← Chapters

အထွေထူး မဟုတ်

Vol. 127 Ch. 1902

အထွေထူး မဟုတ်

Vol. 127 Ch. 1902

“ ငါ့ကို လာမတားနဲ့ … ငါသေချာပေါက် လုပ်နိုင်တယ်…”

အကယ်၍ သူ့ဘက်က နောက်ထပ် အကြိမ်ရေ ဒါဇင်မျှ ကြိုးစားကြည့်လျှင်ပင် ရလဒ်က မပြောင်းလဲဘဲ ရှိနေမှာ ဖြစ်ကြောင်းကို ဝမ်ရွှမ်း သူ့ကိုယ်သူ သိသည်။

သို့သော် မာနရှိသည့် ယောက်ျားတစ်ယောက်အနေဖြင့် ရလဒ်ကို လက်ခံပြီး စင်အောက်သို့ ဆင်းသွားမည်ဆိုပါက သူ့မျက်နှာပျက်စရာ ဖြစ်လိမ့်မည်။

“ စင်ပေါ်ကဆင်း … စင်ပေါ်ကဆင်း ..”

မည်သူကမသိ စတင်ဟစ်ကြွေးလိုက်ရာ ကျန် ပရိသတ်များလည်း လိုက်ပါလာခဲ့သည်။

“ မင်း ကန်ကြည့်နေတာ ဘယ်နှကြိမ် ရှိနေပြီလဲ … ဒါတောင် တစ်ခါမှလည်း မကျိုးသွားဘူး … မင်းက အဲ့တာကို ဘယ်နှကြိမ် ကြိုးစားကြည့်ချင်နေတာ … အဲ့အုတ်ခဲ မကျိုးမချင်းလား ဟုတ်လား … ငါတို့အချိန်တွေကို တန်ဖိုး မရှိဘူး ထင်နေလား …”

“ စောနတုန်းက ဒီအုတ်ခဲတွေကို တစ်ချက်တည်းနဲ့ အကျိုးကန်နိုင်တယ်လို့ ပြောခဲ့တာ ဘယ်သူများလဲနော်… အခုများတော့လည်း အုတ်ခဲကျိုးဖို့ မပြောနဲ့ အုတ်ခဲက ပြန်ရိုက်လို့ လူပဲ ဆေးရုံရောက်မယ့်ကိန်းဖြစ်နေပြီ … ပြန်တွေးကြည့်ရုံနဲ့ ငါ့မှာ အူတက်လို့ …”

“မင်းတို့ ….”

“ ထားလိုက်စမ်းပါ ငါ့အစ်ကိုရာ … ခင်များရဲ့ အဆင့်အတန်းကို သူတို့နဲ့တန်းတူဖြစ်အောင် အောက်ချစရာ မလိုပါဘူး …” လင်းရီ ရှေ့သို့ တက်လာခဲ့ပြီး ထိုလူ့ကို ဖျောင်းဖျလိုက်သည်။

ယခုအခြေအနေ၌ သူတို့နှစ်ယောက် အလိုတူအလိုပါများအဖြစ် သတ်မှတ်၍ ရသဖြင့် တစ်ဖက်သူအား သူ့ဘက်က ဂရုစိုက်ပေးရပေမည်။

ဝမ်ရွှမ်း၏ အမူအရာမှာ စိတ်ပျက်လက်ပျက်ဖြင့် ဖြစ်သွားခဲ့သည်။ သူ့အရှက်သူ ခွဲမိသည်ဟု ခံစားနေရပြီး နောက်တစ်ကြိမ် ထပ်ကြိုးစားဖို့ကို လက်လျှော့လိုက်တော့၏။

ထိုအချိန်မှာပဲ ကျူးကျင်းဝူ အနားသို့ ပြန်ရောက်လာကာ သူတို့နှစ်ယောက်အား အပြုံးလေးဖြင့် မေးလိုက်သည်။

“ ဘယ်လိုလဲ … မဖြစ်နိုင်ဘူးမလား … အခုဆို တာအိုအတွင်းအား ပညာရပ်က ဘယ်လိုမျိုးလဲဆိုတာ မင်းတို့ကောင်းကောင်းကြီး သိသွားပြီလို့ ငါထင်တယ်.. ငါ့ရဲ့ အရည်အချင်းတွေကို ထပ်ပြီး သံသယ ရှိသေးလား …”

ဝမ်ရွှမ်း ဘာမျှ ပြန်မဆိုလာချေ။ သူ့ရှေ့ရှိ တာအိုသျှင်က အစွမ်းအစတစ်ချို့ရှိကြောင်းတော့ သူ ဝန်ခံရမည် ဖြစ်၏။

