← Chapters

လောင်းမယ်

Vol. 127 Ch. 1905

လောင်းမယ်

Vol. 127 Ch. 1905

ဤကဲ့သို့ အံ့ဩဘနန်းဖြစ်စရာ မြင်ကွင်းကို မြင်လိုက်ရသည်တွင် အောက်ရှိ ဧည့်ပရိတ်သတ်ကြီးမှာ မျက်ဝန်းတို့ ပြူးကျယ်၍ ပါးစပ်အဟောင်းသား ဖြစ်နေမိကြလေသည်။

ကျူးကျင်းဝူသည် လေးမီတာကျော် မြင့်သည့် နံရံပေါ်သို့ မျက်တောင်တစ်ခတ်စာ အတွင်း ရောက်သွားနိုင်လိမ့်မည်လို့ မည်သူကမျှ မျှော်လင့်မထားခဲ့‌ချေ။

သူ၏ကိုယ်က ငှက်မွှေးကဲ့သို့ ပေါ့ပါးနေသည်ဟု ပြောလျှင်ပင် ချဲ့ကားရာ ကျလိမ့်မည် မဟုတ်ပေ။

လင်းရီမှာမူ ဘေးတွင် ရပ်ကြည့်နေရင်း ဘာမျှ မဆိုချေ။ ဤမြင်ကွင်းက ရှော့ခ်ရလောက်စရာ ဖြစ်သော်လည်းပဲ ဂရုတစိုက်နှင့် တွေးတောကြည့်ပြီးနောက် ထွေထူး ပြောပလောက်စရာ မရှိပေ။

သူကဲ့သို့ လူစားမျိုးကို မဆိုထားနှင့်။ သာမန် လူတစ်ဦးသည်ပင် လုံလောက်သည့် လေ့ကျင့်မှုများ ရှိသည်နှင့် ပြုလုပ်နိုင်သည့် အရာဖြစ်၏။

အမှန်တော့ ကျူးကျင်းဝူ သရုပ်ပြသွားခဲ့သည့် အရာများက တချို့သော parkour ပရော်ဖက်ရှင်နယ်များနှင့်ပင် နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။ ၎င်းတို့ပြုလုပ်ပြသည့် အရာတို့ကပင် ပိုပြီး ရှော့ခ်ရဖို့ ကောင်းနေသေးလေသည်။

သို့သော် ကျူးကျင်းဝူက တော်တော်လေးတော့ ဉာဏ်ကောင်းလှ၏။

သရုပ်ဖော်ပြသချိန် နံရံထက်၌ အငေါစွန်းထွက် အသေးလေး တစ်ခု ရှိနေပြီး ၎င်းနေရာသို့ ခြေထောက်ကို သေချာထားကာ အပေါ်သို့ တက်ရန်အတွက် တွန်းကန်အား တစ်ခုကို အခိုင်အမာ ရယူလိုက်သည်။

ယင်းနှစ်ချက်က သူ့ကို နံရံပေါ်သို့ လွယ်လင့်တကူ ရောက်ရှိသွားစေခဲ့၏။

ထိုအချိန်၌ ကျူးကျင်းဝူသည် ဘေးလှေကားထစ်များမှတဆင့် အောက်သို့ ပြန်ဆင်းလာခဲ့ကာ အစောပိုင်း၌ ဖြစ်ပွားခဲ့သည့် ယုံကြည်ခြင်း ကင်းမဲ့မှုအပေါ် အသစ်တည်ဆောက်ထားသည့် ကိုယ်ဖော့အာမခံချက် တစ်ခုဖြင့် အစားထိုးစေလိုက်၏။

“ တာအိုရောင်းရင်း … ငါ ခုနက ပြသခဲ့တာ ငါတို့ ရှီးယွင် ဘုရားကျောင်းရဲ့ ကိုယ်ဖော့ပညာရပ်ပဲ … မင်းရော အဲ့တာကို ဘယ်လိုထင်လဲ …”

“ ကျုပ် ဘယ်လိုထင်လဲ ဟုတ်လား …” လင်းရီ ပြုံးလိုက်ပြီး “ ဘာမှ ထူးခြားတယ်ရယ်လည်း မရှိတော့ ကျုပ်မှာ ထွေထူး ပြောစရာ ဘယ်နားက ရှိမှာ …”

