မိုးကျရွှေကိုယ် မာန်စွမ်းအားရှင်
Vol. 1 Ch. 14
"ဒီကောင်က အခြား မျိုးနွယ်စုက မာန်စွမ်းအားရှင် တစ်ယောက်ဖြစ်ပြီး တစ်ယောက်တည်း လာတာလား။ သူ့ရဲ့ ချီ အသက် စွမ်းအားကို ကြည့်ရရင် သွေးကြော ကျောက်သားကျင့်စဉ် အဆင့် (၂) ရှိတဲ့သူပဲ။ သူ့ကို သတ်ရတာ ကြက်ကလေး ငှက်ကလေး သတ်ရသလို သိပ်လွယ်မှာပဲ။ ငါတို့က ငါတို့ မျိုးနွယ်စု ဒေသအနားမှာ။ ပြီးတော့ နှစ်ယောက် တစ်ယောက်။ ဘာမှ ကြောက်စရာမရှိဘူး။ ဒါပေမဲ့လည်း ဒီလို စိန်ခေါ် ဖို့ လာတာ ထောက်ရင် ဝှက်ဖဲ ရှိကိုရှိရမယ်။ ဒီလိုဆိုပေမဲ့လည်း ငါက အဆင့်(၃) ရှိတဲ့သူမို့ အဆင်ပြေမှာပါ .... "
အရပ် နည်းနည်းပိုပုသည့် အဆင့် (၃) မာန်စွမ်းအားရှင်က ကြမ်းကြုတ်သည့် အပြုံးနှင့် ပြုံးလိုက်သည်။ သူ စုမင် ကြောင့် နည်းနည်းလေးမှ ရုပ်မပျက်ပေ။ သူ့ မျက်လုံးထဲတွင် စုမင်နှင့် သူ့အဆင့်က မိုးနဲ့မြေလို ကွာလွန်းလှသည်။ ပြီးတော့ စုမင်လို ခန္ဓာကိုယ် သေးသေးကွေးကွေး ချိနဲ့နဲ့လေးက အသက်ကို ရန်ရှာနိုင်မည့် ပုံလည်း မပေါ် ပေ။
ပိုအရေးကြီးသည့်အချက်မှာ သူတို့ မဟူရာတောင် မျိုးနွယ်စုသည် လေပြေစီးကြောင်း မျိုးနွယ်စုမှ လွဲ၍ တခြားမျိုးနွယ်စုများကို တစ်ကိုယ်တည်း ယောင်တောင်တောင် လုပ်နေပါက သက်ညှာမှုမရှိဘဲ အသေသတ်ပစ်နိုင်ကြသူများ ဖြစ်သည်။ ညှိနှိုင်းမှုမရှိ၊ ကြင်နာမှုမရှိ။ ဒါက အင်အားကြီးသူ အနိုင်ယူစတမ်း လောကကြီးပင် မဟုတ်လော။
တကယ်၍ ရှောင်ဟုန်သာ မျှားမခေါ်ခဲ့လျှင် သူတို့သာ ဂူထဲဝင်လာပါက အထဲမှ စုမင်ကိုသတ်၊ ခေါင်းကို ဖြတ်ပြီး မျိုးနွယ်စုတွင် ဆုကြေးနှင့် လဲလှယ်ယူမည်မှာ မုချဖြစ်သည်။
"ယုချီ .... ငါသူ့ကို သတ်မယ် .... မင်းဒီမှာပဲနေခဲ့"
ပြောရင်းနှင့် လူသန်ကြီးသည် ကျားတစ်ကောင်လို ရှေ့သို့ ခုန်လွှားလာပြီး အသက်တစ်ရှိုက်အကြာ၌ စုမင်နှင့် အနီးဆုံးနေရာသို့ ရောက်လာ၏။
မျောက်ကလေးအား ကိုင်ထားသည့် ယုချီ အမည်ရ အမျိုးသားမှာ သူ့အဖော်၏ စကားကို မငြင်းဆန်နိုင်ပေ။ တခြား မျိုးနွယ်ဝင်တစ်ယောက်၏ခေါင်းကို ဖြတ်ပြီး မိမိမျိုးနွယ်စုထံ ပြန်ယူသွားနိုင်ပါက ဆုကြေးများစွာ ရမည်ဆိုသော်လည်း သူ့အဖော်၏ စွမ်းဆောင်ချက်ကို မလုယူရဲပေ။
