တာအို ကိုယ်ဖော့ပညာ
Vol. 127 Ch. 1904
စင်အောက်ရှိ လူတိုင်းလည်း အံ့အားသင့်သွားခဲ့ကြ၏။
ကျူးကျင်းဝူ၏ အရည်အချင်းတို့ဖြင့် အုတ်ခဲငါးလုံးကို ကျိုးအောင် မချိုးပြနိုင်သည်အား သူတို့တွေ အံ့အားတကြီး ဖြစ်နေမိခဲ့ကြလေသည်။
အကယ်၍ သာမန်လူတစ်ယောက်သည်ပင် ကျိုးအောင် ချိုးပြနိုင်လေရာ တာအိုအတွင်းအား ပညာရပ်ကို လေ့ကျင်သူတစ်ယောက်အနေဖြင့် မချိုးပြနိုင်စရာ အကြောင်း မရှိချေ။
စင်ပေါ်၌ ရပ်နေသည့် ကျူးကျင်းဝူမှာ အတော်လေး မျက်နှာအရှက်ရနေမိ၏။
စင်အောက်ရှိ လူများက ဘာမှ မပြောကြသော်လည်းပဲ ၎င်းတို့၏ အကြည့်က အားလုံး ပြောပြနေပြီး ဖြစ်သည်။
ဤလူတွေ သူတို့၏ အဆင့်ကို ပြန်ပြီး မေးခွန်းထုတ်လာနေချေပြီ။
အကယ်၍ ဤအတိုင်း ဆက်သွားနေမည်ဆိုပါက ရှီးယွင် ဘုရားကျောင်း နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သည့် ဂုဏ်သတင်းသည် တခဏအတွင်း ပျက်စီးသွားရပေတော့မည်။
သူတို့တွေ ဤအခြေအနေမှ လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ရပ်ကို စဉ်းစားဖို့ လိုချေပြီ။
ကျယ်လောင်စွာ မာန်သွင်း၍ ကျူးကျင်းဝူသည် သူ့ခြေထောက်ရှိ နာကျင်မှုကို ကြိတ်မှိတ်သည်းခံကာ အုတ်ခဲငါးလုံးအား တစ်ဖန်ကန်ကျောက်လိုက်သည်။
သို့သော် အကြိမ်ရေ အနည်းငယ်ခန့် တရစပ် ကန်ကျောက်ပြီးသည့်တိုင် အုတ်ခဲငါးလုံးက ကျိုးပဲ့လာမည့် အရိပ်အယောင် မမြင်ရချေ။
နဂိုပုံစံအတိုင်းသာ ပုံမပျက် တည်ရှိနေသည်။
လင်းရီ သူ့အား ဆက်ပြီး ပြုလုပ်ရန် လက်ဟန်ပြလိုက်သည်။
“ ဆက်လုပ်လေ… မကျိုးမချင်း ဆက်လုပ် …”
ဤတစ်ကြိမ်တွင်တော့ စင်အောက်ရှိ လူများက မည်သည့် စကားမျှ ပြောဆိုလာခြင်း မရှိသကဲ့သို့ ကျူးကျင်းဝူအား အားပေးချီးမြှောက်သံတို့လည်း တိတ်ဆိတ်သွားခဲ့သည်။
မချိုးနိုင်သည်က မချိုးနိုင်သည်ပင်။ ဆက်ပြီး ကြိုးစားနေလည်း အချည်းနှီး အချိန်ဖြုန်းရုံသာ ရှိလိမ့်မည်။
