ရှန်ရှင်းတာအိုမျိုးစေ့ ... ။
Vol. 33 Ch. 387
ကျန်းယွင်ထောင်က ခေါင်းညိတ် လိုက်လေသည်။ သူ ထွက်သွားခါနီးတွင် ရုတ်တရက် သတိရသွားပြီး၊
“ အစ်ကိုကျိုး တစ်ခါတလေ ဘေးဥပဒ်တွေကိုရှောင်ဖို့ ငွေသုံးခွင့်ရတာက ကောင်းချီးတစ်ခုပါပဲ လူတစ်ယောက်သေရင် ဘာမှကျန်တော့မှာ မဟုတ်ဘူး ငါ့အမြင်အရ ဒီကိစ္စကို အဆုံးသတ်လိုက်တာဟာ အကောင်းဆုံးပါပဲ။ ”
-ဟု ဆိုကာ ထွက်ခွာသွားတော့သည်။
ကျိုးမိသားစုကို အနာဂတ်တွင် လက်စားချေခြင်း အစီအစဉ်အပေါ် စွန့်လွှတ်ရန် တိုက်တွန်းခြင်းဖြစ်၏။
“ မင်းရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း ... ။ ”
ကျိုးရှင်းဟဲမှ ပြန်၍ ဦးညွှတ်သည်။ ဤတစ်ကြိမ်တွင် ကျိုးမိသားစုမှ ပေးချေရသော စျေးနှုန်းသည် မယုံနိုင်စရာပေပင်။
ကံကောင်းသည်မှာ စုရီသည် သူ့ကတိအပေါ်လိုက်နာပြီး ကျောက်စိမ်း ဝိညာဉ် ပိုးတုံးလုံးကို ပေးအပ်ခဲ့ခြင်းပေပင်။
ကောင်းကင်အောက်တွင် ရတနာသင်္ဘောကြီးတစ်စင်း ပျံသန်းနေခဲ့သည်။ အခန်းထဲတွင် စုရီသည် ဆန်းကြယ်သော ကျောက်မျက်ကို စစ်ဆေးနေ၏။
ဤသည်မှာ ကမ္ဘာမူလတန်ခိုးဖြင့် မွေးဖွားလာသော မျိုးစေ့တစ်စေ့ဖြစ်သည်။ အရိုင်းမြေကိုးပါးတွင် ဤရတနာအပေါ် ရှန်ရှင်းတာအိုမျိုးစေ့ဟုလည်း ခေါ်၏။
မူလတာအိုနယ်ပယ်တွင် ဒါန်တမ်၌ ဖွဲ့စည်းထားသော ‘စွမ်းအင်မျိုးစေ့’နှင့် အမည် အနည်းငယ်တူသည်။
သို့သော် ရှန်ရှင်းတာအိုမျိုးစေ့သည် ကမ္ဘာမူလမှ ပေါက်ဖွားလာသော အရာဖြစ်ပြီး ၎င်းကိုရှာတွေ့ရန် ရှားချေ၏။ ကံကောင်းခြင်း များစွာ လိုအပ်ပေမည်။
ရှန်ရှင်းတာအိုမျိုးစေ့များတွင် မွေးရာပါ တာအိုကျက်သရေပါရှိသည်။ အရိုင်းမြေကိုးပါရှိ မြတ်ဗုဒ္ဓ၏ မြင့်မြတ်မြေတွင် မဟာဗောဓိပင် တစ်ပင်ရှိသည်။
ထိုအပင်သည် ရှန်ရှင်းတာအိုမျိုးစေ့မှ ပေါက်ပွားလာခြင်းဖြစ်၏။ အကိုင်းအခက်များ၌ တာအိုကျက်သရေများ ထုံမွှန်းပြီး အရွက်တိုင်း ဉာဏ်ပညာနိုးကြားမှုအပေါ် အကျိုး သက်ရောက်မှု ရှိပေသည်။
