← Chapters

စင်ပေါ်သို့ ဖိတ်ခေါ်ခြင်း

Vol. 127 Ch. 1900

စင်ပေါ်သို့ ဖိတ်ခေါ်ခြင်း

Vol. 127 Ch. 1900

အဆိုပါ မြင်ကွင်းကို မြင်တော့ စင်အောက်ရှိ ဧည့်ပရိတ်သတ်အပေါင်းမှာ မျက်လုံးပြူးမျက်ဆံပြူးများ ဖြစ်သွားခဲ့ကြပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြလေသည်။ ဤမြင်ကွင်းက သူတို့အဖို့ ရှော့ခ်ရနိုင်လောက်သည်အထိ အထင်ကြီးစရာ ကောင်းလွန်းလှသည်။

ကန်ချက် တစ်ချက်က အုတ်ခဲသုံးလုံးကို ကျိုးသွားစေနိုင်တယ်… ဒါ သာမန်လူတွေ လုပ်နိုင်တဲ့ ကိစ္စမှ မဟုတ်တာ …

တာအိုသျှင်တွေရဲ့ အတွင်းအားက တကယ့်ကို သူ့ရဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေရဲ့ …

အောက်ဘက်ရှိ ဧည့်ပရိတ်သတ်အပေါင်း၏ အားပေးချီးမြှောက်သံကို ခံစားမိတော့ ကျန်းရန်ကျွင်းသည် စိတ်ကျေနပ်နေသည့် အမူအရာတစ်ခုကို လှစ်ဟာပြလိုက်၏။

လွန်ခဲ့သည့် သုံးလက ကျူးကျင်းဝူကို ရှီးယွင် ဘုရားကျောင်းသို့ ခေါ်ယူခဲ့သည်က သူ့ဘဝတွင် မှန်ကန်သည့် လုပ်ရပ်များထဲမှ တစ်ခုဟု ခံစားမိသွားခဲ့သည်။ သူကဲ့သို့ MMA လေ့ကျင့်သည့် လူများမှလွဲ၍ မည်သူ့တွင်မှ အုတ်ခဲများအား ကန်ချက် တစ်ချက်တည်းနှင့် ကျိုးသွားစေနိုင်သည့်လူ မရှိပေ။

ထို့ပြင် ဤသည်က အမြည်းသဘောမျှသာ ရှိသေးပြီး နောက်ဆက်တွဲ အစီအစဉ်နှစ်ခုက ပို၍ပင် မျက်စိပွင့်နားပွင့် ဖြစ်ဖို့ကောင်းသေး၏။ ဤအတိုင်းဆက်လက်နေမည်ဆိုပါက တာအိုဘုရားကျောင်းက ထုတ်သည့် ပစ္စည်းများအား မရောင်းထွက်မှာကို စိတ်ပူစရာ မလိုတော့ချေ။

“ အစ်ကိုရီ .. အဲ့လို အတွင်းအားလိုမျိုး အရာတွေက အပြင်မှာ တကယ်ရှိတာလားဟင် …”

“ အဲ့လူပေါက်ကရပြောနေတာတွေ နားယောင်မနေနဲ့ …” လင်းရီ ပြောလိုက်ပြီး “ ရှိရင်တောင် သူ့လိုလူစားမျိုး ထိန်းချုပ်နိုင်မယ့်အရာမဟုတ်တာ သေချာတယ်…”

သူ ပျင်းရိသည့် အချိန်တိုင်း လင်းရီသည် ချိုးယွီလော့တို့နှင့်အတူ အတွင်းစွမ်းအား အန်နာဂျီအကြောင်း ဆွေးနွေးလေ့ ရှိ၏။

ထို့နောက် အတွင်းအား ဆိုသည်က သူတို့ ခန္ဓာကိုယ်အတွင်း လှည့်လည်သွားလာနေသည့် စွမ်းအားတစ်ရပ်ကို တန်းထျန်မှတဆင့် လည်ပတ်၍ ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်သည့် နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။

