← Chapters

အင်မော်တယ်တွေအတွက်လည်း စား၀တ်နေရေးနဲ့ လူမှုရေးက ရှိသေးတယ်

Vol. 127 Ch. 1894

အင်မော်တယ်တွေအတွက်လည်း စား၀တ်နေရေးနဲ့ လူမှုရေးက ရှိသေးတယ်

Vol. 127 Ch. 1894

“ ဆရာ … ကျွန်မ ဗေဒင်မေးချင်လို့ …” အနားယူပြီးသည့်နောက် ချောင်ရှင်း ပြောလိုက်သည်။ “ ဉာဏ်ပူဇော်ခ ဘယ်လောက်ယူလဲ မသိဘူး …”

“ လက္ခဏာကြည့်ပေးတယ်…. တစ်ယောက်ကို ယွမ် ၁၀၀ …”

“ ဈေးနှုန်းက အိုကေတယ်…”

ချောင်ရှင်းကဲ့သို့ ဝင်ငွေကောင်းသည့် လူတစ်ယောက်အဖို့ ဗေဒင်မေးခ ယွမ် ၁၀၀ ဆိုသည်မှာ များပြားလှသည်မဟုတ်ပေ။

ထို့ပြင် ဤနေရာက ရန်ကျင်း၏ ရှုခင်းကောင်းမွန်သည့် နေရာတစ်ခုလည်း ဖြစ်နေသေး၏။ ယခုဈေးက မဆိုးဟု ပြော၍ရလေသည်။

“ အစ်မလီ … မြန်မြန်လာလေ… ဒီမှာ ဗေဒင်ကြည့်ကြမယ် …”

ချောင်ရှင်း ကျယ်လောင်စွာဖြင့် လီချူးဟန်နှင့် လင်းရီကို လက်ယပ်ခေါ်လိုက်သည်။

လီချူးဟန်သည် မည်သည့်ဘာသာရေး အယူဝါဒကိုမျှ သက်ဝင်ယုံကြည်သူ မဟုတ်ရာ သဘာဝ အလျောက် ယခုလို ကိစ္စရပ်များ၌ မယုံကြည်တတ်ပေ။

“ နင်ပဲ ကြည့်တော့ … ဒီအခွင့်အရေးကို အသုံးချပြီး နင့်အနာဂတ် ကံကြမ္မာက ဘယ်လိုရှိမလဲ မေးကြည့်ကြည့်ပေါ့ .. “ လီချူးဟန် အပြုံးဖြင့်ပြန်ပြောလိုက်သည်။

သူမကိုယ်တိုင်က မယုံကြည်သော်လည်းပဲ တပါးသူကို လက်လျှော့သွားအောင် ပြောဆိုခြင်းမျိုး လီချူးဟန် မပြုလုပ်ခဲ့ချေ။

ဘဝတွင် ရှာထားသည့် ငွေတစ်ပြားတစ်ချပ်ချင်းစီတိုင်းကို အကျိုးရှိရှိနှင့် အသုံးချဖို့ မဖြစ်နိုင်ကြောင်းကို သူမသိ၏။ တစ်ခါတစ်ရံ မိမိ၏ စိတ်ပျော်ရွှင်ချမ်းသာမှုအတွက် အသုံးပြုပေးသင့်လေသည်။

ချောင်ရှင်းအဖို့တော့ ဗေဒင်မေးသည်က ထိုကဲ့သို့သော စိတ်ချမ်းသာ ပျော်ရွှင်မှုတစ်ခုကို ဖြစ်ပေါ်စေလေသည်။

“ ညီမရဲ့ ကံကြမ္မာက အစ်မနဲ့ ချည်နှောင်ထားတာလေ … အစ်မ ဆေးရုံမှာ ခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်လာခဲ့ရင် ညီမလည်း အနည်းဆုံးတော့ ဌာနခေါင်းဆောင် ရာထူးလောက်တော့ ရနိုင်တာပေါ့ … အစ်မလီရဲ့ ကံကြမ္မာက ညီမနဲ့ အများကြီး သက်ဆိုင်နေတယ်…”