"ဘာမှမဖြစ်ဘူး။ အဲဒီကောင်က ငါ့လို အဆင့် (၂) ပဲ။ ငါတို့ တိုက်ခိုက်ရင် သက်သက် အချိန် ကုန်တာပဲ ရှိမယ်။ သူသာသွားရင် အဲဒီကောင်ကို ကိစ္စတုံးနိုင်မှာ သေချာတယ်။ ငါ့ကိုလည်း ဆုကြေးလေး ဘာလေး ခွဲပေးရင်တောင် ခွဲပေးမှာ"
ယုချီအတွက်တော့ ၎င်းမှာ အရည်မရ အဖတ်မရသည့် တိုက်ပွဲတစ်ခုမျှသာ။ သူ့မျက်လုံးများက ရက်စက်မှု အပြည့်နှင့် ဘာဆက်ဖြစ်မည်ကို သိနေသည့်ဟန်ပင်။ သွေးသံ တရဲရဲ မြင်ကွင်းကို မြင်ချင်လွန်း၍ စိတ်တွေ လှုပ်ရှားနေသည်။
စုမင်နှင့် တဖြည်းဖြည်း နီးကပ်လာသည့် အဆင့် (၃) မာန်စွမ်းအားရှင်၏ အတွေးကလည်း ထိုအတိုင်းပင်။ စုမင်နှင့် သူတို့နှစ်ယောက်ကြားမှ အကွာအဝေးမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။ သိပ်မကြာခင် သူတို့နှစ်ဦးကြားတွင် ပေတစ်ထောင်ခန့်ပင် အလှမ်း မကွာတော့။
ပေရှစ်ရာ .... ပေခုနစ်ရာ .... ထို့နောက် ပေခြောက်ရာ ....
သူနီးကပ် လာလေ စုမင်မျက်နှာကို သဲသဲကွဲကွဲ မြင်ရလေ ဖြစ်သည်။ ထိုသူမှာ ကြုံးဝါးရင်း ရက်စက် ကြမ်းကြုတ်စွာ ပြုံးလိုက်လေ၏။ သူ့ရဲ့ ကြုံးဝါးသံ တစ်ခုက နှင်းထုကို လှုပ်ခါစေပြီး လေထဲ လွင့်ဝဲသွားစေသည်။ နှင်းထုသည် အသံကျယ်ကြီးနှင့် ပေါက်ကွဲထွက်သွားပြီး ဖြစ်ပေါ်လာသည့် မြူမှုန်များက စုမင်၏ အမြင်အာရုံကို ဝေဝါးသွားစေသည်။
ထိုအခိုက် ပြေးဝင်လာသည့်လူသည် သူ့နောက်ကျောမှ လှံတံကို ညာလက်နှင့် ဆွဲယူပြီး သူနှင့် ပေခြောက်ရာခန့် အဝေးတွင် ရှိနေသော စုမင်ထံ လှံတံကို ရှိသမျှ အားကုန် သုံးပြီး ပစ်လွှတ်လိုက်သည်။
လှံသည် လေထုကို အသံစူးစူးဖြင့် ထိုးခွဲလိုက်၏။ စူးရှပြီး အင်အားပြင်းထန်သည့် စွမ်းအားတစ်ခု သူ့ဆီ ရှေးရှုလာနေသည်ကို စုမင်ခံစားလိုက်ရ၏။ သူဘာမှ မတွေးရသေးခင် ခန္ဓာကိုယ်က အလိုအလျောက် ဘေးကို ရှောင်တိမ်းလိုက်သည်။ လေတိုးသံမှာ သူ့နားရွက်နားမှ ရွှီးခနဲ ဖြတ်သန်းသွားသည်။ လှံတံရှည်သည် စုမင်အား ထိရန် ဆံချည်တစ်မျှင်စာလောက်သာ လိုတော့သည်။
