နင့်ရဲ့ ကတိ
Vol. 127 Ch. 1892
ယခုလေးတင် ကားထဲက ထွက်လာခဲ့ပြီးသည့် လျန်ရှန့်ဟော်သည် သူ့ အင်္ကျီကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်လိုက်ရင်း အခြား မည်သည်ကိုမျှ မဆိုချေ။ ထိုအစား စခန်း အဆောက်အဦးထဲသို့သာ ဝင်ရောက်သွားခဲ့၏။
တစ်ချိန်တည်းတွင် ကွင်းထဲ၌ ရှိနေသည့် လူနှစ်ယောက်ကို မြင်တော့ ချိုးယွီလော့နှင့် နင်ချဲ့တို့က နားလည်မှု ရှိစွာဖြင့် အခြားသူများကို ထွက်သွားခိုင်းလိုက်ပြီး နှစ်ယောက်အား နေရာသီးသန့် ပြုလုပ်ပေးလိုက်သည်။
သို့ပေမယ့်လည်း လင်းရီနှင့် လျန်ရူရွှယ်တို့ကတော့ အခြားသူများအား အရေးစိုက်နေရန်အတွက် အာရုံ ရှိမနေခဲ့ချေ။ နှစ်ဦးမှာ အချိန်အတော်ကြာအောင် အကြည့်ချင်း ဆိုင်နေခဲ့ကြ၏။
လျန်ရူရွှယ်၏ မျက်ဝန်းတို့က မျက်ရည်တို့ဖြင့် တလက်လက် တောက်ပနေသည်။ သို့သော်လည်းပဲ သူမ၏ မာနက မျက်ရည်တို့အား စီးကျခွင့် မပြုခဲ့ချေ။
အချိန်တစ်ချို့ကြာပြီးသည့်နောက် လင်းရီ ခေါင်းမော့၍ လျန်ရူရွှယ်ကို ကားထဲသို့ ဝင်ရန် အချက်ပြလိုက်သည်။
နှစ်ယောက်မှာ နားလည်မှုရှိရှိနှင့် ကားထဲသို့ ဝင်လိုက်ကြပြီး ဘေးသို့ ပါကင်ထိုးလိုက်၏။
တံခါး ပိတ်လိုက်သည့် အချိန်တွင်ပဲ လင်းရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ မာ့စ်ကို ချွတ်လိုက်သည်။
လျန်ရူရွှယ်မှာ သူမ၏ မျက်လုံးရွှဲကြီးများဖြင့် လင်းရီကို စိုက်ကြည့်မြဲ စိုက်ကြည့်နေသည်။
အဆိုပါ မျက်ဝန်းတစ်စုံက မတူညီသည့် ခံစားချက်မျိုးစုံကို လှစ်ဟာပြနေခဲ့လျက် ရှိပြီး
စိတ်လှုပ်ရှား ပျော်ရွှင်မှု ၊
အံ့အားသင့်မှု…
မယုံကြည်နိုင်မှု … စသည်ဖြင့် ၊
သူမ၏ စိတ်အတွင်း၌ ကွယ်လွန်ပြီး ဖြစ်သည့် လူတစ်ယောက်က ယခု သူမမျက်စိရှေ့တွင် အရှင်လတ်လတ်ကြီး ထွက်ပေါ်လာနေခဲ့လေသည်။ အဆိုပါ ရုပ်ရှင်ဇာတ်လမ်းဆန်သည့် အဖြစ်အပျက်ကြီးက လျန်ရူရွှယ်အတွက်ပင် စိတ်ကို ပြန်လည်ပြင်ဆင်ရန်အတွက် အချိန်တစ်ချို့ ပေးလိုက်ရသည်။
“ တကယ်တော့ ငါက သေသွားခဲ့တာ မဟုတ်ဘူး .. “ လင်းရီ ပြောလိုက်၏။ “ အဲ့ဒီအချိန်တုန်းက တခြား တာဝန်တစ်ခုရှိနေတာ … အဲ့တာနဲ့ပဲ ငါသေသွားတယ်ဆိုပြီး ကြေညာလိုက်တာ …”
“ ဒါပေမယ့် ဆေးရုံက . . . . .”