တစ်နည်းအားဖြင့် လင်းရီနှင့်ကျန်သူများ၌ အတွင်းအား ရှိသည်ဟု ပြောဆိုပါက ယုတ္တိရှိသည်။

သို့သော် ကျူးကျင်းဝူကဲ့သို့ လူစားမျိုးကတော့ ဖြီးဖြန်းနေခြင်း ဖြစ်မည်မှာ ကျိန်းသေသည်။ တန်းထျန်ထဲက ခွန်အားထုတ်နိုင်ဖို့ဆိုသည်မှာ သူ့အတွက် မည်သို့မျှ မဖြစ်နိုင်ပေ။

ခြေကန်ချက် တစ်ချက်တည်းဖြင့် အုတ်ခဲသုံးလုံးကို ချိုးပြနိုင်ခဲ့သည်က သူ့တွင် အဆင့်တစ်ခု ရှိကြောင်းကို ပြောပြနေလျက် ရှိသည်။ ထို့ကြောင့် သူသည်လည်း သိုင်းပညာ လေ့ကျင့်သူတစ်ဦး ဖြစ်ရပေမည်။

“ အွန်း … ညီမလည်း လိမ်နေတာလို့ပဲ ထင်တယ်… “ ချောင်ရှင်း ပြောလိုက်ပြီး “ ဒီတိုင်း လူအထင်ကြီးအောင် လုပ်ပြနေတာပဲ ဖြစ်ရမယ်…”

“ ဒါကြောင့်မို့ အတည်မယူဘဲ ပေါ့ပေါ့ပါးပါးပဲ ပွဲကြည့်ပါလို့ ပြောတာပေါ့ … “ သူတို့ စကားပြောနေစဉ်မှာပဲ သူတို့အနီးနားရှိ တစ်စုံတစ်ယောက်က ကြား၀င်ပြောလာခဲ့၏။

“ ကိုယ့်လူ … မင်းလည်း ငါနဲ့ အတွေးတူတာပဲ … ဒီလိုအရာမျိုးက သာမန်လူတွေကိုပဲ အရူးလုပ်နိုင်မယ်… စဉ်းစားဉာဏ်ရှိတဲ့လူသာဆိုရင် ဒီလိုလှည့်ကွက်မျိုးမှာ ကျရှုံးမှာ မဟုတ်ဘူး … ကျေးဇူးတင်ဖို့ကောင်းတာက ဖရီး ဖြစ်နေလို့သာပေါ့ မောင်ရေ … ကျုပ်သာ ဒါကြီးကို ပိုက်ဆံပေးကြည့်ရမယ်ဆိုလို့ကတော့ လည်ပင်းဓားထောက်ပြီး လာခိုင်းရင်တောင် ကျုပ်မလာဘူး …”

ပြောလိုက်သူက သူတို့အနားတွင် အထင်တသေး မျက်နှာအမူအရာဖြင့် မတ်တပ်ရပ်နေသည့် အသားညိုညိုနှင့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးဖြစ်သည်။

“ ကြည့်ရတာ အဲ့တာကို သိနေတဲ့လူတွေလည်း ရှိနေတာပဲ ခစ်ခစ်ခစ် ….” ချောင်ရှင်း ခိုးခိုးခစ်ခစ် ရယ်မောလိုက်လေသည်။

ထိုအမျိုးသားလည်း လိုက်လံရယ်မောလိုက်ပြီး “ မင်းရဲ့သူငယ်ချင်းပြောသလိုပဲ … ငါတို့က ဒီကို စိတ်အပန်းဖြေဖို့ သပ်သပ် ရောက်လာကြတာလေ… အတည်ကြီးယူဖို့ မလိုပါဘူး …”

“ အွန်း အွန်း …”

“ နင်တို့ အဲ့တာ ဘာစကားတွေ ပြောနေတာလဲ … တာအိုအကြီးအကဲက အတွင်းအားကို သရုပ်ဖော်ပြနေတာကို နင်တို့က ရွံဖို့ကောင်းတဲ့ မှတ်ချက်တွေ ပေးနေတယ်ဟုတ်လား ... အဲ့လို ပြောလိုက်တာနဲ့ပဲ နင်တို့ကိုယ်နင်တို့ သူများတွေထက် ဉာဏ်ပိုကောင်းသွားတယ်များ ထင်နေလား … ငါ ပြောလိုက်မယ်… နင်တို့ အခုလို လုပ်နေတာက အတန်းရှင်းရှာနေတာပဲ …”

