← Chapters

အကြီးအကဲ

Vol. 2 Ch. 16

အကြီးအကဲ

Vol. 2 Ch. 16

“အစ်ကိုကြီး"

“အစ်ကိုကြီး ကျွန်မအသံ ကြားရလားဟင်”

အာရုံထဲ ပဲ့တင် လွင့်ပျံလာသည့် ကြေကွဲဝမ်းနည်းစရာကောင်းပြီး အထီးကျန်နေရှာသည့် အသံငယ်လေးကို စုမင် အိပ်မက်ထဲတွင် တစ်ခါထပ်ကြားလိုက်ရပြန်သည်။ အသံလေးမှာ စုမင်ခေါင်းထဲ စွဲထင် ကျန်ရစ်ခဲ့ရှာ၏။ မသိစိတ်က ခန္ဓာကိုယ်မှ ရုန်းထွက်နေသလိုမျိုး စုမင်ကိုယ်လေး အနည်းငယ် လှုပ်ခါသွားသည်။

“အစ်ကိုကြီး ... ကျွန်မ အစ်ကို့ကို စောင့်နေမယ်”

ခေါ်သံလေး ကျယ်လောင်လာသည်နှင့်အမျှ စုမင်တယောက် သတိလစ်မေ့မျောနေရာမှ လန့်နိုးလာသည်။ သူ့ရှေ့မှ ဂူနံရံကို မိန်းမောသလို ကြည့်ရင်း အတွေးများက အဝေးသို့ ခရီးနှင်သွားသည်။ ထိုအခိုက် စိတ်လှုပ်တရှား အော်မြည်နေသည့် အသံလေးကြောင့် သူ့အတွေးရထားကြီး ရပ်တန့်သွားလေ၏။ လှည့်ကြည့်လိုက်ရာ သူ့ကိုယ်ပေါ်သို့ စပ်ဖြီးဖြီးနှင့် ခုန်တက်လာသည့် ရှောင်ဟုန်ကို တွေ့လိုက်ရသည်။ ရှောင်ဟုန်မှာ ကိုယ်အပေါ်သို့ တဆက်တည်း ကိုယ်အပေါ်ပိုင်းသို့ တွယ်တက်လာပြန်၏။

ရှောင်ဟုန်လည်း မကြာခင်ကမှ သတိရလာခဲ့ဟန် တူသည်။ မကြာသေးခင်က သူ့နည်းတူ သတိလစ်နေသော်လည်း ဒဏ်ရာတော့ ကြီးကြီးမားမား ရထားဟန် မတူ။ နိုးလာသည်နှင့်  စုမင်ကို ကြည့်ပြီး သူသတိရလာမည့်အချိန်ကို စိုးရိမ်တကြီး စောင့်ပေးနေခြင်း ဖြစ်သည်။

စုမင်နိုးလာသည်ကို ကြည့်ရင်း ရှောင်ဟုန့်ရင်ထဲတွင် ပျော်ရွှင်မှုများနှင့် ပြည့်လျှမ်းသွားသည်။ စုမင် မျောက်ကလေးကို ကြည့်ပြီး ပြုံးလိုက်၏။ သို့သော် သူ့အပြုံးများတွင် မသေချာ မရေရာမှုများနှင့် ပြည့်နှက်နေသည်။ ဒီအိပ်မက်ကို မက်တာ ဒုတိယအကြိမ် ရှိပြီ မဟုတ်လော ...

စုမင် အသက်ကို ဝဝရှူလိုက်၏၊ ခေါင်းကို ခါယမ်းပြီး ထိုထူးထူးဆန်းဆန်း အိပ်မက်အကြောင်း မတွေးမိအောင် ကိုယ့်ကိုကိုယ် ကြိုးစားမေ့ဖျောက်လိုက်သည်။ ထိုအစား သူ့လည်ညွန့်တွင် ပုံစံမပျက် တွဲလွဲကျနေသော ကျောက်နက်လေးကို ကြည့်လိုက်၏။

ကျောက်တုံးလေးကို ထိလိုက်သည်နှင့် .... စုမင်မျက်ဝန်းထဲမှ သံသယများ တဖြည်းဖြည်း ကင်းစင်သွားလေသည်။

