အခွင့်အရေးဆိုတာ ရတုန်း တန်ဖိုးထားရတဲ့အရာ
Vol. 127 Ch. 1896
သက်လတ်ပိုင်း အမျိုးသမီး၏ ငြင်းခုန်သည့် အသံများကြောင့် လူတော်တော်များများ၏ အာရုံကို ဆွဲဆောင်မိသလို ဖြစ်သွားခဲ့လေသည်။
ဘာတွေ ဖြစ်နေလဲဆိုတာ သူတို့အားလုံး စူးစမ်းချင်လာခဲ့ကြ၏။
ဘေးကနေ ဝိုင်းပြီး ကြည့်ရှုသူတို့ များသထက် များပြားလာသည်ကို မြင်တော့ တာအိုဝတ်ရုံနှင့် လူငယ်လေးမှာ အတော်လေး အထိတ်ထိတ်အလန့်လန့် ဖြစ်လာခဲ့လေသည်။
သူ ဤနေရာသို့ ရောက်လာခဲ့သည်က အလုပ်လုပ်ဖို့ပင်။ သူ၏ နေ့စဉ်အလုပ်က ဤနေရာ၌ လက်မှတ်များ ရောင်းချရန် ဖြစ်ပြီး လုပ်ကိုင်လာသည့် သက်တမ်းတစ်လျှောက်တွင် ယခုလို ဖြစ်သည်အား ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်၏။
မနေသာတော့သည့်အဆုံး၌ တာအိုဝတ်ရုံနှင့် လူငယ်လေးသည် ဗိုက်ရွှဲရွှဲနှင့် အမျိုးသားကို ထောင့်တစ်နေရာသို့ အတင်းအကြပ် ခေါ်ဆောင်သွားခဲ့ကာ ပြောဆိုလိုက်သည်။
“ ခင်များ လက်မှတ်တွေကို ခုချက်ချင်း ပြန်ပေးလိုက်တာ ကောင်းမယ်… မဟုတ်ရင် ကျုပ် ဆက်ပြီး အလုပ်ဆက်လုပ်လို့ရတော့မှာ မဟုတ်ဘူး …”
ဗိုက်ရွှဲရွှဲနှင့် အမျိုးသား၏ မျက်နှာမှာ အေးစက်သွားခဲ့ပြီး သက်လတ်ပိုင်း အမျိုးသမီးအား ဟစ်အော်လိုက်၏။
“ ကောင်မ … မင်းရူးနေတာလား … ပိုက်ဆံ မရှိဘူးဆိုလည်း ဒီလိုနေရာကို လာမနေနဲ့ .. ဆင်ဆင်ခြင်ခြင်နေစမ်း … မဟုတ်ရင် မင်း ရန်ကျင်းမှာ နေလို့ မရအောင် လုပ်ပစ်လိုက်မယ်…”
ဗိုက်ရွှဲရွှဲနှင့် အမျိုးသား၏ ကြောက်မက်ဖွယ်ကောင်းသည့် အမူအရာကို မြင်တော့ သက်လတ်ပိုင်း အမျိုးသမီးမှာ အနည်းငယ် စိုးရွံ့လာသည်။
“ ဒီက ညီကို … မင်း ကိုယ့်ပုံရိပ်ကိုယ်လည်း ထိန်းစမ်းပါဦး … ဒါ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာနော်…” လင်းရီ ပြောဆိုလိုက်သည်။
တစ်စုံတစ်ယောက်က ဝင်ပါလာသည်ကိုမြင်တော့ ဗိုက်ရွှဲရွှဲနှင့် အမျိုးသား၏ အကြည့်က လင်းရီပေါ်သို့ ကျရောက်သွားခဲ့သည်။
“ ဒါ မင်းနဲ့ ဆိုင်သလား … ညစ်ပတ်နံစော်နေတဲ့ အပြင်လူကများ … ဒါ ရန်ကျင်းကွ … မင်းတို့လို တနယ်တကျေးကလာတဲ့ သူတောင်းစားတွေ လာလည်လို့ ရတဲ့ နေရာမဟုတ်ဘူး … ထွက်သွားစမ်း …”
“ ရှင် ဘယ်သူ့ကို လာပြီး အဲ့စကားတွေ ပြောနေတယ်ထင်လဲ …”
