သတ်ဖြတ်လိုစိတ်
Vol. 1 Ch. 13
စုမင်ခေါင်းမော့လိုက်ချိန် မျက်ထောက်များက ရဲရဲနီနေသည်။ သူ့ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသည့် သွေးနီအလင်းရောင်ကြောင့် တစ်ဂူလုံး လင်းထိန်နေလေ၏။
စုမင်ကိုယ်မှာ တဆတ်ဆတ် တုန်ခါနေသည်။ တစ်ကိုယ်လုံးကို လှည့်ပတ်သွားလာနေသည့် သွေးတို့ကြောင့် သူ့နှလုံးခုန်သံမှာ မြန်သထက် မြန်လာပြီး ရင်ဘတ်ကြီး တစ်ခုလုံး ကွဲထွက်တော့မလိုပင်။
ယခုအချိန်သည် စုမင်၏ ကျင့်ကြံမှုအတွက် အရေးကြီးဆုံး အချိန်ဖြစ်သည်။ ထို့ကြောင့် ကျင့်စဉ်တစ်ဝက်တစ်ပျက်နှင့် ရုတ်တရက် ရပ်ပစ်လိုက်၍ မရပေ။ သို့သော် အပြင်တွင် ဖြစ်ပျက်ခဲ့သမျှကိုတော့ သူ ထင်ထင်ရှားရှား ကြားနေရလေသည်။
သူ့အတွက် မျောက်ကလေးမှာ အပြင်လူများကို မျှားခေါ် ပေးသွားခဲ့ခြင်း ဖြစ်သည်။
စုမင်တစ်သက်တွင် တစ်ခါမှ ဒီလောက်ထိ ဒေါသ မဖြစ်ဖူးပေ။ တောထဲ၌ မျောက်ကလေးသည် သူ့အတွက် တစ်ဦးတည်းသော သူငယ်ချင်း ဖြစ်သည်။ ဒီနှစ်များအတွင်း စုမင်မှာ မျောက်ကလေးအား မိသားစုဝင် တစ်ယောက်ပမာ သဘောထားပြီး ဆက်ဆံခဲ့သည်။ သူ့ မျက်လုံးများထဲမှ ဒေါသစိတ်မှာ သူ့ကိုယ်ပေါ်မှ သွေးကြောများတစ်လျှောက် စိမ့်ဝင်သွားပြီး မီးတောက်များပမာ တရှဲရှဲ လောင်ကျွမ်းသံက တစ်ကိုယ်လုံး ပဲ့တင် ထပ်သွားလေသည်။
ကိုယ်ပေါ်ရှိ ပျံ့နှံပြီးသား သွေးကြောငါးခုထံမှ စူးရှရှ အလင်းရောင် ရဲရဲများ ထွက်နေသည်။ ထိုအလင်းရောင်များကြား ဆဌမမြောက် သွေးကြောမှာ ပျံ့နှံ့ ဖြာဆင်းထွက်ရန် လက်မတင်လေးသာ လိုတော့သည်။ ပိုးတုံးလုံးဘဝမှ လိပ်ပြာအကောင်ပေါက်လေး ဖြစ်ရန် လက်မတင်လေးသာ ကျန်တော့သည်။
"ဒီသောက် ဒုတိယအဆင့်ကတော့"
စုမင် ကြုံးဝါးလိုက်သည်။ ယခင်အခေါက်များက သူ အေးအေးဆေးဆေးပင်။ မလုပ်နိုင်လည်း တစ်အား မလုပ်ခဲ့။
သို့သော် ယခုတော့ မျောက်ကလေးတွင် အသက်အန္တရာယ် ရှိနေပြီ။ စုမင် အချိန်နှင့်အမျှ စိတ်မအေး နိုင်တော့ပေ။ ထို့ကြောင့် အစွမ်းရှိသလောက် သွေးများကို ထိန်းချုပ်ရင်း မာန်စွမ်းအားရှင် တစ်ယောက် ကျင့်ကြံရမည့် နည်းအတိုင်း သွေးများကို နေရာပြောင်းလဲဖို့ ကြိုးစားလိုက်သည်။ သူ့သွေးအကုန်လုံးအား ဆဌမမြောက်သွေးကြောထံသို့ ပို့လွှတ်နိုင်ရန် အာရုံစိုက်ထားလိုက်သည်။