စုမင်မှာ ကျောက်နက်လေးကြောင့် ဖြစ်ပေါ်လာသည့် ပထမဆုံး ပြောင်းလဲခြင်း အတွေ့အကြုံကို ရထားပြီး ဖြစ်သည်။ မြူမှုန်ထိုးခွဲဆေးက သူ၏ လေ့ကျင့်နှုန်းကို တစ်ဟုန်ထိုး တိုးတက်စေသည်။ မတော်တဆ ဖော်စပ်မိခဲ့သော သွေးကြေပျက်သုဉ်းဆေးသည်လည်း သူသေကိုယ်သေ တိုက်ပွဲတွင် အခြေအနေကို လုံးဝ ထိန်းချုပ်နိုင်ခဲ့ပြီး ရန်သူအား အသာစီး ရစေခဲ့သည်။

“ငါနောက်ထပ် ဆေးလုံးတွေ ဖော်စပ်မှ ဖြစ်မယ် ... အဲဒီ ထူးဆန်းတဲ့ နေရာက တံခါးရွက်မှာ အပေါက်သေးသေးလေး ၁၅ပေါက် ရှိတယ်။ အရင်တုန်းက ငါ့မှာ ဆေးအလုံအလောက် မရှိလို့ တွန့်ဆုတ်ခဲ့ရတာ။ အခုတော့ အဲဒီ အပေါက်တွေထဲကို မြူမှုန်ထိုးခွဲတွေ ထည့်ပေးလိုက်နိုင်ရင် ဘာဖြစ်မလဲဆိုတာ အရမ်းသိချင်နေပြီ”

စုမင်က အသက်မှန်မှန် ရှူရှိုက်ရင်း ရေရွတ်လိုက်သည်။

“ငါနောက်ထပ် မြူမှုန်ထိုးခွဲတွေ အများကြီး ဖော်စပ်ရမယ်။ အဲဒီဆေးလုံးတွေက ငါ့ရဲ့ ဝှက်ဖဲတွေ ဖြစ်လာလိမ့်မယ်။ ပြီးတော့ မျိုးနွယ်စု ဆီကိုလည်း ပြန်ရဦးမယ်၊ မပြန်တာ တော်တော်ကြာနေပြီ။ အကြီးအကဲဆိုရင် နဝမမြောက် အဆင့်မှာ တန့်နေခဲ့တာ နှစ်တွေ အကြာကြီး ရှိလှပေါ့။ ဒီမြူမှုန် ထိုးခွဲတွေက ကူညီပေးနိုင် ကောင်းပါရဲ့”

စုမင် မတ်တပ်ရပ်ပြီး ခြေလက်များကို လှုပ်ရှားလိုက်သည်။ အကြောအခြင်များ ပြေလျော့သွား၍ ပင်ပန်းနွမ်းနယ်မှု တော်တော်များများ ပြေပျောက်သွားပြီ ဖြစ်သည်။

ဆေးလုံး ဖော်စပ်သည့်နေရာတွင် အပြည့်အဝ အာရုံစိုက်ထားပြီး သွေးကြောထဲမှ သွေးများကို စင်ကြယ်ရှင်းသန့်ရန် ဆက်လက် လုပ်ဆောင်လိုက်သည်။  သွေးလှည့်ပတ်ကြည့်သည့် အခါ ခန္ဓာကိုယ်၏ တချို့နေရာများတွင် သွေးလှည့်ပတ်မှု ခရီးမရောက်သော အပိုင်းများ ရှိနေသည်။ ယခင်တုန်းကအတိုင်း သွေးလှည့်ပတ်မှု မချောမွေ့ရသည့် အကြောင်းရင်းမှာ ပထမဆုံးအဆင့်ဖြစ်သော သွေးကြော ကျောက်သားကျင့်စဉ်အား အောင်မြင်ရန် အတင်းအကြပ် ကြိုးစားခဲ့စဉ်က ရခဲ့သည့် အတွင်းဒဏ်ရာ အကင်းမသေသောကြောင့် ဖြစ်ရမည်။ စုမင်အနေဖြင့်လည်း ယခုလောက် အချိန်တိုတိုလေးအတွင်း အတွင်းဒဏ်ရာ ကျက်အောင် မလုပ်နိုင်သေးပေ။