ဗုဒ္ဓဘာသာတွင် နံပါတ်တစ် အထွတ်အမြတ်ထားသော သစ်ပင်ဟုလည်း လူသိများ၏။
ထို့ကြောင့် ၎င်းသစ်ပင်သည် အရိုင်းမြေကိုးပါး၌ နတ်ဘုရားရတနာစာရင်း အတွင်း အဆင့်(၇) ရရှိထားသည်။
စုရွှမ်ကြွယ်ဘဝ၌ ရှန်ရှင်းတာအိုမျိုးစေ့ အချို့ကို ရရှိခဲ့ဖူးသည်။ လျှို့ဝှက်နည်းလမ်း မျိုးစုံနှင့် ပြုစုပျိုးထောင်ပြီးနောက် ထူးခြားသော နွဘ်ပင်တစ်ပင် ပေါက်ရောက်လာ၏။
ထိုနွယ်ပင်သည် အနှစ်သုံးထောင် ကုန်လွန်ပြီးနောက် ပန်းတစ်ပွင့် ပွင့်လာကာ ထပ်မံ၍ အနှစ်သုံးထောင် ကုန်လွန်ချိန်၌ သစ်သီးတစ်လုံး သီးခဲ့သည်။
အဆုံးတွင် ၎င်းဖြင့် ဓားတစ်လက် ဖန်တီးကာ သူ့တာအိုတွင် သဘာဝအတိုင်း ပေါင်းစပ်ပစ်လိုက်၏။
ထိုစဉ်က နတ်ဘုရားရတနာစာရင်းတွင် တတိယအဆင့်ချိတ်ကာ စကြာဝဠာနှလုံးသား အဖြစ် အမည်တွင်ခဲ့သည်။
ခေါင်းတလားထမ်း သရဲအိုကြီးသည် အဆိုပါဓားကို သဘောကျကာ လောင်းကစား ပြုလုပ်ခဲ့ခြင်းဖြစ်၏။
စုရွှမ်ကြွယ်ဘဝ ပိုင်ဆိုင်ထားသော ဓားများအနက် သူ့နှလုံးသားနှင့် အနီးစပ်ဆုံး ဓားပေပင်။
ဆိုလိုသည်မှာ ရှန်ရှင်းတာအိုမျိုးစေ့သည် စကြာဝဠာအတွင်း မတော်တဆ တွေ့ရှိနိုင်သော ရှားပါးရတနာတစ်ခုဖြစ်သည်။
၎င်းသည် ကမ္ဘာမူလမှ မွေးဖွားကာ မဟာဗောဓိပင်နှင့် စကြာဝဠာနှလုံးသားကဲ့သို့ ကြီးထွားလာနိုင်သော်လည်း အချို့သည် ဟာသအဖြစ်ဖြင့်သာ ပြီးဆုံးခဲ့ကြ၏။
ထိုစဉ်က ပထမတန်းစား နတ်ဆိုးဂိုဏ်းဖြစ်သည့် နတ်ဆိုးဧကရာဇ်သည် ရှန်ရှင်းတာအိုမျိုးစေ့ကို တွေ့ရှိခဲ့ဖူးသည်။
နှစ်တစ်ထောင်နီးပါး သဘာဝရတနာ များစွာနှင့် ပေးဆပ်ပြီးနောက် ရောင်စုံကြက်မ တစ်ကောင်ကို မွေးဖွားလာခဲ့သည်။
နတ်ဆိုးဧကရာဇ်ခမျာ အလွန်ရှက်ရွံ့သွားခဲ့ကာ ထိုကြက်မကို ချက်ချင်း ပြုတ်စားပစ်လိုက်တော့၏။
ယင်းသည် အရိုင်းမြေသမိုင်းတလျှောက် စျေးအကြီးဆုံး ကြက်စွပ်ပြုတ်တစ်ခွက်လည်း ဖြစ်လာခဲ့သည်။