ပေါက်ကွဲသံ ကျယ်ကျယ်နှင့်အတူ စုမင်သွေးများ ပွက်ခနဲ အန်တက်လာ၏။ သူ့တစ်ကိုယ်လုံး တုန်ယင် နေပြီး မျက်နှာလည်း ဖြူရော်နေသည်။ ယခုလို မဆင်မခြင် လှုပ်ရှားမှုသည် မာန်စွမ်းအားရှင်များ လုံးဝ မလုပ်သင့်သည့် အရာဖြစ်သည်။ သူတို့အတွက် တစ်ဆင့်ချင်းစီ ချောချောမွေ့မွေ့နှင့် တည်တည်ငြိမ်ငြိမ် ကျင့်ကြံရယူရမည် ဖြစ်သည်။ ကျိုးကြောင်း မဆင်မခြင်နှင့် အရမ်းကာရော လုပ်ပစ်၍ မရပေ။
ပေါက်ကွဲသံမှာ အပြင်ဘက်တွင် သိပ်မကျယ်သော်လည်း စုမင်အတွက်တော့ ခေါင်းတစ်ခုလုံး ကွဲထွက်သွားသလိုပင်။ အသံက သူ့ကိုယ်ထဲတွင် ပဲ့တင်ထပ်နေတုန်း ဖြစ်သည်။
"သေစမ်းကွာ"
စုမင် အပေါက်ဝကို စိုက်ကြည့်လိုက်သည်။ မျောက်ကလေး၏ ကူကယ်ရာမဲ့၊ အကြောက်တရားနှင့် ပြတ်သားသည့် ဆုံးဖြတ်ချက်များကို သူ အခုထိ မြင်ယောင်နေသည်။
တွေဝေနေရန် အချိန်မရှိ။ စုမင် နောက်တစ်ဖန် တစ်ကိုယ်လုံးတွင်ရှိသော သွေးကြောများကို ထိန်းချုပ်ပြီး ဒုတိယအကြိမ် ဖောက်ထွက်ရန် ကြိုးစားလိုက်ပြန်သည်။
ပိုများတဲ့ သွေးတွေ အန်ထွက်ပြီး မေးစေ့ပေါ်စီးကျလာ၏။
တတိယအကြိမ် .... စတုတၳအကြိမ် .... ပဉ္စမအကြိမ် ....
ပဉ္စမအကြိမ် အားထုတ်မှုတွင် စုမင်ပါးစပ်နှင့်အပြည့် သွေးများ အန်ထုတ်လိုက်၏။ သူ့မျက်နှာမှာ ဖြူရော်နေသော်လည်း အလွန်အမင်း သတ်ဖြတ်ချင်စိတ်များက အထင်းသား မြင်နေရသည်။ သွေးများ ပေကျံနေသည့် စုမင် ပုံစံက အတော်လေး ကြောက်စရာကောင်းနေသည်။
စုမင် ရုတ်တရက် အားယူကာ ထရပ်လိုက်၏။ ရပ်လိုက်သည့်အချိန် ကိုယ်ထဲမှ နောက်ထပ် ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ဆဌမမြောက် သွေးကြော အောင်အောင်မြင်မြင်နှင့် ပျံ့နှံ့ ဖြာဆင်းသွားနိုင်ခဲ့လေပြီ။
