန် စိုးထိတ်လာရပြန်သည်။

“ ကျွန်မတို့ တခြား ကုသမှုတွေ လုပ်ကြည့်သင့်လားဆရာ …”

“ မလိုဘူး …”

ကျူးကျင်းဝူ စကားမပြောနိုင်သေးခင်မှာပဲ လီချူးဟန် ဦးစွာ ပြောလာခဲ့၏။ သူမ ဤအတိုင်း ဆက်ပြီး ရပ်ကြည့်မနေနိုင်တော့ချေ။

“ ကျွန်မတို့က ဟွာရှန်းဆေးရုံက ဒေါက်တာတွေပဲ … ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာကို လောင်းကြေးထပ်ပြီး ဒီကလေး အဆင်ပြေနေပြီဆိုတာ အာမခံတယ်… လွဲသွားတဲ့ လက်မောင်းအဆစ်နေရာကိုလည်း သူ့နေရာသူ ဖြစ်အောင် လုပ်ပြီးပြီဆိုတော့ တခြားထွေထူး ပြဿနာတွေ ၊ ဘယ်လို ဘေးထွက်ဆိုးကျိုးတွေမှ ရှိမှာ မဟုတ်တော့ဘူး … ဒါပေမယ့် ဆေးရုံသွားပြီး တစ်ချက် ပြန်စစ်ဆေးကြည့်ဖို့တော့ အကြံပေးချင်တယ်…”

လီချူးဟန်က ဟွာရှန်းဆေးရုံ၏ ဒေါက်တာတစ်ယောက် ဖြစ်နေသည်ကို ကြားသိလိုက်ရတော့ အနားရှိ လူတိုင်းမှ သူမအား အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

ဤသည်က ရန်ကျင်း ဆိုသော်လည်းပဲ ဟွာရှန်းဆေးရုံ၏ သင်းပျံ့သည့် ဂုဏ်သတင်းက ဤနေရာထိတိုင် မမွှေးပျံ့ဘဲ မနေချေ။ တနယ်တကျေး၌ပင် အတော်လေး လူသိများနေလျက် ရှိ၏။

လီချူးဟန်က ဤသားအမိကို ဆေးရုံသို့ တစ်ဖန်သွားပြီး စစ်ဆေးကြည့်ခိုင်းသည်က ပိုပြီး သေချာမှု ရှိစေရန်နှင့် မိခင်၏ စိုးရိမ်ပူပန်မှုကို စိတ်ချသွားစေရန်ပင်။

သူမ၏ ဆေးအတွေ့အကြုံများအရ ဆိုပါက ဤသို့သော ဒဏ်ရာအသေးလေးမှာ ဆေးရုံသွားစစ်ဆေးနေဖို့ပင် မလိုချေ။

“ ကျုပ်ပြောချင်တာလည်း အဲ့တာပဲ …”

ကျူးကျင်းဝူ ပြောလိုက်ပြီး “ သွားပြီး စစ်ဆေးလိုက်တာက ပိုပြီး စိတ်ချရတယ်…”

“ ဟုတ်ကဲ့ရှင့် ဟုတ်ကဲ့ … ကျွန်မတို့ အခုပဲ သွားပြီး စစ်ဆေးကြည့်လိုက်မယ်… ကျေးဇူးတင်ပါတယ် ဆရာ …”

“ ရပါတယ်… ဒါက ကျုပ်တို့ လုပ်သင့်တာပဲလေ…”

ကျူးကျင်းဝူ အပြုံးလေးဖြင့် နွေးထွေးစွာ ပြောဆိုလိုက်သည်။

လင်းရီ “ ….. “

ခင်များက ဘာတွေလုပ်ခဲ့လို့ …

All Chapters