ချောင်ရှင်း ပြောပြောဆိုဆိုနှင့် လီချူးဟန်ကို ဆွဲခေါ်လာခဲ့၏။

“ ဆရာ .. ကျေးဇူးပြုပြီး ကျွန်မအစ်မကို ကံကြမ္မာ ဘယ်လို ရှိလဲ ကြည့်ပေးပါဦး …”

ချောင်ရှင်း သူမဖုန်းကို ထုတ်လာခဲ့၏။ တာအိုဘုန်းကြီးကလည်း အလိုက်သင့်သား ဖြစ်စွာဖြင့် ကျူအာပေးတစ်ခုကို ထုတ်ပြလာသည်။

ချောင်ရှင်းလည်း ထိုကျူအာကို လျင်လျင်မြန်မြန်ပဲ စကန်ဖတ်လိုက်၏။

“ လာခဲ့ … မိန်းကလေး .. မင်းလက်ကို ဒီမှာ ဖြန့်လိုက် …”

ပိုက်ဆံချေပြီးသည်နှင့် လီချူးဟန်သည် သိချင်စိတ် ပြင်းပြစွာဖြင့် သူမလက်ကို ဆန့်ပေးလိုက်ကာ တာအိုဘုန်းကြီး ပြောလာမည့် စကားကို‌ စောင့်ဆိုင်းနေခဲ့သည်။

တာအိုဘုန်းကြီးလည်း လီချူးဟန်၏ လက္ခဏာကို ဂရုတစိုက်နှင့် ကြည့်ရှုစစ်ဆေးနေပြီး ခေတ္တ အတွေးနက်သွားခဲ့သည်။ ခေတ္တကြာပြီးသည့်နောက် သူ ပြောလာခဲ့၏။

“ မိန်းကလေး … မင်းရဲ့ လက်က အတော်လေး တမူထူးခြားနေတာပဲ …”

“ ဘယ်လိုမျိုး ထူးခြားနေတာလဲ …” လီချူးဟန် စိတ်ဝင်တစားဖြင့် ပြန်မေးလိုက်၏။

“ နည်းနည်း အေးစက်စက်ဖြစ်နေတယ်… ဒါ မင်းရဲ့ကိုယ်က အားနည်းနေတယ်ဆိုတာကို ဖော်ပြနေတာပဲ …”

ပြောပြီးနောက် တာအိုဘုန်းကြီးက စက္ကူနှင့် ထုပ်ထားသည့် အထုပ်သေးလေး တစ်ထုပ်ကို ထုတ်ပြလာခဲ့သည်။

“ ဒါ ငါ ကိုယ်တိုင် ဖော်စပ်ထားတဲ့ အရသာခြောက်မျိုး အင်ပါရီယာဆေးလုံးပဲ … ယူသွားပြီး ခြောက်လမှန်မှန်သုံးစွဲ … မင်းရဲ့ ဝေဒနာတွေ အကုန်သက်သာသွားစေရမယ်…”

လီချူးဟန် ရယ်ချင်ပက်ကျိ မျက်နှာအမူအရာဖြင့် ဖြစ်သွားခဲ့၏။ “ ရှင် သေချာလို့လား …”

“ ဒါပေါ့ … သေချာတာပေါ့ … ဒီအဘိုးကြီး ဆေးဖော်စပ်လာတာ နှစ်ပေါင်းနည်းတော့တာ မဟုတ်ဘူး … ဒီတစ်ချက်တော့ ရဲရဲကြီး အာမခံတယ်…” တာအို ဘုန်းတော်ကြီးက ယုံကြည်ချက်ပြည့်နှက်နေသည့်အသံဖြင့် ပြောလိုက်သည်။

“ တကယ်လို့ မင်း ဆေးရုံသွားပြမယ်ဆိုရင် ဒီရောဂါကို သေချာပျောက်ကင်းအောင် ကုသနိုင်ဖို့က မသေချာဘူး .. ကံကောင်းချင်တော့ မင်း ဒီမှာ ငါနဲ့ လာဆုံတာပဲ … မဟုတ်ရင် မင်းတစ်ဘဝလုံးတော့ သွားပြီပဲ ဟင်း …..”