ဆဌမမြောက် သွေးကြော ထင်ထင်ရှားရှား ပေါ်ထွက် ပျံ့နှံ့သွားသည်နှင့် စုမင်ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ ပထမအဆင့်နှင့် လုံးဝမတူ ကွဲပြားခြားနားသွားသည်။ လေမတိုက်သော်လည်း ၎င်းအရှိန်အဝါကြောင့် စုမင်၏ဆံပင်စများ လွင့်ဝဲနေပြီး ဆဌမမြောက် သွေးကြောသည် သူ့အရေပြားပေါ်တွင် သက်ရှိတစ်ယောက်ပမာ မြန်ဆန်စွာ ရွေ့လျားနေ၏။
ဒါ သွေးကြောကျောက်သားကျင့်စဉ်ရဲ့ ဒုတိယမြောက် အဆင့်ပဲ။
သူ့ကိုယ်ခန္ဓာနှင့် ဒုတိယအဆင့် ကျင့်သားရသွားသည့်အချိန်အထိ မစောင့်တော့ဘဲ စုမင်မှာ ယခင်ကထက် ပိုမြန်လွန်းသည့် အရှိန်နှင့် ပြေးထွက်သွားသည်။ လက်တစ်ဖက်တွင် လေးညှို့နှင့် ဦးချိုကို ကိုင်ဆောင်ရင်း မျက်စိ တစ်မှိတ်အတွင်း စုမင် ပျောက်ကွယ်သွားလေသည်။
"သူတို့ထဲက တစ်ယောက်က သွေးကြော ကျောက်သား ဒုတိယအဆင့် .... တစ်ယောက်က တတိယအဆင့်"
စုမင် မျက်လုံးများက ရဲရဲနီပြီး အေးစက်နေသည်။ သူ့ရန်သူမှာ မည်မျှပင် အင်အား ကြီးကြီး စုမင် လုံးဝ မကြောက်။ သူ့တွင် သတ်ဖြတ်ချင်စိတ်သာ ရှိနေ၏။
အကြောက်တရားဆိုတာ ဘာမှန်း စုမင် မသိတော့။ မျောက်ကလေး အဖမ်းခံလိုက်ရချိန်မှစ၍ မဟူရာ မီးတောင် မျိုးနွယ်ဝင် နှစ်ယောက်မှာ သူ့ရန်သူကြီးများ ဖြစ်သွားကြလေပြီ။
စုမင်မှာ ထိုလူနှစ်ဦးအား သူ့လက်နှင့် မသတ်ရလျှင် ကိုယ့်ကိုယ်ကိုယ် ပြန်သတ်ဖို့သာ ရှိတော့သည်။
မီးပင်လယ်ကိုဖြတ်၍ ဓားတောင်ကို ကျော်ရလျှင်လည်း ကိစ္စမရှိတော့။ ကျိုးကြောင်း ဆင်ခြင်မှု ကင်းမဲ့ခြင်းနှင့်လည်း ဘာမှမဆိုင်။ ယခုကိစ္စမှာ သေရေးရှင်ရေး အသက်လုပွဲ ဖြစ်သည်။ အကယ်၍ ဒေါသမီး၏ လောင်ကျွမ်းမှုကို မရပ်တန့် နိုင်ခဲ့လျှင် စုမင်မှာ ပြာမှုန်အဖြစ် လွင့်ပျယ်ပျောက်ကွယ်သွားမည် ဖြစ်သည်။
စုမင် လုံးဝ တွေဝေမနေ။ အမြန်ဆုံး ပြေးလွှားနေ၏။ စုမင်သည် မာန်မျိုးနွယ်ဝင် တစ်ယောက် ဖြစ်သည်။ ငယ်ငယ်လေးထဲက ဒီမှာ ဆော့ပြီး ဆေးဝါးများ လိုက်လံစုဆောင်းခဲ့သည်။ ဒီနေရာ ဒီပတ်ဝန်းကျင်နှင့် အကျွမ်းတဝင် ရှိပြီး သဲလွန်စများကို ခြေရာခံရာတွင်လည်း ပို၍ပင် တော်သေးသည်။