“ ဟမ့် ... အရိုင်းမြေသမိုင်းမှာ ဒီလိုစျေးအကြီးဆုံး ကြက်စွပ်ပြုတ်တစ်ခွက်ကို ငါပထမဆုံးစားဖူးတာပဲ ... ငါ့ရှေ့မှာ ဘယ်သူမှ မရှိခဲ့သလို .... ငါ့နောက်မှာလည်း ဘယ်သူမှ မရှိတော့ဘူး။ ”
ဤသည်မှာ နတ်ဆိုးဧကရာဇ်၏ အရှက်ပြေကြွေးကြော်သံအဖြစ် အရိုင်းမြေ ကိုးပါးတွင် ပဲ့တင်ထပ်ခဲ့ဖူး၏။
ဆိုလိုသည်မှာ ရှန်ရှင်းတာအိုမျိုးစေ့သည် မူလသတ္ထုရိုင်းအပိုင်းအစများကဲ့သို့ ဖြစ်သည်။ ပန်းပွင့်ပြီးသစ်သီး သီးမှသာလျှင် မည်သို့သော ရတနာရရှိမည်ကို သိနိုင်ပေမည်။
ထို့အတွက်ကြောင့် ကျိုးမိသားစုတွင် ရှန်ရှင်းတာအိုမျိုးစေ့ကို မြင်သောအခါ ၎င်းတို့၏ ကံကောင်းခြင်းအတွက် သက်ပြင်းချကာ သဘောထား ပြောင်းသွားခြင်းဖြစ်၏။
သို့သော် ထိုကျိုးမိသားစုသည် ဤအဆင့်ရတနာကို ပိုင်ဆိုင်နိုင်သည့်အဆင့်၌ မရှိချေ။
အရင်းအမြစ်နှင့် နည်းလမ်းများမဆိုနှင့် အချိန်ကာလတစ်ခုတည်းသည်ပင် ကျိုးမိသားစု အတွက် စောင့်ဆိုင်းရန် အရည်အချင်းမရှိချေ။
သူ့အတွက်မူ ဝိညာဉ်တာအိုနယ်ပယ် ရောက်ရှိလာပါက အသိစိတ်ပင်လယ်အတွင်း၌ ရွေ့ပြောင်း ငရဲဘုံကိုးပါးဓားရောင်ဝါကို ကျွေးမွေးထားနိုင်မည်။
ဤနည်းဖြင့် ဆယ်နှစ်အတွင်း ဤရှန်ရှင်းတာအိုမျိုးစေ့ပွင့်လန်းကာ အသီးကို သီးနိုင်၏။ ငရဲဘုံကိုးပါးဓားရောင်ဝါသည် ရှန်ရှင်းတာအိုမျိုးစေ့ သက်တမ်းကို များစွာ ကြီးရင့်စေနိုင်သည်။
“ အစ်ကိုစု၊ မင်းငါ့ကို ပြောစရာရှိလို့လား။ ”
စုရီတစ်ယောက် အတွေးထဲ နစ်မြုပ်နေစဉ် ယွမ်ဟမ်နှင့်အတူ ဝမ်ရှင်းကျောက် ဝင်လာ၏။ စုရီက ရှန်ရှင်းတာအိုမျိုးစေ့ကို သိမ်းလိုက်ကာ၊
“ လှေသမားကို ငှားခဲ့တဲ့သူက ဒီသင်္ဘောပေါ်မှာ ရှိနေတယ် ... ဒီအတွက် မင်းရပ်ကြည့်နေနိုင်မလား။ ”
-ဟု မေးမြန်းလိုက်သည်။
ဝမ်ရှင်းကျောက်၏လှပသော မျက်ဝန်းများသည် အနည်းငယ် မှေးစင်းသွားပြီး၊
“ အလုပ်ရှင်က ငါ့တိမ်လွှာကောင်းကင်နန်းတော်ရဲ့ တပည့်တွေလို့ မင်းသံသယရှိနေတာလား တာအိုစု။ ”