လင်းရီသည် ဘေးတွင် ရပ်နေရင်း တာအိုဘုန်းတော်ကြီးကို ပြုံးတုံ့တုံ့ အမူအရာဖြင့် ကြည့်နေသည်။ ကံကြမ္မာဟောပြောနေရာမှ ကျန်းမာရေးကိစ္စ ဆွေးနွေးသည့် အဖြစ်သို့ ကူးပြောင်းသွားသည့် ဖြစ်စဉ်ကို သူ့မှာ ရယ်ချင်လို့ မဆုံးနိုင် ဖြစ်နေမိသည်။

ဒီနေ့ခေတ် တာအိုပညာရှင်တွေက သူတို့ရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဒီလိုမျိုး ချဲ့ထွင်နေကြပြီလားဟ …

ဒီလူ ဒီလောက်ထိ ကြိုးစားနေတယ်ဆိုတော့ သူ့ရဲ့ ဒီလ KPI ပြည့်ဖို့ကို တော်တော်လေး ရုန်းကန်းနေရတယ်နဲ့ တူတယ်….

“ ကျွန်မလို ဟွာရှန်းဆေးရုံ နှလုံးခွဲစိတ်ဌာနရဲ့ ခေါင်းဆောင်တစ်ယောက်က ကိုယ့်ကျန်းမာ‌ရေး အခြေအနေကိုယ် သေချာလေး သိတာပေါ့ … ဒီတိုင်း ကျွန်မရဲ့ ကံကြမ္မာဘယ်လိုရှိလဲပဲ ဟောပေး … ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်နိုင်တယ်…” လီချူးဟန် ပြောလိုက်သည်။

“ ဟင် … နှလုံးခွဲစိတ်ဌာနရဲ့ ခေါင်းဆောင်လား …”

တာအိုဘုန်းကြီးမှာ ကိုးရို့ကားယားဖြစ်စွာဖြင့် သူ့ဆေးထုပ်လေးကို အောက်သို့ အသာပြန်ချကာ အတင်းအားယူ ပြုံးလိုက်ရသည်။

“ မိန်းကလေးက အဲ့ဒီနယ်ပယ်မှာ ဆရာတစ်ဆူဖြစ်နေတယ်ဆိုတော့ ကျန်းမာရေးအကြောင်းပြောတာတွေ ကျော်ပြီး ကံကြမ္မာပဲ ကြည့်ကြတာပေါ့ …”

တာအိုဘုန်းကြီးမှာ လီချူးဟန်၏ လက္ခဏာကို တစ်ဖန်ပြန်ကြည့်၍ နီးနီးကပ်ကပ် လေ့လာလိုက်သည်။

“ စိတ်ဝင်စားဖို့ကောင်းတယ် … စိတ်ဝင်စားဖို့ကောင်းတယ်.. ငါ ဒီလောကထဲ ကျင်လည်လာတာ နှစ် ၃၀ ကျော်ပြီ .. ဒီလောက်ကောင်းတဲ့ အသက်မွေးဝမ်းကြောင်း လက္ခဏာမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး … မိန်းကလေး .. မင်းက တကယ့်ကို ကြီးကြီးမားမား အောင်မြင်ဖို့ ကံပါလာတာပဲ …”

လင်းရီသည် ထိုမြင်ကွင်းကို လမ်းဘေး သရုပ်ပြပွဲအား ကြည့်ရှုနေသည့် ပရိသတ်တစ်ယောက်သဖွယ် ကြည့်ရှုနေခဲ့သည်။

လီချူးဟန်ဘက်က သူမ၏ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ကို ဖော်ထုတ်ပြလာခဲ့ပြီးဖြစ်လေရာ အကယ်၍ တာအိုဘုန်းတော်ကြီးမှ သူမ၏ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွင် ပြဿနာ ရှိနေသည်ဟု ပြောလာမည်ဆိုပါက သူ့အပေါ် ချက်ချင်း အယုံအကြည်မဲ့သွားစေမှာ ဖြစ်သည်။

“ ဆရာ .. ကျွန်မ အစ်မရဲ့ အချစ်ရေးလမ်းကြောင်းကိုလည်း ကြည့်ပေးပါဦး …”