ရုတ်ချည်း စောင်းချိတ်ပြောဆိုသည့် စကားသံကို ကြားတော့ လင်းရီနှင့် သူ့အပေါင်းအသင်းများလည်း အသံလားရာဘက်သို့ လှည့်ကြည့်လိုက်ရာ လေးဆယ်အရွယ်ဟု ထင်ရသည့် သက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ဦးဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။

သူမက သူတို့လေးယောက်ကို ခွင့်လွှတ်လို့မရနိုင်သည့် ပစ်မှုတစ်ခုအား ကျူးလွန်ထားသူများနှယ် စူးစိုက်ကြည့်နေလေသည်။

“ ငါတို့ ပြောသွားတဲ့ထဲ ဘာမှားသွားတာ ပါလို့ …” အသားညိုညိုနှင့် လူက ခွန်းတုံ့ပြန်လိုက်ပြီး “ ဟိုက ဒီတိုင်း အုတ်ခဲလေး သုံးလုံးလောက်ကို ကျိုးအောင် ကန်ပြသွားတာများ ဘာမှ ထူးဆန်းနေတာလည်း မဟုတ်….”

“ နင့်မျက်လုံးနှစ်လုံးကို သေချာပြူးနေအောင် ဖွင့်ပြီး သေချာကြည့်ကြည့် … တာအိုအကြီးအကဲက ခြေထောက်မှာ အဝတ်စတစ်ခုတည်း စည်းထားတာ … ခြေဗလာဖြစ်လုနီးပါးပဲ … အဲ့တာတောင် အုတ်ခဲသုံးလုံးကို ကျိုးအောင် ကန်ပြသွားခဲ့တာ ဘယ်လောက် အထင်ကြီးဖို့ ကောင်းထားလဲ …”

“ သူပြောတာ ဟုတ်တယ်…”

နောက်ထပ် သက်လတ်ပိုင်း အမျိုးသားတစ်ဦးကလည်း စကားဝိုင်းထဲ ဝင်ပါလာပြီး အဆိုပါ အမျိုးသမီးဘက်က ရပ်တည်ပေးလာခဲ့သည်။ စိတ်ဝင်စားဖို့ကောင်းစွာဖြင့် ထိုလူကလည်း တာအိုဝတ်ရုံတစ်မျိုးကို ဝတ်ဆင်ထားကာ ထိုဝါဒအား ယုံကြည်ကိုးကွယ်သူဖြစ်ကြောင်း ဖော်ပြနေသည်။

“ အဲ့အုတ်ခဲတွေကို လေပေါ်မှာ တွဲလောင်းချည်ထားတာ .. ခြေထောက်နဲ့ ကန်လိုက်တဲ့အချိန် တွန်းအားကြောင့် နောက်ဆုတ်သွားပြီး ခွန်အား ဘယ်လောက်ပဲ ပြင်းပြင်း သက်ရောက်မှုက အားလုံးနီးပါး ယုတ်လျော့သွားမှာပဲ … အတွင်းအား မရှိဘဲ ကျိုးအောင် ကန်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး … မင်းတို့လိုလူတွေက ဝေဖန်တဲ့ စကားလုံးတွေနဲ့ အကြီးအကဲကို ပုတ်ခတ်ပြီး နာမည်ကြီးချင်နေကြတာပဲ …”

“ ဟမ့် .. တော်စမ်းပါ … အတွင်းအား ဖြစ်ဖြစ် ၊ အပြင်အားဖြစ်ဖြစ် … အကုန်လုံးက အလိမ်အညာတွေချည်းပဲ … ကျုပ်တောင် အဲ့လိုမျိုး လုပ်နိုင်တယ်လို့ လောင်းလိုက်ချင်သေးတယ်…” အသားညိုညိုနှင့် အမျိုးသားက ပြန်လည်ချေပလိုက်သည်။