“ ဘာမှမထူးခြားဘူး ဟုတ်လား …” ကျူးကျင်းဝူ မယုံကြည်နိုင် ဖြစ်သွားခဲ့ပြီး “ မင်း ဟာသလုပ်နေတာတော့ မဟုတ်ဘူးမလား …”

“ ဘာများ ဟာသလုပ်စရာ ရှိလို့ … အဲ့လောက်ကတော့ ကျုပ်လည်း လုပ်နိုင်တယ်.. ဘာ ကိုယ်ဖော့ပညာနဲ့မှ မဆိုင်ဘူး …”

ဤတစ်ကြိမ်တွင်တော့ လူအုပ်ကြီးမှာ အသံတိတ်ပြီး မနေနိုင်တော့ချေ။

“ ကောင်လေး .. မင်းဘာတွေ ပြောနေတာတုန်းကွ ဟမ် … မင်းကိုယ်မင်း သန်မာတယ်ဆိုတာနဲ့ပဲ ပျံပြီးလေပေါ် လမ်းလျှောက်နိုင်ပြီလို့ ထင်နေတာလား .. အဲ့လိုလုပ်ဖို့က တကယ့် အရည်အချင်းတွေ လိုတယ်ကွ …”

“ ကြွားလုံးထုတ်နေတာတွေ တော်လိုက်တော့ .. တာအိုအကြီးအကဲ တက်ပြသွားခဲ့တာ လေးမီတာကျော်တယ်… ဒါ နှစ်လွှာတိုက်အမြင့် နီးနီးပဲ … မင်းကိုယ်မင်း သက်သေပြချင်တိုင်းနဲ့ ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင် မလုပ်ချင်စမ်းပါနဲ့ …”

“ ရပြီ … ဒီလောက်ဆို မင်း ကျပ်မပြည့်မှန်း ငါတို့သိပြီ … တော်လိုက်တော့ …”

လင်းရီ ပြုံးလိုက်ပြီး ထိုလူများနှင့် ငြင်းခုန်မနေတော့ချေ။

အကယ်၍ ယခင်တစ်ချိန်ကသာ ဖြစ်ခဲ့မည်ဆိုပါက သူ ကျိန်းသေပေါက် ပြန်ချေပမိလောက်၏။

သို့သော် ကျုံးဝေ့တပ်ဖွဲ့ထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင် သူ၏ ရှုထောင့်အမြင်သည်လည်း ပိုမို ကျယ်ပြောလာသည်။

ဤလူများက မည်မျှ ဉာဏ်ကောင်းထက်မြက်နေစကောမူ သူ၏ ကာကွယ်ပေးမှုကို လိုအပ်နေသည့် လူများပင်။

ထိုအချိန်မှာပဲ ဘေးတွင် ရပ်နေသည့် ကျူးကျင်းဝူ ပြောလာခဲ့၏။

“ ကဲ ရောင်းရင်းရေ … ဘာတွေ ဖြစ်နေလဲဆိုတာ မင်းလည်း မြင်တဲ့ အတိုင်းပဲ … စကားပုံတွေအတိုင်း လူတွေ အကြံပေးတာ နားထောင်ပြီး ထမင်းကိုပဲ ဝအောင်စား .. တကယ်ကြီး စမ်းကြည့်စရာ မလိုပါဘူး … တစ်ခုခု ထိခိုက်သွားရင် မင်းအတွက် ကောင်းမှာ မဟုတ်ဘူး …”

“ ဒီရဲ့ မိတ်ဆွေလေးက ဒီလို အတွေးမျိုးတွေ ရှိနေတယ်ဆိုမှတော့ သူ့ကို ကြိုးစားကြည့်ခိုင်းလိုက်ပါ … မဟုတ်ရင် သူ စိတ်ကျေနပ်မှာ မဟုတ်ဘူး … မဟုတ်ရင် သူ ဒီက ထွက်သွားတာနဲ့ ငါတို့လို တာအိုပညာရှင်တွေရဲ့ ဂုဏ်သိက္ခာကို အင်တာနက်ပေါ်မှာ စော်ကားတိုက်ခိုက်နေလိမ့်မယ်.. “