သူ မြေပြင်ကို ကြည့်ရင်း ပြေးလွှားနေသည်။ နှုတ်ခမ်းထောင့်မှ သွေးစများကို လက်နှင့် သုတ်ပစ်၏။ ခဏအကြာ ရွက်ကြွေများအပေါ်တွင် ရှုပ်ပွနေသည့် ခြေရာလမ်းကြောင်းများကို တွေ့လိုက်ရ၏။ သစ်ကိုင်းကျိုးများကို ဆွဲယူပြီး ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များ ပို၍ အားကောင်းလာသည်။ သစ်ကိုင်းများကို လွှင့်ပစ်ပြီး သူ့ရဲ့ ဦးတည်ရာကို ပြောင်းလိုက်၏။
စုမင်မှာ အစွမ်းရှိသလောက် အမြန်ဆုံး ပြေးလွှားနေ၏။ လမ်းတွင် ခြေရာလက်ရာများကို ထပ်တွေ့ရ၏။ ယခုတစ်ခါ သွေးအိုင်များပင် ပါသည်ကို တွေ့ရ၏။
သို့သော် သွေးတို့မှာ ခြောက်သွေ့စ ပြုနေလေပြီ။ လူနှစ်ယောက်က မျောက်ကို ဖမ်းပြီး ထွက်သွားသည်မှာ အချိန်အတော် ကြာသွားပြီမှန်း မြင်နေရသည်။
"ငါအမီ မလိုက်နိုင်သေးဘူး။"
စုမင် မျက်လုံးများ နက်ရှိုင်းသွား၏။ လက်သီးကို ကျစ်နေအောင် ဆုပ်လိုက်သည့် သူ့မျက်လုံးများတွင် ဒေါသများ အပြည့်နှင့်။
"သူတို့ဟာ မဟူရာ မီးတောင်ကပဲ။ ဒီတော့ သူတို့ မျိုးနွယ်စုဆီ ကျိန်းသေ ပြန်မှာပဲ။ ဒီလိုသာဆို ဒီကနေ မဟူရာမီးတောင်ကို ဖြတ်လမ်း ရှိလိမ့်မယ်"
စုမင် လှည့်၍ ရှေ့သို့ ဆက်ပြေးပြီး နှင်းထုကြားထဲ တိုးဝင်ပျောက်ကွယ်သွားသည်။
"မြန်မြန်''
စုမင်မှာ လေထဲတွင် ပျံနေသလိုမျိုး တောထဲတွင် တစ်လှစ်လှစ်နှင့် ပြေးလွှားနေသည်။ သို့တိုင် သူ့အရှိန်မှာ နှေးလွန်းသည်ဟု ခံစားနေရသည်။ သူ ပြေးသွားသည့်နောက်တွင် ခြေရာများ ထင်ကျန်ခဲ့၏။ သူ ရှေ့ဆက်ပြေးလွှားရင်း ရှေ့တည့်တည့်ရှိ မြေပြင်မှ နှင်းထုမှာ ဖွာထွက်လာသည်။
မြေခွေးနှင့်တူသယောင် ရှိသော်လည်း တစ်ကိုယ်လုံး ဖြူဖွေးလှသည့် အမွေးများနှင့် ဖုံးအုပ်နေပြီး ခေါင်းတွင် သမင်ဦးချိုအတိုင်း ဦးချိုတခုပါသည့် တိရစာၦန်ငယ်လေးသည် နှင်းထဲမှ ခုန်ထွက်လာ၏။ သူ့အရှိန်မှာ အလွန်မြန်ပြီး စုမင်ရှေ့သို့ ချက်ချင်း ရောက်လာ၏။
"ရက်ကွန်း ဖြူကောင်"
စုမင် အရှိန်ကို မတန့်လိုက်ပေ။ ၎င်းအကောင်ငယ်လေး ပုန်းအောင်းနေရာမှ ရှေ့ရောက်လာသည်နှင့် စုမင် လက်သီးတစ်လုံး ပစ်ကျွေးလိုက်၏။
