တာအိုဘုန်းတော်အိုကြီး
Vol. 127 Ch. 1893
တစ်ဦးကိုတစ်ဦး တင်းကြပ်စွာ ပွေ့ဖက်ထားခဲ့ကြရင်း ရမ္မက်မီးတောက်တို့ အဟုန်ပြင်းပြစွာ လောင်ကျွမ်းနေလျက်ရှိသည်မှာ အရည်ပျော်လုမတတ် နီးပါးပင်။
လင်းရီ၏ ကျယ်ဝန်းသည့် လက်ဖဝါးကြီးက တစ်စုံတစ်ရာကို ရှာဖွေနေဟန်ဖြင့် လျန်ရူရွှယ်၏ အဝတ်များတစ်လျှောက် ဖြတ်သန်းသွားရင်း ခန္ဓာကိုယ်အနှံ့သို့ သောင်းကျန်းနေခဲ့၏။ တစ်ဖက်ကလည်း ခုခံတွန့်ဆုတ်ခြင်းမျိုး မပြုခဲ့ချေ။ လင်းရီ လှုပ်ရှားလို့ အဆင်ပြေရန်အတွက် ကိုယ်ကိုပင် အနည်းငယ် ရွေ့ပေးလိုက်လေသည်။
အခန်းထဲရှိ လေထု အပူအချိန်မှာလည်း ဆက်တိုက်ဆိုသလို မြင့်တက်နေလျက် ရှိဝောာ့၏။
ဆယ်မိနစ်ကြာပြီးနောက် နှုတ်ခမ်းနှစ်ခုမှာ ကိုယ်စီ ခွဲခွာသွားခဲ့ကြကာ ဟာတာတာ ခံစားကြီးတစ်ခုက ရင်ဘက်ထဲ ကျန်ရစ်ခဲ့လေသည်။
လျန်ရူရွှယ်၏ မျက်နှာမှာ အနည်းငယ် ရဲမှည့်နေပြီး အသက်ကို မောဟိုက်စွာ ရှူရှိုက်နေခဲ့၏။
“ တခြားနေရာ သွားကြမလား … ဒီမှာက သိပ်မသင့်တော်ဘူး .. “ လင်းရီ ပြုံးလိုက်သည်။
“ ပြန်ရောက်မှပဲ ပြောကြတာပေါ့ …”
လျန်ရူရွှယ်မှာ ပြန်လည် တည်ငြိမ်သွားခဲ့ပြီ ဖြစ်၏။ လင်းရီ မည်သည်ကို ဆိုလိုချင်နေမှန်း သူမ နားလည်သည်။ ဤနေရာက အမှန်ပင် သင့်လျော်သည့် နေရာတစ်ခု မဟုတ်ချေ။
“ နင် ရန်ကျင်းမှာ ကိစ္စတွေ အားလုံး ပြီးသွားပြီလား … ကျိုးဟိုင်ကိုရော ဘယ်တော့ ပြန်မှာ …”
“ နောက်နည်းနည်းလောက် ထပ်နေဦးမယ်… ဒီမှာ တခြား လုပ်စရာတွေ ရှိသေးတယ်…”
လီချူးဟန် အကြောင်းကိုတော့ လင်းရီ ထည့်မပြောခဲ့ချေ။
လျန်ရူရွှယ်က ဘာတွေ ဖြစ်နေလဲဆိုတာကို သိရှိနေသော်လည်းပဲ အကယ်၍ သူ့ဘက်ကသာ ထုတ်ပြောလာခဲ့မည်ဆိုလျှင်တော့ ကိစ္စရပ်တို့က တူညီလိမ့်မှာ မဟုတ်တော့ချေ။
“ ဒါဆိုလည်း ငါနင့်ကို မစောင့်တော့ဘူးနော် … ငါ မနက်ဖြန်ပဲ ကျိုးဟိုင်ပြန်တော့မယ်…” လျန်ရူရွှယ် ပြောလိုက်သည်။ “ ဟိုမှာ အလုပ်တွေက အများကြီးပဲ … ငါ မြန်မြန်လေး ဖြေရှင်းရမှာတွေရှိတယ်…”
“ ကောင်းပြီလေ.. ငါ မနက်ဖြန်ကျ လိုက်ပို့ပေးမယ်…”
“ မလိုဘူး … နင် လုပ်စရာရှိတာကိုပဲ လုပ် … နင်ပြီးတာနဲ့ မြန်မြန်ပြန်လာခဲ့ …”
လျန်ရူရွှယ် အမှုမထားသည့်ဟန်ဖြင့် ပြောလိုက်၏။
“ အင်း .. ငါ ဒီက ကိစ္စတွေ ပြီးတာနဲ့ ကျိုးဟိုင် ပြန်လာခဲ့မယ်..”