ချောင်ရှင်း ဒေါသတကြီး ဖြစ်သွားခဲ့သည်။ “ ရှင်ကမှ မိုက်ရိုင်းတဲ့ တိရစ္ဆာန် စစ်စစ် … စကားပြောလိုက်ရင်လည်း အဆင့်မရှိတဲ့ အောက်တန်းစားလိုပဲ .. ကောင်းတဲ့ အမူအကျင့်တွေကို မွေးမြူဖို့ ရှင့်မိဘတွေက မသွန်သင်ပေးခဲ့ဘူးနဲ့တူတယ်…”
ဗိုက်ရွှဲရွှဲနှင့် အမျိုးသား၏ မျက်နှာမှာ ချက်ချင်း နက်မှောင်သွားခဲ့တော့သည်။ “ ကောင်မလေး … မင်းစကားကို ကြည့်ပြောရင် ကောင်းလိမ့်မယ်နော်… မင်းက မိန်းမ ဖြစ်နေလို့ ငါ ပြိုင်တုပြီး ရန်မဖြစ်ချင်ဘူး … အခွင့်အရေး လာမယူနဲ့ …”
“ ယောက်ျား … အဲ့ဒီလူတွေနဲ့ လေကုန်ခံပြီး စကားပြောမနေနဲ့ …”
ဗိုက်ရွှဲရွှဲနှင့်လူ၏ အမျိုးသမီးက ထိုလူ့လက်မောင်းကို ရင်ဘက်နှင့်ဖိပြီး ပြောဆိုလိုက်သည်။ ထို့နောက် ချောင်ရှင်းထံသို့ ကြည့်၍ “ ငါတို့က နင့်ကို မျက်နှာပေးနေတာနော်… ဒီတိုင်း အသာနေလိုက် … နင်တို့လို ရန်ကျင်း ပြင်ပက တနယ်တကျေးသားတွေ ကိုယ့်နယ်မဟုတ်ရင် ဆင်ခြင်ပြီးနေ … ဒါ နင်တို့ မြို့မဟုတ်ဘူး … ပေါက်ကရတွေ ထပ်ပြောနေဦးမယ်ဆိုရင် ငါ့လက်ဝါးက ပါးရွေးနေမှာ မဟုတ်ဘူးဆိုတာသိထားလိုက် …”
ပြောပြီးသည်နှင့် သက်လတ်ပိုင်းအမျိုးသမီးက ချောင်ရှင်းထံသို့ လက်ဖဝါးရွယ်လိုက်ကာ တကယ်ရိုက်တော့မည့်ဟန် ပြုလိုက်သည်။
လီချူးဟန်သည် ချောင်ရှင်းကို သူမဘေးသို့ အလျင်အမြန် ဆွဲခေါ်၍ သူမအနောက်၌ ထားလိုက်ကာ ရှေ့ကနေပြီး ဒိုင်းသဖွယ် ကာကွယ်ထားပေးလိုက်သည်။
လင်းရီ ထိုနှစ်ယောက်ကို မျက်နှာမသာမယာဖြစ်စွာ ကြည့်လိုက်ရင်း “ ပြောကြတာ ငါးက ငါးကိုပဲ အဖော်ရှာတယ်… ပုစွန်တွေက ပုစွန်တွေကိုပဲ အဖော်ရှာတယ်… လိပ်တွေကလည်း လိပ်ကိုပဲ အဖော်ရှာတယ်… မင်းတို့နှစ်ယောက်လည်း တကယ့်ကို လိုက်လည်းလိုက်တဲ့ စုံတွဲတွေပါလား …”
စစချင်းတုန်းက ဗိုက်ရွှဲရွှဲနှင့် အမျိုးသား ထင်မှတ်ထားသည်မှာ ထိုနှစ်ယောက်ကို သူ အနိုင်ပိုင်းနိုင်ပြီ အထင်ဖြင့် သူ့မိန်းမကိုခေါ်ပြီး အထဲသို့ လည်ရန် ဟန်ပြင်နေခဲ့သည်။ သို့သော် ထင်မှတ်မထားစွာဖြင့် မဆီမဆိုင် လာဝင်ရှုပ်သည့် လူက တစ်ဖန်ပြန်ပြီး စကားစလာပြန်သည်။
“ ဘာလဲ … ငါ့ဆီက အဆဲခံထားရတာတောင် မင်းက မကျေနပ်သေးဘူးပေါ့ … မင်းကိုယ်မင်း သေးပန်းပြီး အဲ့သေးအိုင်ထဲ မင်းမျက်နှာမင်း ပြန်ကြည့်စမ်း ..”