လှံတံကို ပို့လွှတ်လိုက်သော်လည်း စုမင်အား ထိ၊ မထိကို အာရုံ မစိုက်နိုင်အားတော့။ ထိုအစား သူ့ခြေထောက်မှာ အနက်ရောင် အငွေ့များနှင့် လွှမ်းခြုံလိုက်ပြီး သူ့အရှိန်ကို မြှင့်တင်လိုက်၏။ ယခုလို စုမင်နှင့် သူ့ကြား ပေသုံးရာခန့်သာ ကွာခြားတော့၏။
"သေစမ်း"
ထိုလူက ညာလက်ကို ထပ်မံမြှောက်၍ ဒုတိယမြောက် လှံတံကို ထုတ်ယူလိုက်သည်။ ပစ်လွှတ်ရန် ပြင်လိုက်သည့်အချိန် သူ ဖန်တီးထားသည့် မြူမှုန်လွှာက ပျံ့ထွက်သွားပြီး စုမင် ပတ်ဝန်းကျင်မှာ ရှင်းရှင်းလင်းလင်း ဖြစ်သွား၏။ ထို့နောက် မိုးကြိုးသွားကဲ့သို့ အရှိန်နှင့် မြားတစ်စင်းသည် နှင်းလွှာအား ထိုးခွဲပြီး ထိုလူ့ထံ အလျင်စလို တိုးဝင်သွား၏။
ထိုသူက ရယ်မောလိုက်သည်။ လက်ထဲက လှံတံကို မြှောက်၍ မြားကို အသာအယာ ရိုက်ထုတ် လိုက်၏။ တစ်ချက်ထဲနှင့် မြား နှစ်ပိုင်းကျိုးသွားသည်။ သို့သော် တစ်ချိန်တည်းတွင် လေထုကို ထိုးခွဲ ရောက်လာသည့် လေချွန်သံ သဲ့သဲ့နှင့်အတူ နောက်ထပ် မြားသုံးစင်းသည် ထိုလူ့ထံ ဦးတည်ကာ တည့်တည့်ကြီး ပြေးဝင်လာပြန်၏။
မြားအရှိန်မှာ မြန်ဆန်လွန်း၍ ဝင်လာသည့် ထောင့်ချိုးများက လူကို ရှောင်တိမ်းနိုင်ရန် အင်မတန် ခက်ခဲစေသည်။ သူ့အတွက် တဖြည်းဖြည်းနှင့် ခဲရာခဲဆစ် ဖြစ်လာသည်။ ထိုလူမှာ မျက်မှောင်ကြုတ်လိုက်သော်လည်း စုမင်ကို လှောင်ရယ်လိုက်ပြီး သူ့ခြေဖဝါးအောက်မှ အနက်ရောင် အငွေ့များကို ထုတ်လွှတ်လိုက်၏။ ၎င်းအငွေ့များက တစ်ကိုယ်လုံးကို မြူမှုန်များလို လွှမ်းခြုံကာရံ သွားသည်။ မြားသုံးစင်းသည် သူ့အနား ရောက်လာပြီး ၎င်းအနက်ရောင် မြူလွှာနှင့် ထိမိလိုက်သည့်ခဏ၌ အနက်ရောင် အရည်များအဖြစ် ပြောင်းလဲပြီး အရည်ပျော်ကျသွားလေသည်။
သို့သော် အနက်ရောင် မြူလွှာများမှ အတော်လေး ကွဲထွက်သွားသည့်အတွက် ထိုသူ့ခန္ဓာကိုယ်ကြီးမှာ လှစ်ခနဲ ပေါ်ထွက်လာသည်။
"မင်းက အခုမှ သွေးကြောကျောက်သား အဆင့် (၂) ပဲ ရှိသေးတာကို ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ့လေ"