ဤလထဲတွင် စုမင်တယောက် ဂူအပြင်သို့ မကြာခဏ ထွက်ဖြစ်၏။ မျောက်လေး ရှောင်ဟုန်ကိုလည်း ဆေးမြစ်များ ကူရှာခိုင်းသည်။

သွေးကြေပျက်သုဉ်းဆေး အတွက် လိုအပ်သော ဆေးပင်နီများ စုဆောင်းနိုင်ရန် ကိုယ်တိုင်ကိုယ်ကျ အထူးတလည် သွားရှာဖွေသည်။ ဆေးပင်နီ အတော်များများကို ချိုးကာ စုဆောင်းချင်သော်လည်း အန္တရာယ် အငွေ့အသက်များ ခံစားမိ၍ လတ်တလော လောဘမကြီးရန် ဆုံးဖြတ်လိုက်သည်။

စုဆောင်းရရှိထားသည့် ဆေးပင်ဆေးမြစ်များ အကူအညီအပြင် သူ၏ ချီအသက်စွမ်းအင်နှင့် သွေးများကို စင်ကြယ်ရှင်းသန့်ရန် လုပ်ဆောင်ပြီး ဆန္ဒရှိသလောက် ဆေးလုံးများကို တစ်လလုံးလုံး ဖော်စပ်နေခဲ့၏။ ဂူထဲတွင်တော့ ဆေးလုံးအချင်းချင်း ရိုက်မိသံများက ပဲ့တင်ထပ်နေတော့သည်။

တစ်လကြာပြီးနောက် စုမင်က အပြင်ထွက်ရန် ပြင်လိုက်သည်။ မိုးကောင်းကင်မှာ အလင်းရောင်ပျပျနှင့် အနည်းငယ် မှောင်မိုက်နေသည်။ စုမင်က မျောက်လေးကို မှာစရာရှိတာ မှာပြီး တောင်ကို ကျောခိုင်း၍ ထွက်ခွာလာခဲ့၏။ ထို့နောက် တောထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

သွေးကြောကျောက်သား ကျင့်စဉ်အဆင့် (၂) သမား စုမင်သည် တောအုပ်ထဲတွင် လျင်မြန်စွာ ခရီးနှင်နေ၏။ သူ ရေခဲပြင်များကို အလင်းတစ်စလို ဖြတ်သန်းကျော်ဖြတ်သွား၏။ နေ့လယ်မတိုင်ခင် တောအုပ်အား အနောက်တွင် ချန်ရစ်ခဲ့ပြီး နက်မှောင်တောင် မျိုးနွယ်စု ရွာလေး၏ ပိုင်နက်ထဲသို့ ပြန်ရောက်လာခဲ့သည်။ ကျေးရွာလေးကို မြင်လိုက်ရသည့်အချိန် စုမင် မျက်နှာတွင် အပြုံးပန်းလေး ပွင့်သွား၏။

“ငါပြန်မရောက်တာ အတော်ကြာသွားပြီပဲ”

စုမင် ရွာထဲသို့ ဝင်လာခဲ့သည်။ အရာအားလုံး ပုံမှန်လည်ပတ်လျက် ရှိနေသည်။ ကလေးများက ဆော့ကစားနေကြ၏။ မျိုးနွယ်ဝင်တချို့က တစ်ယောက်နှင့် တစ်ယောက်ယှဉ်ပြိုင်ရင်း လေ့ကျင့်ရေး ဆင်းနေကြသည်။

စုမင်ပြန်ရောက်လာသည်ကို တချို့ မျိုးနွယ်ဝင်များက စိတ်ဝင်စားကြသည်။ အကြာကြီး ထွက်သွားပြီးမှ ပြန်ရောက်လာခဲ့သည်ကိုး။ ၎င်းတို့က ပြုံးပြုံးရွှင်ရွှင်နှင့် ထွက်လာပြီး နှုတ်ဆက်ကြသည်။

“စုမင် မင်းနောက်ဆုံးတော့ ပြန်လာပြီပေါ့… မင်းဘယ်တွေ ရောက်နေတာလဲ”

ကလေးလေး တစ်ယောက် ခေါင်းကို ပုတ်ပြီး အကြီးအကဲအိမ်သို့ သွားမည်အလုပ် သူ့အနောက်မှ စိတ်လှုပ်ရှားနေသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