လင်းရီ၏ အမူအရာမှာ မည်သို့မျှ မနေဘဲ တည်ငြိမ်လျက်သာ ရှိနေသည်။ “ မင်းလက်ထဲမှာ ရှိတဲ့ အိုင်ဒီလေးတစ်ခုနဲ့ ဒီလောက်ထိ ထောင်လွှားမောက်မာနေစရာ လိုလို့လား …”
“ ဟုတ်တယ်… အမှန်ပဲ … မင်း မနာလို ဖြစ်နေတာလား …” ဗိုက်ရွှဲရွှဲနှင့် အမျိုးသားက မောက်မာတင်စီးစွာ ပြောလိုက်ပြီး “ ငါ ပြောပြမယ်… ငါ့မှာ ဒီအိုင်ဒီ ရှိနေတယ်ဆိုတာ ငါက စောက်ရမ်း အံ့ဩဖို့ကောင်းပြီး သူများတွေထက် တမူထူးတဲ့လူလို့ ဆိုလိုတာပဲ … ငါ့မှာ သံမဏိထမင်းအိုးကြီးလည်း ရှိတယ်… ငါ့ ကျန်တဲ့ တစ်သက်လုံးလည်း ငွေကိစ္စ ပူပင်စရာမလိုဘူး … ပြီးတော့ ရန်ကျင်းရဲ့ ဒုတိယအဝိုင်းပတ်လမ်းထဲမှာလည်း အိမ်တစ်လုံး ပိုင်ထားသေးတယ်… မင်း မကျေနပ်တာ ရှိလား .. ရှိလည်း ငါ့လောက်တောင် မချမ်းသာတဲ့ မင်းကိုယ်မင်းသာ အပြစ်တင်လိုက် …”
“ တော်ပြီ .. ဘယ်လိုနေရာမှာပဲ ဖြစ်ဖြစ် ရွံစရာယင်ကောင်တွေကတော့ နေရာအနှံ့မှာ ရှိနေမှာပဲ …”
ယခုအချိန်ထိ တိုင်အောင် လင်းရီသည် ရန်ကျင်းရှိ လူများကို ဘဝင်မတွေ့ မဖြစ်မိပေ။ သို့သော်လည်းပဲ ဤနေရာရှိ လူတိုင်းက လူကောင်းသူကောင်းများ ဖြစ်နေကြသည်တော့ မဟုတ်ပေ။ သူ့ရှေ့ရှိ ဤလူက ပြီးပြည့်စုံသည့် ဥပမာကောင်းတစ်ခုပင်။
သို့သော် ဤလူ့ကို ငကြောင်ဟု သတ်မှတ်၍ရလေသည်။
လက်ရှိ လူမှုအသိုင်းအဝိုင်းရှိ ရာထူးဝါစဉ်အရဆိုပါက ရာထူးအနိမ့်ပိုင်းရှိ လူတို့မှာ သိုသိုသိပ်သိပ်သာနေပြီး အခြားလူများအား မတော်တဆ အပြစ်ပြုမိရင်းဖြင့် သူတို့အလုပ်လေး ဆုံးရှုံးသွားမှာကို ကြောက်ရွံ့တတ်ကြသည်။
အခြားတစ်ဖက်တွင်တော့ ဤလူမှာ မပြောပလောက်သည့် ရာထူးနေရာတစ်ခုလေးလောက် ရထားရုံမျှဖြင့် လူတကာသိအောင် ကြွားလုံးပတ်ထုတ်နေသည်။
ထမင်းစားပြီး အာဟာရမဖြစ်သည့် လူစားမျိုးပင်။
“ မင်း ဘယ်သူ့ကို အဲ့စကားမျိုး ပြောနေတယ်ထင်လဲ .. သေအောင် ရိုက်သတ်လိုက်ရ ....."