၎င်းက ထပ်မံ ခုန်လွှားလိုက်ပြီး စုမင်နှင့် သူ့ကြားက အကွာအဝေးကို ထပ်ချုံ့လိုက်ပြန်သည်။ ယခု သူတို့ကြားမှာ ပေနှစ်ရာသာ ခြားတော့သည်။
စုမင်မျက်နှာမှာ ဖြူရော်နေသော်လည်း ရပ်နေသည့်နေရာမှ တုတ်တုတ်မျှ မလှုပ်ပေ။ သူ့ မျက်လုံးထဲတွင် စိုးရိမ်စိတ်ဟူ၍ တစ်စက်လေးမှ မရှိဘဲ ကျောချမ်းလောက်စရာ တည်ငြိမ်မှုက နေရာယူထားလေသည်။
စုမင်မှာ မြားတံအနည်းငယ်ကို ထပ်မံထုတ်ယူပြီး မြန်ဆန်လွန်းသည့်အလျင်နှင့် ထိုလူ့ထံ ချိန်ရွယ်ကာ ပစ်လွှတ်ပြန်သည်။ တစ်စင်း၊ နှစ်စင်း၊ သုံးစင်း .... မယုံနိုင်လောက်အောင် မြန်ဆန်လွန်းသည့် အရှိန်နှင့် သူက မြားငါးစင်းကို အောင်အောင်မြင်မြင် ပစ်လွှတ်လိုက်သည်။
မြားငါးစင်းမှာ မျဉ်းဖြောင့် တစ်ကြောင်းပမာ အစီအရီ ပြေးဝင်သွား၏။ လေထုကို ထိုးခွဲသွားသည့် မြားတံတွင် အလွန်ကြီးမားသည့် အရှိန်အဝါမျိုး သယ်ဆောင်သွားသလို ကြောက်စရာအဟုန်မျိုးဖြင့် ပြေးဝင်လာလေသည်။
မြားတံများသည် ထိုလူ့ထံ ချက်ချင်း ရောက်ရှိလာကြ၏။ မြားတံများကို မြင်ရ၍ ၎င်းက မျက်မှောင် ကြုတ်လိုက်သည်။ သူတို့ မျိုးနွယ်စုထဲတွင်ပင် မြားကို ယခုလို ပစ်နိုင်သည့် သူမျိုး ရှားတယ်။
"ငါးစင်းသွယ်တန်း"
၎င်းက ညာလက်မှ လှံတံကို မြှောက်၍ ပထမဆုံးမြားကို ရိုက်ထုတ်လိုက်သည်။ ကျယ်လောင်သည့် ထိခတ်သံနှင့်အတူ ပထမမြားတံမှာ ကျိုးထွက်သွား၏။
ဒုတိယ မြားသည်လည်း မြန်ဆန်စွာဖြင့် ထပ်ရောက်လာသည်။ ထိုလူက မာန်သွင်း၍ ခန္ဓာကိုယ်ကို အနက်ရောင် မြူမှုန်များနှင့် ထပ်မံကာရံလိုက်၏။ မြားမှာ မြူမှုန်များနှင့် ထိမိလိုက်သည်နှင့် ချက်ချင်း အရည် ပျော်ကျသွားလေသည်။
တတိယမြောက်မြားသည် အလင်း၏အလျင်နှင့် သူ့ထံတိုးဝင်လာသော်လည်း ဘေးကိုယိမ်း၍ ရှောင်တိမ်းလိုက်၏။ စတုတၳမြားတံက နောက်မှ မြန်မြန်ဆန်ဆန် ဝင်ရောက်လာပြန်သည်။ သူက မာန်သွင်းလိုက်ပြီး ကြမ်းကြုတ်သည့်အသွင်နှင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ထို့နောက် လက်ကို လွှဲ၍ မြားတံကို ပုတ်ထုတ်လိုက်ပြန်သည်။