လင်းရီ ခေါင်းကုတ်မိလိုက်ပြီး စိတ်ထဲ အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်နေမိခဲ့သည်။
သူ့ကိုယ်သူ ဆင်ခြေတစ်ခု ပြုလုပ်လိုက်ချင်သော်လည်း လျန်ရူရွှယ်နှင့် ကိုယ်တွေ့ ရင်ဆိုင်တွေ့ရှိရချိန်တွင် သူ့ကိုယ်သူ မလိမ်ညာနိုင်ခဲ့ချေ။
ဤအတောအတွင်း သူမ ကျဆင်းခဲ့ရသည့် မျက်ရည်စက်ပေါင်း မည်မျှ ရှိခဲ့မည်ကို သူ စိတ်ကူးယဉ်ကြည့်၍ ရနိုင်သည်။
“ အဲ့တုန်းက ငါ တကယ်ကို သေလုသေခင် ဖြစ်နေခဲ့တာ … အသက် မျှင်းမျှင်းလေးလောက်ပဲ ကျန်တယ် … အားနည်းလွန်းတော့ ဆရာဝန်တွေရော စက်တွေပါ ထောက်လှမ်းဖို့ မဖြစ်နိုင်လောက်တဲ့အထိပဲ …”
လျန်ရူရွှယ်၏ ကဆုန်စိုင်း ခုန်ပေါက်နေသည့် ရင်ဘက်ကြီးမှာ သတိမထားမိလိုက်သည့် အချိန်တိုလေးအတွင်းမှာပဲ ပြန်လည် တည်ငြိမ်လာသည်။
လက်တွေ့အမှန်တရားကို သူမ လက်ခံလိုက်ပြီ ဖြစ်၏။
“ ဒါဆို ….. နင် ဘယ်အချိန်တုန်းကတည်းက သတိပြန်ရလာခဲ့တာလဲ …”
“ မီးသင်္ဂြိုဟ်ခံနီး ပြန်နိုးလာခဲ့တာ …” လင်းရီ ပြောလိုက်ပြီး “ အကြီးအကဲလုက ဒီကိစ္စသိသွားတော့ ကိုယ့်ဂိမ်းနဲ့ကိုယ် အနိုင်ပိုင်းပြီး ငါ အသက်ပြန်ရှင်လာတဲ့ အကြောင်းကို မကြေညာဖို့ ဆုံးဖြတ်လိုက်တာ …”
၎င်းနောက် … တိတ်ဆိတ်မှုက ကားအတွင်း၌ အချိန်အတော်ကြာအောင် ကြီးစိုးသွားခဲ့တော့သည်။ တစ်မိနစ်ခန့်ကြာပြီးသည့်နောက် လျန်ရူရွှယ် မေးလာခဲ့၏။
“ ဝမ်မိသားစုရဲ့ ဖြစ်ရပ်က နင်လုပ်ခဲ့တာလား …”
လင်းရီ ခေါင်းညိမ့်ပြလိုက်၏။ လျန်ရူရွှယ်ထံမှ ကွယ်ဝှက်လိုစိတ် မရှိခဲ့ချေ။ “ အဲ့တာအပြင်ကို ခုလေးတင် ကိုင်တွယ်ပြီးခဲ့တဲ့ နိုင်ငံပြင်ပက ကိစ္စတစ်ချို့လည်း ရှိသေးတယ်… “
“ ငါ နင့်ကို ဒီမှာသာ မတွေ့ခဲ့ဘူးဆိုရင် နင် ကျိုဟိုင်ကို ပြန်လာဦးမှာလား …”
“ အင်း … မကြာခင်လောက်ပေါ့ …”
“ လင်းရီ .. နင် … မကောင်းတဲ့အကောင် …”
လျန်ရူရွယ်သည် သူမ၏ လက်သီးဆုပ်များအား ဝှေ့ယမ်းရင်း လင်းရီ၏ ရင်ခွင်သို့ မိုးသီးမိုးပေါက်နှယ် ကျဆင်းလာခဲ့တော့သည်။ မျက်ဝန်းထဲရှိ မျက်ရည်တို့ကလည်း ထိန်းချုပ်မရနိုင်အောင် ကျဆင်းလာခဲ့တော့၏။
“ နင် မသေဘူးဆိုတာ ဘာလို့ ငါ့ကို မပြောဘဲ နေခဲ့တာလဲ … ငါ နင့်ကို သေအောင် လုပ်ပစ်မယ်…”
လျန်ရူရွှယ် အမှန်တကယ်ကို ဒေါသထွက်နေခဲ့၏။ သူတို့နှစ်ယောက်က ကားထဲ၌ ရှိနေသည်ဆိုသော်လည်းပဲ လင်းရီအား လက်သီးဖြင့် ထိုး၍ အားမရသည့်အပြင် ခြေထောက်နှင့်ပါ ကန်ကျောက်လိုက်သေးသည်။ လက်သီးချက်တိုင်းကလည်း ညှာတာခြင်း ကင်းမဲ့နေသည်။
“ အာ့ နာတယ် နာတယ် နာတယ် … မင်း ဖြည်းဖြည်းသက်သာ လုပ်ပါဟ …”