“ ခင်များ ဘာလို့ စကားမပြောတော့တာလဲ …” လင်းရီ သူ့အား အပြုံးတစ်ပွင့်ဖြင့် မေးမြန်းလိုက်ပြီး “ ဒါမှမဟုတ် ခင်များ ကိုယ့်ကိုယ်ကို ဆက်မလုပ်နိုင်တော့ဘူးလို့ စဉ်းစားနေတာလား ဟုတ်လား … ဒါဆိုလည်း ကိစ္စ မရှိဘူး … ခင်များရဲ့ ဆရာကို ဒီလာပြီး တာအိုအတွင်းအားက ဘာဆိုတာ ပြသခိုင်းလိုက် …”
စစချင်းတုန်းက ပိုက်ဆံရှာရန် ကြိုးပမ်းနေသည့် ဤလူများအား လင်းရီ နှောင့်ယှက်လိုစိတ် မရှိခဲ့ပေ။ မည်သို့ပင်ဆိုစေ ၎င်းတို့ဘက်က သူ့ထံ အတင်းအဓမ္မ ပိုက်ဆံတောင်းနေသည်လည်း မဟုတ်။ အနှီလူတို့ကသာလျှင် လိုလိုလားလားနှင့် ပိုက်ဆံပေးကြခြင်း ဖြစ်သည်။
ဆိုရိုးများအတိုင်း … တစ်ယောက်က ထုနှက်ဖို့ ဆန္ဒရှိသလို တစ်ယောက်ကလည်း အနာခံဖို့ ဆန္ဒရှိနေသည်ဖြစ်ရာ သူ့ဘက်က ဝင်ပြီး စွက်ဖက်စရာ အကြောင်း မရှိချေ။
သို့သော် ဤလူများက ဟိတ်ဟန်ထုတ်ချင်ကြပြီး သူ့ကိုပင် စင်ပေါ်သို့ ဖိတ်၍ အသုံးချချင်နေလေရာ သူ့ဘက်ကလည်း စိတ်ပျက်အောင် ပြုလုပ်လို့ ဘယ်ဖြစ်လိမ့်မည်နည်း။
ကျန်းရန်ကျွင်းသည် စင်အောက် တစ်နေရာတွင် ရပ်နေရင်း တစ်ကိုယ်လုံး ကြက်သီးဖြန်းသွားခဲ့၏။
သူ့မှာ တစ်နေကုန် အိပ်လိုက်စားလိုက်ဖြင့် စည်းစိမ်ယစ်နေလေရာ မီတာ ငါးရာ ပြေးရလျှင်ကိုပင် ဟောဟဲလှိုက်နေပြီး ဖြစ်၏။ အုတ်ခဲငါးလုံးကို ကျိုးအောင် ချိုးပြဖို့က မည်သို့ ဖြစ်နိုင်ပါမည်နည်း။
သို့သော်လည်းပဲ တစ်ဖက်လူက သူ့အား ခေါ်ထုတ်လာခဲ့ပြီး ဖြစ်ရာ သူ့ဘက်မှ မလှုပ်ရှားဘူးဆိုပါက အနည်းငယ် ကျိုးကြောင်း မညီညွှတ်ရာ ကျသွားလိမ့်မည်။ ထို့ပြင် ကျူးကျင်းဝူကလည်း စင်ပေါ်၌သာ ရှိနေသေး၏။ သူ့ ရှေ့ထွက်ပြီး ကူညီပေးရပေမည်။
ထိုအကြောင်း တွေးမိတော့ ကျန်းရန်ကျွင်းသည် စင်ပေါ်သို့ တက်လာခဲ့ပြီး အောက်ရှိ လူများထံသို့ ပြောလိုက်သည်။
“ ဒီရဲ့ မိတ်ဆွေလေးက ကောင်းချီးပေးခံထားရတဲ့ ခွန်အားနဲ့ မွေးဖွားလာတဲ့သူပဲ … တကယ်ကို လေးစားဖို့ ကောင်းပါတယ်… ဒါပေမယ့် ကျုပ် တပည့် ပြောခဲ့တဲ့အတိုင်းပဲ … တာအိုအတွင်းအားက တိုက်ခိုက်ဖို့ ၊ ရက်စက်ဖို့ မဟုတ်တော့ … သူ့အကောင်းဆုံး အရည်အချင်းက တာအို အတွင်းအား မဟုတ်ဘဲ သွက်လက်မှုပဲ … တကယ်လို့ ကိုယ့်ရဲ့ ခွန်အားနဲ့ တခြားသူတွေရဲ့ အားနည်းချက်ကို တိုက်ခိုက်နေမယ်ဆိုရင် ယုတ္တိ ဘယ်ရှိတော့မှာလဲ ဟုတ်တယ်မလား …”