ပြောလိုက်သူက ကျန်းရန်ကျွင်းပင်။ ထိုသို့ ပြောလိုက်သည့် သူ၏ ရည်ရွယ်ချက်ကတော့ လင်းရီကို ဥပမာကောင်း တစ်ခု အနေဖြင့် အသုံးချချင်သောကြောင့် ဖြစ်လေသည်။

ကျူးကျင်းဝူက အပေါ်သို့ ရောက်အောင် တက်ပြခဲ့ပြီး ဖြစ်၏။ အတွေ့အကြုံ မရှိသည့် သာမန်လူတစ်ယောက်က လေးမီတာကျော် မြင့်သည့် နံရံပေါ်သို့ ရောက်အောင် တက်ဖို့ဆိုသည်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ချေ။

ထို့ကြောင့် သူတို့၏ အကျိုးအမြတ်ကို အဆုံးစွန်ဆုံး ရရှိနိုင်ရေးအတွက် လင်းရီကို ကြိုးစားခွင့် ပြုပေးရမည်။

“ ဟုတ်တယ်…. သူ့ကို ကြိုးစားကြည့်ခိုင်းလိုက် …” ကြည့်ရှုနေသည့် ပရိသတ်များလည်း အော်ဟစ်လိုက်ကြသည်။

“ သူ အမှန်မြင်နိုင်ဖို့လိုတယ်… မဟုတ်ရင် အင်တာနက်ပေါ်တက်ပြီး သူ့ ပါးစပ်ပုတ်ကြီးနဲ့ မကောင်းတာတွေ လျှောက်ဖွတော့မှာ …”

“ ငါ ဒီကောင့်ကို စကတည်းကနေ ကြည့်လို့ကို မရတာ … မင်းကများ တာအို အကြီးအကဲရဲ့ အရည်အချင်းတွေကို မေးခွန်းထုတ်ဝံ့နေတယ် ဟုတ်လား … အာပဲချောင်ရဲတဲ့ ကီးဘုတ်ဖိုက်တာဆိုတာ အသိသာကြီး …"

ကျန်းရန်ကျွင်း ပြုံးလိုက်ပြီး လင်းရီအား ကြည့်လိုက်သည်။

“ မိတ်ဆွေလေး … မင်းရဲ့ အမှားကို အခုချက်ချင်း ဝန်ခံမယ်ဆိုရင် ငါခွင့်လွှတ်ပေးလို့ရတယ်… ဒါပေမယ့် မင်း ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ အဲ့လိုဆိုလည်း ကြိုးစားကြည့်လို့ရတယ်… မင်း မအောင်မြင်ရင်တော့ ငါတို့ကို တောင်းပန်ဖို့လိုမယ်…”

“ ပြဿနာ မရှိဘူး …” လင်းရီ ခွန်းတုံ့ပြန်လိုက်၏။

“ ဒါပေမယ့် ကျုပ် အောင်မြင်သွားခဲ့ရင် ခင်များတို့က လူတွေကို လိမ်လည်လှည့်ဖျားနေပါတယ်ဆိုပြီး ဝန်ခံရမယ်… ဘယ်လိုလဲ …”

“ ဒါက …. “

ကျူးကျင်းဝူ တုံ့ဆိုင်းသွားခဲ့၏။ ယခုလို သဘောတူညီမှုမျိုးကို ပြလုပ်သည်က လောင်းကြေးအကြီးစား ထပ်လိုက်ခြင်းပင်။

အကယ်၍ တစ်စုံတစ်ရာ မှားယွင်းသွားခဲ့ပါက သူတို့သရုပ်ဖော်ခဲ့သည့် အရာအားလုံးက အလိမ်အညာပါဟူ၍ ဝန်ခံရတော့မည် ဖြစ်၏။

သူတို့၏ အနာဂတ်ဝင်ငွေအပေါ် ကြီးကြီးမားမား ထိခိုက်မှု ရှိလာနိုင်သည်။

“ ပြဿနာ မရှိဘူး …”

ကျန်းရန်ကျွင်းကတော့ တုံ့ဆိုင်းခြင်း မရှိ ချက်ချင်း သဘောတူလိုက်သည်။

“ ခင်များ ဘာလို့ သဘောတူလိုက်တာလဲ …”

ကျူးကျင်းဝူ တီးတိုးလှမ်းမေးလိုက်သည်။

ကျန်းရန်ကျွင်း၏ အမူအရာ ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သူ ပြုံးလျက် အသံနိမ့်ပြီး မေးလိုက်၏။

“ သူ ရောက်အောင် တက်နိုင်မယ်လို့ မင်းထင်လား ..”