လင်းရီ ရှောင်တိမ်းရန် ကြိုးပမ်းလိုက်၏။ သို့သော် လျန်ရူရွှယ်၏ လက်သီးချက်တို့က သူ့ထံ၌ ဆက်လက် ဆင်းသက်နေခဲ့ဆဲပင်။
အမှန်စင်စစ်တွင်တော့ သူ မရှောင်တိမ်းနိုင်သောကြောင့် မဟုတ်ဘဲ လင်းရီကိုယ်တိုင်ကိုက မရှောင်တိမ်းလိုသောကြောင့် ဖြစ်၏။
သူမ၏ စိတ်နှလုံးအား ဖိနှိပ်နေလျက်ရှိသည့် အဆိုပါ ခံစားချက်များကို သွန်ထုတ်ပစ်ရန်အတွက် ယခုလို ပြုလုပ်ပေးဖို့ လိုအပ်သည်ကို လင်းရီ နားလည်သည်။
“ နင့်ကို သေအောင်လုပ်မှာပဲ … ငါ့ကို အသိမပေးဖို့ ဘယ်သူက နင့်ကို ပြောလို့လဲ …”
“ အခြေအနေကိုက တော်တော်လေး ယုတ္တိမညီနေလို့လေ… ပြီးတော့ မစ်ရှင်လည်း ရှိသေးတယ်ဆိုတော့ မင်းကို သိပ်အများကြီးလည်း ပြောလို့မရဘူး …”
လင်းရီ လက်ဆန့်တန်း၍ လျန်ရူရွှယ်၏ ပါးပြင်အား ထိတွေ့ကာ မျက်ရည်များအား သပ်ပေးလိုက်သည်။
“ မငိုနဲ့တော့ … ဒီမှာ ငါရှင်လျက်ရှိနေသေးတယ်လေ…”
ဤ မပြောပလောက်သည့် လုပ်ရပ်လေးက လျန်ရူရွှယ်၏ တင်းခံထားသည့် စိတ်ဓာတ်အတားအဆီးကို ကြေမွသွားစေခဲ့ကာ လင်းရီ၏ လက်မောင်းအား ဖက်ရင်း မျက်ရည်မြစ်တစ်စင်း ဖြစ်လာသည်အထိ ငိုချင်းချလေတော့သည်။
ထိန်းချုပ်မရနိုင်စွာ ငိုရှိုက်နေသည်မှာ လင်းရီ၏ အင်္ကျီလက်တို့ စိုရွှဲလာသည်အထိပင်။
လျန်ရူရွှယ် ကိုယ်၌ပင် သူမ ငိုကြွေးနေရသည့် အကြောင်းအရင်းကို နားလည်မနေချေ။ ပျော်ရွှင်မှုကြောင့်လော၊ သို့မဟုတ် အခြားသော အကြောင်းပြချက်တို့ကြောင့်လော။ သို့သော် အနှစ်ချုပ်သည့် အခါ၌ မျက်ရည်များအား ချုပ်ထိန်းမရနိုင်ခဲ့သည်မှာတော့ အမှန်ပင်။
ဤသည်က သူမ၏ စိတ်ခံစားချက်များကို ပွင့်ထွက်စေသည့် နည်းလမ်း တစ်ခုဖြစ်၏။
လင်းရီ သူမကို ဖျောင်းဖျနှစ်သိမ့်ပေးနေသော်လည်းပဲ အငိုမတိတ်နိုင်ခဲ့ချေ။ ထိုအစား ပိုပြီး ကျယ်လောင်စွာပင် ငိုကြွေးလာခဲ့လေသည်။
ဆယ်မိနစ်ကျော်ခန့် ကုန်လွန်သွားပြီးမှသာ လျန်ရူရွှယ်၏ ညည်းရှိုက်သံတို့က ဖြည်းဖြည်းချင်း ညင်သာလာခဲ့၏။
“ တိတ်တော့ … ဒါမျိုး နောက် ထပ်မဖြစ်စေရဘူးလို့ ကတိပေးတယ်… ငါမင်းကို ထပ်ပြီး မထားသွားတော့ဘူး …”
“ ဟွန့် .. နောင်ကျ ထပ်လုပ်ရဲရင် လုပ်ကြည့်စမ်း .. နင် မသေဘူးဆိုရင်တောင် ဟော့ဒီက အသေသတ်ပြပါလိမ့်မယ်…”
လင်းရီ မနေနိုင်ဘဲ ရယ်မောမိလိုက်၏။ လျန်ရူရွှယ်၏ ခပ်ဆိုးဆိုး အမူအရာလေးက သူ့အတွက် အတော်လေး ချစ်စရာကောင်းနေသည်။
ညင်သာစွာဖြင့် …. လျန်ရူရွှယ် မျက်ရည်များအား ဖယ်သပ်လိုက်သည်။ သို့သော် မိတ်ကပ်မှာတော့ ပျက်သွားခဲ့ပြီ ဖြစ်၏။
“ မိတ်ကပ် မြန်မြန်ပုတ် ..” လင်းရီ ပြုံးလိုက်ပြီး “ ပြီးရင် တစ်ခုခု သွားစားကြစို့ … ငါ ဗိုက်ဆာနေပြီ ..’