လေထုမှာ ယခင် အခြေအနေအတိုင်း ပြန်ဖြစ်သွားခဲ့ကာ နှစ်ယောက်မှာ စတင်စားသောက်ကြတော့၏။ ထို့နောက် အခြား နေရာများသို့ သွားရောက်လည်ပတ်ကာ နှစ်ယောက်အတူ ညစာစားပြီးမှပဲ လျန်ရူရွှယ်ကို ပြန်လိုက်ပို့လိုက်သည်။
ပြီးသည့်နောက်၊ လင်းရီ ဟိုတယ်သို့ ပြန်လာခဲ့ကာ လီချူးဟန်နှင့် ဆုံသည်။ အရာအားလုံးက ကောင်းသည့် ဦးတည်ရာဘက်ခြမ်းသို့သာ ဦးတည်နေလျက်ရှိသည်။
နောက်တစ်နေ့တွင် အနားယူ အပန်းဖြေမည် ဖြစ်သောကြောင့် သုံးယောက်လုံးမှာ မနက်စောစော နိုးလာခဲ့၏။
“ အစ်ကိုရီ … ညီမတို့ ဒီနေ့ ဘယ်သွားကြမှာလဲ …”
အဝတ်အစား လှလှများ ဝတ်ဆင်ထားပြီး ထွက်ခွာရန် အဆင်သင့် ဖြစ်နေသည့် ချောင်ရှင်းက မေးမြန်းလိုက်၏။
“ ရန်ကျင်းမှာ နာမည်ကြီးတဲ့နေရာတွေက မဟာတံတိုင်းကြီးနဲ့ ရှေးဟောင်းမြို့ရှိတယ်.. မင်း ဘယ်သွားချင်လဲ …”
“ အာ … အဲ့နေရာတွေက ရောက်ဖူးပြီးသားတွေလေ… တခြားနေရာတွေ သွားကြမယ်…” ချောင်ရှင်းပြောလိုက်ပြီး
“ ညီမ ကြားဖူးတာတော့ ရန်ကျင်းရဲ့ ရှန်းတောင်က တော်တော်လေး နာမည်ကြီးတယ်ဆိုပဲ … အဲ့ဒီကို သွားကြရင်ကော …”
“ ရတယ်လေ … မင်းတို့ သဘောပဲ … လည်ပတ်ဖို့သွားမှာပဲဟာ ငါတော့ ဘယ်ပဲသွားရသွားရ အဆင်ပြေတယ်…”
“ အစ်မလီရော ဘယ်လိုထင်လဲ … ညီမတို့ ရှန်းတောင်ဆီ သွားကြည့်ကြမလား …”
လီချူးဟန် အပြုံးလေးဖြင့် ခေါင်းညိတ်လိုက်သည်။ “ နင်တို့ပဲ ဆုံးဖြတ်ကြလေ… အစ်မကတော့ ဘယ်နေရာပဲ ဖြစ်ဖြစ် အိုကေတယ်…”
လီချူးဟန်အဖို့ကတော့ လင်းရီသည်သာ သူမအနားတွင် ရှိနေသရွေ့ မည်သည့်နေရာသို့ပဲ သွားရ သွားရ ကိစ္စ မရှိချေ။
သွားမည့်နေရာကို သတ်မှတ်ပြီးသည့်နောက် သုံးယောက်မှာ သူတို့ကိုယ်သူတို့ ပြင်ဆင်၍ ထွက်ခွာရန် ဟန်ပြင်လိုက်ကြသည်။