ကျိုးကြေသွားသည့် မြားတံနှင့်အတူ သူ့ညာဘက်လက်လည်း ဒဏ်ရာ ရသွားလေသည်။
ထိုအချိန် ပဉ္စမမြောက် မြားတံက အရိပ်လို ကပ်ပါလာသည်။ သူက မြားကို ရှောင်တိမ်းဟန်ပြင်လိုက်သော်လည်း မြန်ဆန်လွန်းသော မြားချက်များကြောင့် မရှောင်နိုင်တော့ဘဲ သူ့ပခုံးကို ထိမှန်သွားလေသည်။ ဒဏ်ရာမှ လတ်လတ်ဆတ်ဆတ် သွေးများ ဖျောခနဲ ကျလာ၏။
"ငါမင်းကို ခေါင်းနဲ့ကိုယ် အိုးစားကွဲအောင် လုပ်ပြမယ်''
သူ့ဒဏ်ရာမှာ ကြီးကြီးကျယ်ကျယ် မဟုတ်ပေ။ မာန်စွမ်းအားရှင်တစ်ယောက်ဖြစ်သော သူ့အတွက် ယခုဒဏ်ရာလေးသည် မပြောပလောက်သည့် အသေးအဖွဲ ဒဏ်ရာလေးမျှသာ ဖြစ်သည်။ ၎င်းက ရက်စက်လှသည့် အပြုံးနှင့် စုမင်နှင့် ပေတစ်ရာ အကွာဝေးဆီ တိုးဝင်လာသည်။
သူသည် အမြဲတမ်း အောင်နိုင်သူ ဖြစ်သည်။ ယခုတိုက်ပွဲလောက်မှာ သူ့အတွက် ဘာအန္တရာယ်မှ မရှိပေ။ မြားချက်များကြောင့် အနည်းအကျဉ်း စိတ်အနှောင့်အယှက် ဖြစ်သွားရုံသာ။
ယုချီက သူရပ်လျက်နေရာမှ နှုတ်ခမ်းကို သပ်လိုက်၏။ ယခုလို သွေးသံတရဲရဲ မြင်ကွင်းက သူ့ကိုပိုပြီး စိတ်လှုပ်ရှားမှု ပေးစွမ်းလေသည်။
လူသန်ကြီးက နောက်တစ်လှမ်းတိုးရန် အလုပ်တွင် စုမင်က ၎င်းနားသို့ တိုးကပ်သွား၏။ သူ့မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း မျက်လုံးများက အေးစက်တည်ငြိမ်လွန်းလှသည်။ ထိုအခိုက် စုမင်သည် ထိုသူကိုရော ယုချီကိုပါ ထိတ်လန့် သွားစေသည့် အပြုအမူတစ်ခု ပြုလုပ်လိုက်သည်။
စုမင်မှာ လေးနှင့်မြားကို မသုံးတော့ဘဲ လက်သီးသက်သက် အသုံးပြုရန် ရွေးချယ်လိုက်သည်။
စုမင်လက်ထဲတွင် အမှုန့်ချေထားသည့် အနီရောင်ဆေးမှုန့်များ ရှိနေသည်ကို မည်သူမျှ သတိ မထားမိကြပေ။
"မင်းကြမ္မာမင်း ဖန်တီးတာပဲ"
ထိုသူကလည်း အနီးသို့ တဖြည်းဖြည်း တိုးကပ်လာပြီး မျက်စိတစ်မှိတ်အတွင်း သူတို့ကြား အကွာအဝေးမှာ အနည်းငယ်သာ ရှိတော့သည်။ ပေသုံးဆယ်မှ နှစ်ဆယ် ... ဆယ်ပေ ...။