အရင်ကတော့ စုမင်မှာ တိရစာၦန်ရိုင်း တစ်ကောင်အား လက်သီးတစ်ချက်နှင့် သေအောင် မသတ်နိုင်ပေ။ သို့သော် ယခုအခါ သူသည် သွေးကြော ကျောက်သားကျင့်စဉ် ဒုတိယအဆင့်ရှိသည့် မာန်စွမ်းအားရှင် တစ်ယောက် ဖြစ်နေပြီ ဖြစ်၏။ ကိုယ်ပေါ်တွင် ပျံ့နှံ့ ဖြာဆင်းနေသည့် သွေးကြောခြောက်ခု ရှိသည့်အပြင် သူ့စိတ်မှာလည်း အတိုင်းအဆမရှိ သွေးဆာလောင်နေခဲ့သည်။ ထိုအရာက စုမင်၏ သွားနှုန်းအရှိန်ကို သာမက ခွန်အားကိုပါ ဆတိုး တိုးပွားစေလေသည်။
လက်သီးချက်သည် ရက်ကွန်းကောင်၏ကိုယ်ပေါ် တိတိကျကျ ကျရောက်သွား၍ ရက်ကွန်းမှာ အော်မြည်လိုက်သည်။ ရက်ကွန်းကောင်သည် လက်သီးချက်ကို ရှောင်ရှားရန် မျက်လုံးများကို ကျဉ်းပြီး လေထဲတွင် လမ်းကြောင်းပြောင်းရန် ကြိုးစားခဲ့သော်လည်း စုမင်မှာ ရှေ့သို့တိုးပြီး ဘယ်ဘက် လက်ထဲမှ ဦးချိုနှင့် ပိုင်းချလိုက်၏။
ရက်ကွန်းကောင်၏ ဒဏ်ရာမှ သွေးစိမ်းရှင်ရှင် ထွက်လာသည်။ ၎င်းမှာ နှင်းတောထဲတွင် နာနာကျင်ကျင် မြည်တမ်းပြီး ရုန်းကန်နေ၏။ နီရဲနေသော သွေးများက နှင်းလွှာပေါ်တွင် ရဲရဲနီနေသည်။
သေသပ်လွန်းတဲ့ ခုတ်ပိုင်းချက် ဖြစ်သည်။ စုမင်သည် ရက်ကွန်းအသေကောင်အား ကိုယ်ကို ငုံ့ကိုင်းပြီး ကြည့်လိုက်သည်။ အသက်ပြင်းပြင်း ရှူရင်း ညာဘက်လက်ကို မြှောက်လိုက်သည်။ ပြီးနောက် သူ့သွေးများကို ပြန်လည် ထိန်းချုပ်လိုက်၏။ သူ့ကိုယ်ပေါ်မှ ရောင်ခြည်အလင်း ဖြာထွက်နေပုံမှာ မြေပြင်ပေါ်ရှိ သွေးများနှင့် တစ်သားတည်းပင်။ သွေးကြော ခြောက်ခုသည် ကိုယ်ပေါ်၌ ပျံ့နှံ့ ဖြာဆင်းနေ၏။
စုမင်မှာ ရက်ကွန်း အသေကောင်ပေါ်ကို ညာလက်ပေါ်တင်လိုက်သည့်အချိန် ထူးဆန်းသည့် အလင်းတစ်ခုကို မျက်လုံးထဲ မြင်လိုက်သည်။ သူ့သွေးကြောများထဲမှ တစ်ခုသည် ထူးထူးဆန်းဆန်း အသက် ဝင်လာသလိုမျိုး တွန့်လိမ်ရစ်ခွေစ ပြုလာသည်။ ၎င်းသည် စုမင်၏ ညာဘက်လက်မောင်းမှ လက်ဝါးထဲ ရွေ့လျားလာပြီး ရက်ကွန်းကောင်၏ ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်။