“ မထင်ဘူး …” ကျူးကျင်းဝူ ပြောလိုက်သည်။ “ အစောပိုင်းတုန်းက အုတ်ခဲကန်တာကျတော့ ခွန်အားရှိတာနဲ့ ဖြစ်နိုင်တယ်… ဒါပေမယ့် ဒီဥစ္စာကတော့ အဲ့လိုမျိုး သေချာပေါက် မရဘူး…”

“ မင်းလည်း သေချာနေတာကို ဘာတွေ ကြောက်နေတာ…” ကျန်းရန်ကျွင်း ပြောလိုက်ပြီး “ မင်း ဒီလောက်ထိ သတ္တိကြောင်နေတာ နောင်ကျ ပိုက်ဆံ ဘယ်လို ရှာတော့မှာ …”

ကျန်းရန်ကျွင်း၏ စကားကို ကြားတော့ ကျူးကျင်းဝူ အသိစိတ် ပြန်ဝင်လာသည်။

အကယ်၍ လင်းရီသာ ကျရှုံးခဲ့မည်ဆိုပါက ရှီးယွင် ဘုရားကျောင်း၏ ဂုဏ်သတင်းသည်လည်း တိုးတက်လာပေလိမ့်မည်။

ယင်းက နောင်အနာဂတ်၌ သူတို့ကို ပိုက်ဆံရှာဖို့ ပိုမိုလွယ်ကူသွားစေနိုင်သည်။

“ အစ်ကိုကျွင်း ပြောတဲ့ အတိုင်းလုပ်တာပေါ့ …"

“ လုပ်လိုက် … ပြဿနာ မရှိစေရဘူး …” ကျန်းရန်ကျွင်း ပြောလိုက်ပြီး “ ငါ ဒီနှစ် ဗီလာ တစ်လုံး ဝယ်နိုင်ရင် မင်းကို အကျိုးအမြတ် တစ်ဝက် ခွဲပေးမယ် ဟားဟားဟား …”

ကျူးကျင်းဝူ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် လင်းရီကို ကြည့်ပြီး “ ငါတို့ သဘောတူတယ်… မင်းမှာ သံသယ ရှိနေတယ်ဆို အခု ကြိုးစားကြည့်လိုက်တော့ …”

“ စောင့်သာ ကြည့်နေလိုက် …”

လင်းရီသည် နေရာတွင် ရပ်၍ ပြင်ဆင်မှု တစ်ချို့ ပြလုပ်လိုက်သည်။ မည်သို့ပင်ဆိုစေ ယခင်က ယခုလို အရာမျိုး မပြုလုပ်ခဲ့ဖူးသဖြင့် ခန္ဓာကိုယ် မလန့်သွားစေရန်အတွက် သွေးပူအောင် လုပ်ဖို့ လိုလေသည်။

“ အစ်ကိုရီ … ဘာပြဿနာမှ မရှိဘူးဆိုတာ သေချာပါတယ်နော် …”

ချောင်ရှင်း မေးမြန်းလိုက်၏။

“ ဒီတိုင်း ကြည့်နေလိုက် … ဘာမှထွေထူးမဟုတ်ဘူး …”

“ အိုကေ … ဒါဆိုလည်း ဖိုက်တင်း …”

လီချူးဟန်နှင့် ချောင်ရှင်းတို့က လင်းရီအပေါ်တွင် ယုံကြည်ချက် အပြည့်ရှိကြသည်။

မိနစ်ဝက်ခန့်ကြာပြီးနောက် လင်းရီလည်း သွေးပူအောင် ပြုလုပ်၍ ပြီးစီးသွားခဲ့သည်။

ထို့နောက် အသက်ကိုပြင်းပြင်း ရှူသွင်းရင်း နံရံသို့ ပြေးလာသည်။

ကျန်းရန်ကျွင်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေပြီး “ ဒီကောင် ဆိုးတော့ မဆိုးဘူးပဲ …”