ထိုလူသည် ရှိသမျှ ချီအစွမ်းကို ညာလက်တွင် အပြည့်စုစည်းပြီး စုမင်ဦးခေါင်းကို လွှဲရိုက်လိုက်၏။ သူ့လက်နှင့်သာ ထိမိပါက စုမင်ချက်ချင်း အသက်ပျောက်မှာ သံသယရှိစရာပင် မလိုချေ။
သို့သော် ထိုအချိန်လေး၌ စုမင် ခေါင်းမော့လိုက်၏။ သူ့မျက်လုံးထဲ အေးစက်တည်ငြိမ်မှုများ ပျောက်ကွယ်၍ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်များ အစားထိုး နေရာယူနေလေသည်။ သူ့၏ သတ်ဖြတ်လိုစိတ် ပြင်းသော မျက်လုံးကြောင့် ထိုလူ့မှာ ခေတ္တမျှ မှင်တက်သွားစေသည်။
အလွန် နောက်ကျခဲ့ချေပြီ။ စုမင် ခေါင်းမော့လာချင်း သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အနီရောင် အမှုန့်များက လေထုထဲ ပျံ့နှံ့သွားလေသည်။ တချို့အမှုန့်များက ထိုလူ့ပခုံးပေါ်မှ ဒဏ်ရာဆီ ကျသွားပြီး တချို့မှာ ညာလက် ဒဏ်ရာပေါ် ကျရောက်သွားသည်။
၎င်းခန္ဓာကိုယ်ကြီးမှာ မသိမသာ တုန်ခါသွားလေ၏။ သွေးပျက်ဖွယ် အော်သံများ၊ ရုန့်ရင်းဆန်ခတ်မှုများ ဘာမှ ထွက်ပေါ်မလာ။
စုမင်ရှေ့ ၌ပင် ၎င်းမှာ အနီရောင် မြူမှုန်များအဖြစ် ပြောင်းသွားပြီး လေထုထဲသို့ ပျံ့လွင့်သွားသည်။ မိခင်သဘာဝတရားကြီးက အရှင်လတ်လတ် မီးလောင်တိုက်သွင်း ခံရပြီး ထာဝရ ဖျောက်ဖျက်ပစ်လိုက်သည့် အလားပင်။ အသွေးအသား ကင်းမဲ့နေသည့် အရိုးများက မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့၏။ လေတစ်ဝှေ့ အတိုက်တွင် ၎င်းတို့အရိုးများသည်လည်း ပြာမှုန်များအဖြစ် လွင့်ပါးသွားကြလေတော့၏။
အရိုးမှုန်များ ကြားတွင် ထူးဆန်းသည့် ဆေးမြစ်တစ်မျိုး ရှိနေသည်။ ၎င်းထံမှ ခပ်ဖျော့ဖျော့ အလင်းကောင်လေး လင်းလက်နေသည်။
အနားတွင် ရပ်ကြည့်နေသည့် ယုချီမှာ ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေများကိုကြည့်ရင်း ကြောင်အသွားသည်။ သူ မယုံနိုင်သေး။ သူ မျက်စိနှင့်မြင်ရသည်ကိုပင် မယုံနိုင်။ ထိတ်လန့်မှုကြောင့် သူ့ အကြည့်များက ဗလာနတၳိ ဖြစ်နေသည်။
ထို့နောက် ချိနဲ့နဲ့ ကောင်လေးသည် အေးစက်စက် မျက်လုံးများ တူညီသည့် ခံစားချက်မျက်နှာပေးနှင့် သူ့ထံ လှည့်ကြည့်လိုက်သည်။