စုရီက ခေါင်းယမ်းလျက်၊
“ ဒါက သံသယ မဟုတ်ဘူး သေချာနေတာ။ ”
-ဟု အတည်ပြုပေးလိုက်သည်။
“ ကောင်းပြီ။ ”
ဝမ်ရှင်းကျောက်က သက်ပြင်းချကာ သဘောတူလိုက်တော့၏။ စုရီတစ်ယောက် ကြိမ်ကုလားထိုင်ပေါ်မှ မတ်တပ်ထရပ်ပြီး၊
“ ကျိုးမိသားစုမှာ ငါဘာလို့ မလှုပ်ရှားခဲ့တာလဲဆိုတော့ မင်းအတွက် ခက်ခဲသွားမှာကို စိုးလို့ပဲ ... ။ ”
-ဟု ဆိုကာ အခန်းထဲမှ လှမ်းထွက် သွားလေသည်။
ရတနာသင်္ဘော၏ အပေါ်ဆုံးထပ်တွင် နန်းတော်တစ်ခုရှိသည်။ ထိုနန်းတော်အတွင်း လူသုံးယောက် ဝိုင်းဖွဲ့နေ၏။
“ အစ်ကိုဟွာ ... လှေသမားတောင် သူ့ကိုမယှဉ်ဘူး ... အခု ငါတို့ဘာလုပ်သင့်လဲ။ ”
ချမ်တျန်လုံမှ စိတ်ပူပြီး အုံ့မှိုင်းလာသည်။ ကျိုးမိသားစုအတွင်း ယနေ့ဖြစ်ပျက်ခဲ့သမျှသည် သူ့ကို သတိပေးနေ၏။
“ ဘာကို ကြောက်နေတာလဲ ... လှေသမားက အဆင်မပြေရင် ဒါအဖိုးကြီးဝမ် ကိစ္စပဲ ... ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ ”
“ ဒါပေမယ့် ... သူ ငါတို့အပေါ် သံသယဝင်နေပြီလို့ ငါခံစားနေရတယ်။ ”
ချမ်တျန်လုံက သက်ပြင်းချလိုက်၏။
“ ဒါဆို ... ငါတို့ကို သံသယရှိရင် ဘယ်ဖြစ်မလဲ သက်သေမရှိသရွေ့ ဘာများ လုပ်ဝံ့မှာလဲ ငါတို့က တိမ်လွှာကောင်းကင် နန်းတော်ရဲ့ အတွင်းတပည့်တွေပါ။ ”
“ ဝုန်း ... ။ ”
ထိုအချိန်တွင် အခန်းတံခါးကို တွန်းဖွင့်လျက် စုရီဝင်ရောက်လာသဖြင့် သုံးယောက်သား ထိတ်လန့်သွားသည်။
“ စုရီ ... တံခါးမခေါက်ဘဲ ဝင်လာတာ အရမ်းရိုင်းတယ် မဟုတ်လား။ ”
ဟွာယွင်ရှန်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး မျက်နှာမည်းမှောင်သွား၏။ ချမ်တျန်လုံက အနည်းငယ်အေးစက်လာကာ၊
“ စုရီ ... မင်းဒီကို ဘာလုပ်တာလဲ။ ”
-ဟု သတိဖြင့် မေးမြန်းလိုက်သည်။
စုရီက သူတို့သုံးယောက်ကို ဝေ့ကြည့်လိုက်ပြီး၊
“ အရင်က မင်းတို့ လူပြက်တစ်အုပ် ခုန်ပေါက်နေတာကို ... ငါစိတ်မဝင်စားခဲ့ဘူး ဒါပေမယ့် ငါ့ကိုသတ်ဖို့အထိ ...