မျက်တောင်တစ်ခတ်အတွင်းမှာပဲ လင်းရီသည် နံရံအစွန်းသို့ ရောက်ရှိသွားခဲ့သည်။

လင်းရီ ဒူးကွေး၍ တစ်မီတာအမြင့်သို့ခုန်တက်လိုက်ပြီး နံရံသို့ ခြေထောက်တစ်ဖက်ဖြင့် ဆင်းသက်သွားခဲ့သည်။

သာမန် စနိကာကို ဝတ်ဆင်ထားသော်လည်းပဲ လင်းရီ၏ ခွန်အားက လေထုအလယ်တွင် ဟန်ချက်ညီအောင် ပြုလုပ်ဖို့က ပြဿနာ မရှိချေ။

ပိုပြီး အထင်ကြီးဖို့ကောင်းသည်က လင်းရီသည် ကျူးကျင်းယွီကဲ့သို့ လက်ရန်းအောက်ခြေကို မဆွဲထားဘဲ ထိုအစား အခြားခြေထောက်တစ်ဖက်ကို နံရံသို့ ကန်၍ နှစ်ချက်ဆက်တိုက် လှမ်းကာ နံရံထက်သို့ ရောက်ရှိသွားခဲ့သည်။

သူ၏ သွင်ပြင်က အောက်မှ ကြည့်လျှင် နံရံပေါ်သို့ ဒေါင်လိုက် လမ်းလျှောက်သွားခဲ့သည့်နှယ်ပင်။

ထို့နောက် လက်ရန်းကို ကိုင်၍ တစ်ဖက်သို့ လွှားခနဲ ခုန်ကျော်လိုက်၏။ ဖြစ်စဉ်တစ်ခုလုံးက အဆင်ချောနေလျက် ရှိကာ မည်သည့် ပုံစံမကျမှုကိုမျှ မမြင်တွေ့ရချေ။ အံ့အားသင့်စရာ အကောင်းဆုံးကတော့ လင်းရီ၏ လှုပ်ရှားမှုတို့က အင်မတန် မြန်ဆန်နေခြင်း ဖြစ်လေသည်။

အချိန်အတိုင်းအတာဖြင့် စကားပြောမည်ဆိုပါက လင်းရီ နံရံထက်သို့ ရောက်ရှိရန်အချိန်မှာ နှစ်စက္ကန့်ပင် မကြာလိုက်ချေ။

လူအုပ်ကြီးမှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့ပြီး ၎င်းတို့၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေခဲ့သည်။ တဒိန်းဒိန်းမြည်နေသည့် သူတို့၏ နှလုံးခုန်သံမှအပ တစ်နေရာလုံးက တိတ်ဆိတ်နေလျက် ရှိတော့၏။

( Parkour - ခုန်ပျံကျော်လွှား အားကစားတစ်မျိုး။ သူက ပြင်သစ် စစ်လေ့ကျင့်ရေးနည်းလမ်း တစ်ခုကဆင်းသက်လာတာ။ တော်တော်များများလည်း အင်တာနက်ပေါ်မှာ မြင်မိကြမှာပါ။ တိုက်တန်းလက်ရန်းတွေပေါ်ကနေ အောက်တိုက်ခန်း‌ပေါ်ကို ခုန်ဆင်းတာ။ လေထဲ ကျွမ်းပစ်ပြီး အောက်ကို ခုန်ချတာ။ ဟိုဘက်တိုက်နဲ့ ဒီဘက်တိုက် ခုန်ကူးကြတာ။ အတော်လေးတော့ အန္တရာယ်များတယ်။ အဲ့လိုလုပ်နိုင်တဲ့ ကျွမ်းကျင်သူတွေကို Parkour professional တွေလို့ ခေါ်ပါတယ်။)

စာစဉ် (၁၂၇) ပြီး၏။

( ၁၂၇ မှာ ကျနော် နည်းနည်းကြာသွားတယ်ဗျာ။ စောင့်ပေးကြလို့ ကျေးဇူးပါဗျ။ ၁၂၈ ကိုတော့ လေးရက်နဲ့ ပြီးအောင် ရေးပေးပါ့မယ်။ )

All Chapters