“ ဟုတ်တယ် ဟုတ်တယ်… အကြီးအကဲ ပြောတာမှန်တယ်… ဒါ ခွင့်လွှတ်လို့ မရတဲ့ကိစ္စပဲ …”
“ မင်းမှာ အစွမ်းအစ ရှိတယ်ဆိုရင် သူနဲ့ ကိုယ်ဖော့ပညာ ပြိုင်ကြည့်ပါလား … တကယ်လို့ မင်း မဝံ့ရဲဘူးဆိုလည်း အောက်ဆင်းသွားလိုက် … ဒီလာပြိး ကိုယ့်အရှက်ကိုယ် ခွဲမနေနဲ့ …”
ကျန်းရန်ကျွင်းသည် လူများ၏ စိတ်ခံစားချက်များကို လှုံ့ဆော်ပေးရာ၌ အမှန်တကယ် ပါရမီပါသူ တစ်ဦး ဖြစ်သည်ဟု ပြောရပေမည်။
တာအိုဘုန်းကြီးမလုပ်ဘဲ နိုင်ငံရေးသမား လုပ်စားဖို့တောင် ကောင်း၏။
စကားလေး သုံးလေးခွန်း ပြောပြီး အခြေအနေတစ်ရပ်လုံးကို ပြောင်းပြန်လှန်ပြသွားခဲ့သည်။
ယခုတော့ လင်းရီမှာ မမျှမတ ပြုလုပ်နေသည့် ဗီလိန်ကြီး ဖြစ်သွားခဲ့လေပြီ။
“ ခင်များက ကိုယ်ဖော့ပညာမှာ ထူးချွန်တယ်ဆိုတော့လည်း အဲ့တာပဲ ပြိုင်ကြတာပေါ့ …” လင်းရီ ပြောလိုက်ပြီး “ ဒီလောကကြီးမှာ ချင်ကုန်း(ကိုယ်ဖော့ပညာ)ကို တကယ်တတ်တဲ့လူ ရှိတယ်လို့ ကျုပ် မယုံဘူး …”
ကျန်းရန်ကျွင်းပြောသည့် ကိုယ်ဖော့ပညာက တာအိုအတွင်းအားထက်ပင် ပိုပြီး ရယ်စရာကောင်းသည့် အရာဖြစ်မည်ဟု လင်းရီ ခံစားနေရသည်။
ဤလူအုပ်စုက ဟန်ဆောင်နေသော်လည်းပဲ တပါးသူအား အရူးလုပ်သည့် နေရာတွင်တော့ အင်မတန် ထူးချွန်ကြသူများ ဖြစ်၏။
“ ကိုယ်ဖော့ပညာ ပြိုင်မယ် ဟုတ်လား … မင်း သေချာလို့လား ..”
ကျူးကျင်းဝူ အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး သူ့မျက်လုံးအရောင်များ လက်ခနဲ ဖြစ်လာသည်။ သူ့ရှေ့ရှိ လူက တကယ်ကြီး သူနှင့် ကိုယ်ဖော့ပညာ ပြိုင်ချင်နေလိမ့်မည်လို့ သူ မျှော်လင့်မထားခဲ့ချေ။
ဤကောင်က ကိုယ့်သေတွင်းကိုယ် တူးနေခြင်းပင်။
“ ဒါပေါ့ … ကျုပ် သေချာတာပေါ့ … ကျုပ်ကတော့ ခင်များတို့ရဲ့ ကိုယ်ဖော့ပညာ ဆိုတာကြီးက တာအို အတွင်းအားထက်တောင် ပိုပြီး ရယ်စရာကောင်းတဲ့ အရာ ဖြစ်မယ်လို့ ထင်တယ်… အဲ့တာက ဘယ်လိုမျိုးလဲဆိုတာ ကျုပ် မြင်ချင်စမ်းပါဘိ ….”