“ ကောင်းပြီ … မေးစရာမရှိတော့ဘူးဆိုမှတော့ မင်းတို့နှစ်ယောက် စင်ပေါ်က ဆင်းလို့ရပြီ … အောက်က တာအိုရောင်းရင်းတွေကို ငါဆက်ပြီး ဖျော်ဖြေပေးဖို့ ရှိသေးတယ်… စင်ပေါ်တက်ပြီး အချိန်လာမဖြုန်းနဲ့ …”

ဝူရွှမ်း ခေါင်းငိုက်စိုက်ချ၍ စင်အောက်သို့ ဆင်းဖို့ ဟန်ပြင်သည်။ သို့သော် လင်းရီမှာမူ ထိုသို့ပြုလုပ်ရန် ရည်ရွယ်ချက် ရှိမနေချေ။

ကျူးကျင်းဝူ သူ့အား အံ့အားသင့်စွာ ကြည့်လိုက်ပြီး “ မင်းက ဘာလို့ ဒီမှာ ရှိနေသေးတာ …”

“ ကျုပ်မှ မကြိုးစားကြည့်ရသေးတာ ဘာလို့ အောက်ဆင်းသွားရမှာလဲ …”

စင်အောက်ရှိ လူများမှာ ကြက်သေသေသွားခဲ့ကြပြီး ဟာသ တစ်ခုအားကြည့်နေသည့် အကြည့်တို့ဖြင့် လင်းရီအား ကြည့်လိုက်ကြသည်။

“ မင်း မိတ်ဆွေတောင် အုတ်ခဲကို မချိုးနိုင်တာ ကိုယ့်အရှက်ကိုယ် မခွဲချင်စမ်းနဲ့ …”

လင်းရီ၏ သွင်ပြင်ကို မြင်တွေ့သည့် မည်သူမဆို ရုံးခန်းထဲ၌ အလုပ်လုပ်ရသည့် အဖြူရောင် ကော်လာ အလုပ်သမား တစ်ဦးဖြစ်သည်ကို လူတိုင်း ပြောနိုင်သည်။

ရှေ့က ကြိုးစားသွားခဲ့သည့် အသားညိုညိုနှင့် အမျိုးသားကတော့ သူ့အလုပ်ခွင်တွင် အလုပ်ကြမ်းတစ်ချို့ ပြုလုပ်ရသူ ဖြစ်ရမည်။

ထိုကဲ့သို့ အားကောင်းမောင်းသန် လူညိုကြီးပင် အုတ်ခဲအား မချိုးနိုင်လေရာ ယခုကဲ့သို့ မိန်းမသားတစ်ယောက်နှယ် နူးညံ့သည့် အသားအရေနှင့် ကောင်လေးက မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။

လင်းရီ၏ စကားတို့က ကျူးကျင်းဝူကို အံ့အားတကြီး ဖြစ်သွားစေခဲ့သည်။ တစ်ဖက်သူက ယခုလို ခေါင်းမာတတ်သည့် လူစားမျိုးဖြစ်နေလိမ့်မည်လို့ သူ အမှန်ပင် မျှော်လင့်မထားခဲ့ချေ။

“ မင်းရဲ့ မိတ်ဆွေက စမ်းကြည့်ပြီးတာတောင် မင်းက လက်မလျော့ချင်သေးဘူးပေါ့ …”

“ ဒါပေါ့ … သူက သူ … ကျုပ်ကကျုပ် … သူ မလုပ်နိုင်တာနဲ့ပဲ ကျုပ် မလုပ်နိုင်ဘူးလို့ ဘယ်ဆိုလို့ရမှာ …”

ကျူးကျင်းဝူ မျက်နှာပိုးမသေသည့် အမူအရာဖြင့် ဖြစ်သွားခဲ့ပြီး “ မင်းမှာ အဲ့လိုအတွေးရှိနေတယ်ဆိုမှတော့ ငါ ခွင့်ပြုလိုက်မယ်… အနည်းဆုံးတော့ မင်းမှာ အခွင့်အရေး မရှိခဲ့ဘူးဆိုပြီး ပြောလို့ မရတော့ဘူးပေါ့ …”

လင်းရီ ဘာမျှ ပြန်မဆိုချေ။ အုတ်ခဲအနီးနားသို့ လျှောက်သွားခဲ့ပြီး သာမန်လျှံကာ ကန်ကျောက်လိုက်သည်။

အုတ်ခဲမှာ ခွပ်ခနဲအသံမြည်၍ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့ပြီး နေရာအနှံ့သို့ ပျံ့ကျဲသွားခဲ့လေသည်။

နေရာတစ်ခုလုံး အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့တော့သည်။

ကျူးကျင်းဝူလည်း ကြက်သေသေသွားခဲ့၏။

အခြားနေရာတွင် ရှိနေကြသည့် တာအိုဘုန်းတော်ကြီးများပင် ယင်းက မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်ဟု ခံစားနေကြရသည်။

ခုနက ဘာတွေဖြစ်သွားခဲ့တာလဲ ..