ဗိုက်ရွှဲရွှဲနှင့် လူက တိုက်ခိုက်တော့မည့် အချိန်မှာလဲ လင်းရီ တစ်ဖက်လူကို ပိတ်ကန်လိုက်သည်။ ခြေကန်ချက်ကြောင့် တစ်ဖက်လူမှာ မီတာအနည်းငယ်ထိတိုင် လွင့်ထွက်သွားခဲ့လေသည်။
“ ယောက်ျား ….”
ဗိုက်ရွှဲရွှဲနှင့် လူ၏ ဇနီးမှာ ထိုလူ့ထံသို့ ပြေးသွားခဲ့ပြီး မတ်တပ်ရပ်နိုင်အောင် ဖေးမပေးသည်။ “ ယောက်ျား .. နင် အဆင်ပြေတယ်မလားဟင် .. ဘာမှ ဖြစ်မသွားဘူးမလား …”
ဗိုက်ရွှဲရွှဲနှင့် အမျိုးသားမှာ သူ့ရင်ဘက်ကို လက်ဖြင့်ဖိထားရင်း လင်းရီထံသို့ လက်ညှိုးညှိုးငေါက်ငေါက် ထိုးလိုက်၏။ “ မင်း ငါ *&& ….. “
ဗိုက်ရွှဲရွှဲနှင့်လူမှာ စကားတစ်ဝက်တစ်ပျက်နှင့် တန်းလန်းရပ်တန့်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် လင်းရီလက်ထဲတွင် အိုင်ဒီတစ်ခု ရှိနေသည်ကို သတိပြုမိလိုက်ပြီး …
ယင်းက စစ်တပ် အိုင်ဒီပင်။
ပုံထဲရှိ လူနှင့် ရာထူးအဆင့်အတန်းကို မြင်တော့ ဗိုက်ရွှဲရွှဲ အမျိုးသားနှင့် သူ့ဇနီးတို့ နှစ်ဦးလုံး ချွေးအေးများ ထွက်လာခဲ့ကာ ကျောတစ်လျှောက် စိုရွှဲသွားခဲ့တော့၏။
သူတို့ အမြင်များမှောင်မိုက်လာခဲ့ပြီး ကောင်းကင်ကြီး ပြိုကျတော့မည့် သယောင် ထင်ယောင်ထင်မှား ဖြစ်လာခဲ့မိသည်။
ဤလူ၏ စစ်တပ်ရာထူးက ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာပင်။
“ မင်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး နေခဲ့သင့်တယ်…” လင်းရီ ပြောလိုက်ပြီး “ မင်းမှာ သံမဏိ ထမင်းအိုးကြီး ရှိတယ် ပြောခဲ့တယ်နော်.. အခု မရှိတော့ဘူး … မင်းကို ဘယ်သူ ကိုင်တွယ်မလဲ ငါ မသိဘူး .. ဒါပေမယ့် တစ်ယောက်ယောက်ကတော့ သေချာပေါက် ကိုင်တွယ်လာမှပဲ .. သတင်းသာ စောင့်နေလိုက် … လက်မှတ်ကတော့ မင်း မဝယ်ချင်လဲ ရတယ်… ယွမ် ရာဂဏန်း အနည်းငယ်လောက်က ဘာမှ ပြောပလောက်တာ မဟုတ်ဘူး … မင်းကို ခွဲခွာခြင်း လက်ဆောင်အနေနဲ့ ထည့်ပေးလိုက်မယ်…”
ဗိုက်ရွှဲရွှဲနှင့် လူကြီးမှာ တစ်ကိုယ်လုံး တုန်ယင်လာခဲ့သည်။