စုမင် လှည့်ကြည့်လိုက်၏။ ပြောလိုက်သည့်သူမှာ ခန္ဓာကိုယ် တောင့်တင်းခိုင်မာ၍ အချိုးအဆစ် ကျနသော်လည်း ကလေးမျက်နှာ မပျောက်သေးသည့် အမျိုးသား တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူ၏ အသက်မှာ ငယ်သေးမှန်း သိသာလှသည်။ ၎င်းမှာ လေ့ချန် ဖြစ်၏။

“ဘာလဲ”

စုမင် လှမ်းကြည့်လိုက်သည့်အခါ လေ့ချန်၏ ကိုယ်ထဲမှ ချီစွမ်းအင်မှာ ယခင်ကထက် ပိုအားကောင်းနေသည်ကို ခံစားလိုက်ရ၏။ လေ့ချန်ဆီမှ စုမင် ခံစားရသည့် အရှိန်အဝါမှာ သွေးကြေပျက်သုဉ်းဆေးလုံးအား အသုံးပြု၍ သတ်ပစ်ခဲ့သည့် မာန်စွမ်းအားရှင်နှင့် အတော်တူနေသည်။

“မင်း သွေးကြောကျောက်သားရဲ့ စတုတၳမြောက် အဆင့်ကို ဖြတ်ကျော် အောင်မြင်တော့မယ်ပေါ့ ဟုတ်လား”

စုမင် အံ့ဩတကြီး မေးလိုက်၏။

လေ့ချန်က ပါးတွေမို့တက်အောင် ပြုံးလိုက်သည်။ ပြီးလျှင် စုမင်အနားသို့ လျှောက်လာပြီး ချိုချိုသာသာနှင့် ပြောလိုက်၏။

“ငါ နောက်တစ်ဆင့်ကို မြန်မြန် တက်နိုင်မှာပဲဆိုတဲ့ ခံစားချက် ရှိနေတယ်ကွ။ အကြီးအကဲ ပြောတာတော့ ငါ့ကိုယ်ထဲက မာန်သွေးတွေက သိပ်ကို သန့်စင်တာတဲ့။ ဒီအတိုင်း ဆက်သွားရင် တစ်နေ့မှာ ငါက အကြီးအကဲရဲ့ အဆင့်အထိ ရောက်နိုင်လိမ့်မယ်တဲ့”

လေ့ချန်မှာ ပြောရင်း  မျက်လုံးများက စိတ်တက်ကြွမှုများနှင့် ရွှန်းရွှန်းစိုနေသည်။ ထို့နောက် သူ စုမင်ကို ဂရုတစိုက် ကြည့်မိလိုက်သည့်အခါ ကြက်သေသေသွားလေသည်။ သူ့မျက်လုံးများမှာ မယုံနိုင်မှုကြောင့် ပြူးကျယ်လာ၏။ သူစကားပြောတော့မည့် ဆဲဆဲ ...

“ဒီည ငါ့အိမ်သာလာခဲ့။ အဲဒီအခါမှ စကားပြောကြမယ်။ အခုအကြီးအကဲကို အရင်ဆုံး သွားတွေ့ခွင့်ပြုဦး”

လေ့ချန် ဘာပြောမည်ကို စုမင်သိနေသည်။ မပွင့်တပွင့်လေး ပြုံးပြပြီးနောက် အကြီးအကဲ အိမ်ရှိရာသို့ ထွက်လာလိုက်၏။

စုမင် နောက်ကျောကို ကြည့်ရင်း လေ့ချန် ဆွံ့အနေသည်။   ဟိုသည် ထွေရာလေးပါး ပြောရန် စဉ်းစားထားသော်လည်း ယခုတော့ သူ့ဆံပင်များကိုသာ စိတ်ရှုပ်ရှုပ်နှင့် ဆွဲဆုပ်နေမိသည်။ နောက်ဆုံးအချိန်ထိ သူ နားမလည်နိုင်သေး။ ယခုညတော့ စုမင်အိမ်သို့ မဖြစ်မနေ သွားရပေမည်။