မထွက်ခွာမီ ၊ ချောင်ရှင်းက လမ်းတွင် စားသောက်ရန်အတွက် ရေသန့်ဘူးနှင့် အသီးတစ်ချို့ကို ဝယ်လိုက်သေးသည်။
ခရီးက ရှည်ကြာခြင်း မရှိလှပေ။ သို့ပေမယ့်လည်း ရန်ကျင်းရှိ ယာဉ်ကြောအခြေအနေကြောင့် တောင်ခြေသို့ ရောက်ရန်အတွက် တစ်နာရီကျော်မျှ မောင်းနှင်လိုက်ရလေသည်။
လီချူးဟန်က ရှေ့ရှိ ခရီးသည်ထိုင်ခုံတွင် ထိုင်လျက် လင်းရီနှင့် အမျှင်မပြတ် စကားပြောပေးနေလျက်ရှိကာ သူ ကားမောင်းရင်း ငြီးငွေ့ပြီး အိပ်ငိုက်သွားမှာကို စိုးရိမ်နေခဲ့၏။
ချောင်ရှင်းကတော့ အနောက်ခုံတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလျက် ရှိကာ မည်သူ့ကိုမျှ ဒုက္ခမပေးခဲ့ချေ။
သို့သော် သူတို့ ရှန်းတောင်ခြေသို့ ရောက်သည့်အချိန်၌ လူပင်လယ်ဟု တင်စားရလောက်အောင် များပြားသည့် လူစုကြီးကို မျက်စိရှေ့၌ မြင်တွေ့လိုက်ရလေသည်။
“ ရန်ကျင်းရဲ့ ခရီးသွားရာသီ မဟုတ်သေးဘူးမလား … လူတွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲတဲ့ …” ချောင်ရှင်း နောက်ခုံကနေ ခေါင်းပြူပြီး အံ့အားတကြီး မေးမြန်းလာသည်။
“ ရန်ကျင်းကလူတွေ တောင်တက်ရတာကို အဲ့လောင်တောင် ကြိုက်နေတာများလား ..”
“ လူနေမှု ဘဝတွေ ပိုမြင့်သွားကြလို့ နေမယ်… အခုက ရုံးပိတ်ရက်လေ… ဒီတော့ လူတွေ ပိုများတာ မဆန်းပါဘူး …” လီချူးဟန် ပြောလိုက်သည်။
“ ဒါပေမယ့် ဒီရဲ့ ခရီးသွားတွေ ကြည့်ရတာတော့ အဲ့တာထက်ကို ပိုနေမယ့်ပုံပဲ …”
လင်းရီ၏ စကားကို ကြားတော့ လီချူးဟန်နှင့် ချောင်ရှင်းတို့လည်း အခြား ခရီးသွားဧည့်သည်များထံ စူးစမ်း မိလိုက်ကြ၏။ ထိုလူများက လက်ထဲတွင် အရွယ်အစားအမျိုးမျိုး ရှိသည့် အိတ်များ ကိုင်ဆောင်ထားသည်ကို သူမတို့ သတိပြုမိလိုက်ကြသည်။ လူတစ်ချို့ဆိုလျှင် အမွှေးနံ့သာတိုင်များအား ကိုင်ထားကြပြီး အချို့က သေးငယ်သည့် အဠဂံအမှတ်အသားများကို ကိုင်ဆောင်ထားကြသည်။