“ ဆရာ … ကျေးဇူးပြုပြီး ကျုပ်ကို ဗွေမယူပါနဲ့ … ဆရာမှန်း ကျုပ် မသိခဲ့လို့ပါ … ကျုပ်တောင်းပန်ပါတယ်… ကျုပ်မှားမှန်း သိပါတယ်… ကျုပ်ရဲ့ အဆင့်အတန်းကို ပြပြီး ဒီနေရာမှာ ကြွားလုံးမထုတ်ခဲ့သင့်ပါဘူး .. ကျေးဇူးပြုပြီးကို ကျုပ်ကို အခွင့်အရေး နောက်တစ်ကြိမ်ပဲ ပေးပါ … ထပ်မလုပ်ဘူးလို့ ကျုပ် ကတိပေးပါတယ်…”
“ အခွင့်အရေးဆိုတာ နှစ်ခါမလာဘူး … မင်းမှာရှိတုန်းက တန််ဖိုးမထားဘဲနဲ့ လက်လွှတ်လိုက်ရပြီးမှ သူများကို အပြစ်တင်နေလို့ ဘာထူးမှာ …” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ ပြီးတော့ မင်းတို့နှစ်ယောက်ကို ဒီကနေ အမြန်ထွက်သွားဖို့ အကြံပေးချင်တယ်… မဟုတ်ရင် အကျိုးဆက်တွေက ပိုဆိုးသွားနိုင်တယ်…”
စုံတွဲနှစ်ဦး၏ အမူအရာမှာ ပြိုလဲသွားခဲ့လေသည်။
အပြင်သို့ ခေတ္တ အလည်ထွက်ရုံမျှဖြင့် သူတို့၏ အနာဂတ်ကို ဖျက်စီးနိုင်စွမ်းရှိသည့် တစ်စုံတစ်ယောက်နှင့် ပက်ပင်းလာတိုးလိမ့်မည်လို့ သူမတို့ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
လင်မယားနှစ်ယောက်လုံး စိတ်ပျက်အားလျော့နေသည့် မျက်နှာထားများဖြင့် ထွက်ခွာသွားခဲ့ကြလေသည်။
ဘေးမှ ကြည့်ရှုနေသူများကတော့ ဝမ်းသာအားရနှင့် ချီးမြှောက်နေကြ၏။
လင်းရီ မည်သူမည်ဝါ ဖြစ်သည်ကို သူတို့ မသိလိုက်သော်လည်းပဲ ထိုမောက်မာသည့် လင်မယားနှစ်ယောက် ခံလိုက်ရသည်ကို ကြည့်ရသည်ကပင် အတော်လေး မျက်စိအရသာ ရှိလှသည်။
မကြာမီ လူအုပ်ကြီးလည်း လူစု ခွဲလိုက်ကြလေသည်။ ဝင်ပေါက်ဝမှာလည်း ပုံမှန်အတိုင်း ပြန်လည် တိတ်ဆိတ်သွားခဲ့တော့၏။
မည်သို့ပင်ဆိုစေ ၂၉၈ ယွမ် လက်မှတ်တစ်စောင်က ဈေးပေါသည့်အထဲ မပါချေ။ လူတိုင်းက ယင်းပမာဏကို ပေးချေဖို့ ဆန္ဒမရှိကြပေ။
လင်းရီ အထဲဝင်ချင်နေသည်က သူသည်လည်း နောက်ပိုင်း၌ တာအိုပညာရှင် တစ်ယောက် ဖြစ်လာရန် ရည်ရွယ်ထားပြီး တကယ့် စစ်မှန်သည့် တာအိုဘုရားကျောင်းက မည်သို့မည်ပုံ ရှိမလဲဆိုတာကို စူးစမ်းချင်သောကြောင့်ပင်။
သုံးယောက်သား လက်မှတ်ကိုယ်စီ ဝယ်လိုက်ကြပြီး တာအိုဝတ်ရုံနှင့် လူငယ်လေး၏ မျက်နှာအမူအရာမှာ သူတို့အပေါ်၌ ချိုချိုသာသာ ဖြစ်နေလျက် ရှိတော့သည်။
ဤလူများအား သူ အပြစ်ပြုဖို့ မစွမ်းသာချေ။ ထို့ကြောင့် အတတ်နိုင်ဆုံး ယဉ်ကျေးပျူငှာရမည် ဖြစ်၏။