အကြီးအကဲ အိမ်နှင့်နီးလာ၍ စုမင် ခြေလှမ်းများကို အရှိန်လျှော့လိုက်၏။ သူ့မျက်ဝန်းထဲတွင် စိုးရိမ်မှုနှင့် ကြောက်ရွံ့မှု အနည်းငယ် စွန်းထင်းနေ၏။ သူ့အား ငယ်ငယ်လေးတည်းမှ ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်ခဲ့သော အကြီးအကဲကို စုမင်တယောက် အလွန်အမင်း လေးစားသည်။ စုမင်အတွက် အကြီးအကဲသည် အဘိုးတစ်ယောက်လို ဖြစ်သည်။ သူတို့နှစ်ယောက်၏ ပတ်သက်မှုကို စကားလုံးများနှင့် ဖော်ပြခြင်းငှာ မစွမ်းသာ၊၊ စုမင်အနေဖြင့် အကြီးအကဲကို လိမ်မပြောချင်၊ သို့သော် သူ့လည်ပင်းမှ ကျောက်နက်ကလေး၏ လျှို့ဝှက်ချက်ကဲ့သို့ တချို့အရာများကို အကြီးအကဲအား ခရေစေ့တွင်းကျ ပြောပြရန်လည်း မဖြစ်နိုင်ပြန်။ စုမင်မှာ ကလေးလည်း မဟုတ်တော့ပေ။ အကယ်၍ ဤကျောက်နက်ကလေး အကြောင်းသာ အပြင်လူများ သိသွားပါက စုမင်တင်မက တစ်မျိုးနွယ်လုံး ကပ်ဆိုက်မှာ ဖြစ်သည်။

“ထုတ်ပြောလို့ မဖြစ်ပါဘူးလေ”

စုမင် အသက်ပြင်းပြင်းရှူပြီး အကြီးအကဲ အိမ်ရှေ့တွင် ရပ်လိုက်၏။ သူချက်ချင်း အထဲသို့ ဝင်မသွားသေးပေ။   အိမ်ထဲမှ အစည်းအဝေး ကျင်းပနေသလို လူတချို့၏ ခပ်တိုးတိုး ပြောနေသည့် စကားသံများကို ကြားနေရ၍ ဖြစ်သည်။

အကြီးအကဲ၏ အိမ်တံခါး ပွင့်လာပြီး လူသုံးယောက် ထွက်လာချိန်အထိ စုမင်တယောက် စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေခဲ့သည်။ ထိုလူသုံးယောက်မှာ တောင်အသေးစားများ အတိုင်းပင်။ ၎င်းတို့၏ စွမ်းအင်အဆင့်က စုမင်၏ ချီစွမ်းအင်များကို ခလောက်ဆန်စေသည်။ သူ့မှာ ထိုလူများ၏ အရှိန်အဝါရှေ့တွင် လေမုန်တိုင်းထဲ လွင့်ပါသွားတော့မလို ကိုယ့်ကိုယ်ကိုယ် ထင်နေမိသည်။

စုမင် ခက်ခက်ခဲခဲ အသက်ရှူသွင်းလိုက်ပြီး မသိစိတ်က အလိုလို နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်မိသွားသည်။ ထိုလူသုံးယောက်မှာ နက်မှောင်တောင် မျိုးနွယ်စု၏ မျိုးနွယ်စု ခေါင်းဆောင်များ ဖြစ်သည်။ စုမင်မှာ စွမ်းအင်များ နိုးထမလာခင်က ထိုလူများကို မြင်မိလျှင်လည်း ဘာမှ ထူးထူးခြားခြား သက်ရောက်မှု ဖြစ်လိမ့်မည် မဟုတ်ပေ။ ထိုလူများသည် အကြီးအကဲပြီးလျှင် မျိုးနွယ်စု၏ အဆင့်အမြင့်ဆုံး မာန်စွမ်းအားရှင်များဟု သာမန်လျှံကာ ထင်မြင်မိခဲ့မည် ဖြစ်သည်။

ယခုတော့ စုမင်ကိုယ်တိုင် သွေးကြောကျောက်သား ကျင့်စဉ်ကို လက်တွေ့ ကျင့်ကြံနေသူ ဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်စုခေါင်းဆောင်များကို တွေ့သည့်အခါ သူ့တကိုယ်လုံး အမျိုးအမည်မသိ အရှိန်အဝါကြီးတခု၏ ဖိနှိပ်မှုကို ခံနေရသလို ခံစားချက်များက ပိုပြီး ပြင်းထန်လာသည်။