သူ့စကားက အတော်လေး အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့ဟန်ပင်။ သူ့အနီးနားတစ်ဝိုက်တွင် ရှိနေသည့် လူတိုင်းက သူနှင့် လင်းရီကို လက်ညှိုးတထိုးထိုးနှင့် အချင်းချင်း တွတ်ထိုးလိုက်ကြရာ တဒင်္ဂအတွင်း ဆူဆူညံညံ ဖြစ်လာလေသည်။

စင်ပေါ်တွင် ရပ်နေသည့် ကျူးကျင်းဝူသည် အခြားသူများ၏ အားပေးချီးမြှောက်မှုနှင့် မနာလိုမှုကို စောင့်ဆိုင်းနေစဉ်မှာပဲ အောက်ရှိ လူတို့က စပြီး အငြင်းပွားနေကြလိမ့်မည်လို့ သူ တကယ်ကို မျှော်လင့်မထားခဲ့ချေ။

သူ တစ်ချက် လှမ်းကြည့်လိုက်တော့ ပြဿနာ ရှာနေသူက စောနလေးတင် သူ၏ အစီအစဉ်များအား ကဖျက်ကယှက် ပြုသွားခဲ့သူ ဖြစ်ကြောင်း သတိပြုမိလိုက်လေသည်။

ကျူးကျင်းဝူ မျက်လုံးမှေးကျဉ်းသွားခဲ့ပြီး ဒေါသတကြီး ဖြစ်သွားခဲ့တော့သည်။

ထိုကောင်က စောနတုန်းကလည်း သူ့အစီအစဉ်များကို တစ်ကြိမ် ဖျက်စီးခဲ့ပြီးပြီ။ ယခုတွင်လည်း ထိုသို့ ထပ်မံ ပြုလုပ်နေပြန်သည်။

ဒီကောင့်ကိုတော့ သင်ခန်းစာပေးမှ ဖြစ်တော့မယ်… ဒီကောင် အတော်လေးများနေပြီ …

“ တော်တော့ တော်တော့ … လူတိုင်း … စိတ်ငြိမ်ငြိမ်ထားကြပါ ..”

စင်အောက်ရှိ အခြေအနေက ပို၍ ပို၍ ပရမ်းပတာ ဖြစ်လာသည်ကို မြင်တော့ ကျူးကျင်းဝူ ရှေ့သို့ ထွက်လာခဲ့၏။

မကြာမီ စင်အောက်ရှိ ဆူဆူညံညံ အသံများ ဆိတ်သုဉ်းသွားခဲ့ပြီးနောက် ကျူးကျင်းဝူသည် လင်းရီနှင့် အသားညိုညို အမျိုးသားထံ လှမ်းကြည့်လိုက်သည်။

“ ကျုပ်တို့ တာအိုသျှင်တွေက ကျုပ်တို့ကို ဝေဖန်လာတဲ့ ဘယ်လို အသံကိုမှ မငြင်းပယ်ပါဘူး … တကယ်လို့ လူကြီးမင်းနှစ်ယောက်က ကျုပ် ပြသသွားခဲ့တဲ့ အတွင်းအားနဲ့ ပတ်သက်ပြီး သံသယ ရှိတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပါ …”

အသားညိုညိုနှင့် အမျိူးသားက အထင်တသေး အမူအရာနှင့် ဖြစ်သွားခဲ့ပြီး “ ဘာမှ များများစားစား ပြောစရာမရှိပါဘူး … မင်း လုပ်ပြသွားခဲ့တဲ့ တင်ဆက်မှုက အတွင်းအားနဲ့ ဘာမှမသက်ဆိုင်ဘူးလို့ ငါတော့ ထင်တယ်… ငါ့ကို လာမညာနဲ့ …”

“ အတွင်းအားနဲ့ မသက်ဆိုင်ဘူး ဟုတ်လား …”

ကျူးကျင်းဝူ ဒေါသထွက်သွားခဲ့ခြင်း မရှိပေ။ ထိုအစား လင်းရီဘက်သို့ ဦးလှည့်၍ “ လူကြီးမင်း … မင်းရော ဘယ်လိုထင်လဲ …”

လင်းရီ ပခုံးတွန့်လျက် “ ငါလည်း အဲ့လိုထင်တယ်….”