သူက ရယ်ဒီတောင် မလုပ်ခဲ့ဘူးမလား … ဘယ်လိုဖြစ်ပြီး အုတ်ခဲက ဒီလိုမျိုး ကျိုးသွားခဲ့တာလဲ …

“ ခင်များပြောခဲ့တာ အုတ်ခဲကျိုးအောင် လုပ်ဖို့ တာအိုအတွင်းအားကို အသုံးပြုရမယ် ပြောတယ်နော်… အခုကြည့်ရတာတော့ အဲ့လို မဟုတ်တဲ့ပုံပဲ …” လင်းရီ ခပ်ဖျော့ဖျော့ ပြုံးပြီး ပြောလိုက်သည်။

စင်ပေါ်တွင် ရှိနေသည့် ကျူးကျင်းဝူထံမှ မည်သည့် တုံ့ပြန်စကားကိုမျှ လင်းရီ မကြားရချေ။ ဤကိစ္စက သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီး ကိုင်တွယ်နိုင်မည့် တစ်နည်းနည်းကို သူ စဉ်းစားဖို့ လိုအပ်လာချေပြီ။

ခေတ္တကြာပြီးသည့်နောက်

“ မင်း ဒီတိုင်း ကံကောင်းသွားလို့ပါ … ဒါက ဘာကိုမှ သက်သေမပြနိုင်ဘူး …”

“ ကံကောင်းသွားလို့ ဟုတ်လား …”

“ ခုနလေးတင်ပဲ မင်း မိတ်ဆွေက ကန်သွားခဲ့တာ ဘယ်နှချက်မှန်းတောင် ငါမသိဘူး … အုတ်ခဲရဲ့ သွင်ပြင်က မပြောင်းလဲသွားဘူးဆိုပေမယ့် အတော်လေး ထိခိုက်ထားနေပြီ … မင်းက ဒီတိုင်း ကြက်ကန်းဆန်အိုးတိုးပြီး နေရာမှန်ကို သွားကန်မိလိုက်လို့ပဲ …”

ကျူးကျင်းဝူ၏ စကားကိုကြာားတော့ ကျန်သူများလည်း ဘာဖြစ်နေလဲဆိုတာကို နားလည်သွားခဲ့ကြသည်။ ယင်းက ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ ယင်းက အုတ်ခဲ တစ်လုံးဖြစ်၏။ ကြိမ်ဖန်များစွာ ကန်ကျောက်ခံရပြီးသည့်နောက်တွင် ပျက်စီးစပြုလာသည်မှာ လွှဲဖည်၍ ရသည့် အရာမဟုတ်ချေ။

လင်းရီ မရယ်ဘဲ မနေနိုင်ချေ။ “ ကျုပ်ရဲ့ ရလဒ်ကို လက်မခံချင်ဘူးဆိုလည်း နောက်အုတ်ခဲ အသစ်တစ်လုံး ထပ်ယူလာခဲ့ … ထပ်ချိုးပေးဖို့ ကျုပ်စိတ်မရှိဘူး …”

ကျူးကျင်းဝူ မျက်လုံးလှန်လိုက်သည်။ ဤကိစ္စက ရိုးရှင်းခြင်း မရှိဟု သူခံစားနေရ၏။ သူ့ဘက်က ပိုပြီး သတိထားရပေမည်။ ယခုလို အခမ်းအနားပွဲကြီးတစ်ခု၌ မည်သည့် အမှားတစ်ခုမျှ ပြုလုပ်မိ၍ မရပေ။

“ တကယ်တမ်းပြောကြေးဆို … မင်း အုတ်ခဲ ချိုးပြနိုင်ရင်တောင် အဲ့တာက ဘာကိုမှ သက်သေမပြနိုင်ဘူး …”

“ ခင်များ ဘာပြောချင်တာ …”