နက်မှောင်တောင် မျိုးနွယ်စုခေါင်းဆောင်၏ ကိုယ်တွင်း ချီစွမ်းအင်သည် အလွန်အဆင့်မြင့် ကောင်းမွန်ပြီး ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါနိုင်မည့်ပုံ ပေါ်သည်။ သူ့မျက်နှာပေါ်ရှိ မာန်စွမ်းအားရှင် အမှတ်ရေးရေးနှင့် ပေါင်းစပ်လိုက်လျှင် တကယ်ကို ကြောက်စရာကြီး အရှိန်အဝါကြီးနှင့် ဖြစ်သည်။

ခေါင်းဆောင်ဘေးနားမှ လူများကို စုမင်သိသည်။  ဘယ်ဘက်ကလူမှာ အသက် (၄၀) သာ ရှိဦးမည်။ သူ့မျက်နှာပေါ်တွင် ကင်းမြီးကောက်သဏ္ဌာန် အမာရွတ် ရှိနေသည်။ ၎င်း၏ ချီစွမ်းအင်မှာ မျိုးနွယ်ခေါင်းဆောင်ထက် အနည်းငယ်သာ အားနည်းပေမည်။

ထိုသူ၏ လက်မောင်းများက လွန်စွာရှည်လျားပြီး ကျောပေါ်တွင် လေးတစ်စင်းကို သိုင်းလွယ်ထားသည်။ ဘာကြောင့်မှန်းမသိ လေးကိုင်းကို ကြည့်လိုက်သည့်အချိန် လေးကိုင်းအောက် အသက်ပျောက်ခဲ့ရသော သားကောင်မြောက်မြားစွာတို့၏ နာကျင်စွာ အော်ဟစ်သံတွေကို ကြားယောင်လာမိသည်။ ၎င်းခံစားချက်ကြောင့် စုမင် ထိုလူအား သတိထားမိခြင်း ဖြစ်သည်။

ထိုလူမှာ နက်မှောင်တောင် မျိုးနွယ်စု၏ အစောင့်အရှောက် ခေါင်းဆောင် ဖြစ်သည်။ အစောင့်အရှောက် ခေါင်းဆောင်ဆိုသည်မှာ နာမည်ခံရုံ သက်သက် မဟုတ်ဘဲ သေလွန်ပြီးသူထံမှ အောင်အောင်မြင်မြင် ဆက်ခံရရှိထားသည့် ရာထူးဖြစ်သည်။ မျိုးနွယ်စု တစ်စုတိုင်းတွင် အစောင့်အရှောက် ခေါင်းဆောင် တစ်ယောက်သာ ရှိပြီး ၎င်းရာထူးသည်လည်း မျိုးနွယ်စုထဲမှ အတော်ဆုံး လေးသည်တော်များကိုသာ ချီးမြှင့်သည့် ရာထူးဖြစ်သည်။

မျိုးနွယ်စု ခေါင်းဆောင်ဘေးတွင် ရပ်နေသည့် နောက်ဆုံးလူမှာ အသက် (၃၀) ဝန်းကျင်သာ ရှိဦးမည်။ ထိုလူ၏ မျက်နှာအနေအထားမှာ အလွန်တည်ငြိမ်၏။ ၎င်းထံမှ ပြုံးရယ်ခြင်း၊ စကားပြောခြင်းကို မြင်ရခဲသည်။ သူ့မျက်လုံးများမှာ အမြဲ ခပ်မှေးမှေးသာ ဖွင့်ထားပြီး တခါမှ ပုံမှန်အတိုင်း ရှိနေသည်ကို မမြင်ဖူးချေ။

ထိုလူမှာ မျိုးနွယ်စု၏ အမဲလိုက် အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး မျိုးနွယ်စု၏ ကျေးရွာပြင်ပတွင် အမဲလိုက်ခြင်း ကိစ္စအဝဝကို တာဝန်ယူထားသူ ဖြစ်သည်။ ထိုသူ့နာမည်က ရှန့်ဟန်။

အကြီးအကဲပြီးလျှင် ထိုလူသုံးယောက်မှာ မျိုးနွယ်စု၏ စွမ်းအားအမြင့်ဆုံး သုံးယောက်ဟု သက်မှတ်နိုင်လေသည်။