ထိုအချိန်မှာပဲ လူတစ်ဦးက ကားပါကင်ကြေး လာရောက်ကောက်ခံသည်။ ၎င်းကို မြင်တော့ ချောင်ရှင်း အမိအရ လှမ်းမေးလိုက်၏။
“ အစ်ကိုကြီး … ကျွန်မတစ်ခုလောက် သိချင်လို့ … ဒီနေ့က ဘာနေ့မို့လို့လဲတဲ့ … လူတွေ အတော်များတယ်နော်…”
“ ဟင် … မင်းတို့ မသိဘူးပေါ့ … ဒီနေ့က တောင်ထိပ်မှာရှိတဲ့ တာအိုဘုရားကျောင်းရဲ့ ပွဲနေ့လေ.. ပြီးတော့ တာအို ပညာရှင်တွေအတွက် အတော်လေး အရေးကြီးတဲ့ ဆာလောင်တစ္ဆေပွဲတော်ဆိုလည်း ဟုတ်တယ်… အဲ့တာကြောင့်မို့ လာလည်တဲ့ လူတွေ များနေတာပဲ ..” သက်လတ်ပိုင်း အမျိုးသားက အပြုံးဖြင့် ပြန်ဖြေလာခဲ့သည်။ “ ဒီနေ့မို့ပါ .. နောက်နေ့ဆိုရင်တော့ ဒီလူတွေ တစ်ဝက်လောက်ပဲ ကျန်တော့မှာပါ …”
ချောင်ရှင်း နားလည်လိုက်၏။
သူမတို့က အထူးပွဲတော်နေ့တွင်မှ ချိန်ကိုက်သား ရောက်လာခဲ့မိခြင်းပင်။
“ အစ်ကိုရီ … ညီမတို့ တစ်ချက်သွားကြည့်ကြမလား …” ချောင်ရှင်း မဲဆွယ်လိုက်ပြီး “ ညီမတို့ အစ်မလီအတွက် ဗေဓိသတ္ထဆီ ဆုတောင်းပေးပြီး ကောင်းချီးတောင်းလို့ရတယ်လေ…”
“ ဗောဓိသတ္ထဆိုတာ ဗုဒ္ဓအယူဝါဒက … ဒီခု ငါတို့ရောက်နေတာ တာအိုဘုရားကျောင်း.. မင်း ဗောဓိသတ္ထဆီ ဆုတောင်းချင်နေရင်တော့ မောင်းထုတ်ခံရမှာပဲ …”
“ အာ …”
ချောင်ရှင်း ကိုးရို့ကားယား ဖြစ်စွာ ရယ်မောလိုက်မိသည်။ “ ဒါဆိုလည်း ဘိုးဘေး နတ်ဘုရားတွေဆီ ဆုတောင်းကြတာပေါ့ …”
သူတို့က အနားယူ အပန်းဖြေရန် ရောက်လာကြသော်လည်းပဲ တောင်ထိပ်ရှိ တာအိုဘုရားကျောင်းကိုတော့ လင်းရီ အတော်လေး စိတ်ဝင်စားနေခဲ့မိသည်။