တရွေ့ရွေ့ လှမ်းကာ သူ့ထံ လာနေသော ကောင်လေးကို ကြည့်နေမိ၏။
"မီးမျောက်ဝံသေက သွေးအား တိုးစေတယ်။ ငါလိုချင်တယ်"
စုမင်က ယုချီအနား တိုးလာရင်း ရုတ်တရက် ပြောလိုက်သည်။
ယုချီ တုန်လှုပ်သွား၏။ သူအသိ ပြန်ဝင်လာချင်း တစ်ကိုယ်လုံး ချွေးစေးများဖြင့် ရွဲနစ်နေသည်။ စုမင် စကားကြောင့် သူ့မှာ မျောက်ကလေးကို ဓားစာခံအဖြစ် သုံးနိုင်ကြောင်း သဘောပေါက်သွားစေသည်။ စုမင်မှာ ဤမျောက်ကလေးအတွက် ရောက်လာခြင်း ဖြစ်ရမည်ဟု သူမှတ်ချက်ချလိုက်သည်။
ထိုအတွေး ဝင်လာသည်နှင့် ယုချီ အမြန်ဆန်ဆုံး ထွက်ပြေးသွား၏။ အဖော်ဖြစ်သူ ဘာဖြစ်သွားသည်၊ ဘာကြောင့် သေသွားသည်ကို လုံးဝ စဉ်းစားမနေတော့။ သူ့အဖော်သေဆုံးသွားသည့် မြင်ကွင်းကြောင့် သူ့မှာ ကြောက်လန့်နေ၏။
"မင်းက မိုးကျရွှေကိုယ်ပဲ ... မိုးကျရွှေကိုယ် မာန်စွမ်းအားရှင်ပဲ"
ယုချီ၏ မျက်နှာမှာ ဖြူရော်နေပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ သူ့အပေါ် ကြောက်စိတ်က လုံးဝ လွှမ်းမိုးထားသည်။ သူလက်မခံ နိုင်သေးပေ။ သူ့မှာ ကြောက်လွန်း၍ ဒူးများပင် တုန်နေသည်။ စုမင်ကို ရင်မဆိုင်ရဲဘဲ ရှိရှိသမျှ အားအကုန်သုံး၍ ထွက်ပြေးလွတ်မြောက်ရန်သာ တွေးနေမိတော့၏။
စုမင်မှာ မဟူရာတောင် မျိုးနွယ်စုရှိသည့် လမ်းကြောင်းရှေ့တွင် ပိတ်ဆို့ထား၍ မဟူရာ မီးတောင်ဆီ ရှေးရှုပြီးသာ ပြေးနိုင်တော့သည်။
စုမင် ပြေးလိုက်ရန် ပြင်လိုက်သော်လည်း မူးဝေမှုက သူ့အား လှိုင်းလုံးပမာ ရိုက်ခတ်လာ၏။ သူ့တစ်ကိုယ်လုံးရှိ အားအင်များ ခန်းခြောက်သွားသလို ခံစားရသည်။ ခေါင်းကို ခါယမ်းပြီး အာရုံစိုက်ရန် ကြိုးစားလိုက်၏။
မြေပေါ်မှ အရိုးမှုန်များကို တစ်ချက်ကြည့်လိုက်၏။ ဒါ စုမင်အတွက် ပထမဆုံး အကြိမ် လူသတ်ခြင်း ဖြစ်သော်လည်း တွေဝေနေခြင်း မရှိတော့ပေ။ သူ့မှာ လိုက်ဖမ်းရုံက လွဲ၍ ရွေးချယ်စရာ မရှိတော့။ နေရာကို ရှင်းလင်းပြီးသည်နှင့် သုံး၍ရသေးသည့် မြားတံများကို ကောက်လိုက်၏။ ပြီးသည်နှင့် အရိုးများကြားက ဆေးမြစ်ကို ကောက်လိုက်သည်။ ယုချီ ထွက်ပြေးသွားသည့် လမ်းကြောင်းကို ကြည့်လိုက်သည့်အချိန် သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြန်လည် ဝင်ရောက်လာသည်။