“ စား စား စား .. အားတိုင်း စားဖို့လောက်ပဲ သိတဲ့အကောင် …”
လင်းရီမှာ သူမရှေ့မှောက်၌ ပြန်လည်ထွက်ပေါ်လာခဲ့သော်လည်းပဲ လျန်ရူရွှယ်မှာ ဒေါသထွက်နေဆဲပင်။ ထိုအကောင်က ဤသို့သော ကိစ္စကြီးကိုပင် သူမအား ပြောမပြဘဲ ထိမ်ချန်ထားခဲ့လေသည်။
အိတ်ထဲကနေ မိတ်ကပ်ပစ္စည်းတစ်ချို့ ယူ၍ မိတ်ကပ်ကို ပြန်ဖို့လိုက်၏။ ထို့နောက် လင်းရီလည်း ကျုံးဝေ့တပ်ဖွဲ့ထဲကနေ မောင်းထွက်လာခဲ့လေသည်။
လမ်းခရီးတစ်လျှောက်တွင်တော့ လျန်ရူရွှယ်၏ စိတ်ခံစားချက်တို့က တည်ငြိမ်လာခဲ့ကာ ရွှင်မြူးတက်ကြွနေသည့် အမူအရာက မျက်နှာထက်၌ ပန်းချီကားတစ်ချပ်သဖွယ် အပီအပြင် ရေးထိုးထားနေသည်။
သူမက ပုံကားချပ်ကြီးတစ်ခုလုံးကို မကြည့်တတ်သည့်လူတစ်ယောက် မဟုတ်သဖြင့် လင်းရီ၏ အခြေအနေကို နားလည်ပေးလိုက်၏။
သူတို့၏ သာမန်လူများထက် သာလွန်ပြီး စွမ်းဆောင်နိုင်သည့် အခွင့်အာဏာတို့က အလကား ရရှိလာခဲ့ခြင်း မဟုတ်ချေ။ နောက်ကွယ်၌ ပေးဆပ်မှုနှင့် တိတ်တဆိတ် အနစ်နာခံမှုတို့က သဘာဝအလျောက် ပါဝင်နေသည်။
လင်းရီတွင်လည်း ဤသို့ ပြုလုပ်ရခြင်း အတွက် သူ့အကြောင်းပြချက်နှင့်သူ ရှိမည်မှာ သေချာလေသည်။
ကွမ်းတုံ စားသောက်ဆိုင် တစ်ခုသို့ ရောက်လာခဲ့ပြီးနောက် လျန်ရူရွှယ်က သီးသန့်ခန်းတစ်ခု ယူလိုက်သည်။
နှစ်ဦးလုံး ကောင်းကောင်းမွန်မွန် စကားပြောနိုင်ရန်အတွက် တိတ်ဆိတ်သည့် ပတ်ဝန်းကျင်တစ်ခု လိုအပ်လေသည်။
စားသောက်ရန် ရောက်လာခဲ့ကြသော်လည်း မည်သူကမျှ ဟုတ်တိပတ်တိ စားသောက်ခြင်းမ ရှိကြချေ။ သူတို့နှစ်ဦး၏ စကားဝိုင်းက ထိုစဉ်အချိန်က ဖြစ်ပျက်သွားခဲ့သည့် ဖြစ်ရပ်တို့ဖြင့်သာ ပတ်သက်ဆက်နွယ်နေခဲ့လေသည်။
ပနားမား ဖြစ်စဉ်မှတဆင့် …. ဖောဆက်စ်ကို ဖယ်ရှားသုတ်သင်သည့် အခြေအနေအထိ …
လင်းရီ အရာအားလုံးကို အသေးစိတ်ကျကျ ရှင်းပြခဲ့သည်။ ထိုအခါမှပဲ လျန်ရူရွှယ်မှာ ဤအရာများအား နားလည်သဘောပေါက်နိုင်တော့၏။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးက မည်မျှ ပရမ်းပတာ ဆန်သည့် အခြေအနေ၌ ရောက်ရှိနေလဲဆိုတာကို သူမကိုယ်၌ကလည်း အကောင်းဆုံး နားလည်ထားခဲ့လေသည်။