မည်သို့ပင်ဆိုစေ တာအိုသျှင်တစ်ပါး ဖြစ်လာရန်က သူ၏ ရဲအရာရှိ အလုပ်အကိုင် အောင်မြင်ပြီးနောက်တွင် လုပ်ကိုင်မည့် နောက်ထပ် အလုပ်တစ်ခု ဖြစ်လေသည်။ ကြိုတင်ပြီး စုံစမ်းထားကြည့်သည်က မဆိုးသည့် အိုင်ဒီယာ တစ်ခုဖြစ်၏။
“ သွားစို့ …”
လူအုပ်ကြီးနောက် လိုက်ပါလာရင်း သုံးယောက်မှာ လက်မှတ်များ ဝယ်၍ တောင်ပေါ်သို့ စတက်ကြသည်။
နီ၀ါရောင်သစ်ရွက်တွေ ရှန်းနတ်တောင်ကနေ ကြွေလွင့်လာတဲ့အချိန်၊ မင်းရောငါရော စိတ်ပျက်စေရမှာ မဟုတ်ဘူး ဆိုသည့် စကားအတိုင်း အနီရောင် သစ်ရွက်တို့အား ကြည့်ရှုရန် အကောင်းဆုံး အချိန် မဟုတ်သေးသော်ငြားလည်း ယင်းက လှပနေဆဲဖြစ်၏။
တာအိုပွဲတော်ရှိသည့် အတွက်ကြောင့် တောင်ပေါ်သို့ တက်နေကြသည့် လူတို့က အတော်များများ ဖြစ်နေသည်။ ယင်းတစ်ချက်ကသာ ရှုခင်းခံစားချင်းကို အနည်းငယ်မျှ အနှောင့်အယှက် ဖြစ်သွားစေခဲ့သည်။
တောင်တက်လမ်းက ကျောက်တုံးလှေကားထစ်များဖြင့် ဖြစ်ပြီး တောင်တက်ခြင်းကို ခုံမင်နှစ်သက်သူများအဖို့တော့ လုံးဝ ပြီးပြည့်စုံမှု တစ်ခုဖြစ်၏။
လီချူးဟန်မှာ လင်းရီ၏ လက်မောင်းကို တွဲဖက်ထားရင်း တောင်ထပ်သို့ ဖြည်းညင်းစွာဖြင့် တက်လှမ်းနေလျက်ရှိကာ တစ်ချိန်တည်း၌ ဘေးရှိ ရှုခင်များကိုလည်း ဖြည်းဖြည်းချင်း ခံစား ကြည့်ရှုနေခဲ့၏။
သူမအဖို့ ဤသည်ကား အလှပဆုံးသော ရှုခင်း တစ်ခုပင်။
တစ်ကိုယ်တည်းသမား ချောင်ရှင်းကတော့ နောက်မှ ကပ်လျက် လိုက်ပါလာနေလျက်ရှိကာ သူမ၏ ဖုန်းဖြင့် ဓာတ်ပုံများ အဆက်မပြတ် ရိုက်ယူနေခဲ့၏။ သူမ၏ ပုံစံက မည်သည့် ရှုမြင်ကွင်းကိုမျှ အလွှတ်မပေးချင်နေသည့်နှယ်ပင်။
ဤသည်ကိုမြင်တော့ အွန်လိုင်းပေါ်တွင် ရေပန်းစားနေသည့် meme တစ်ခုကို လင်းရီ သွားပြီး သတိရမိသည်။
'ကားထဲဝင်ပြီးအိပ် ၊ သေးပေါက်ဖို့ ကားထဲကထွက် ၊ ပြီးရင် ရှုခင်းတွေကို ဓာတ်ပုံရိုက် ၊ ….'