စုမင် အသက်ပြင်းပြင်း ရှူရင်း ဘေးသို့ ဖယ်ပေးကာ ၎င်းတို့အား ဦးညွှတ်လိုက်သည်။

မျိုးနွယ်စုခေါင်းဆောင်မှာ မျက်မှောင် ကြုတ်ထားဆဲပင်။ သူ့မျက်နှာကို ကြည့်ရင်း အကြီးအကဲနှင့် ပြုလုပ်ခဲ့သော အစည်းအဝေးသည် ကောင်းမွန်စွာ မပြီးဆုံးခဲ့မှန်း သိသာနိုင်သည်။ မျိုးနွယ်စုခေါင်းဆောင်မှာ အိမ်အပြင် ထွက်လာသည့် အခါ စုမင်ကို ကြည့်ပင်မကြည့်ဘဲ သည်အတိုင်း ဖြတ်လျှောက်သွားလေ၏။

အစောင့်အရှောက် ခေါင်းဆောင်ကတော့ စုမင်ကို မြင်သည်နှင့် ပြုံးပြသည်။ စုမင် ရောက်နေသည်ကို အသိအမှတ်ပြုသလို ခေါင်းတစ်ချက် ဆတ်ပြပြီး မျိုးနွယ်စုခေါင်းဆောင်နှင့် အတူ ထွက်ခွာသွား၏။

ရှန့်ဟန် ဆိုသော အမဲလိုက်ခေါင်းဆောင်ကလည်း စုမင်အား မရှိသည့် လူတယောက်ပမာ ဆက်ဆံသွားသည်။ ၎င်းက စုမင်ကို လျစ်လျူရှုပြီး ကျော်သွားလေ၏။

ထိုလူသုံးယောက် ထွက်သွားပြီးသည့်နောက် စုမင်မှာ မိမိ၏ ချီစွမ်းအင်အပေါ် သံသယ ဝင်လာမိသည်။ လေ့ချန်ပင် ခံစားမိလောက်အောင် ပြောင်းလဲတိုးတက်လာသော သူ့ချီစွမ်းအင်ကို မျိုးနွယ်စု၏ အစွမ်းအရှိဆုံး လူသုံးယောက်က အဘယ်ကြောင့် ဘာမှ မခံစားမိရလေသနည်း။

“ငါ မင်းရဲ့ ချီစွမ်းအင်ကို ပိတ်ကာပေးခဲ့ပြီးပြီ။ ဝင်လာခဲ့လေ၊ ဘာလုပ်နေတာလဲ”

စုမင် အတွေးများနှင့် ဒုက္ခရောက်နေတုန်း အကြီးအကဲ၏ ခက်ထန်မာကျောလှသည့် အသံက အိမ်ထဲမှ ထွက်ပေါ်လာသည်။

စုမင် ခေါင်းလေးငုံ့ပြီး အိမ်ထဲ ဝင်သွား၏။

“နောက်ဆုံးတော့ ပြန်လာဖို့ ဆုံးဖြတ်ခဲ့တယ်ပေါ့”

အကြီးအကဲမှာ ချည်သားအကျႌကို ဝတ်ဆင်ထားတုန်းပင်။ ဆံပင်များကို ကျစ်ဆံမြီး အသေးလေးများအဖြစ် စုဖွဲ့ချည်နှောင်ထားတုန်း ဖြစ်၏။ အကြီးအကဲ၏ ရုပ်သွင်ပြင်မှာ အိုမင်းချည့်နဲ့နေသော်လည်း သူ့မျက်လုံးများက တောက်ပလင်းလက်နေဆဲ ဖြစ်၏။ အသံမှာ  အေးဆေး တည်ငြိမ်သော်လည်း အကြီးအကဲထံ၏ မျက်နှာမှ ပျော်ရွှင်နေမှုကိုတော့ ဖုံးဖိထား၍ မရနိုင်ပေ။

စုမင် ဗလုံးဗထွေးနှင့် ရေရွတ်လိုက်၏။ သူခေါင်းကို ငိုက်စိုက်ချထားဆဲပင်။ စကားပြောရန်လည်း သတ္တိ မရှိတော့။