“ ပြဿနာ မရှိဘူး … မင်းက ငါတို့ရဲ့ တာအို ကွန်ဖူးကို တစ်ကြိမ်ပြီး တစ်ကြိမ် မေးခွန်းထုတ်နေမှတော့ မင်း ကျေနပ်အောင် အစွမ်းပြပေးရသေးတာပေါ့ …”
“ ကျုပ်လည်း ခင်များ အစွမ်းပြမှာကို မျှော်လင့်နေပါတယ်… “
“ လူတိုင်းပဲ … ကျုပ်နောက်က လိုက်ခဲ့ပေးကြပါ …"
ကျူးဝူကျင်း ကျယ်လောင်စွာ အော်၍ လူအုပ်ကြီးအား ဘေးရှိ နေရာလွတ်သို့ ခေါ်လာခဲ့သည်။
အခြားတစ်ဖက်ခြမ်းတွင် ထုံးဖြူသုတ်ထားသည့် လေးမီတာ မြင့်သည့် နံရံတစ်ချပ် ရှိနေသည်။ ၎င်းအထက်တွင်တော့ မြင့်မားပြီး ကြီးကျယ်ခမ်းနားလှသည့် ရှီးယွင် ဘုရားကျောင်းကြီးပင်။
ကျူးကျွင်းဝူ အဘယ်ကြောင့် သူတို့အား ဤနေရာသို့ ခေါ်ဆောင်လာလဲဆိုတာ မည်သူမျှ နားမလည်နိုင်ကြချေ။
ဘာလဲ .. သူ့ရဲ့ ကိုယ်ဖော့ပညာကို ဒီနေရာမှာ ပြသတော့မလို့လား …
သို့သော် လူတိုင်းမှာ အတော်လေး စိတ်လှုပ်ရှားနေခဲ့ကြလေသည်။ သူတို့၏ မျက်လုံးထဲ၌ ကိုယ်ဖော့ပညာ ဆိုသည်မှာ အတော်လေး မှော်ဆန်သည့် အရာတစ်ခု ဖြစ်သည်။ တကယ့်လက်တွေ့ဘဝတွင် မြင်တွေ့ရဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
ယခု ရှီးယွင် ဘုရားကျောင်း၏ တာအိုအကြီးအကဲက ကိုယ်ဖော့ပညာကို သရုပ်ဖော်ပြသတော့မည်ဖြစ်ရာ သူတို့ လွဲချော်သွားလို့ မဖြစ်ပေ။
လူအုပ်ကြီး တိတ်ဆိတ်သွားသည့်အချိန်၌ ကျန်းရန်ကျွင်း ပြောလိုက်၏။
“ အခု ကျုပ်တို့ ပြသမယ့် ကိုယ်ဖော့ပညာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်တုန်းကတည်းက ကျုပ်တို့ရဲ့ ရှီးယွင်ဘုရားကျောင်း မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ပညာရပ်တစ်ခုပဲ … နှစ်တွေအကြာကြီး ထိန်းသိမ်းခဲ့တဲ့ ကျုပ်တို့ရဲ့ အဖိုးတန်ရတနာတစ်ခု … လောကကြီးရှေ့ ထုတ်ပြတာ ဒါ ကျုပ်တို့ရဲ့ ပထမဆုံးအကြိမ်ပဲ … လူကြီးမင်းတို့က ရေစက်ပါပြီး အင်မတန် ကံကောင်းကြတဲ့ ပုဂ္ဂိုလ်တွေလို့ ပြောလို့ရတယ်… ဒါကြောင့်မို့ လူတိုင်းပဲ … ကျေးဇူးပြုပြီး မျက်လုံးကျယ်ကျယ် ဖွင့်ထားကြပါ …”
ပြောပြီးသည့်နောက် ကျန်းရန်ကျွင်းသည် ကျူးကျင်းဝူအတွက် နေရာဖယ်ပေးလိုက်၏။
ဤတစ်ကြိမ်တွင်တော့ ကျန်းရန်ကျွင်း ဖြစ်စေ၊ ကျူးကျင်းဝူပင် ဖြစ်စေ ၊ နှစ်ယောက်လုံးက ယုံကြည်ချက် အပြည့်နှင့် ဖြစ်နေခဲ့ကြသည်။