ချောင်ရှင်းက ထိုသို့သော လူစားမျိုးပင်။
“ အစ်ကိုရီ .. အစ်မလီ … အမြန်လေး … ဒီမှာ ရှေ့ဖြစ်ဟောတဲ့ ဗေဒင်ဆရာတစ်ယောက်ရှိတယ် .. သွားပြီး တစ်ချက်ကြည့်ကြမယ်…”ချောင်ရှင်း အနောက်ကနေမှ ဆော်ဩလိုက်၏။
“ ဗေဒင်ဆရာလား …”
“ အင်း … သူ့ကြည့်ရတာ အသက်ကြီးတဲ့ တာအိုဘုန်းတော်ကြီးပဲ .. ပညာစွမ်း မသေးလောက်ဘူး …”
သူတို့ချင်း ရင်းနှီးလာသည်မှာ တစ်နှစ်ကျော်မျှ ကြာလာခဲ့ပြီ ဖြစ်သဖြင့် ချောင်ရှင်းက ကိုနန်ဖန်ဂဲတစ်ဦးသာလျှင် မဟုတ်ကြောင်းကို လင်းရီနှင့် လီချူးဟန်တို့ နှစ်ဦးလုံး သိကြ၏။ သူမက ထူးခြားဆန်းကြယ်သည့် ဂမ္ဘီရများကိုလည်း အတော်လေး စိတ်ဝင်တစား ရှိတတ်သေးသည်။ ဆေးရုံတွင် အားလပ်သည့် အချိန်များ ရှိပါက တားရော့ကတ်များထုတ်၍ အခြား လုပ်ဖော်ကိုင်ဖက်များကို တစ်ရက်တာ ၊ တစ်ပတ်တာ စသဖြင့် ယေဘုယျကံကြမ္မာအား ဟောပေးနေတတ်၏။
သူမအား ခွဲစိတ်မှု ပြုလုပ်သင့်သည့် အချိန်ကောင်းကို လာရောက်မေးမြန်းသည့် လူနာတစ်ချို့ပင် ရှိသည်။ သူမ၏ အစွမ်းကလည်း တော်ရုံ သွားရှုပ်၍တော့ မရချေ။
ချောင်ရှင်း ခေါင်းညိတ်ပြပြီး ခြေလှမ်းများကို ခပ်သွက်သွက်လျှောက်ကာ သူမရှေ့ရှိ ပလတ်ဖောင်းသို့ လျှောက်သွားခဲ့၏။
လင်းရီတို့နှစ်ဦးလည်း ချောင်ရှင်းအနောက်ကနေ လိုက်ပါလာခဲ့လေသည်။
သူတို့က ဤနေရာသို့ အနားယူ အပန်းဖြေရန် ရောက်လာခဲ့သည်ဖြစ်ရာ အရာအားလုံးကို တစ်ချက် ကြည့်သွားသင့်၏။ ဤသို့သော အရာများ၌ လင်းရီ မယုံကြည်သော်လည်း အပျော်သဘောမျှ ပါဝင်ရန်တော့ စိတ်မရှိပေ။
တောင်တက်လမ်း တစ်ဝက်တွင် တာအိုဘုန်းတော်ကြီးတစ်ပါးနှင့်တူသည့် အသက်ကြီးပိုင်း လူတစ်ဦးက ခွေးခြေခုံ တစ်ခုတွင် ဣန္ဒြေရရ ထိုင်နေသည်။
ထိုလူကတော့ ကျိုးရီဖြစ်ပြီး တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူကြီးတစ်ယောက်နှယ် ဆင်ယင်ဝတ်စားထားသည်။
တာအိုဘုန်းတော်ကြီး၏ အကြည့်က ခရီးသွားဧည့်သည်များထံ တစ်ယောက်ပြီးတစ်ယောက် ယှက်သန်းသွားခဲ့ရင်း နောက်ဆုံး၌ သူ့ထံသို့ ခပ်သွက်သွက် ပြေးလာနေသည့် ချောင်ရှင်းကို မြင်တွေ့သွားခဲ့ပြီး နှုတ်မှ အလိုလို ရေရွတ်လိုက်၏။
“ သိပ်လှတဲ့ ခြေတံတွေပါလား …”
တစ်ချိန်တည်းတွင် ချောင်ရှင်းလည်း သူ့အနားသို့ ရောက်လာခဲ့ပြီး ကိုယ်ကို အနည်းငယ် ကိုင်းကာ အမောဖြေနေသည်။
တာအိုဘုန်းတော်ကြီးမှာ မုတ်ဆိတ်ဖြူကြီးအား ဟန်ပါပါဖြင့် အောက်သို့ သပ်ချရင်း ကိုယ့်ဘာကိုယ် တွေးတောလိုက်သည်။
“ အိမ်း ... ကိုယ်လုံးကိုယ်ပေါက်ကလည်း တယ်မဆိုးဘူးကိုး …”