ချောင်ရှင်း ပြောလိုက်၏။ ဤသည်က သူမ အစိုးရိမ်နေဆုံးဖြစ်ပြီး ဗေဒင်မေးရခြင်း၏ အဓိက အကြောင်းအရင်းလည်း ဖြစ်လေသည်။

တာအိုဘုန်းကြီးက ချောင်ရှင်းဘက်သို့ လှည့်ကြည့်လိုက်ပြီး သူမအား နွေးထွေးစွာ ပြုံးပြလိုက်သည်။ “ ဒီမိန်းကလေးရဲ့ လက္ခဏာက သူ့မှာ အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်းရော အိမ်ထောင်ရေးကံပါ ရှိနေတယ်လို့ ပြောပြထားတယ်.. အနာဂတ်ကျရင် ကလေးတွေ အများကြီးနဲ့ မြေးတွေ မြစ်တွေပါ ပိုင်ဆိုင်ဦးမှာ …”

ချောင်ရှင်း၏ မျက်ဝန်းတို့ တလက်လက် တောက်ပသွားခဲ့ပြီး လီချူးဟန်ကို ကျီစယ်စွာ တစ်ချက်ကြည့်လိုက်၏။

“ ကြားတယ်မလား အစ်မလီ … သူပြောတာ ရှင့်မှာ မိသားစုအကြီးကြီး တစ်ခု ပိုင်ဆိုင်ရဖို့ ရှိတယ်တဲ့ … အခုကစပြီး ကျန်းမာရေးကို သေချာဂရုစိုက်ထားတော့ .. ဒါမှ နောင်ကျရင် ကလေးတွေ အများကြီး မွေးနိုင်မှာ …”

လီချူးဟန် ရှက်သွေးဖြန်းသွားခဲ့ပြီး

“ အဲ့အကြောင်းပြောဖို့က စောပါသေးတယ်…”

“ ဘာကိုစောသေးရမှာလဲ … အစ်မနဲ့ အစ်ကိုရီရဲ့ ကြံ့ခိုင်မှုနဲ့ဆိုရင် ကလေးတစ်ယောက်ရအောင် လုပ်တာက ကိတ်မုန့်လှီးစားသလောက်ပဲ မဟုတ်ဘူးလား…”

“ အိမ်း … ဒီအဘိုးကြီးမှာ အဲ့ဒီအတွက်လည်း ဆေးစွမ်းကောင်းတွေ ရှိတယ်နော်…” တာအိုဘုန်းတော်ကြီးက ဂရုတစိုက်နှင့် သူ့အိတ်ထောင်ထဲမှ ဆေးထုပ်ငယ်လေး တစ်ထုပ်ကို ထုတ်ယူလာခဲ့သည်။

“ ဒါ ငါ ကိုယ်တိုင် သေချာလေး ဂရုတစိုက်နဲ့‌ ဖော်စပ်ထားတဲ့ မြည်းခွန်အား ဆေးပဲ … ၁၉၉၉ ယွမ်လည်း မဟုတ်ဘူး .. ၉၉၉ ယွမ်နဲ့လည်း မရဘူး .. ၉၉၈ ယွမ်နဲ့ ယူသွား …မင်းရဲ့ ယောက်ျားမာန်တွေ ချက်ချင်းအားကောင်းသွားစေဖို့ ငါအာမခံတယ်…”

လင်းရီ “ …. “

အဘိုးကြီးက အခွင့်အရေးကို ဘယ်လို အမိအရ ဆုပ်ကိုင်ရမလဲတော့ အတော်သိနေတာပဲ ..

တာအိုဂိုဏ်းထဲမဝင်ခင် အရောင်းသမား ဖြစ်ခဲ့တာပဲ ဖြစ်ရမယ်…

“ အဘိုးကြီး … ခင်များ ဗေဒင်သာ ဟောစမ်းပါ … စီးပွားရေးတွေ အဲ့လောက်ထိ သောင်းကြမ်းမနေစမ်းပါနဲ့ ….”