... သောင်းကျန်း လာလိမ့်မယ်လို့ မမျှော်လင့်ထားမိတာတော့ အမှန်ပဲ မင်းတို့ကို ငါမသတ်ဝံ့ဘူးလို့ ထင်နေတာလား။ ”
( ဒီကောင် သိသွားပြီလား။)
ချမ်တျန်လုံမှ ထိတ်လန့်လာသည်။ ဟွာယွင်ရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး၊
“ မင်းဘာတွေ ပြောနေတာလဲ ... လှေသမားနဲ့ ငါတို့ဘာဆိုင်လို့လဲ ... အပြစ်မရှိဘဲ ငါတို့ကို စွပ်စွဲလို့မရဘူး။ ”
“ ဟုတ်တယ်၊ မင်းကိုသတ်ဖို့လူကို ငါတို့ငှားခဲ့တယ်လို့ မင်းမှာ ဘာသက်သေရှိလဲ။ ”
စွင်းဖုန်းမှလည်း အေးစက်စွာ ဟစ်အော်လျက် တစ်လှမ်းတိုးလာ၏။ စုရီက ပြုံးပြီး ဓားအလင်းဖြင့် ပစ်သတ်လိုက်သည်။
“ ရွှပ် ... ။ ”
“ အား ... ။ ”
“ စိတ်မကောင်းပါဘူး ... ငါလူသတ်ဖို့လာတာ ... သက်သေ လာရှာတာ မဟုတ်ဘူး။ ”
စွင်းဖုန်းတစ်ယောက် နဖူးတွင် သွေးစို့လာပြီး ချက်ချင်း သေဆုံးသွားတော့၏။
“ စုရီ ... မင်းဘယ်လိုများဝံ့သလဲ ငါတို့က တိမ်လွှာကောင်းကင်နန်းတော်ရဲ့ တပည့်တွေပါ ဒီလိုလုပ်လိုက်လို့ နောက်ဆက်တွဲ ဆိုးကျိုးကို မင်းမစိုးရိမ်ဘူးလား။ ”
ဟွာယွင်ရှန်းက တုန်လှုပ်လျက် ခြိမ်းခြောက်စကားဆိုတော့၏။
“ မင်းတို့က ဂိုဏ်းကို ကိုယ်စားမပြုနိုင်ပါဘူး။ ”
ထိုအချိန်တွင် ဝမ်ရှင်းကျောက်က ဒေါသများဖြင့် လှမ်းဝင်လာပြီး တုန့်ပြန်လိုက် တော့သည်။
“ ပြောပါ ... လှေသမားကို ဘယ်သူငှားခဲ့တယ်ဆိုတာ မဟုတ်ရင် ဒီနေ့ မင်းတို့ကို ကယ်နိုင်တော့မှာ မဟုတ်ဘူး။ ”
“ စီနီယာအစ်မ ... မင်းအပြင်လူကို ကူညီနေတာပဲ။ ”
ဟွာယွင်ရှန်းက အံကြိတ်ကာ ဝမ်ရှင်းကျောက်ထံ တုန့်ပြန်လိုက်တော့သည်။ ဝမ်ရှင်းကျောက်မှ ခေါင်းရမ်းလျက်၊
“ မင်းမှားတယ် ... ငါ ဘယ်သူ့ကိုမှ မကူညီပါဘူး ငါပြောစရာရှိတာကို ပြောပြီးပြီ မင်းတို့လုပ်ချင်တာ လုပ်လို့ရတယ်။ ”
စကားဆုံးသည်နှင့် ဘေးသို့ထွက်သွားကာ မတ်တပ်ရပ်ပြီး ကြည့်နေလိုက်၏။ ဤအရာက ချမ်တျန်လုံကို စိတ်ဓာတ်ကျသွားစေသည်။
“ စွင်းဖုန်းက တရားခံကိုသိပေမယ့် ဝန်ခံဖို့ထက်သေဖို့ ရွေးချယ်ခဲ့တယ် တကယ့်ကို အထင်ကြီးစရာပါပဲ။ ”
စုရီစကားကြောင့် ချမ်တျန်လုံခမျာ တကိုယ်လုံး တုန်ယင်လာကာ ဒူးထောက်ကျ သွားတော့သည်။
“ ငါပြောမယ် ... ငါပြောမယ် ... လှေသမားကိုငှားခဲ့တာ ဟွာယွင်ရှန်းပါ ငါတို့နဲ့ ဘာမှမဆိုင်ပါဘူး။ ”
“ မင်း ... ။ ”
ဤမြင်ကွင်းကြောင့် ဝမ်ရှင်းကျောက်က သက်ပြင်းချကာ ခေါင်းရမ်းလိုက်၏။ သည်လူ၌ မာနမရှိချေ။
ထိုအချိန်တွင် ဟွာယွင်ရှန်းခမျာ အံ့အားသင့်သွားခဲ့ပြီးနောက် တဖြည်းဖြည်းခြင်း အကြည့်များ အေးစက်လာတော့သည်။
***