"ရှောင်ဟုန်က သူ့လက်ထဲမှာပဲ ရှိသေးတယ်။ ငါတစ်ယောက်ကို အပြတ်ရှင်းပြီးပြီ။ ဒါဆို ဒီတစ် ယောက်ကိုပါ သတ်နိုင်ရင် ငါနိုင်စီးငြှိမ်းသတ်ခြင်း လုပ်တဲ့ နေရာကို ဘယ်သူမှ ရှာမတွေ့နိုင်တော့ဘူး။"
နှစ်ယောက်သား တောထဲသို့ ဝင်ရောက်လာ၏။ ယုချီက စုမင်ကို တစ်ချက်ကလေးပင် ပြန်လှည့် မကြည့်ရဲပေ။
ယုချီမှာ စုမင်နှင့် ဝေးနိုင်သမျှ ဝေးရန် ကိုယ်လွတ်ရုံးပြေးရန်သာ အာရုံစိုက်ထား၏။ သို့သော် တောကျွမ်းမှုနှင့် ယှဉ်လိုက်လျှင် သူ့မှာ စုမင်၏ ပြိုင်ဘက် မဟုတ်ပေ။
ထို့အပြင် ယုချီ၏အရှိန်ကလည်း စုမင်ထက် နှေးနေသည်။ တာထွက်တွင် အသာစီးရခဲ့သော်လည်း သူချန်ခဲ့သည့် ခြေရာလက်ရာများနှင့် လမ်းကြောင်းများကြောင့် မကြာခင် စုမင်မှာ သူ့ကို မီသွားတော့မည် ဖြစ်သည်။
စုမင်မှာ ခြေကုန်လက်ပမ်း ကျနေပြီ ဖြစ်သော်လည်း အံကို တင်းတင်းကြိတ်ထား၏။ စုမင်မှာ မဟူရာတောင် မျိုးနွယ်၏ အမျိုးသားအပေါ် လုံးဝ အာရုံစိုက်ထားသည်။ သူ့ အပြုအမူကြောင့် ထိုလူ ထိတ်လန့်နေမှန်း စုမင် သိသည်။ ထို့ကြောင့်ပင် သူ့မှာ စုမင်နှင့် ယှဉ်မတိုက်ရဲခြင်း ဖြစ်သည်။ ဒါတွေအားလုံး စုမင်၏ အစီအစဉ်အတိုင်း ဖြစ်၏။
စုမင်သည် သွေးကြေပျက်သုဉ်းခြင်း၏ အကူအညီနှင့် လူတစ်ယောက်ကို မျက်စိတစ်မှိတ်အတွင်း သတ်ပစ်နိုင်ပြီး မျက်ဝါးထင်ထင် မြင်ရသူကိုလည်း လန့်ဖျပ်သွားအောင် စေစွမ်းနိုင်သည်။ အဆုံးတွင် ယခုအဖြစ်အပျက်မျိုး မည်သူမျှ ကိုယ်တွေ့မကြုံဖူးသည့် အဖြစ်အပျက်လည်း ဖြစ်သည်။ တွေ့ကြုံရသူတိုင်း သည်းခြေပျက်မတတ် ကြောက်လန့်စေမည် ဖြစ်၏။
စုမင်က ယုချီအား ခပ်နီးနီးမှ မလိုက်ပေ။ တဖြည်းဖြည်း ယုချီနှင့် နီးကပ်လာပြီး ယုချီကို မီမည် ကြံလိုက်သည့်အခါ ပိတ်ပင်နေသည့် အတားအဆီးများနှင့် ကြုံတွေ့လိုက်ရလေ၏။ သိပ်မကြာလိုက်ပေ။ စုမင်မှာ အတားအဆီးများကိုကြည့်ရင်း တွေဝေသွားလေ၏။
*****