“ ရတယ်လေ .. ရတယ်လေ.. သဘောပဲ … မင်း လိုအပ်လာရင် ငါ့ဆီ အချိန်မရွေး ဆက်သွယ်လလို့ရတယ်…”

တာအိုဘုန်းတော်ကြီးက လီချူးဟန်၏ လက်ဖဝါးကို တစ်ဖန်ပြန်ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူ့ မျက်မှောင်နှစ်ခုမှာ တင်းကြပ်စွာ ကြုတ်လျက်သား ဖြစ်နေသည်။

“ စိတ်ဝင်စားစရာပဲ .. မိန်းမငယ်လေး .. မင်းရဲ့ အသက်လမ်းကြောင်းကတော့ သိပ်မကောင်းလှဘူးပဲ…”

“ ဟင် … ဘာဖြစ်နေလို့လဲတဲ့ …” ချောင်ရှင်း စိုးရိမ်ထိတ်လန့်စွာဖြင့် မေးမြန်းလိုက်၏။

သေမင်းနှုတ်ခမ်းဝနှင့် နီးစပ်သည့် အဖြစ်အပျက်တစ်ခုကို တွေ့ကြုံခံစားထားရသည်ဖြစ်၍ ချောင်ရှင်းမှာ ယခုလို ကိစ္စရပ်မျိုးဆိုလျှင် အင်မတန်ထိလွယ်ရှလွယ် ဖြစ်လာသည်။

“ ဒီကိုကြည့်လိုက် .. သူ့ အသက်လမ်းကြောင်းက သာမန်လူတစ်ယောက်ရဲ့ သုံးပုံနှစ်ပုံလောက်ပဲ ရှိတယ်… ဒါ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး …” တာအိုဘုန်းကြီးမှာ ပြောရင်းဆိုရင်းဖြင့် စိတ်မကောင်းဖြစ်စွာ သက်ပြင်းတစ်ချက် ချလိုက်သည်။

ချောင်ရှင်း အထိတ်ထိတ်အပျာပျာ ဖြစ်သွားခဲ့ပြီး “ ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိတယ်မလားဟင် …”

“ တခြားလူတွေဆိုရင်တော့ ဖြေရှင်းဖို့ နည်းလမ်းရှိမှာ မဟုတ်ဘူး … ဒါပေမယ့် မင်းတို့ကံကောင်းတာ ဒီနေ့ ဒီနေရာမှာ ငါနဲ့ လာဆုံရတာပဲ .. ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ငါ့မှာ ရှိတယ်…”

“ ဘယ်လိုမျိုးလဲ ဆရာ … ကျေးဇူးပြုပြီး ကျွန်မအစ်မကို ကူညီပါဦးနော်…” ချောင်ရှင်း ထိတ်ထိတ်ပျာပျာလေသံဖြင့် တောင်းဆိုလိုက်၏။

“ ဟင်း .. မိန်းမငယ်လေး … မင်း စကားကို ဒီလိုမျိုး စည်းလွတ်ဝါးလွတ် မပြောရဘူးလေ …” တာအိုဘုန်းတော်ကြီးမှ သူ့ မုတ်ဆိတ်များကို အောက်သို့ သပ်ချရင်း ဟန်ပါပါဖြင့် လေးနက်စွာ တစ်ချက်ပြောလိုက်သည်။

“ ဒါက ကောင်းကင်လျှို့ဝှက်ချက်ပဲ .. သာမန်လျှံကာ ထုတ်ပြောလို့ရတဲ့ အရာမဟုတ်ဘူး … မဟုတ်ရင် ငါ့အသက်စက်ဝန်းကို ထိခိုက်စေနိုင်တယ်…”

“ ကျွန်မ မသိလို့ပါဆရာ .. ကျွန်မ စကားပြောမှားသွားတယ်… ဘယ်လိုလုပ်သင့်လဲဟင် …” ချောင်ရှင်း စိုးရိမ်တကြီးနှင့် ပြောလိုက်၏။ “ ပြဿနာကို သိပြီဆိုမှတော့ ကျွန်မတို့ ဘာမှ မလုပ်ဘဲ နေလို့မရဘူးမလား …”

“ မင်း တကယ်ပဲ ဖြေရှင်းချင်တယ်ဆိုရင်တော့ နည်းလမ်းတစ်ခုတော့ ရှိတယ်.. “

“ ဘာနည်းလမ်းလဲ .. မြန်မြန်ပြောလေ …”