ရုတ်တရက် အသေကောင်ရဲ့ ကိုယ်မှာ လှုပ်ခါလာပြီး မကြာခင် အမွေးများ ကျွတ်ကျ၍ ခန္ဓာကိုယ်မှာ ခြောက်သွေ့သွားသည်။ မျက်စိတစ်မှိတ်အတွင်း အရိုးစုအဖြစ် ပြောင်းလဲသွား၏။ တစ်ချိန်တည်းတွင် ထိုအရိုးစုမှ အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး ယခင် ရက်ကွန်းကောင် အသက်ရှင်စဉ်က ပုံစံအတိုင်း ပေါ်လာသည်။ သို့သော် ခပ်ဝါးဝါး ပုံရိပ်လေးသာ ဖြစ်ပြီး တိုက်ခတ်နေသည့် လေနှင့်အတူ လွင့်ပျယ်သွား၏။
ဒါ စုမင်၏ ပထမဆုံး ဝိညာဉ်ဝါးမျို မန္တန်ကို ရေရွတ်ခြင်း ဖြစ်သည်။ သူသိထားသည့် အချက်များအရ ဤမန္တန်ကို မရွတ်ခင် ဝိညာဉ်ကို သန့်ရှင်းပေးရန် လိုအပ်သည်။ သို့သော် စုမင်တွင် ဤမျှလောက် အချိန် မရှိပေ။ ပါးစပ်ကိုခပ်ဟဟထားရင်း ရက်ကွန်းကောင်ဝိညာဉ် အငွေ့တွေကြား အသက်ရှူရှိုက်လိုက်၏။
စုမင် တစ်ကိုယ်လုံး တုန်သွားတယ်။ ယခုပင် ခွန်အားအပို ရလိုက်သလို ခံစားလိုက်ရပြီး သိပ်မကြာလိုက်ခင် သူ့ခွန်အားများက ယခင်အတိုင်း ပြန်ဖြစ်သွားမှာ သေချာသည်။
စုမင်မှာ ထိုအနားတွင် ကြာကြာမနေ။ ချက်ချင်းပင် ရှေ့သို့ ဆက်ပြေး၏။ ယခုတစ်ကြိမ် အရင်ကထက် ပိုမြန်ပြီး အရှိန် မြင့်လာသည်။ စုမင်မှာ လေနှင့်ပင် တူနေတော့၏။
ငှက်တစ်ကောင် သူ့ပေါ် ဖြတ်ပျံသွားချိန် စုမင်ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိ၏။ ဟိုလူနှစ်ယောက်ကို အမီလိုက်ရမည်။ သူတို့ကို တားပြီး မျောက်လေးကို ကယ်ရမည်။
စုမင်သည် နဂိုရ်ကတည်းက စဉ်းစဉ်းစားစားနှင့် လုပ်တတ်သူ ဖြစ်၍ ဘာဆက်လုပ်ရမည်ကို စဉ်းစားပြီး ဖြစ်သည်။
တစ်နာရီကြာအပြီးတွင် စုမင်ရရှိထားသည့် ခွန်အားအပိုမှာ လုံးလုံး ပျောက်ကွယ်သွားပြီး ယခင်အတိုင်း ပြန်ဖြစ်သွား၏။ သို့သော် သူ ခပ်ဝေးဝေးထိ ခရီးနှင်လိုက်နိုင်သည်။ ယခု စုမင်မှာ မဟူရာမီးတောင်၏ ခပ်လှမ်းလှမ်းတွင် နေထိုင်သော မဟူရာတောင် မျိုးနွယ်စုအနားသို့ ရောက်နေပြီ ဖြစ်၏။
စုမင် ကုန်းမြင့်ကလေးနှင့်တူသော တောင်မို့မို့လေးတစ်ခုအပေါ်တွင် ရပ်လိုက်၏။ ထိုနေရာမှဆိုလျှင် အရှေ့ကို နည်းနည်း ပိုမြင်နိုင်သည်။