“ တာအိုအကြီးအကဲ … ဒီလူ စောနကပြောသွားတာ သူဆိုရင်လည်း အဲ့အုတ်ခဲတွေကို ချိုးပြနိုင်တယ်ပြောတယ်… သူ့ကို အပေါ်တက်ပြီး စမ်းကြည့်ခိုင်းလိုက်ပါလား … တာအိုသျှင်တွေရဲ့ အတွင်းအားက ဘယ်လိုမျိုးလဲဆိုတာ သူ ကောင်းကောင်းကြီး သိသွားရတာပေါ့ …” တာအိုဝတ်ရုံနှင့် သက်လတ်ပိုင်းအမျိူးသားက ပြောလိုက်သည်။

ကျူးကျင်းဝူ တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး ထိုလူ့စကားကို ငြင်းပယ်ခြင်း မပြုခဲ့ချေ။

“ ကျုပ်လည်း ဒီရဲ့တာအိုရောင်းရင်း ပြောတာ မှန်တယ်လို့ ထင်တယ်… လူကြီးမင်းတို့နှစ်ယောက်က ကျုပ်ရဲ့ အရည်အချင်းတွေကို သံသယ ရှိနေတယ်ဆိုမှတော့ ဒီစင်ပေါ်ကို တက်လာခဲ့ပြီး ကိုယ်တိုင် သက်သေပြလို့ရပါတယ်… ပြီးရင်တော့ ကျုပ် တာအိုအတွင်းအား သုံးသွားခဲ့လား မသုံးသွားခဲ့ဘူးလားဆိုတာ အဲ့ခါကျ တစ်ခါတည်း ရှင်းလင်းသွားတာပေါ့ …”

ထိုသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသော်လည်း ကျူးကျင်းဝူ မကြောက်လန့်သွားခဲ့ချေ။ ထိုအစား သူ့မှာ လုံးဝဥဿုံ ယုံကြည်ချက်အပြည့် ဖြစ်နေသည့် အမူအရာနှင့် ဖြစ်နေသည်။

သူ၏ အမူအရာတို့က သူ့စကားအား တစ်စက်လေးမျှပင် သံသယဝင်ခွင့် မရှိစေလောက်အောင် ဖြစ်နေစေတော့သည်။

ရှီးယွင် ဘုရားကျောင်းထဲသို့ မဝင်မီကပင် သူက နာမည်ကြီး MMA ဖိုက်တာတစ်ဦးဖြစ်ပြီး အရည်အချင်းတို့ကလည်း အတော်လေး မြင့်သည့်ထဲ ပါသည်။

ထို့ကြောင့်ပဲ ခြေကန်ချက် တစ်ချက်တည်းဖြင့် အုတ်ခဲတို့အား ကျိုးကြေသွားသည်အထိ ကန်ပြသွားနိုင်ခဲ့ခြင်းပင်။

အကယ်၍ သာမန်လူတစ်ယောက် သို့မဟုတ် သူ့အောက် အရည်အချင်း ရှိသည့်လူဆိုပါက ထိုသို့ ပြုလုပ်နိုင်ရန် မည်သို့မျှ ဖြစ်နိုင်မှာ မဟုတ်ချေ။

နှစ်ပေါင်းများစွာ တစိုက်မတ်မတ် လေ့ကျင့်အားထုတ်ခဲ့သူတို့သာလျှင် တတ်စွမ်းနိုင်ပေမည်။

သူတို့နှစ်ဦး စင်ပေါ်သို့ တက်လာခဲ့သည့် အချိန်၌ အုတ်ခဲ သုံးလုံးကို မဆိုထားနှင့် တစ်လုံးပင် ကျိုးအောင် ကန်ပြနိုင်မှာ မဟုတ်ချေ။