တာအိုဘုန်းကြီးက လက်ငါးချောင်းကို ချောင်ရှင်းရှေ့သို့ ဖြန့်ပြလိုက်ရာ သူမမှာ ကြက်သေသေသွားခဲ့လေသည်။

“ လက်ငါးချောင်းတောင်ကို ပြောနေတာလား .. အဲ့က ဗုဒ္ဓဆီမှာ ယတြာသွားချေရမှာလား ဟုတ်လား … ရှင် မဖြေရှင်းနိုင်လို့ ကျွန်မတို့ကို ဗုဒ္ဓဆီ လွှတ်နေတာမလား …”

“ ယွမ် ၅,၀၀၀ …” တာအိုဘုန်းတော်ကြီးက ဆန်းကြယ်စွာ ပြုမူလျက် “ ယွမ် ၅,၀၀၀ ပဲပေး … သူ့ကို ဒီရဲ့ အတိဒုက္ခကနေ ကယ်တင်ပေးမယ် .. မင်းတို့နှစ်ယောက်က ဒီမှာ ငါနဲ့ ရေစက်လာဆုံတာကြောင့်မဟုတ်ရင် ကိုယ့်အသက်စက်ဝန်းကိုယ် ထိခိုက်ခံပြီး စွန့်စားနေမှာတောင် မဟုတ်ဘူးနော်… မင်းတို့ ဒီအခွင့်အရေးကို ကောင်းကောင်း တန်ဖိုးထားသင့်တယ်…”

“ ယွမ် ၅,၀၀၀ ……. နည်းနည်း ဈေးကြီးသလိုပဲနော်…..” ချောင်ရှင်း အနည်းငယ် ချီတုံချတုံ ဖြစ်သွားခဲ့ရ၏။

“ အင်မော်တယ်တွေလည်း စားဝတ်နေရေးက ရှိသေးတယ်လေ …”

“ အိုး အိုး … နားလည်ပြီ …” ချောင်ရှင်း ပြောရင်းဖြင့် ဖုန်းထုတ်ကာ ပိုက်ဆံလွှဲရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်မှာပဲ လင်းရီသည် သူမ၏ ကော်လံမှတဆင့် ချောင်ရှင်းကို အနောက်သို့ လှမ်းဆွဲခေါ်လိုက်၏။

“ ရား ရား အစ်ကိုရီ .. ညီမ လည်ပင်းအစ်နေပြီ …”

“ သွားမယ်… ဒီမှာ ကစားတာတော်ပြီ …” လင်းရီ ပြောလိုက်ပြီး “ မင်းလို ဖူတန် တက္ကသိုလ်က PhD. ဘွဲ့ရကြီးက အသိစိတ်လေး ဘာလေး မရှိဘူးလား … ဒီလိုစကားမျိုးကို ဘယ်လို ဦးနှောက်နဲ့များ အယုံအကြည်တွေ ရှိနေတာ …”

“ အမ် … အိုး … အိုကေလေ …” ချောင်ရှင်း နာခံစွာဖြင့် ဖုန်းကို ပြန်သိမ်းလိုက်၏။

“ ဟေ့ ဟေ့ ဟေ့ .. မင်း .. လူငယ်လေး … မင်း မသွားသေးနဲ့ …” တာအိုဘုန်းတော်ကြီးက အနောက်မှ လှမ်းအော်ဟစ်လိုက်ပြီး “ ငါ မင်းကို လျှော့ဈေးပေးမယ်.. ၄,၀၀၀ ပဲပေး … မင်း ကောင်မလေးရဲ့ အသက်တမ်းကို အနှစ် ၃၀ ထပ်ဆွဲဆန့်ပေးလို့ရတယ်… P to P ငွေလွှဲပေးလို့လည်းရတယ် … အဆင်မပြေရင် ငွေပြန်အမ်းဖို့ ပြေစာလည်း ထုတ်ပေးနိုင်တယ်.. အခွန်ပါ အပါအပြီးပဲ .. ဟေ့

.. ပြောနေတာကြားလား .... ”

( P to P – Public to Private )

All Chapters