“သတ္တိတွေ အတော် ရှိနေတယ်ပေါ့လေ ဟမ်။ ဘယ်လိုများ မျိုးနွယ်စုကို ထားပစ်ခဲ့ပြီး ဒီလောက် လတွေကြာပြီးမှ ပြန်လာရဲရတာလဲ။ ငါ့ကို မေ့နေတာလား ဟမ်။ ခေါင်းမော့စမ်းပါဦး။ မင်းကို ငါကြည့်ပါရစေဦး”

အကြီးအကဲ၏ အသံထဲတွင် အလိုမကျမှုများနှင့် ပြည့်နှက်နေသည်။

စုမင်မှာ စိုးရိမ်တကြီးနှင့် အကြီးအကဲကို မော့ကြည့်လိုက်၏။

“အကြီးအကဲ ....”

စုမင် စကားမဆုံးသေးခင် ဒူးချိတ်ထိုင်နေသည့် အကြီးအကဲမှာ မပြောမဆိုနှင့် စုမင်အား ညာလက်လက်နှင့် အားပါပါ ဆွဲခေါက်လိုက်၏။ စုမင် ယိုင်တိုင်တိုင်နှင့် အရှေ့သို့ ခြေလှမ်း အနည်းငယ် တိုးလာခဲ့သည်။ အကြီးအကဲက သူ့ဝမ်းဗိုက်အား လက်နဲ့ ထိကပ်ထားလိုက်၏။

နူးညံ့သိမ်မွေ့သည့် စွမ်းအင်တချို့ စုမင်ကိုယ်ထဲသို့ စီးဝင်လာသည်။ ၎င်းမှာ စုမင်၏ သွေးနှင့် ပေါင်းစပ်၍ သူပင် မသိနိုင်သည့် အတွင်းဒဏ်ရာများကို ပျောက်ကင်းသွားစေ၏။ အသက်အန္တရာယ် အဖြစ်ခံပြီး သွေးကြောကျောက်သား ကျင့်စဉ် ဒုတိယအဆင့်အား မရမက တက်ရောက်ခဲ့သောကြောင့် ရလာသည့် ဒဏ်ရာနှင့် ခန္ဓာကိုယ်ထဲမှ ချီအား မထိန်းညှိဘဲ သတ်ဖြတ်ခဲ့သောကြောင့် ရလာသည့် ဒဏ်ရာများကိုပါ သက်သာပျောက်ကင်းသွားစေသည်။

အကြီးအကဲက သူ့ဝမ်းဗိုက်မှ လက်ကို ပြန်ရုပ်သွားချိန် စုမင် တုန်ခါသွားသည်။ ချက်ချင်း စူးချွန်ကို ထုတ်၍ သူ့လက်မောင်းတွင် ခပ်သေးသေး လှီးဖြတ်လိုက်သည်။ ကျလာသော သွေးစက်များ၏ ပုပ်အဲ့နံဟောင်မှုက လေထဲသို့တိုင် ပျံ့နှံ့လာလေ၏။

“ခန္ဓာကိုယ်ထဲက ချီကို မထိန်းဘဲ လူထွက်သတ်ရဲတယ်ပေါ့။ မင်းတကယ်ကို သတ္တိကောင်းနေတာပဲ။ ဟုတ်လား”

အကြီးအကဲမှာ စုမင်ထံမှ တုံ့ပြန်မှုကို အကဲခတ် လေ့လာနေသော်လည်း သူ့မျက်လုံးထဲတွင်တော့ ချီးကျူးမှု အရိပ်အယောင်များ ပိုမို ထင်ရှားလာသည်။ သို့တစေ စကားကိုတော့ မာမာထန်ထန် ပြောနေဆဲပင်။ အကြီးအကဲက မာမာထန်ထန် ပြောဆိုနေရင်း အစိမ်းရင့်ရောင် ပုလင်းတစ်လုံးအား စုမင်လက်ထဲ ကမ်းပေးလိုက်၏။

ဒဏ်ရာမှ သွေးပုပ်များ ထွက်သွားသည့်အတွက် စုမင် လန်းဆန်းသွားပြီ ဖြစ်သည်။ အကြီးအကဲပေးသည့် ပုလင်းထဲမှ အရည်များကို လက်ညှိုးနှင့်ထိပြီး ဒဏ်ရာကို ပွတ်လိမ်း လိုက်လေသည်။

*****

All Chapters