သူ ဦးတည်ရာအရပ်နှင့် နီးလာသည့်အတွက် စုမင်မျက်လုံးများ စူးရှလာ၏။ မဟူရာ မီးတောင် တည်ရှိရာ နေရာဆီ စူးစူးစိုက်စိုက် ကြည့်ရင်း မကြာခင် သူ့ပစ်မှတ်များကို တွေ့လိုက်ရ၏။ လူ နှစ်ယောက် ပေါ်လာပြီး တစ်ယောက်က လှုပ်ရှားမှု မရှိသည့် ရှောင်ဟုန်ကို ကိုင်ဆွဲထားလေသည်။
စုမင် ထိုအနားတွင် ရပ်ပြီး ညာလက်နှင့် ဆေးပုလင်းကို ထုတ်ယူလိုက်သည်။ ထိုပုလင်းထဲတွင် ဆေးလုံး နီနီလေး ရှိနေ၏။ လက်တွင် သွေးစသွေးန ရှိမရှိ သေချာ ကြည့်ပြီးနောက် ဆေးလုံးကို ထုတ်ယူလိုက်ကာ လက်ထဲ ဆုပ်ထားလိုက်သည်။
ထိုဆေးလုံးက သူ့ ဝှက်ဖဲ။
သူ့အသက်ကို ငြိမ်ငြိမ်ရှုရင်း လေးညှို့ကို ထုတ်ယူလိုက်၏။ သူ့မျက်လုံးများက ကန်ရေပြင်သေလို တည်တံ့လှသည်။ လူနှစ်ယောက်မှာ သူနှင့် တဖြည်းဖြည်း နီးလာပြီး သူတို့ကြား မိုင်အနည်းငယ်ခန့်သာ ခြားတော့သည်။ သူတို့သာ အာရုံစိုက် ကြည့်မည်ဆိုပါက စုမင်ကို မြင်နိုင်မည် ဖြစ်သည်။
လူနှစ်ယောက်စလုံး ကြီးမားထွားကျိုင်းကြ၏။ အားသန်မည့်ပုံလည်း ပေါ်သည်။ မျောက်ကလေးကို ဆွဲထားသည့် တစ်ယောက်ဆိုလျှင် ဆောင်းတွင်း ဖြစ်နေသည့်တိုင် အရှက်လုံရုံ အဝတ်သေးသေးလေးသာ ဝတ်ဆင်ထား၏။ သူ့ကိုယ်ပေါ် တစ်ပိုင်းလုံး ဗလာပင်။ ခန္ဓာကိုယ်ဘေးတွင် နှင်းငွေ့များ ဝေ့ဝဲနေပုံမှာ သွေးမှ ထွက်ပေါ်နေသည့် စွမ်းအားများဖြင့် အအေးဓာတ်ကို ချေဖျက်နိုင်သည့်အလားပင်။
ထိုလူကို တစ်ချက်ကြည့်ပြီး ဘေးမှကျန်လူအား စုမင် အကြည့် လွှဲလိုက်၏။ နောက်လူမှာ ကျောဘက်တွင် အင်မတန် ရှည်လျားလှသည့် လှံတံ တစ်ချောင်းကို သိုင်းထား၏။ သူ့ အဖော်ထက် အရပ် နည်းနည်း ပုသည်။ သို့သော် ထိုလူ၏ ချီအသက်စွမ်းအင်မှာ သူ့ အဖော်ထက်သာမက စုမင်ထက်ပါ အားကောင်းမှန်း သိလိုက်သည်။
“ဒီလူက စွမ်းအား ကြီးလွန်းတယ်”
စုမင် မျက်လုံးကို ကျဉ်းပြီး လေးညှို့ကို ကိုင်မြှောက်၍ ဒုတိယလူကို ချိန်ရွယ်လိုက်သည်။
စုမင် ထိုသူ့ကို ကြည့်လိုက်သည့်အချိန် သူကလည်း စုမင်ကို မြင်တွေ့သွားသည်။ ၎င်း၏ မျက်လုံးများက စူးရှ အေးစက်လွန်းလှပေသည်။
*****