“ ဘာလို့ဆို အုတ်ခဲက ကျစ်လျစ်မှု မရှိသလို လုံလောက်တဲ့ ခိုင်မာမှုလည်း မရှိလို့ပဲ … တာအိုအတွင်းအားက ဘာလဲဆိုတာ မသိတဲ့လူတောင် လေ့ကျင့်မှု တချို့ ရှိတာနဲ့ လုပ်နိုင်တယ်…”

“ ခင်များ ဘာကိုပြောချင်နေတာ …”

“ မင်း အုတ်ခဲသုံးလုံး ချိုးဖို့ ကြိုးစားကြည့် … ဘာပဲပြောပြော ငါလည်း အုတ်ခဲသုံးလုံးကို စည်းပြီး ချိုးပြခဲ့တာပဲလေ… “ ကျူးကျင်းဝူ ပြောလိုက်သည်။ “ တူညီတဲ့ အခြေအနေအောက်မှာ ကြိုးစားကြည့်မှ သက်သေပြရာ ရောက်မှာပေါ့ … မင်းရော အဲ့လို မထင်ဘူးလား …”

“ ရတယ်လေ… ခင်များလူကို အုတ်ခဲပြင်ခိုင်းလိုက် …’

“ ခဏလေးစောင့် …”

ကျူးကျင်းဝူသည် စင်အောက်ရှိ တာအိုဝတ်ရုံနှင့် လူငယ်အား လှမ်းအချက်ပြလိုက်သည်။ တစ်ဖက်သူမှာ ချက်ချင်း သဘောပေါက်သွားခဲ့၏။

သူတို့ လင်းရီအား မျက်စိထဲ ဘဝင်မကျဖြစ်နေသည်မှာ အတော်လေး ကြာနေပြီး အစောကြီးကတည်းက အုတ်ခဲများအား ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။

ထိုအချိန်တွင် ဘေးတွင် ရပ်နေသည့် ကျန်းရန်ကျွင်းက အောက်ရှိ တာအိုလူငယ်လေးနှစ်ယောက်ထံ နားကြပ်မှတဆင့် စကားတချို့ ပြောဆိုလိုက်သည်။

“ အခိုင်ဆုံး အုတ်ခဲရွေးပြီး ကြိုးကိုလည်း ကျစ်ထုပ်နေအောင် စည်းခဲ့ … ဒီအပိုင်းမှာ ဘာအမှားမှ လုပ်မိလို့ မရဘူး …”

“ ဟုတ် ဆရာ .. ကျွန်တော်တို့ အမာဆုံးဆိုတဲ့ အုတ်ခဲကို ရွေးထားတာပါ … သူကြိုးစားရင်း မောဟိုက်ပြီးသာ သေရင် သေသွားမယ်… ဒီဟာတွေကို ချိုးနိုင်ဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူး …”

“ ကောင်းတယ်… မြန်မြန် ပြင်ဆင်လိုက်တော့ …”

သို့နှင့် လူငယ်လေး နှစ်ဦးမှာ ၎င်းတို့လုပ်စရာရှိသည်ကို ဆက်လုပ်ကြပြီး အုတ်ခဲများအား ကျင်လည်စွာ ချည်နှောင်၍ စတီးဖရိမ်တွင် ချိတ်ဆွဲထားလိုက်သည်။

ပြီးသည့်နောက် စင်အောက်သို့ ဆင်းသွားခဲ့လေသည်။ သို့သော် လမ်း၌ လင်းရီကို မြင်တော့ မနေနိုင်ဘဲ အထင်သေးသည့် အကြည့်တစ်ချက် ပေးခဲ့လိုက်သည်။

ချိုးနိုင်ဖို့ စိတ်ကူးယဉ်မနေနဲ့ … အဲ့အုတ်ခဲတွေ ကန်တာနဲ့တင် ခင်များ ခြေထောက်ကျိုးသွားလိမ့်ဦးမယ်…

ပွဲကတော့ ခဏနေ ကြည့်လို့ကောင်းတော့မှာပဲ …

ကျူးကျင်းဝူ ဖိတ်မန္တက ပြုသည့် လက်ဟန်ကို ပြုလုပ်လိုက်သည်။ သူ၏ အမူအရာမှာ တော်တော်လေးကို မောက်မာနေသည်။

“ အုတ်ခဲတွေ အသင့်ပဲ … မင်း ကြိုးစားကြည့်လို့ရပြီ .. ဒါပေမယ့် ငါ ကြိုပြီး သတိပေးလိုက်မယ်… တာအို အတွင်းအားနဲ့ ခြေထောက်ကို မကာကွယ်ထားဘူးဆိုရင် အလွယ်လေး ထိခိုက်ဒဏ်ရာ ရနိုင်တယ်နော်… သတိလည်း ထားဦး …”

“ ကျေးဇူးပဲ … ကျုပ်တော့ ပြဿနာလို့ မထင်ဘူး …”

“ ဟားဟား ….”