တာအို ဘုရားကျောင်းထဲသို့ ဝင်ရောက်ပြီးနောက် အခန်း နှစ်တန်းလိုက်ကြီး ရှိနေသည်ကို သူတို့တွေ မြင်တွေ့လိုက်ရသည်။
အကုန်လုံးက ဘုရားကျောင်းထဲရှိ တာအိုဘုန်းတော်ကြီးများ နေထိုင်ရာနေရာပင်။
အပြင်ဘက်ရှိ ဆူညံနေသည့် မြင်ကွင်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဤနေရာမှာ အများအပြားပိုပြီး တိတ်ဆိတ်ငြိမ်သက်လှ၏။
ဤနေရာသို့ လာရောက်လာပတ်သူတို့က မများပြားလှပေ။
ချောင်ရှင်းသည် စိတ်လှုပ်ရှားတကြီးဖြင့် လီချူးဟန်၏ လက်ကို ဆွဲရင်း တာအိုဘုရားကျောင်းအတွင်းရှိ ဆေးဖော်စပ်သည့် အခန်းထဲသို့ ပြေးသွားသည်။
အခန်းက သိပ်မကြီးမားလှပေ။ သူတို့ အထဲသို့ ဝင်လျှင်ဝင်ချင်း တရုတ်ဆေးနံ့များ၏ ရနှံ့ပြင်းပြင်းကို အသီးသီး ရှူရှိုက်မိသွားကြသည်။
ထို့ပြင် ဤနေရာ၌ ပုံတူ လူပန်းချီကားများနှင့် ခေတ်အဆက်အဆက်က တာအိုဂိုဏ်းဘိုးဘေးတို့၏ ရုပ်ပုံများကို နံရံ၌ ချိတ်ဆွဲထားကာ တည်ငြိမ်ခမ်းနားသည့် လေထု အငွေ့အသက်ကို ဖြစ်ပေါ်နေစေသည်။
တံခါးရှေ့ရှိ အခန်းကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် သူတို့သုံးယောက်မှာ ခြံအနောက်ဘက်သို့ ရောက်ရှိလာခဲ့၏။ သို့သော်လည်းပဲ သူတို့ ခြံဝန်းထဲသို့ ခြေလှမ်းမချနိုင်သေးခင် ရင်းနှီးနေသည့် အသံများအား ကြားလိုက်ရ၏။
“ မင်းတို့ဘယ်လောက် ရောင်းနိုင်ခဲ့လဲ …”
“ ငါက ၈၀၀ …”
“ ငါက ၁,၃၀၀ …”
“ မင်းတို့နှစ်ယောက်က ငါ့ကို မမှီသေးဘူးပဲ … ငါဆို ဒီမနက်ခင်းပိုင်းမှာတင် ၃,၀၀၀ ရခဲ့တယ်… ဒီ ညနေပိုင်းမှာ အလုပ်ထပ်ကြိုးစားရင် ငါ့အထင် ယွမ် ၅,၀၀၀ အတားအဆီးကို ထိုးဖောက်နိုင်လောက်တယ်…”
“ လာ လာ လာ … မြန်မြန် အခွန်ဆောင်တော့ … မင်းတို့ တစ်ယောက်ကို ၈၀ ရာခိုင်နှုန်း အခွန်ပေးရမယ်… ကျန်တာ မင်းတို့ရဲ့ ကော်မရှင်ပဲ …”
အမြတ်ရောင်းရငွေများအား ဝေတမ်းချနေသည့် ထိုမြင်ကွင်းကို မတော်တဆ မြင်လိုက်ရတော့ လီချူးဟန်နှင့် ချောင်ရှင်းတို့မှာ အနည်းငယ် ကိုးရို့ကားယားဖြစ်သွားခဲ့ကြ၏။ သို့သော် တစ်ချက် သေချာကြည့်လိုက်တော့ ကော်မရှင်ခ ခွဲတမ်းချပေးနေသူမှာ သူမတို့အား စောနလေးတင် ဗေဒင်ဟောပေးခဲ့သည့် အဘိုးကြီး ဖြစ်နေကြောင်း သတိပြုမိသွားခဲ့သည်။