တစ်စုံတစ်ယောက်က လုံလောက်သည့် ခွန်အားရှိသည်နှင့် အုတ်ခဲကန်ခြင်းကို ပြုလုပ်နိုင်သည်။ သို့သော် ကိုယ်ဖော့ပညာရပ်တွင်တော့ တစ်စုံတစ်ယောက်က နည်းစနစ်ကို မသိ၊ လေ့ကျင့်မှုတို့မရှိဘဲ လိုက်လံ အတုခိုးဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်သည့် ကိစ္စရပ်ဖြစ်သည်။
သူ့ရှေ့ရှိ ကောင်လေးက ဤတစ်ကြိမ်တွင်တော့ မည်သို့မျှ တတ်နိုင်မှာ မဟုတ်ပေ။
ထိုအကြောင်း တွေးမိသည်နှင့် ကျူးကျင်းဝူသည် လူတိုင်းရှေ့တွင် ယုံကြည်ချက် အပြည့်နှင့် မတ်တပ်ရပ်လိုက်၏။ ထို့နောက် သူ့နောက်ရှိ နံရံကို လက်ညှိုးညွှန်ပြလိုက်သည်။
“ အခု ကျုပ် ပြသမယ့် ကိုယ်ဖော့ပညာက အနောက်မှာ ရှိတဲ့ နံရံ အမြင့်ကြီးပေါ်ကို ငါး စက္ကန့်အတွင်း ဘယ်လို ပြင်ပ ပစ္စည်းအကူအညီမှ မပါဘဲ တက်ပြသွားမှာပါ … “
“ ပြင်ပ ပစ္စည်း အကူအညီမပါဘဲ နံရံထိပ်ရောက်အောင် တက်ပြမယ် ဟုတ်လား …”
မသိစိတ်အလျောက် လူတိုင်း၏ အကြည့်က သူတို့ရှေ့ရှိ နံရံအမြင့်ကြီး၏ ထိပ်သို့ ရောက်ရှိသွားခဲ့သည်။
“ ငါ အကြမ်းဖျင်း တွက်ကြည့်ပြီးသွားပြီ … ဒီရှေ့က နံရံက အပေါ် လက်ရန်းပါ ထည့်တွက်ရင် အနည်းဆုံး ၄.၅ မီတာ မြင့်တယ်.. ပြင်ပပစ္စည်း အကူအညီမပါဘဲ တက်ဖို့ဆို ဘယ်လိုမှ မဖြစ်နိုင်ဘူး …”
“ ဖြစ်နိုင်မယ်လို့လည်း ငါတော့ မထင် … ဒါကြီးက စောက်ရမ်း ဆန်းကြယ်လွန်းသွားပြီ …”
လူတိုင်း၏ တုံ့ပြန်မှုကို မြင်တော့ ကျူးကျင်းဝူမှာ အတော်လေး နှစ်ထောင်းအားရ စိတ်ကျေနပ်သွားခဲ့သည်။
ဤသည်က သူလိုချင်သည့် အကျိုးသက်ရောက်မှုပင်။ ဤလူများက ဖြစ်နိုင်မည်ဟု မယုံကြည်ပေ။ ထို့နောက် သူက သူ၏ ခွန်အားကို ပြသပြီး လူတိုင်းကို ရှော့ခ်ရအောင် ပြုလုပ်လိုက်မည်။ ယခုလို နည်းလမ်းဖြင့် သူ ကြိုတင်ပြင်ဆင်ထားသည့် ပစ္စည်းများ မရောင်းထွက်ဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။
“ လူတိုင်း ဘယ်လို ခံစားနေရလဲဆိုတာကို ကျုပ်နားလည်တယ်…. ကျုပ် စစချင်း တပည့်ဖြစ်တဲ့ အချိန်တုန်းကလည်း ဒီလိုအရာမျိုးကို မယုံကြည်ဘူး … ဒါပေမယ့် ကိုယ်ဖော့ပညာကို ကျွမ်းကျင်သွားတဲ့အချိန်မှာပဲ မဖြစ်နိုင်တဲ့အရာကို ကျုပ်စပြီး ယုံကြည်လာတယ်….”