အောက်ရှိ ဧည့်ပရိသတ်များမှာ ဝက်ဝက်ကွဲ ပွဲကျသွားခဲ့သည်။

“ ဒီကောင် အတည်ကြီးတွေ လုပ်နေတာလား … သူ့ကိုယ်သူ အုတ်ခဲလေး တစ်လုံး ချိုးနိုင်တာနဲ့ပဲ သုံးလုံးတွဲထားတာကို ချိုးနိုင်ပြီလို့ တကယ်ကြီး သွေးနားထင်ရောက်သွားတယ်တဲ့လားဟ ….”

“ ကိစ္စမရှိပါဘူး … သူ လုပ်စမ်းပါစေ .. အုတ်ခဲတွေက ဘယ်လောက်များ ပေးရမှတ်လို့ … ဟာသဇာတ်လမ်းကြည့်တယ်ပဲ မှတ်တာပေါ့ …”

စင်အောက်ရှိ မည်သူကမျှ လင်းရီ အုတ်ခံသုံးလုံးကို တစ်ချီတည်းဖြင့် ချိုးနိုင်မည်ဟု မယုံကြည်ကြချေ။

ကျူးကျင်းဝူ ပြောခဲ့သည့်အတိုင်း သူ ယခုလေးတင် တစ်လုံးချိုးနိုင်ခဲ့သည်က ကံကောင်းသွား၍ပင်။ ယင်းက ပြောပလောက်သည့် အမှု ဟုတ်မနေချေ။

အကယ်၍ အုတ်ခဲသုံးလုံးကို ချိုးပြချင်သည်ဆိုပါက ကံကြမ္မာအပေါ် မှီခိုဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

သူ့ဘက်က တကယ့် စစ်မှန်သည့် သိုင်းပညာ အရည်အချင်းတို့အား ထုတ်ပြဖို့ လိုအပ်သည်။ သာမန်လူတစ်ဦးက ကျိန်းသေပေါက် ထိုသို့လုပ်နိုင်မှာ မဟုတ်ပေ။

ဘယ်လိုပဲ ပြောပြော …. လူတိုင်းက တာအိုအတွင်းအားကို မသုံးတတ်ကြဘူးလေ ဟုတ်တယ်ဟုတ်။

“ ငါ့ညီ … ဒီလောက်ဆို ရပြီ .. မင်း အသာစီးရနေတုန်း လစ်ခဲ့လိုက်တော့ …”

စင်အောက်တွင် ရှိနေသည့် ဝူရွှမ်းက လင်းရီထံ တီးတိုးလှမ်းပြောလိုက်သည်။

သူတို့အားလုံးက သာမန် ခရီးသွား ဧည့်သည်များ ဖြစ်ကြပြီး အုတ်ခဲတစ်လုံးကို ချိုးပြနိုင်သည်ကပင် အတော်လေး အထင်ကြီးစရာ ဖြစ်နေပြီ ဖြစ်သည်။ တာအို ဘုန်းတော်ကြီး လုပ်ပြသွားခဲ့သည့်အတိုင် တစ်သွေမတိမ်း လိုက်လုပ်ပြဖို့ မလိုချေ။

“ ထွေထူး မဟုတ်ပါဘူး ငါ့အစ်ကိုရာ … အောက်ကနေ အေးဆေးစောင့်ကြည့်နေလိုက်စမ်းပါ .."

လင်းရီသည် အုတ်ခဲနှင့် နှစ်ပေခန့်အကွာတွင် ထူးမခြားနားသည့် အမူအရာဖြင့် မတ်တပ်ရပ်နေသည်။ ထို့နောက် မည်သည့် ထူးထူးခြားခြား တစ်စုံတစ်ရာကိုမျှ မပြုလုပ်ဘဲ သာမန်လျှံကာ ကန်ကျောက်လိုက်၏။

ဘန်း …

လင်းရီ၏ ခြေထောက်က အုတ်ခဲထံသို့ ကျရောက်သွားခဲ့ပြီး အုတ်ခဲသုံးခုလုံးက ခွပ်ခနဲ အသံမြည်ပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့သည်။

All Chapters