ထိုအခါမှပဲ လင်းရီနှင့် ကျိုးလျန်တို့ ပနားမား၌ မည်မျှ ခက်ခဲပင်ပန်းခဲ့ရကြောင်းကို သိရှိခွင့် ရတော့သည်။ ရေဆိုးမြောင်းအတွင်း၌ သုံးရက်တိုင်တိုင် မစားမသောက် နေထိုင်ခဲ့ရသည်ဟူသော အတွေးနှင့်တင် တစ်ကိုယ်လုံးအား ကြက်သီးအဖြန်းဖြန်း ထလာခဲ့စေသည်။
လျန်ရူရွှယ် လင်းရီ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။
“ ထပ်ပြီး အန္တရာယ်များတာတွေ မလုပ်ပါနဲ့တော့လားဟင် …”
ပြောရင်းဖြင့် လျန်ရူရွှယ်၏ ကိုင်ထားသည့် လက်က ပိုမိုတင်းကြပ်လာခဲ့ကာ “ ငါ ဘိုးဘိုးကိုပြောပြီး နင့်ကို ကျုံးဝေ့တပ်ဖွဲ့ထဲကနေ ထုတ်ခိုင်းလိုက်မယ်လေ…”
“ မပူနဲ့ … ငါ လုပ်နေတာကို ငါသိတယ်… နောင်ကျ ဂရုစိုက်မှာပါ …”
လျန်ရူရွှယ်မှာ ရုတ်တရက်ချည်း ချက်ချင်းလက်ငင်း တစ်ဖက်သို့ လှည့်သွားခဲ့ကာ မျက်နှာကို စူပုပ်ထား၏။
“ မရေရာတာတွေ မကြားချင်ဘူး … နင် အပြည့်အဝ အန္တရာယ်ကင်းနေတာကိုပဲ လိုချင်တယ်…”
လင်းရီမှာ လည်ပင်း၌ ငါးရိုးနင်သကဲ့သို့ ခံစားသွားခဲ့ရ၏။ နောက်ဆုံး၌ သူ ပြောလိုသည့် စကားများအား မပြောဖြစ်လိုက်ချေ။
ယခုအချိန်၌ တခြားအရာများအား ပြောဆိုမည်ဆိုပါက သင့်လျော်မှာ မဟုတ်ချေ။
“ ငါ ကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်မှာပါ … မင်းစိတ်ပူရအောင် မလုပ်တော့ဘူးလေ … မင်းဆီကနေ ခွဲသွားဖို့ဆို ဘယ်လိုလုပ် ဖြစ်နိုင်မှာ …”
လျန်ရူရွှယ်မှာ စိတ်ထဲ လှုပ်ခတ်သွားခဲ့ရသည်။ သူမ အလိုရှိသည်က လင်းရီ ယခုလို ကတိပေးမှာကို ဖြစ်၏။
လင်းရီ မရှိခဲ့သည့် ဤအချိန်အတောအတွင်း၌ သူမ၏ လုပ်ရပ်အတွက် အကြိမ်မရေမတွက်နိုင်အောင် နောင်တရခဲ့သည်။
သူနှင့် အတူ မပြုလုပ်နိုင်ခဲ့သည့် အရာတို့ များစွာရှိခဲ့လေသည်။ ထို့ပြင် ဤတစ်ကြိမ်တွင်တော့ … သူမ ထပ်ပြီး နောင်တမရချင်တော့ပေ။
လျန်ရူရွှယ်သည် လင်းရီအနားသို့ တိုးလာခဲ့ပြီး လင်းရီ၏ နှုတ်ခမ်းကို ဦးစွာ နမ်းလိုက်၏။
ယင်းက ညင်သာပြီး မက်မောပြင်းပြသည့် အနမ်းတစ်ခုပင်။