ကျူးကျင်းဝူသည် လက်နောက်ပစ်လျက် ဘဝင်ခိုက်စွာ ပြောလိုက်သည်။
“ ခင်များတို့ထဲမှာ တချို့လူတွေက ကျုပ်ကို ပေါက်ကရတွေ ပြောနေတယ်လို့ ယုံကြည်နေကြတဲ့ လူတွေလည်း ရှိရင်ရှိမယ်… ကိစ္စ မရှိဘူး …… တာအို ကိုယ်ဖော့ပညာက ဘယ်လိုအရာမျိုးလဲဆိုတာ လူတိုင်းမြင်အောင် ကျုပ်ပြပေးမယ်…”
သူ့စကားဆုံးသည်နှင့် ကျူးကျင်းဝူသည် မည်သည်ကိုမျှ မဆိုတော့ဘဲ ပြင်ဆင်မှု တချို့ ပြုလုပ်၍ ရှေ့ရှိ နံရံအမြင့်ကြီးထံ ပြေးတက်သွားခဲ့သည်။
မကြာမီ နံရံနှင့် မီတာဝက်မျှ အကွာအဝေးသို့ ရောက်ရှိသွားခဲ့ပြီး ကျူးကျင်းဝူသည် လေပေါ်သို့ ခုန်တက်လိုက်ကာ နံရံပေါ်သို့ ခြေထောက်တစ်ဖက်ဖြင့် တက်နင်းလိုက်၏။ ထို့နောက် ခပ်ပြင်းပြင်း နင်းဆောင့်ကာ အရှိန်ယူ၍ ထိပ်သို့ ပြန်တက်လိုက်ပြန်သည်။
ဤမြင်ကွင်းက လူတိုင်းကို အံ့အားတကြီး မြည်တမ်းသွားမိစေခဲ့၏။
သူတို့အဖို့ ဤသည်ကပင် နတ်ဘုရားဆန်သည့် အရည်အချင်း ဖြစ်လို့နေချေပြီ။
တစ်ချိန်တည်းတွင် ကျူးကျင်းဝူ၏ ညာလက်က နံရံ၏ အပေါ်စွန်းသို့ ရောက်ရှိနေပြိး ဘယ်လက်က လက်ရန်း၏ အောက်ခြေကို ဆုပ်ကိုင်လိုက်ကာ ခွန်အားကုန်သုံး၍ သူ့ကိုယ်သူ နံရံအမြင့်ပေါ်သို့ ဆွဲတင်လိုက်သည်။
နံရံ အမြင့်ကြီးပေါ်၌ မတ်တပ်ရပ်နေရင်း ကျူးကျင်းဝူသည် ဟိတ်ဟန်အပြည့်နှင့် အောက်ရှိလူတိုင်းအား ငုံ့ကြည့်ကာ ဆိုလိုက်သည်။
“ လူတိုင်း မြင်လိုက်ကြလား … ဒါ ကျုပ်တို့ ရှီးယွင် ဘုရားကျောင်းရဲ့ ကိုယ်ဖော့ပညာပဲ … ကျုပ် အကျွမ်းကျင်ဆုံး အရည်အချင်းဆိုလည်း ဟုတ်တယ်… ဒီတစ်ခါတော့ တာအို သိုင်းပညာက ဘာလဲဆိုတာ ခင်များတို့ ယုံကြည်ပြီမလား …”