ကျူးကျင်းဝူ၏ စကားလုံးက လူတိုင်း၏ အာရုံကို လင်းရီနှင့် သူ့ဘေးရှိ လူထံ ကျရောက်သွားစေခဲ့သည်။

“ နင်တို့ကိုယ်နင်တို့ သိပ် အထင်ကြီးဖို့ကောင်းတယ် ထင်နေတယ်မလား … မာစတာက နင်တို့ကို စင်ပေါ်ဖိတ်လိုက်ပြီလေ… ဇရှိတယ်ဆို တက်သွားစမ်း …”

“ အတန်းရှင်းလိုချင်လို့ ဒီလိုတွေ လုပ်နေတယ်ဆိုလည်း တစ်ခါတည်း ဝန်ခံလိုက် … ဘယ်လောက် ရှက်ဖို့ကောင်းထားလဲ …”

“ ကျုပ်အဲ့လိုလူတွေကို မတရားမုန်းတာ သိလား … အောက်မှာရှိတဲ့အချိန်ကျ ဘာမဆို ပြောရဲတယ်… ထိပ်တိုက်ရင်ဆိုင်ရပြီ ဆိုတဲ့အချိန်ကျ အသံတောင် ကျယ်ကျယ် မပြောရဲကြဘူး … တစ်ချက်ကြည့်လိုက်တာနဲ့ အွန်လိုင်းပေါ်မှာ ကီးဘုတ်ဖိုက်တာ လုပ်နေတဲ့ကောင်တွေဆိုတာ သိသာတယ်…”

လူတိုင်း၏ ဝေဖန်ပြစ်တင်သည့် စကားခွန်းပေါင်းများစွာကို ဆက်တိုက် လက်ခံလိုက်ရသည်တွင် အသားညိုညိုနှင့် အမျိုးသား၏ မျက်နှာအမူအရာမှာ အကျည်းတန်လာခဲ့တော့၏။

“ ညီကို … မင်း တက်သွားရဲလား …”

“ ဘာလို့ မဝံ့ရဲရမှာလဲ …” လင်းရီ ပြုံးလိုက်ပြီး “ ဒီရဲ့ အယောင်ဆောင် တာအိုဘုန်းကြီးကို အတူ ဖော်ထုတ်ကြတာပေါ့ …”

“ ငါလည်း ပါမယ်…”

စစချင်းတုန်းက လင်းရီ ဤအတိုင်း ဘေးမှရပ်ပြီး ပွဲကြည့်ရုံမျှသာ ကြည့်ချင်ခဲ့သည်။ လူတို့ ယုံကြည်လိုသည်က သူတို့၏ ရွေးချယ်မှု ဖြစ်၏။ ၎င်းတို့အား ပညာပေးပြီး လမ်းမှန်သို့ တွန်းပို့လိုစိတ် သူ့ထံတွင် ရှိမနေချေ။

သို့သော် ယခုမူကား သူ၏ အခြေအနေမှာ ဆလိုက်မီးရောင်အောက်သို့ ရောက်ရှိနေပြီး အကယ်၍ သူသာ တစ်ခုခု မပြုလုပ်ဘူးဆိုပါက လူအများ၏ ဝေဖန်သည့် စကားသံများကြား၌ သေလုမြောပါး နစ်မွှန်းသွားပေလိမ့်မည်။

စကားနှင့်သာ အာချောင်ဝံ့သည့် ဤလူများ၏ စွမ်းအားကို လုံးဝ လျှော့တွက်၍ မဖြစ်နိုင်ချေ။ လက်နက်နဲ့မှ လူသတ်နိုင်တာ မဟုတ်ဘဲ စကားနဲ့လည်း‌ သေကြေပျက်စီးစေနိုင်သည်။

“ သွားစို့ …”

အသားညိုညိုနှင့် အမျိုးသားက အသံကျယ်ကျယ်ဖြင့်အော်ဟစ်လိုက်၏။

“ လမ်းဖယ်ကြစမ်း … ငါတို့ အခု စင်ပေါ်တက်တော့မယ်…”

All Chapters